← Chapters

အခန်း ၇၈၅

Vol. 57 Ch. 785

အခန်း ၇၈၅

Vol. 57 Ch. 785

အပိုင်း ၇၈၅ - ဓားပျံများကို သန့်စင်ခြင်း

ဟန်လိသည် ခေါင်းခါလိုက်ပြီးနောက် ခပ်ဖြေးဖြေး ဆိုလိုက်၏။

"ဒီပုံအတိုင်းဆို မလိုတော့ဘူး။ ကျုပ် အထင်သာမှန်မယ်ဆို အဲ့လူရဲ့ ကျင့်ကြံမှုအဆင့်ဟာ နက်နဲပြီး မောက်လန်ပညာရှိကြီးတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေမှာ သေချာတယ်။ တကယ်လို့ သာမန်ကျင့်ကြံသူတွေသာ သူ့ကို သွားရောက်ရင်ဆိုင်မိကြမယ်ဆိုရင် သူတို့က ခုခံနိုင်စွမ်း ရှိကြမှာ မဟုတ်ဘဲ သေလမ်းသွားရှာသလိုပဲ ဖြစ်သွားကြလိမ့်မယ်။ ဒါ့အပြင် သူ့လက်ထဲမှာ ဝိညာဉ်ချိပ်ပိတ်ကျိန်စာကို ဖြေဖျောက်နိုင်မယ့် နည်းလမ်း ရှိနေသေးတာ မလား။ ကျုပ်က သူ့ကို ကြောက်လန့်ပြီး ထွက်ပြေးသွားတာမျိုး မဖြစ်စေချင်ဘူး။"

စီနီယာအစ်ကိုချန်းက အလန့်တကြားဖြင့် အော်ဟစ်လိုက်မိတော့သည်။ "မောက်လန်ပညာရှိကြီးတစ်ဦးနဲ့ ရင်ပေါင်တန်းနိုင်တဲ့အဆင့် ဟုတ်လား။ ဒါဆိုရင် သူက စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေတာပေါ့။ တကယ်လို့ အဲ့ဒီလို အခြေအနေမျိုး ဆိုရင်တော့ ညီလေးဟန် တစ်ယောက်တည်း သွားရောက်ရင်ဆိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါက အလွန်တရာ အန္တရာယ်များလွန်းလှပါတယ်။ ဒါကြောင့် ကျုပ်တို့က လုံဟန့်နဲ့ ဖုန်းပင်း တို့ဆီကနေ စစ်ကူတောင်းခံလိုက်တာက ပိုကောင်းလိမ့်မယ်။"

ဟန်လိသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"သူတို့က အဲ့လူကို ကိုင်တွယ်နိုင်စွမ်း ရှိကြမှာ ဖြစ်ပေမဲ့လည်း သူတို့ ဒီကို ရောက်ရှိလာဖို့အတွက် အနည်းဆုံး လေးလလောက် အချိန်ယူရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အကုန်အချိန်နှောင်းကုန်လိမ့်မယ်။ အဲ့ဒီဝတ်ရုံနက်ကျင့်ကြံသူက ကျုပ်ကို လာရောက်ဖို့အတွက် နှစ်လပဲ အချိန်ပေးထားခဲ့တာပါ။ ကြည့်ရတာ သူက ကျုပ် ဘယ်အချိန် ဂိုဏ်းကို ပြန်ရောက်လာမလဲဆိုတာကို သေသေချာချာ တွက်ချက်ထားခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ သူ မျှော်လင့်မထားမိခဲ့တာကတော့ ကျုပ်က ခုလောက်ထိ မြန်မြန်ဆန်ဆန် ခရီးနှင်လာနိုင်ခဲ့တာကိုပဲ။ အဆိုးထဲက အကောင်းဆိုသလိုပေါ့။ ဒီအချက်ကြောင့် ကျုပ် သူ့ကို ဘယ်လို အပီအပြင်ကိုင်တွယ်ရမလဲဆိုတာဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့ အချိန်ရသွားတာပေါ့လေ"

"အရေးကြီးဆုံးအချက်ကတော့ ကျုပ်အနေနဲ့ ဝိညာဉ်ချိပ်ပိတ်ကျိန်စာကို ဖြေဖျောက်နိုင်မယ့် လျှို့ဝှက်နည်းလမ်းကို ဘယ်လိုရယူရမလဲဆိုတာကို ရှာဖွေဖို့ပဲ"

စီနီယာအစ်ကိုချန်းမှာ ခေါင်းညိတ်ပြရန်သာ တတ်နိုင်တော့သည်။ "ကောင်းပါပြီ... တကယ်လို့ ညီလေးဟန် အကူအညီ တစ်စုံတစ်ရာ လိုအပ်လာခဲ့မယ်ဆိုရင်လည်း ကျုပ်ကို အားမနာတမ်းသာ အသိပေးပါ။ ဂိုဏ်းတပည့် အားလုံးကို မင်း စိတ်ကြိုက် အမိန့်ပေး စေခိုင်းနိုင်ပါတယ်။"

"စီနီယာအစ်ကိုရဲ့ စေတနာအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဝမ်အာ ချန်ထားရစ်ခဲ့တဲ့ ကျောက်စိမ်းပြားပါ အကြောင်းအရာတွေအရဆိုရင် သူမက ဒီဝိညာဉ်ချိပ်ပိတ်ကျိန်စာရဲ့ အစွမ်းသတ္တိ ပြန့်နှံ့လာမှုကို နှစ်ပေါင်းတစ်ရာနီးပါးအထိ နှေးကွေးသွားအောင် လုပ်ဆောင်ထားနိုင်စွမ်း ရှိတယ်ဆိုပေမဲ့လည်း လက်တွေ့မှာတော့ ဒီနည်းလမ်းကို တစ်ခါမျှ စမ်းသပ်ကြည့်ဖူးခြင်း မရှိခဲ့တာကြောင့် ကျုပ်လည်း စိုးရိမ်ပူပန်မိနေတာကတော့ အမှန်ပါပဲ။"

ဟန်လိသည် ရေခဲတုံးကြီးအတွင်းရှိ မိန်းကလေးငယ်ကို ကြီးစွာသော စိုးရိမ်ပူပန်မှုများဖြင့် လှမ်းကြည့်လိုက်မိ၏ ။

ခဏမျှ စဉ်းစားတွေးတောပြီးနောက်တွင် သူ့အစ်ကိုချန်းက ဟန်လိကို နှစ်သိမ့်၏။

“ညီလေးဟန် တအားစိုးရိမ်နေဖို့ မလိုပါဘူးကွာ။ ကျုပ် မြင်ရသလောက်ဆို သူမဟာ ဒီကပ်ဘေးကနေ ကောင်းကောင်းဖြတ်ကျော်နိုင်မှာပါ။ ကျုပ်အနေနဲ့ ဒီလိုတော့ ကူညီပေးနိုင်ပါတယ်။ လာမဲ့ တစ်ရက်နှစ်ရက်အတွင်း ဒီကျိန်စာကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတစ်ခု ရှိ၊မရှိကို ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ရှာကြည့်ပေးပါမယ်။ တကယ်လို့ နည်းလမ်းသာ တွေ့ခဲ့တယ်ဆိုရင် ဝတ်ရုံနက်လူဆီ သွားတွေ့စရာ မလိုတော့ဘူးပေါ့…”

ဟန်လိသည် မချိပြုံး ပြုံးကာ ပြန်တုံ့ပြန်၏။

"ဒုက္ခများရပြန်ပြီ စီနီယာအစ်ကို။ ခင်ဗျားမှာ ထွေထွေထူးထူး ကိစ္စမရှိတော့ဘူးဆို ကျုပ် တစ်ယောက်တည်း ဒီမှာ အေးဆေးနေချင်သေးတယ်။ ခင်ဗျား နားလည်မယ်လို့ မျှော်လင့်ပါတယ်…"

"ရတာပေါ့... ရတာပေါ့။ ကျုပ် ခုပဲ ဂိုဏ်းရဲ့ ကျမ်းစာတိုက်ရှိရာဘက်ကို သွားရောက်ရှာဖွေကြည့်လိုက်ပါ့မယ်။ ခင်ဗျားရဲ့ ဇနီးသည်ဘေးနားမှာပဲ အေးဆေး အဖော်လုပ်ပေးနေလိုက်ပါဦး။"

စီနီယာအစ်ကိုချန်း သည် စာနာနားလည်ပေးဟန်လေသံဖြင့် ပြန်ဖြေပြီးနောက် ဤလျှို့ဝှက်အခန်းအတွင်းမှ ချက်ခြင်း ထွက်ခွာသွားခဲ့သဖြင့် ဟန်လိတစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

သည့်နောက်တွင်မူ ဟန်လိသည် ရေခဲတုံးကြီးကို တွေတွေငေးငေး ကြည့်နေမိတော့သည်။ သူ့မျက်နှာထက်တွင်တော့ အထီးကျန်မှုတို့က အထင်းသား။ သူ သက်ပြင်းရှည် ချမိတော့၏။

တနေ့လုံး ကုန်လွန်သွားခဲ့သည့်တိုင်အောင် ဟန်လိသည် လျှို့ဝှက်အခန်းအတွင်းမှ ထွက်ခွာလာခဲ့ခြင်း မရှိသေးချေ။

စီနီယာအစ်ကိ ချန်း သည် ကျမ်းစာတိုက်ကနေ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ဟန်လိသည် ၎င်းအခန်းအတွင်း၌ပင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည့်အခါ စိုးရိမ်မိသွားသည်။ နောက်ထပ် နေ့တစ်ဝက်ခန့်လောက် ထပ်စောင့်ပြီးနောက်တွင်မူ သူသည် ဟန်လိထံသို့ သွားရောက်စစ်ဆေးကြည့်ရန် ဆုံးဖြတ်ချက်ချလိုက်တော့၏။ သို့သော်လည်း သူ အထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဟန်လိသည် လှိုဏ်ဂူအတွင်းကနေ ရုတ်တရက် လှမ်းထွက်လာခဲ့ပြီ ဖြစ်သည်။

"ညီလေးဟန်... ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့လို့လား..." ထို

အဘိုးအိုချန်းက ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် လှမ်းမေးလိုက်၏။

ဟန်လိသည် အစ်ကိုချန်းမှာ မိမိအား တံခါးအပြင်ဘက်ကနေ စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ သူ၏ရင်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူက အားနာသည့်လေသံဖြင့် ဆိုလိုက်၏။

"ဘာမှ မဟုတ်ပါဘူးဗျာ။ ကျုပ်က ရန်သူကို ဘယ်လိုမျိုး အပီအပြင် ကိုင်တွယ်ရမလဲဆိုတဲ့ အနာဂတ် အစီအစဉ်တွေကို သေသေချာချာ တွေးတောနေလို့ပါ။ ခင်ဗျားကို စိုးရိမ်ပူပန်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။ ချိန်းဆိုထားတဲ့ အချိန်ရောက်ဖို့ တစ်လလောက် လိုသေးတယ်မလား။ ကျုပ် အခု တံခါးပိတ်ကျင့်ကြံဖို့အတွက် ကြိုတင်ပြင်ဆင်ရဦးမယ်။ တကယ်လို့ အရေးကြီးကိစ္စရပ်တစ်ခုခု ရှိမနေခဲ့ဘူးဆိုရင်တော့ ကျုပ်ကို လာမနှောက်ပေးရင် ရပါပြီ။"

"မင်းက တံခါးပိတ်ကျင့်ကြံတော့မယ် ဟုတ်လား။ ခုလောက်ထိ တိုတောင်းလှတဲ့ အချိန်တိုလေးအတွင်းမှာ မင်းက ဘာတွေကိုများ လုပ်ဆောင်နိုင်မှာမို့လို့လဲ..."

ဟန်လိ၏စကားကြောင့် အစ်ကိုချန်းသည် စဉ်းစားမရ ဖြစ်နေသည်။

ဟန်လိကိုယ်တိုင်လည်း သိပ်မသေချာ။ သူက ပြန်တော့ ဖြေလိုက်သည်။

“ကျုပ် အပြင်ဘက်မှာ ရွှေအနှစ်သာရ အနည်းငယ် ရလာခဲ့တယ်။ ကျုပ်ရဲ့လက်နက်ရတနာတွေကို ဒီဟာတွေနဲ့ အနာဂတ်မှာ အဆင့်မြှင့်တင်ဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ ခုလောက်အချိန်တိုအတွင်းမှာ ဒီရတနာတွေရဲ့အစွမ်းသတ္တိ တိုးပွားအောင် လုပ်ပေးနိုင်၊ မနိုင်တော့ ကျုပ်လည်း သေချာ မသိသေးပါဘူး…”

ထိုအခါကျမှ စီနီယာအစ်ကိုချန်းသည် တစ်ခုခုကို သဘောပေါက်သွား၏။

"ဪ... ဒီလိုကို။ ဒါဆိုရင်လည်း စိတ်ကြိုက်သာ လုပ်ဆောင်ပါ ညီလေးဟန်။ ဘယ်ဂိုဏ်းတပည့်ကမှ ခင်ဗျားကို လာရောက်မနှောက်စေရဘူးလို့ ကျုပ်အနေနဲ့ အပြည့်အဝ အာမခံပါတယ်။"

ဟန်လိသည် တည်ကြည်လေးနက်လှသော အမူအရာဖြင့် ဖြည့်စွက်ပြောဆိုလိုက်၏။

"ပြောစရာ နောက်တစ်ခု ကျန်သေးတယ်ဗျ။ ရေခဲတုန်းကြီးက ဒီနေရာမှာ ရှိနေတော့ ကျုပ်အနေနဲ့ ဒါနဲ့ ဝေးဝေးလံလံကို သွားလို့မရနိုင်ဘူး။ မဟုတ်ရင် ၎င်းအပေါ် မထင်မှတ်ထားတာ တစ်ခုခု ဖြစ်လာနိုင်ခြေက ရှိသေးတယ် မဟုတ်လား။ ဒါပေမဲ့လည်း ကျုပ်က ၎င်းရဲ့ ပတ်ပတ်လည်မှာ ပိုမိုအားကောင်းလှတဲ့ အကာအကွယ် မန္တာန်အစီအရင်စု အချို့ကို ထပ်မံချခင်းပေးထားနိုင်စွမ်း ရှိတာမို့ ဝမ်အာကို ပိုပြီး ကာကွယ်ပေးထားနိုင်မှာပါ။ ဒီလိုလုပ်နိုင်အောင် အစ်ကိုချန်းကလည်း ကူညီပေးမှ ဖြစ်မယ်။"

"ဒီအတွက်တော့ စိတ်ပူစရာ မလိုပါဘူး ညီလေးဟန်။ တာအိုရောင်းရင်း နန်ကုန်းဟာ ကျုပ်တို့ မျောလွင့်တိမ်တိုက်ဂိုဏ်းရဲ့ ပိုင်နက်အတွင်းမှာတင် ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံလိုက်ရတာ ဖြစ်လို့ ကျုပ် ကိုယ်တိုင်မှာလည်း တာဝန်မကင်းပါဘူး။ ကျုပ် ဒီနေရာကို ဂိုဏ်းရဲ့ တားမြစ်နယ်မြေတစ်ခုအဖြစ် စောစောတည်းက သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။ ဘယ်ဂိုဏ်းသားကမှ ဒီကို လာရောက်လှည့်ပတ်နေကြမှာ မဟုတ်တာမို့ ခင်ဗျားဇနီးသည်ရဲ့ လုံခြုံဘေးကင်းရေးအတွက်ကတော့ စိုးရိမ်စရာမရှိစေရပါဘူး။"

အဘိုးအိုချန်းသည် ဤကိစ္စကို ကြိုတွေးထားပြီး ဖြစ်ပုံရသည်။ ဟန်လိ တောင်းဆိုလာသည်နှင့် သူက ချက်ခြင်း ပြန်ဖြေနိုင်သည်။

ဟန်လိ၏မျက်လုံးအရောင် လင်းလက်သွားလေ၏။

"ခုလိုဆိုမှတော့ ကျုပ်လည်း စိတ်အေးသွားရပါပြီ။ အချိန်တွေက နှောင့်နှေးနေလို့ မဖြစ်တာမို့ ကျုပ် အရင်ဆုံး အကာအကွယ် မန္တာန်အစီအရင်တွေကို ချခင်းလိုက်ပြီးမှ တံခါးပိတ်ကျင့်ကြံခြင်းထဲ ဝင်ရောက်လိုက်ပါ့မယ်။"

ထိုသို့ပြောဆိုပြီးသည်နှင့် ဟန်လိသည် အဘိုးအိုချန်းကို ချန်ရစ်ကာ သူ့လှိုဏ်ဂူနေအိမ်ထံ ပြန်လာသည်။ လှိုဏ်ဂူအဝ၌ မူပိုင်လင်း စောင့်နေတာ မြင်သည့်အခါ သူ အံ့အားသင့်သွားမိ၏။ သူက သူမကို အထဲဝင်ရန် ပြောသည်။

မူပိုင်လင်းသည် အထဲရောက်သည်နှင့် စိုးရိမ်တကြီး မေးလာသည်။

"အစ်မကြီးနန်ကုန်းကော အဆင်ပြေရဲ့လားဟင်။ သူမ ဒဏ်ရာရသွားခဲ့တယ်လို့ ကျမ ကြားပေမဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို တိတိကျကျ မကြားသိရတာကြောင့် ကျမလည်း အလွန်ပဲ စိုးရိမ်ပူပန်မိနေလို့ပါ။"

ဟန်လိသည် ထိုင်ခုံတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် လှမ်းမေးလိုက်၏။

"အင်း…နင်က ဝမ်အာ နဲ့ ခုလောက်ထိ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေလို့လား..."

မူပိုင်လင်းက ချက်ခြင်း ပြန်ဖြေသည်။

“ကျမတို့ချင်း အတော်လေး ရင်းနှီးကြပါတယ်။ သခင် ခရီးထွက်နေတုန်း သူမကပဲ ကျွန်မကို ကျင့်ကြံခြင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လမ်းညွှန်ပေးခဲ့တာ။ ကျမအနေနဲ့ အစ်မကြီးနန်ကုန်းအပေါ် ကျေးဇူးကြွေး တင်နေတာပါ…”

ခဏတာ နှုတ်ဆိတ်သွားပြီးနောက်တွင်မူ သူ၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခြင်းနှင့်အတူ ဆိုလိုက်၏။ "

ခဏ တိတ်ဆိတ်သွားပြီး ဟန်လိက ခါးသက်စွာ ပြုံး၍ ပြောလိုက်သည်။“ဒီလိုကြားရတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ဝမ်အာက ဝိညာဉ်ချိပ်ပိတ်ခြင်းကျိန်စာ မိနေတယ်။ ဒါကြောင့် သူမကိုယ်သူမ ချိပ်ပိတ်ထားတာ။ ငါ နင့်ကို မမြင်ရတဲ့ လပိုင်းအတွင်းမှာ နင့်ရဲ့ကျင့်ကြံမှု တိုးတက်လာသားပဲ။ အဲ့အတွက် ငါ နင့်အစား ဝမ်းသာပါတယ်။ ဒါပေမဲ့ နောက်တစ်လလုံး ငါ တံခါးပိတ်ကျင့်ကြံပြီး ဝမ်အာရဲ့ ကျိန်စာကို ဖြေရှင်းပေးနိုင်ဖို့အတွက် ပြင်ဆင်ရလိမ့်မယ်။”

မူပိုင်လင်းက မနေနိုင်တော့ဘဲ လှမ်းမေးလိုက်မိတော့သည်။

"ဝိညာဉ်ချိပ်ပိတ်ကျိန်စာတဲ့လား။ ဒီမိစ္ဆာကျိန်စာက တော်တော်ဆိုးမဲ့ပုံပဲ။ သခင့်မှာကော ဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှိပါ့မလားဟင်..."

မူပိုင်းလင်း၏စကားကို ကြားရသည့်အခါ ဟန်လိသည် ဒေါသပြန်ထွက်လာပြန်သည်။

“ဝမ်အာကို ခုလိုလုပ်သွားတဲ့ကောင်ကို သတ်ပစ်ပြီး ဒီကျိန်စာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရယူရမှာပဲ…”

မူပိုင်လင်းသည် ဘာပြန်ပြောရမှန်း မသိတော့ဘဲ မျက်မှောင်သာ ကြုံ့လိုက်မိ၏။

ထိုအခိုက်အတန့်တွင်ပင် ဟန်လိက မတော်တဆ ကယ်တင်ပေးခဲ့ဖူးသော တရားဝင်တပည့်မလေး ဖြစ်သည့် လျိုယွီ က သူ့ထံသို့ လာရောက်တွေ့ဆုံပြန်သည်။ သူမသည် မိမိ၏ ဆရာဖြစ်သူထံသို့ လာရောက်ဂါရဝပြု နှုတ်ဆက်ရုံသာမက နန်ကုန်းဝမ်၏ အခြေအနေကိုပါ လာရောက်မေးမြန်းခြင်း ပြုခဲ့ခြင်းပင် ဖြစ်၏။ သူမသည် ပါးနပ်လှသော မိန်းကလေးတစ်ဦး ဖြစ်သဖြင့် မိမိ၏ ဆရာကတော်ဖြစ်သူ နန်ကုန်းဝမ် နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို ကြိုတင်တည်ဆောက်ထားခဲ့ဖူးခြင်း ဖြစ်သည်။

သူမ ရောက်ရှိလာခဲ့သည့် အခါတွင်မူ ဟန်လိသည် ဖြစ်ပျက်ခဲ့သမျှ အကျိုးအကြောင်းအရပ်ရပ်ကို အတိုချုံး၍သာ ရှင်းပြလိုက်ပြီး ၎င်းအတွင်း၌ ဝိညာဉ်ချိပ်ပိတ်ကျိန်စာအကြောင်းကိုပါ ထည့်သွင်းပြောပြခဲ့ပသည်။ ဤသည်က လျိုယွီကို များစွာ စိုးရိမ်ပူပန်သွားစေခဲ့သော်လည်း သူမ၏ နိမ့်ကျလှသော အတွေ့အကြုံများနှင့် ကျင့်ကြံမှုအဆင့်များကြောင့် ဘာမျှ ကူညီပေးနိုင်စွမ်း ရှိမနေခဲ့ချေ။

ထိုမိန်းကလေးနှစ်ဦးနှင့် အချိန်ကြာမြင့်စွာ စကားလက်ဆုံ ပြောဆိုနေရန် ဆန္ဒမရှိသဖြင့် ဟန်လိသည် သူတို့နှစ်ဦးကို အပြင်ဘက်သို့ လိုက်လံပို့ဆောင်ပေးလိုက်တော့သည်။ သူတို့နှစ်ဦးစလုံးမှာ ကန့်ကွက်စရာ စကားလုံးမျိုး ရှိမနေခဲ့ကြဘဲ နာနာခံခံဖြင့်သာ လှိုဏ်ဂူနေအိမ်အတွင်းကနေ ထွက်ခွာသွားခဲ့ကြရုံသာ တတ်နိုင်သည်။

သို့သော်လည်း သူတို့နှစ်ဦး လှိုဏ်ဂူနေအိမ်ကနေ လှမ်းထွက်လာခဲ့ကြသည့် အချိန်တွင်မူ လျှိုယွီက မူပိုင်လင်းကို တစ်မျိုး ကြည့်၍ ပြောလာ၏။

"တာအိုရောင်းရင်းမူ... ရှင်က ဆရာရဲ့ ကိုယ်လုပ်တော်တစ်ဦး ဖြစ်နေတာ မှန်ပေမဲ့လည်း ခုထက်ထိ အပျိုစင်ဘဝအတိုင်း ရှိနေဆဲ ဖြစ်သလို ဧည့်သည်တစ်ဦးလိုပဲ ဆက်ဆံခြင်း ခံနေရတုန်းပဲ မလား။ ဖြစ်နိုင်တာက ရှင့်ရဲ့ အလှတရားက သူ့ရဲ့ နှလုံးသားကို မလှုပ်ခတ်နိုင်လို့လား၊ ဒါမှမဟုတ် အခြား လျှို့ဝှက်ချက်တစ်ခုခုကြောင့်များလားဟင်။ ဆရာကတော် နန်ကုန်းရဲ့ အလှတရားက ခင်ဗျားထက် သာလွန်နေတာ မှန်ပေမဲ့လည်း ခင်ဗျားဘက်က ခုထက်ပိုပြီး ကြိုးစားအားထုတ်သင့်တယ် ထင်တယ်နော်..."

"နင် ဆိုလိုတာက..."

မူပိုင်လင်းသည် လျိုယွီ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွားခဲ့သည့် အခါတွင်မူ မျက်နှာတစ်ခုလုံး ချက်ချင်းပင် ရှက်သွေးဖြန်းကာ နီမြန်းသွားတော့သည်။ သည့်နောက်တွင်မူ လျိုယွီ သည် နောက်တီးနောက်တန် ပြုံးပြပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွား၏။ မူပိုင်လင်းသည် ထိုနေရာတွင် ခဏတာမျှ မှင်သက်စွာ ကျန်ရစ်နေခဲ့ရပြီးမှသာ မိမိ၏မှော်ရတနာပေါ်သို့ ခြေလှမ်းကာ အဝေးသို့ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားတော့သည်။

ဟန်လိသည် ထိုမိန်းကလေးနှစ်ဦး ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးသွားသည့် အခါတွင်မူ ဆေးဘက်ဝင်အပင်စိုက်ခင်းနှင့် အင်းဆက်ခန်းမဆောင်တို့ကို သွားရောက်စစ်ဆေးကြည့်ရာ အားလုံးမှာ ကောင်းမွန်စွာ ရှိနေဆဲ ဖြစ်ကြောင်း တွေ့ရှိသည်။ ထို့နောက် သူက သန့်စင်ရာတွင် အသုံးပြုမည့် သတ္တုအမယ်အချို့ကို ယူဆောင်ကာ လျှို့ဝှက်ခန်းထဲ ဝင်လာခဲ့သည်။ သူ့ဓားပျံသုံးဆယ့်ခြောက်လက်အတွင်းသို့ ရွှေအနှစ်သာရ ထည့်သွင်းနိုင်ရန် သူ၏စဦးမီးတောက်ကို စတင် အသုံးပြုလေ၏။

ဟန်လိသည် တာအိုသခင်နေဝန်းရှင်ထံမှ ရွှေအနှစ်သာရ အပိုင်းများ ရရှိခဲ့သလို မောက်လန်တို့ဆီမှလည်း အနည်းအကျဉ်း ထပ်ရခဲ့သေး၏။ ထိုမျှသာမကသေးဘဲ လုံဟန့်ကလည်း ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ ကိုယ်စား သူ့အား ရွှေအနှစ်သာရအနည်းငယ် ရှာဖွေပေးခဲ့သေးသောကြောင့် သူ့ဓားအားလုံးကို သန့်စင်ဖို့အတွက် လုံလောက်တာထက် ပိုနေလေပြီ။

အကောင်းတိုင်းရှိသော မှော်ရတနာများအတွင်းသို့ အခြားသောအဖိုးတန် ကျင့်ကြံရေးပစ္စည်းများကို ထပ်မံထည့်သွင်း၍ ဆင့်ကဲသန့်စင်မွန်းမံခြင်း ကိစ္စရပ်မှာ ထူးခြားလွန်းနေသည့်အလုပ်မျိုး မဟုတ်နေပေ။ သို့သော်လည်း ဤမျှကြီးမားလှသောအလုပ်ကို တစ်လတည်းနှင့် အပြီးသတ်လုပ်ဆောင်ရန်မှာမူ သူ့အတွက် ကြီးစွာသော ဖိအားတစ်ခု ဖြစ်နေတော့သည်။ ဟန်လိသည် တွေဝေနှောင့်နှေးမနေတော့ဘဲ တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် သူ၏ဓားပျံများမှာ မဟာရွှေရောင်ဓားအစီအရင်ကြီး၏ ပုံစံငယ်တစ်ခုကို အမိအရ ဖန်တီးနိုင်စွမ်း ရှိလာသည်အထိ ခွန်အားရှိသမျှ အစွမ်းကုန် ကြိုးစားသန့်စင်သည်။ ထိုသို့လုပ်ဆောင်နိုင်မှသာ သူသည် စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိမှာ မဟုတ်ပါလား။

နန်ကုန်းဝမ်ကို ဝိညာဉ်ချိပ်ပိတ်ကျိန်စာ ချခင်းခဲ့သော ဝတ်ရုံနက်ကျင့်ကြံသူမှာ ကျင်းအင်ပါယာမှ ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ် ဖြစ်နေမှာ သေချာသလောက် ရှိပေသည်။

သူသည် ထိုသူ့လက်ထဲကနေ ကျိန်စာဖြေဖျောက်နိုင်မည့် လျှို့ဝှက်နည်းလမ်းကို ကျိန်းသေပေါက် ရယူရမှာ ဖြစ်သည်။ မဟာရွှေရောင်ဓားအစီအရင်ကြီး၏ ပုံစံငယ်တိုက်ကွက်မှာ ၎င်းအား အမိအရ ရယူနိုင်မည့် သူ၏ တစ်ခုတည်းသော သော့ချက်ပင်။

ထိုသို့သောအတွေးများ ဖြစ်ပေါ်လာခြင်းနှင့်အတူ ဟန်လိသည် သူ၏လက်ကို သိုလှောင်အိတ်ပေါ်သို့ တင်လိုက်ပြီးနောက် အရွယ်အစားအမျိုးမျိုးရှိသည့် ရွှေအနှစ်သာရ အစအနအချို့ကို မြေပြင်ထက်သို့ ချက်ချင်း ထုတ်ယူလိုက်တော့သည်။ သည့်နောက်တွင်မူ ၎င်းတို့၏ ဘေးနား၌ ဆင့်ကဲသန့်စင်မွန်းမံရာတွင် အသုံးပြုရမည့် အခြားသော အဖိုးတန်ရတနာများကိုပါ သိုလှောင်အိတ်အတွင်းကနေ တစ်ခါတည်း ထုတ်ယူလိုက်၏။

ဟန်လိသည် တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် အသေးငယ်ဆုံးသော ရွှေအနှစ်သာရ အစအနတစ်ခုထံသို့ လက်ညွှန်လိုက်၏။ ထိုဖျော့တော့သော ရွှေရောင်ကျောက်တုံးလေးမှာ လေထဲ ပျံဝဲတက်လာခဲ့ပြီး ဟန်လိ ရှိရာဘက်သို့ ဖြည်းဖြည်းချင်း ပျံသန်းရောက်ရှိလာ၏။

ဟန်လိသည် ၎င်းအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိပြီး သူ၏ရှေ့ တစ်ကိုက်ခန့် (မီတာအနည်းငယ်) အကွာသို့ ရောက်ရှိလာပြီး ရပ်တန့်သွားသည့် အချိန်အထိ စောင့်ဆိုင်းနေခဲ့သည်။ သည့်နောက်တွင်မူ သူ၏လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေလျက် သူ၏ ပါးစပ်ကနေ စူးရှတောက်ပလှသော မိုးပြာရောင် စဦးစိတ်ဝိညာဉ်မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်တော့၏။

ခပ်သဲ့သဲ့ မြည်ဟိန်းသံတစ်ခုနှင့်အတူ ၎င်းမီးတောက်မှာ ရွှေအနှစ်သာရကျောက်တုံးလေးပေါ်သို့ တိုက်ရိုက်ကျရောက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းအား လုံးဝ ထွေးခြုံဝါးမြိုပစ်လိုက်သည်။

ဟန်လိသည် သူ၏ လျှို့ဝှက်မန္တာန်စာသားများကို ခပ်ဖြေးဖြေး စတင်ရွတ်ဆိုလိုက်ရာ ထိုမိုးပြာရောင် စဦးစိတ်ဝိညာဉ်မီးတောက်မှာ ရုတ်တရက် ပိုမိုပြင်းထန်စွာ တောက်လောင်လာပြီး စူးရှလှသော အလင်းတန်းများနှင့်အတူ အထဲမှ ရွှေရောင်ကျောက်တုံးလေးကို ဖြည်းဖြည်းချင်း အရည်ပျော်သွားစေတော့၏။ သူသည် တည်ကြည်လေးနက်လှသော အမူအရာဖြင့် ၎င်းအား စိုက်ကြည့်နေမိသည်။

တစ်နာရီခန့် အချိန်ကုန်လွန်သွားခဲ့ပြီးနောက်တွင်မူ ၎င်းအတွင်းရှိ မသန့်စင်သော အညစ်အကြေး အများစုမှာ အရည်များအဖြစ် မြေပြင်ထက်သို့ တစ်စက်ချင်း စီးကျလာခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသော ရွှေအနှစ်သာရမှာမူ ထိုမီးတောက်များအတွင်း၌ ကြည်လင်ပြတ်သားလှသော အရည်တစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ဟန်လိသည် ဤသည်ကို မြင်လိုက်ရသည့်အခါမှ သူ၏အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်ထက်မှ ကျောက်စိမ်းသေတ္တာတစ်ခုကို လှမ်းယူလိုက်တော့သည်။ ၎င်းမှာ အလိုအလျောက် ပွင့်သွားပြီး အတွင်း၌ သန့်စင်သောငွေရောင်အမှုန့်များကို မြင်နိုင်သည်။

ယင်းနောက် ထိုငွေရောင်မှုန့်များသည် ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုအရည်ပျော်နေသော ရွှေအနှစ်သာရအတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့ကာ မိုးပြာရောင်မီးတောက်များကို ပိုမိုပြင်းထန်စွာ တောက်လောင်သွားစေတော့သည်။ ထိုကြည်လင်ပြတ်သားလှသော အရည်မှာလည်း ချက်ချင်းပင် ငွေရောင်အလင်းတန်းများဖြင့် စူးရှတောက်ပလာခဲ့သည်။ ထိုအခါတွင် ဟန်လိသည် လျှို့ဝှက်မန္တန် ထုတ်ဖော်ကာ ၎င်းတို့အားလုံးကို အကုန်အစင် စုပ်ယူပစ်လိုက်သည်။

All Chapters