အခန်း ၇၈၆
Vol. 57 Ch. 786
အပိုင်း ၇၈၆ - ဓားအစီအရင်၏ အကြိုအောင်မြင်မှု
ရုတ်တရက်ဆိုသလိုပင် ကြည်လင်ပြတ်သားလှသော ထိုရွှေအနှစ်သာရအရည်များသည် လေထုထဲ၌ လက်မခန့်အရွယ်အစားရှိသော ငွေရောင်ပုတီးစေ့ ခြောက်စေ့အဖြစ်သို့ ထူးဆန်းစွာ ကွဲထွက်သွားပြီးနောက် တရွေ့ရွေ့ လည်ပတ်နေကြသည်။
ဟန်လိသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူ၏ လျှာဖျားကို အနည်းငယ် ကိုက်ဖြတ်လိုက်ကာ ထိုငွေရောင်ပုတီးစေ့များပေါ်သို့ သူ၏ သွေးအနှစ်သာရမြူခိုးများကို ထွေးထုတ်လိုက်၏။ ထိုပုတီးစေ့များသည် သွေးအနှစ်သာရ အားလုံးကို အစအနမကျန် သန့်စင်စွာ စုပ်ယူလိုက်ကြပြီးနောက် လုံးဝ သန့်စင်ထားသော ရွှေရောင်အဆင်းအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
ဤမြင်ကွင်းကြောင့် သူ စိတ်ဓာတ် ပိုမိုတက်ကြွလာခဲ့ရပြီး သူ၏ ပါးစပ်ကနေ စူးရှတောက်ပသော မိုးပြာရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်ပြန်၏။ ထိုအလင်းတန်းသည် သူ၏ ပတ်ပတ်လည်တွင် တစ်ပတ် လှည့်ပတ်ပျံသန်းပြီးနောက် ရပ်တန့်သွားခဲ့ပြီး မိုးပြာရောင်မြူခိုးများ ဝန်းရံနေသည့် လက်မခန့်အရွယ်အစားရှိသော ပြောင်လက်တောက်ပသည့် ဓားငယ်လေးတစ်စင်းအဖြစ် ပေါ်ထွက်လာတော့သည်။
ဟန်လိသည် ထိုသန့်စင်ပြီးသွားခဲ့ပြီဖြစ်သော ရွှေအနှစ်သာရပုတီးစေ့များထဲမှတစ်စေ့ထံ လက်ညွှန်ကာ ထိုဓားငယ်လေး၏ မျက်နှာပြင်ပေါ်သို့ ညီညာစွာဖြင့် စိမ့်ဝင်ပတ်သတ်သွားစေရန် လုပ်ဆောင်လိုက်၏။ ထိုအခါ ဓားငယ်လေးထံမှ မျက်စိကျိန်းမတတ် ပြင်းထန်လှသော ရွှေရောင်အလင်းတန်းများ ချက်ခြင်းလက်ငင်း လင်းလက်တောက်ပလာတော့သည်။
သူသည် မျက်ခုံးပင့်လိုက်မိရင်း မြေပြင်ထက်သို့ အကြိမ်အနည်းငယ် လှမ်း၍ လက်ညွှန်ပြန်၏။ ထိုအခါ ရွှေရောင်လျှပ်စီးဝါးဓားပျံနှင့် ပေါင်းစပ်သန့်စင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သော အခြားသော အဖိုးတန်ရတနာ အမယ်ပစ္စည်း အမြောက်အမြား ပျံသန်းတိုးဝင်လာကြ၏။ သည့်နောက်တွင်မူ သူသည် ထိုဓားပျံကို မိမိ၏ လက်ဖဝါးထဲသို့ ပြန်လည်ဆင့်ခေါ်လိုက်သည့် အခါတွင်မူ ၎င်းသည် မိုးပြာရောင် စဦးစိတ်ဝိညာဉ်မီးတောက်များ၏ ထွေးခြုံခြင်းကို ခံရသည်။
ဟန်လိသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုလျက် ထိုစဦးစိတ်ဝိညာဉ်မီးတောက်များကို ထိန်းချုပ်ကာ ဆင့်ကဲသန့်စင်မွန်းမံခြင်း ခရီးလမ်းကို စတင်လိုက်တော့၏။ ဤလုပ်ငန်းစဉ်သည် ထိုသွေးအနှစ်သာရများနှင့် ပေါင်းစပ်ထားသော ရွှေအနှစ်သာရများမှာ ဓားပျံအတွင်းသို့ လုံးဝ တသားတည်း စိမ့်ဝင်သွားခဲ့သည့် အချိန်မှသာလျှင် အပြီးသတ် ပြီးစီးသွားမှာ ဖြစ်ပေသည်။
ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည့်တိုင်အောင် ဟန်လိသည် ဝါးတိမ်အုပ်ဓား တစ်စင်းချင်းစီကို တစ်စက္ကန့်မျှပင် အနားယူခြင်းမရှိဘဲ အပြင်းအထန် သန့်စင်မွန်းမံနေခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူ့ထံ၌ နှစ်တစ်သောင်းစိတ်ဝိညာဉ်နို့ရည် ရှိမနေခဲ့ဖူးဆိုပါက သူ၏ ဝိညာဉ်စွမ်းအားများမှာ ဤမျှပြင်းထန်လှသော လုပ်ငန်းစဉ်ကို ရေရှည်တောင့်ခံနိုင်စွမ်း ရှိခဲ့ကြမှာ မဟုတ်ပေ။
ထိုဝတ်ရုံနက်ကျင့်ကြံသူ ချိန်းဆိုထားခဲ့သော ရက်ကန့်သတ်ချက်မှာ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်၍ သည်ကိစ္စကို သိရှိထားကြသောသူများ၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြသော်လည်း အားလုံးထဲတွင် အစိုးရိမ်ဆုံးဖြစ်နေရသူမှာမူ စီနီယာအစ်ကိုချန်းပင်။ ချိန်းဆိုထားသည့် ရက်မတိုင်ခင် တစ်ရက်အလိုတွင်မူ တစ်စုံတစ်ယောက်သည် ဓားပျံအသုံးပြု၍ သတင်းပို့စနစ်ဖြင့် မျောလွင့်တိမ်တိုက်ဂိုဏ်းထံသို့ ကျောက်စိမ်းပြားတစ်ခု လာရောက်ပေးအပ်ခဲ့ပေသည်။ ၎င်းကျောက်စိမ်းပြားအတွင်း၌မူ လာမည့် ချိန်းဆိုမှုအတွက် တိကျလှသော တည်နေရာ အချက်အလက်များကို အသေးစိတ် ရေးသားဖော်ပြထားသည်။
ထိုနေရာမှာ မြေမျက်နှာပြင်သွင်အပြင်အရ အလွန်တရာ အန္တရာယ်များပြားရုံသာမက အိမ်မက်တိမ်တိုက်တောင်တန်းနှင့်လည်း အတော်လေး ဝေးကွာလှသော နေရာ၌ တည်ရှိနေပြန်သည်။ ဟန်လိသာ တံခါးပိတ်ကျင့်ကြံခြင်းကနေ အမြန်ဆုံး ထွက်မလာနိုင်ခဲ့ဖူးဆိုပါက သူသည် ထိုနေရာသို့ အချိန်မီ ရောက်ရှိနိုင်စွမ်း ရှိတော့မှာ မဟုတ်ချေ။
အဘိုးအိုချန်းသည် ဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးအတွင်း၌ ဂနာမငြိမ်ဖြစ်စွာဖြင့် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေဆဲမှာပင် ဟန်လိသည် ထိုဝင်ပေါက်ဝတွင် တိတ်ဆိတ်စွာဖြင့် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။ ထိုအဘိုးအိုသည် ဟန်လိ ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အခါတွင်မူ ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်လိုက်မိတော့သည်။
"ညီလေးဟန်... မင်း နောက်ဆုံးတော့ ထွက်လာပြီပဲ။ မင်းရဲ့ မှော်ရတနာတွေကို သန့်စင်မွန်းမံတဲ့ ကိစ္စရော အပြီးသတ် အောင်မြင်ခဲ့ရဲ့လား..."
လွန်ခဲ့သော တစ်လကထက်စာလျှင် သူ၏မျက်နှာထက်၌ ယုံကြည်မှုများ ပြည့်နှက်လို့နေသော ဟန်လိသည် တည်ငြိမ်စွာဖြင့်ပင် ပြန်လည်ဖြေကြားလိုက်၏။
"ကျုပ် အဖိုးတန်ရတနာတွေကို တစ်နည်းနည်းနဲ့တော့ အပြီးသတ် သန့်စင်နိုင်ခဲ့ပါတယ်။ စီနီယာအစ်ကို... ကျုပ် ကြားသိရတာကတော့ ချိန်းဆိုတဲ့ တည်နေရာကို ရှင်းပြထားတဲ့ အခြားကျောက်စိမ်းပြားတစ်ခု ရောက်ရှိလာခဲ့ပြန်ပြီဆို... အဲ့ဒါ အမှန်ပဲလား။"
"မှန်ပါတယ်။ သူက မင်းကို ထျန်ကျူးတောင်ရဲ့ ထိပ်ဆုံးနေရာမှာ လာရောက်တွေ့ဆုံဖို့အတွက် အဓိက ချိန်းဆိုထားတာပါ။ ဒါကတော့ သူ ပေးပို့ခဲ့တဲ့ ကျောက်စိမ်းပြားပါပဲ။"
စီနီယာအစ်ကိုချန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏လက်ထဲမှ စိမ်းမြမြကျောက်စိမ်းပြားကို ကမ်းပေးလိုက်သည်။
ဟန်လိသည် ၎င်းအား လှမ်းယူလိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အတွင်းပိုင်းရှိ အကြောင်းအရာများကို ခပ်မြန်မြန် ဖတ်ရှုစစ်ဆေးလိုက်၏။
သူသည် နှာမှုတ်လိုက်မိရင်းမှ မျက်နှာထက်တွင် ခက်ထန်ပြတ်သားလှသော အမူအရာများ ဖြစ်ပေါ်လာခြင်းနှင့်အတူ ဆိုလိုက်သည်။
"သူက ကျုပ်ကို တစ်ယောက်တည်း လာခိုင်းတာ ဖြစ်သလို ရွှေရောင်လျှပ်စီးဝါးကနေ သန့်စင်ထားတဲ့ မှော်ရတနာကိုပါ တစ်ပါးတည်း ယူဆောင်လာဖို့ လိုလားနေတာပဲ။ ကြည့်ရတာ သူက ကျုပ်ရဲ့ အကြောင်းတွေကို သေသေချာချာ စုံစမ်းထားခဲ့တဲ့ပုံပဲ။ သူက ကျုပ်နဲ့ ဝမ်အာတို့ကြားက ဆက်ဆံရေးကိုပါ သိရှိထားတာကိုး... မဟုတ်ရင် သူက ဒီအချက်ကို အသုံးချပြီး ကျုပ်ကို လာရောက်ခြိမ်းခြောက်ဝံ့မှာ မဟုတ်ဘူး။"
"သူ့မှာက ကြီးမားလှတဲ့ စွမ်းရည်တွေ ရှိနေတာမို့ ညီလေးဟန်ဟန်နဲ့ ဂျူနီယာညီမလေး နန်ကုန်း ကြားက ကိစ္စရပ်တွေကို တိတ်တဆိတ် စုံစမ်းစစ်ဆေးဖို့ဆိုတာ သူ့အတွက် သိပ်ခက်နေမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဆင့်နိမ့်ကျင့်ကြံသူတွေဟာ အစွမ်းထက်လှတဲ့ မိစ္ဆာတာအိုကျင့်ကြံသူတွေရဲ့ ရှေ့မှာတော့ ဘာမျှ ခုခံနိုင်စွမ်း ရှိကြမှာ မဟုတ်ဘူးလေ။ ညီလေးဟန်... ကျုပ်ကတော့ မင်းကို ဒီအန္တရာယ်တောထဲ တစ်ကိုယ်တည်း သွားရောက်ရင်ဆိုင်ခိုင်းဖို့ စိတ်ကူးမရှိပါဘူး။ ဒါကြောင့် ကျုပ်က မိတ်ဆွေမီးနဂါးကလေးငယ် အပါအဝင် အခြား တာအိုရောင်းရင်း ခြောက်ယောက်နဲ့ပါ ကြိုတင်ဆက်သွယ်ထားပြီး ဖြစ်တယ်။ မင်း ထွက်ခွာသွားတာနဲ့ ကျုပ်တို့ကလည်း အနောက်ကနေ တိတ်တဆိတ် အနီးကပ် လိုက်ပါလာကြမှာပါ။ အဲ့လူ ပေါ်လာတာနဲ့တစ်ပြိုင်နက် ကျုပ်တို့အားလုံး စုပေါင်းဝန်းရံပြီး သူ့ကို အမိအရ ပိတ်ဆို့နှိမ်နင်းပစ်ကြမှာ ဖြစ်သလို ကျုပ်တို့ရဲ့ ရှီနိုင်ငံအတွင်းမှာ ဆန္ဒရှိသလို လာရောက်ရမ်းကားလို့ မရမှန်းကိုပါ သူ ကောင်းကောင်း သိရှိသွားစေရမယ်။"
စီနီယာအစ်ကိုချန်းသည် မကျေမချမ်းလေသံဖြင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။
"အစ်ကိုချန်းရဲ့ ဒီနည်းလမ်းက ကောင်းမွန်လှပါတယ်။ ဒါပေမဲ့ အဲ့လူသူကလည်း သေချာပေါက် သတိကြီးကြီး ထားနေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ… စီနီယာအစ်ကိုနဲ့ ခင်ဗျားရဲ့ မိတ်ဆွေတွေပါ ကျုပ်နောက်ကနေ လိုက်လာကြမယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။ တကယ်လို့ သူသာ ဆင်ခြင်တုံတရားမရှိဘဲ မောက်မာရဲတင်းနေဦးမယ်ဆိုရင်တော့ ဒါက သူ့အတွက် သေခြင်းတရားကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားမှာ သေချာတယ်။"
ခဏမျှ စဉ်းစားတွေးတောပြီးနောက်တွင်မူ ဟန်လိသည်လည်း သဘောတူလိုက်တော့၏။ ဤသို့သော အကူအညီမျိုးကား သူ အမှန်တကယ် လိုလားနေခဲ့သော အရာ မဟုတ်ပါလား။
"ကောင်းပါပြီ... ဒါဆိုရင်တော့ ခုတိုင်းပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။ ထျန်ကျူးတောင်က မြင့်မားလွန်းတယ်ဆိုပေမဲ့ ကျုပ်တို့လို ကျင့်ကြံသူတွေအတွက်တော့ စာဖွဲစရာကိစ္စ မဟုတ်ပါဘူး။ ကျုပ် ခင်ဗျားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခြေရာခံအမှတ်အသားတစ်ခု ချခင်းပေးထားမယ်။ ကျုပ်တို့က ဒါကို အသုံးပြုပြီး အနောက်ကနေ လိုက်ပါလာမှာပါ။ တကယ်လို့ ရန်သူရဲ့ စွမ်းရည်က ခင်ဗျား တစ်ယောက်တည်း မရင်ဆိုင်နိုင်လောက်အောင်ထိ အားကောင်းနေမယ်ဆိုရင် ကျုပ်နဲ့ ကျုပ်ရဲ့ မိတ်ဆွေတွေ ရောက်ရှိလာတဲ့အထိ အချိန်တစ်ခုအထိ ဆွဲထားပေးနိုင်ရင်ကို လုံလောက်ပါပြီ။"
"ကျုပ်အတွက် ဒုက္ခခံပေးတဲ့အတွက် စီနီယာအစ်ကို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ နောင်ကျ ဒီကြင်နာမှုတွေကို ကျိန်းသေပေါက် ပြန်လည်ပေးဆပ်ပါ့မယ်။"
ဟန်လိသည် ပြင်ပလူများထံကနေ အကူအညီ ရယူရခြင်းကို အလွန်တရာ တွန့်ဆုတ်တတ်သူ ဖြစ်သော်ငြား ယခုအခါတွင်မူ သူ၏ စိတ်ရင်းအမှန်ဖြင့် လေးနက်စွာ ကတိကဝတ်ပေးလိုက်ခြင်းပင်။
စီနီယာအစ်ကိုချန်းက အားပါးတရ ရယ်မောကာ ပြောဆိုသည်။
"ညီလေးဟန်က ကျုပ်တို့ မျောလွင့်တိမ်တိုက်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်နေမှတော့ ခင်ဗျားကို ပြင်ပလူတစ်ယောက်လို သတ်မှတ်နေစရာ ဘာအကြောင်းရှိလို့လဲကွာ။ ချိန်းဆိုထားတဲ့ အချိန်က မကြာခင် ရောက်ရှိတော့မှာ ဖြစ်လို့ မင်းဘက်ကလည်း အမြန်ဆုံး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ဒီညမှာတင် ထွက်ခွာသွားတာက ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ထျန်ကျူးတောင်ဆီကို အချိန်မီ ရောက်နိုင်မှာ မဟုတ်ဘူး။"
ဟန်လိသည် သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ချက်ခြင်းပင် ပြန်လည်ထွက်ခွာလာခဲ့တော့သည်။
စီနီယာအစ်ကိုချန်းသည် ဟန်လိ ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးသွားသည့် အခါတွင်မူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိပြီးနောက် ပါးနပ်လှသောအပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ ဟန်လိက သည်ကြင်နာမှုများကို ပြန်လည်ပေးဆပ်မည်ဟု ကတိပြုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ အားစိုက်ထုတ်မှုများမှာ အချည်းနှီး မဖြစ်သွားခဲ့မှန်း ကောင်းစွာ သိရှိလိုက်ရ၍ ဖြစ်သည်။ သူ၏ ဘဝသက်တမ်း ကုန်ဆုံးသွားခဲ့သည့် အချိန်ကျရောက်လာခဲ့လျှင်ပင် သူ၏ညီလေးဟန်သည် မျောလွင့်တိမ်တိုက်ဂိုဏ်းအပေါ်ကို သူ၏ ခွန်အားရှိသမျှ အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးသွားမည့်အချက်အပေါ် သူ့အနေဖြင့် ယုံကြည်ထားပါသည်။
ထိုအဘိုးအိုကြီးသည် ရင်ထဲ၌ စိုးရိမ်ပူပန်မှုများ လုံးဝ ပြေလျော့သွားခဲ့ပြီးနောက် ခဏမျှ ထပ်မံတွေးတောလိုက်ပြီးနောက်တွင်မူ သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ အသံလွှင့်အဆောင်လက်ဖွဲ့ အမြောက်အမြားကို ထုတ်ယူလိုက်တော့သည်။ သည့်နောက်တွင်မူ သူသည် ၎င်းတို့အား လေထုထဲသို့ မှုတ်ထုတ်လိုက်ရာ စူးရှလှသော နီရဲသည့် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီးနောက် ပင်မခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ တဟုန်ထိုး ပျံသန်းထွက်ခွာသွားကြ၏။ ဤသို့ လုပ်ဆောင်ပြီးသွားသည့် အခါတွင်မူ ဤဆံဖြူခအဘိုးအိုကြီးချန်းသည် ထိုင်ခုံပေါ်တွင် ပြန်လည်ထိုင်လိုက်ပြီး စောစောက အခြေအနေများအကြောင်း ပြန်စဉ်းစားသုံးသပ်နေသည်။
ထိုအသံလွှင့်အဆောင်လက်ဖွဲ့များသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ဂိုဏ်း၏ ဧည့်ဂေဟာဆောင်အတွင်း၌ လာရောက်တည်းခိုနေထိုင်ကြသော သူ၏ မိတ်ဆွေကောင်းများကို ချက်ခြင်း သွားရောက်ဖိတ်ခေါ်ပေးကြမှာ ဖြစ်သည်။ ဟန်လိ ထွက်ခွာသွားပြီး နှစ်နာရီခန့် ကြာမြင့်ပြီးသွားသည့် အခါတွင်မူ စီနီယာအစ်ကိုချန်း နှင့် ထိုကျင့်ကြံသူကြီးများသည်လည်း သူ့နောက်သို့ ချက်ခြင်းပင် လိုက်ပါထွက်ခွာလာခဲ့ကြတော့၏။
သူ၏ ဝိညာဉ်စွမ်းအားများကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်ရန်အတွက် ဟန်လိသည် သာမန်အတိုင်းသာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့ပြီး ခရီးလမ်းတလျှောက်တွင်မူ သူ၏လက်ထဲ၌ ရှိနေသော သုံးလက်မခန့်ရှည်သည့် ဓားငယ်လေးကိုသာ စိတ်ဝင်တစားဖြင့် လှည့်ပတ်ကစားနေမိသည်။ ၎င်းကား ရွှေအနှစ်သာရများကို ထည့်သွင်းသန့်စင်ထားခဲ့သော သူ၏ဓားပျံသုံးဆယ့်ခြောက်စင်းထဲမှ တစ်စင်းပင်။
မည်သည့်အတွက်ကြောင့်မှန်းတော့ မသိရလေဘဲ ထိုဓားပျံများသည် ရွှေအနှစ်သာရများနှင့် ပေါင်းစပ်သန့်စင်ပြီးသည့် အခါတွင်မူ ရွှေရောင်အဆင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ သူက အစောပိုင်းတုန်းကတော့ ဤကဲ့သို့သော အသွင်အပြင် ပြောင်းလဲသွားမှုမှာ ယာယီမျှသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သေးသည်။ ထိုရွှေအနှစ်သာရများမှာ မှော်ရတနာအတွင်းသို့ လုံးဝ စိမ့်ဝင်သွားခဲ့ပြီးသည့် အခါတွင် ၎င်းတို့၏ မူလအသွင်အပြင်ကို ပြန်လည်ရရှိသွားကြလိမ့်မည်ဟု ယူဆမိ၍ပင်။ သို့သော်လည်း သူသည် ဓားပျံသုံးဆယ့်ခြောက်စင်းလုံးကို အပြည့်အဝ သန့်စင်ပြီးသွားခဲ့သည့် တိုင်အောင် ၎င်းတို့ထံ၌ တောက်ပလှသော ရွှေရောင်အဆင်းများမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ တည်ရှိနေဆဲ ဖြစ်ကြောင်း မြင်တွေ့ခဲ့ရသည်။ ထိုအချက်ကြောင့် သူ ကိုယ်တိုင် အကြောင်းရင်းမသိရခြင်းကြောင့် ဇဝေဇဝါ ဖြစ်ခဲ့ရ၏။
သို့သော်ငြားလည်း ထိုရွှေအနှစ်သာရများသည် ဓားပျံများအပေါ် သက်ရောက်စေခဲ့သော စွမ်းပကားများမှာမူ ဒဏ္ဍာရီလာ ရှေးဟောင်းမှတ်တမ်းများထဲ၌ ဖော်ပြထားခဲ့ဖူးသည်ထက်ပင် ပိုမိုကြီးမားလို့နေသည်။ သူ၏ စမ်းသပ်စစ်ဆေးမှုများအရ ထိုဓားပျံများသည် အတိတ်တုန်းကထက်စာလျှင် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းခန့် ပိုမို၍ စွမ်းအားကြီးမားလာခဲ့ရုံသာမက ၎င်းတို့၏ ထက်ရှသော ဓားသွားများမှာလည်း အရင်ကထက် များစွာ သာလွန်လို့နေပြီ ဖြစ်၏။ ဟန်လိသည် သူ၏ ဤဓားပျံများနှင့် အခြားအရည်အသွေးညံ့သော မှော်ရတနာတို့ ထိပ်တိုက်တွေ့ပါက သူ့ဓားများက ၎င်းတို့ကို ချက်ခြင်းဖျက်စီးပစ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။
သို့သော်လည်း သူ၏ ရင်ထဲ၌ ဝမ်းမြောက်မိနေသော်ငြား တစ်ဖက်တွင်မူ သံသယအချို့လည်း ဖြစ်ပေါ်နေဆဲပင် ဖြစ်၏။ သူသည် နောက်ဆုံးတွင် ထိုဓားပျံများ၏ အဓိကကျင့်ကြံရေးပစ္စည်းဖြစ်သော ရွှေရောင်လျှပ်စီးဝါးအကြောင်းနှင့် ၎င်းတို့အား စတင်သန့်စင်မွန်းမံခဲ့စဉ်က အသုံးပြုခဲ့ဖူးသော ရွှေအနှစ်သာရသလင်းခဲများအကြောင်း ပြန်ပြောင်း စဉ်းစားမိသွားသည်။ ဖြစ်နိုင်တာက ဤသို့ ရှားပါးလှသော အဖိုးတန်ရတနာပစ္စည်းများသည် ထိုရွှေအနှစ်သာရများနှင့် ပေါင်းစပ်သန့်စင်ခြင်းကို ခံလိုက်ရသည့် အခါတွင်မူ မခန့်မှန်းနိုင်လောက်အောင် ဆန်းပြားလှသော ဆင့်ကဲပြောင်းလဲမှုတစ်ခုခုကို မထင်မှတ်ဘဲ ဖြစ်ပေါ်သွားစေခဲ့တာများလား...။ အချိန်အတော်ကြာအောင် စဉ်းစားကြည့်ပြီးနောက်တွင် ဤသည်မှာ တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ရှင်းပြချက် ဖြစ်လိမ့်မည်ဟု သူ ကောက်ချက်ချလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤပြောင်းလဲမှုမှာ သူ၏ရတနာများကို ပိုမိုကောင်းမွန်စေခဲ့တာ ဖြစ်၍ သူသည်လည်း သည်ကိစ္စရပ်အတွက် အချိန်အများကြီးပေးကာ စူးစမ်းလေ့လာနေရန် ဆန္ဒမရှိတော့ချေ။ ထိုအစား သူသည် သူ၏ အာရုံအားလုံးကို ထိုရွှေရောင်ဓားအစီအရင်အပေါ်၌သာ အပြည့်အဝ နစ်မြုပ်ထားလိုက်တော့သည်။ ဟန်လိသည် ၎င်းအား အသုံးပြုနိုင်ရန်အတွက် သီးသန့်ကျင့်ကြံအားထုတ်နေရန် မလိုအပ်လှပေ။ လက်တွေ့မှာတော့ သူ တံခါးပိတ်ကျင့်ကြံနေခဲ့စဉ် အချိန်တုန်းကပင် ၎င်း၏ စွမ်းပကားကို စမ်းသပ်ကြည့်ရန်အတွက် ထိုအစီအရင်ကို လွယ်လင့်တကူပင် အသက်သွင်းနိုင်ခဲ့ပြီး ဖြစ်သည်။
ထိုဓားအစီအရင်၏ မယုံကြည်နိုင်လောက်အောင် ကြီးမားလှသော စွမ်းပကားကြောင့် ယင်းအစီအရင်နှင့် ပတ်သက်၍ ရွှေရောင်စာမျက်နှာထက်၌ ရေးသားထားခဲ့သော အကြောင်းအရာများမှာ အမှန်တရား ဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ပင်။ သူသည် ယခုအခါတွင် ထိုရွှေရောင်ဓားအစီအရင်၏ ပုံစံငယ် တိုက်ကွက်ကိုသာ ဖန်တီးနိုင်စွမ်း ရှိသေးသည်။ သို့တိုင် ၎င်းထံမှ ထွက်ပေါ်လာသော အံ့ချီးဖွယ်စွမ်းပကားများကပင် ထိုဝတ်ရုံနက်ကျင့်ကြံသူကို သွားရောက်ရင်ဆိုင်ရန်အတွက် ဟန်လိ၏စိတ်ထဲ၌ ယုံကြည်မှု ကြီးကြီးမားမား ရှိစေခဲ့သည် မဟုတ်ပါလား။
သူသည် နန်ကုန်းဝမ်၏ ခန္ဓာကိုယ်အတွင်းက ဝိညာဉ်ချိပ်ပိတ်ကျိန်စာကို ကျိန်းသေပေါက် ဖြေဖျောက်ပေးရမှာ ဖြစ်ပေမဲ့လည်း အကယ်၍ သူ့ထံ၌ ထိုရွှေရောင်ဓားအစီအရင်သာ ရှိမနေခဲ့ဖူးဆိုပါက ဟန်လိသည်လည်း ဆင်ခြင်တုံတရားမရှိဘဲ မိမိ၏ အသက်ကို သေလမ်းသွားရှာသလိုမျိုး မိုက်မိုက်မဲမဲ သွားရောက်ရင်ဆိုင်လိမ့်မည် မဟုတ်ချေ။
ပုံမှန်အားဖြင့်ဆိုလျှင် ဟန်လိသည် စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တစ်ခါမျှ ထိပ်တိုက်ရင်ဆိုင်ဖူးခြင်း မရှိခဲ့တာကြောင့် သူ၏ စွမ်းရည်အတိမ်အနက်မှာ မည်သည့်အဆင့်၌ ရှိနေမည်ကို တိတိကျကျ မပြောနိုင်သေးချေ။ သို့သော်လည်း သူသည် စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူများနှင့်မူ အကြိမ်ကြိမ် ရင်ဆိုင်တိုက်ခိုက်ဖူးခဲ့ဖူးရာ သူတို့ကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးကို အမိအရ ပိတ်ဆို့နှိမ်နင်း သတ်ဖြတ်ပစ်နိုင်ရန်အတွက် အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ ယုံကြည်မှု ရှိနေခဲ့သည်။ ဤမျှကြီးမားလှသော ခွန်အားစွမ်းပကားများနှင့် ဆိုပါက သူသည် စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ပေါင်တန်းတိုက်ခိုက်နိုင်ရန်အတွက် လုံလောက်သော စွမ်းရည်များ ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ကောင်းစွာ တွက်ချက်ထားသည်။
သို့ပေမည့်လည်း ထိုရန်သူ့ထံကနေ ဝိညာဉ်ချိပ်ပိတ်ကျိန်စာကို ဖြေဖျောက်နိုင်မယ့် လျှို့ဝှက်နည်းလမ်းကို ရယူရန် ပြင်ဆင်ရမည့် ကိစ္စရပ်မှာမူ အနည်းငယ် ဒုက္ခများပေလိမ့်မည်။ ဟန်လိသည် ထိုဝတ်ရုံနက်ကျင့်ကြံသူနှင့် ဆုံတွေ့ရမည့် အချိန်ကျရောက်လာခဲ့လျှင် မိမိ၏ ဆင်ခြင်တုံတရားကို အကောင်းဆုံး အသုံးချလျက် အခြေအနေအရပ်ရပ်ကို သတိကြီးစွာဖြင့် ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပေသည်။
ဟန်လိသည် သက်ပြင်းချလိုက်မိပြီးနောက် သူ၏လက်ထဲတွင် ရှိနေသော ဓားငယ်လေးမှာ သူ၏မြင်ကွင်းကနေ ချက်ခြင်းပင် ပျောက်ကွယ်သွားတော့၏။ သည့်နောက်တွင်မူ သူသည် မိမိ၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကြက်လျက် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သော်လည်း သူ၏ စီနီယာအစ်ကို သို့မဟုတ် အခြားသော မဟာမိတ်များ၏ သဲလွန်စ အရိပ်အယောင်ကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ ယင်းကြောင့် သူ့အနေဖြင့် အံ့အားသင့်သွားခြင်းမျိုး မရှိခဲ့ချေ။ ရန်သူသည် စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေနိုင်ခြေ များလှသဖြင့် သူတို့သည်လည်း ထိုဝတ်ရုံနက်ကျင့်ကြံသူက ရိပ်မိသွားမှာကို စိုးရိမ်ကြသောကြောင့် အဝေးတစ်နေရာ၌သာ သေချာစွာ ပုန်းလျှိုးကွယ်လျှိုး လိုက်ပါလာကြမှာ သေချာလှသောကြောင့် ဖြစ်သည်။
ထျန်ကျူးတောင်ဆိုသည်မှာ အိမ်မက်တိမ်တိုက်တောင်တန်း၏ အနောက်ဘက်အကျဆုံးတွင် တည်ရှိနေသော လူသူကင်းမဲ့ပြီး အလွန်တရာ မတ်စောက်လှသော တောင်တန်းကြီးတစ်ခု ဖြစ်ပေသည်။
အဝေးကနေ လှမ်းကြည့်လိုက်မည်ဆိုလျှင်ပင် ၎င်းသည် အလွန်တရာ မတ်စောက်လွန်းလှသည်။ ထိုမျှသာမကသေးပေ။ ထိုတောင်ကြီး၏ သုံးပုံတစ်ပုံခန့်မှာလည်း တိမ်တိုက်များ၏ အထက်သို့ပင် ကျော်လွန်၍ ထိုးထွက်လို့နေသည်။ ထိုတောင်ကြီး၏ ပတ်ပတ်လည်တွင်မူ သေးငယ်လှသော တောင်ကုန်းငယ် အနည်းငယ်မျှသာ တည်ရှိနေကြသဖြင့် ထိုတောင်ကြီး၏ အလယ်ဗဟိုချက်နေရာကနေ ကြည့်ရှုလိုက်မည်ဆိုပါက ပတ်ဝန်းကျင် အနေအထား အားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စွမ်း ရှိပေသည်။ ဤသည်မှာ ထိုဝတ်ရုံနက်ကျင့်ကြံသူက ၎င်းနေရာကို သေသေချာချာ ရွေးချယ်ခဲ့ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ဟန်လိသည် ထိုတောင်ကြီးနှင့် လီငါးဆယ်ခန့်အကွာအဝေးသို့ ရောက်ရှိလာခဲ့သည့် အခါတွင်မူ သူ၏စိတ်ဝိညာဉ်အာရုံမှာ ရုတ်တရက် လှုပ်ခါသွားသကဲ့သို့ ခံစားလိုက်ရတော့၏။ သူ၏ စိတ်ဝိညာဉ်အာရုံ စွမ်းရည်မှာ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သော်လည်း သူသည်လည်း နည်းနည်းလေးမျှ သတိမလွတ်ဝံ့ဘဲ ရှိနေဆဲ ဖြစ်သည်။ ထိုဝတ်ရုံနက်ကျင့်ကြံသူသည် မိမိကို လှည့်စားရန်အတွက် တစ်စုံတစ်ရာသော အရာများကို တမင်သက်သက် ဖုံးကွယ်ထားခြင်း ရှိ၊ မရှိကို မည်သူက ကောင်းစွာ ပြောနိုင်ပါ့မည်နည်း။
ဤသို့ဖြင့် ဟန်လိသည် မိမိအား စောင့်ကြည့်နေကြမှန်း မသိရှိလေသည့်အလား ဟန်ဆောင်ကာ သူ၏ စိတ်ဝိညာဉ်အာရုံဖြင့်သာ ပတ်ဝန်းကျင်ကို သေသေချာချာ ထောက်လှမ်းရင်း ထိုတောင်ကြီး၏ ထိပ်ဆုံးနေရာရှိရာဘက်သို့ ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့တော့သည်။ ထိုအချိန်နှင့် တပြိုင်နက်တည်းလိုလိုမှာပင် ထိုတောင်ထိပ်ထက်၌ ငြိမ်သက်စွာ ထိုင်နေခဲ့သော ဝတ်ရုံနက်ကျင့်ကြံသူသည်လည်း သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်ပြီးနောက် ဟန်လိ လာနေသည့် အရပ်မျက်နှာဆီသို့ စူးစိုက်ကြည့်လိုက်သည်။
သူက တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။
“နောက်ဆုံးတော့ မင်း အရောက်လာရဲသားပဲ။ ကြည့်ရတာ ကျုပ် ရှာဖွေတွေ့ရှိခဲ့တဲ့ သတင်းအချက်အလက်တွေက တကယ်ပဲ မှန်ကန်နေခဲ့တာပဲ... မင်းနဲ့ အဲ့ဒီမိန်းကလေးကြားက ဆက်ဆံရေးက တကယ်ပဲ နက်ရှိုင်းနေပါ့လား။"