← Chapters

အခန်း ၇၈၇

Vol. 57 Ch. 787

အခန်း ၇၈၇

Vol. 57 Ch. 787

အပိုင်း ၇၈၇ - ဝတ်ရုံနက်နှင့်လူငယ်

"မိန်းမတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ သက်ဆင်းစေခဲ့တာပဲလား။ ကြည့်ရတာ ကျုပ် မင်းကို အထင်ကြီးမိသွားခဲ့တဲ့ပုံပဲ။"

ဝတ်ရုံနက်နှင့် ကျင့်ကြံသူက မိမိဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် သူ၏ဘေးနားရှိ သာမန် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ငယ်ဆီသို့ လှည့်ကြည့်လိုက်၏။

သူသည် ဟန်လိ လီဆယ်ဂဏန်းခန့်အကွာအဝေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း အာရုံခံမိလိုက်သည့် အခိုက်အတန့်တွင် ချက်ခြင်းပင် ထရပ်လိုက်ပြီး ထိုအစီအရင်ရှိရာဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားတော့သည်။ ခဏအကြာတွင်မူ သူသည် ဖြူဖွေးသော အလင်းတန်းတစ်ခုနှင့်အတူ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ထိုအခိုက်အတန့်တွင် ဟန်လိသည်လည်း ထိုဝတ်ရုံနက်ကျင့်ကြံသူ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြောင်း ခံစားမိလိုက်ရသည်။ သူ့စိတ်ထဲ အန္တရာယ်အချက်ပေးသံများ ဆူညံလို့သွားသည်။ သူ စဉ်းစားကြည့်၏။

"သူက ဘာအတွက်ကြောင့် ကိုယ်ယောင်ဖျောက်ခြင်းပညာရပ်ကို ရုတ်တရက် သုံးလိုက်ရတာလဲ။ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်နေတာများလား။"

ဟန်လိက သတိကြီးကြီးထားလျက် ရှေ့ဆက်လျှောက်လာခဲ့၏။

"ဒါက..."

ဟန်လိသည် ထျန်ကျူးတောင်၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာတွင် အထင်အရှား ချခင်းထားသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားရတော့၏။ သူ၏ အကြည့်သည် ၎င်းအစီအရင်၏ ဘေးနားရှိ ကျောက်တုံးကြီးတစ်ခုဆီသို့ ကျရောက်သွားခဲ့ရာ ၎င်းထက်၌ "နောက်မကျစေနဲ့" ဟူသော စာသားကို ထွင်းထုထားကြောင်း မြင်တွေ့လိုက်ရသည်။

ဟန်လိသည် ထိုစကားလုံးများကို ဖတ်ပြီးသည့်အခါ မျက်စိမျက်နှာပျက်သွားသည်။ ရန်သူ၏ ဉာဏ်များကောက်ကျစ်လှသော အကွက်ကိုလည်း ကျိန်ဆဲလိုက်မိသည်။

၎င်းမှာ အဝေးကြီးသို့ ရွှေ့ပြောင်းနိုင်စွမ်းမရှိသော သာမန် အစီအရင်ငယ်တစ်ခု ဖြစ်မှန်း သူ ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်သော်လည်း အကယ်၍ သူသာ ၎င်းအတွင်းသို့ ဝင်ရောက်လိုက်မည်ဆိုပါက ရန်သူ့ထောင်ချောက်အတွင်းသို့ တိုက်ရိုက် သက်ဆင်းမိသွားသလို ဖြစ်သွားပေလိမ့်မည်။ ပို၍ ဆိုးဝါးလှသည့် အချက်မှာမူ စီနီယာအစ်ကိုချန်းနှင့် သူ၏ မဟာမိတ်များက မိမိနောက်သို့ အမှန်တကယ် လိုက်ပါလာနိုင်ခြင်း ရှိ၊ မရှိကို မသေချာတော့ခြင်းပင် ဖြစ်၏။

ကျောက်တုံးထက်တွင် ထွင်းထုထားခဲ့သော အကြောင်းအရာများအရဆိုလျှင် ထိုဝတ်ရုံနက်ကျင့်ကြံသူသည် မိမိနှင့် ပေါ်တင်ဆုံတွေ့ပြီး ညှိနှိုင်းဆွေးနွေးရန် ဆန္ဒမရှိတာ သိသာလှသည်။ အကယ်၍ ဟန်လိသာ သည်နေရာ၌ အချိန်အကြာကြီး တွေဝေနှောင့်နှေးနေဦးမည်ဆိုပါက ထိုဝတ်ရုံနက်ကျင့်ကြံသူသည် ချက်ခြင်းပင် ပြန်လည်ထွက်ခွာသွားနိုင်ခြေ များနေသည်။ သူ့အနေဖြင့် ထိုသို့ဖြစ်ခွင့် မပေးနိုင်ချေ။

အကယ်၍ ဟန်လိအနေဖြင့် ဝိညာဉ်ချိပ်ပိတ်ကျိန်စာကို ဖြေဖျောက်နိုင်မည့် လျှို့ဝှက်နည်းလမ်းကို ရှာဖွေလိုသည်ဆိုပါက သူသည် သည်အစီအရင်ကို အသုံးပြု၍ စွန့်စားခြင်းမှတစ်ပါး အခြားရွေးချယ်စရာ လုံးဝ မရှိတော့ပေ။

ဟန်လိ၏မျက်နှာထက်၌ မပြတ်မသား ဖြစ်ဟန် ခဏတဖြုတ် ပေါ်လာသေး၏။ သို့ပေမည့် သူသည် နောက်ဆုံးတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တော့၏။ သူသည် အရင်ဦးစွာ မိမိ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုလျက် ပတ်ဝန်းကျင် အနီးဝန်းကျင်၌ မိစ္ဆာကျင့်ကြံသူများ ပုန်းကွယ်နေခြင်း ရှိ၊ မရှိကို သေသေချာချာ စူးစမ်းစစ်ဆေးလိုက်သည်။ သည့်နောက်တွင်မူ သူသည် အသံလွှင့်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်ပြီး ၎င်းအတွင်းသို့ စကားအချို့ ချန်ရစ်ကာ လေထဲသို့ ပစ်တင်စေလွှတ်လိုက်သည်။ သူသည် အဖြစ်အပျက်ကို သိရှိရန် အစ်ကိုချန်းတို့ထံ သတင်းစကား ပေးပို့တာ ဖြစ်လိမ့်မည်။

ထို့နောက်တွင် ဟန်လိသည် သူ၏ ခါးမှ ဝိညာဉ်သားရဲအိတ်ကို လှမ်းယူလိုက်ပြီးနောက် ၎င်းအတွင်းရှိ အရာများကို လေထုထဲသို့ ဆင့်ခေါ်လိုက်ပေသည်။ အနက်ရောင်အစက်အပြောက်များဖြင့် ဖုံးလွှမ်းလို့နေသော ရွှေဝါးမြိုခြင်းပိုးတောင်မာ အမြောက်အမြား ချက်ခြင်း ပေါ်ထွက်လာခဲ့ကြပြီး သူ၏ ခန္ဓာကိုယ်ကို ဝန်းရံကာကွယ်လိုက်ကြပြီးနောက် သူ၏ ကိုယ်ပေါ်တွင် သုံးရောင်ခြယ် သံချပ်ကာအင်္ကျီအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။

သူ၏ အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူသည် မိမိ၏ ရှေ့မှောက်တွင် မိုးပြာရောင် ဒိုင်းငယ်လေးတစ်လက်ကို အသင့်အနေအထား ဆင့်ခေါ်လိုက်ပြီး ဖြူဖွေးသော အလင်းတန်းတစ်ခုနှင့်အတူ သူ၏ လက်ထဲ၌ ပန်းထိုး ကတ္တီပါပုဝါစလေးတစ်ထည် ပေါ်ထွက်လာခဲ့ပေသည်။

ဟန်လိသည် ထိုပန်းထိုးပုဝါစလေးကို ငုံ့ကြည့်လိုက်မိသည့်အခါ ခံစားချက်အရိပ်အယောင်တစ်ခု လှစ်ခနဲ ဖြတ်ပြေးသွား၏။ ဤပန်းထိုးပုဝါစလေးမှာ နန်ကုန်းဝမ်က သူ့ကို ပေးထားခဲ့ဖူးသော အကာအကွယ် အဖိုးတန်ရတနာတစ်ခု ဖြစ်ပေရာ သူသည် ပုဝါစလေးကို ညင်သာစွာ ပွတ်သပ်ရင်း ထိုနေရာတွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေမိသည်။

ခဏအကြာတွင်မူ ဟန်လိသည် သူ၏ လက်ကို မြှောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် အစွမ်းထက်လှသော အကာအကွယ် အရံအတား မန္တာန်အမြောက်အမြားကို ထပ်မံချခင်းလိုက်ပြီးမှသာ ထိုတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အတွင်းသို့ ခြေလှမ်းလှမ်း ဝင်ရောက်လိုက်တော့၏။ သူသည် အသက်ကို ဝဝရှူသွင်းလိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေလျက် အစီအရင်၏ ထောင့်စွန်းနေရာဆီသို့ ရိုက်ခတ်လိုက်ပေသည်။ ဖြူဖွေးသော အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ဟန်လိသည်လည်း ဤနေရာကနေ သဲလွန်စမရှိဘဲ အပြီးသတ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ထျန်ကျူးတောင်နှင့် လီထောင်ဂဏန်းခန့်အကွာအဝေးရှိ သေးငယ်လှသော ရေကန်ကြီးတစ်ခု၏ အလယ်တွင် တည်ရှိနေသော အမည်မသိ ကျွန်းငယ်လေးတစ်ခု၏ ဗဟိုချက်နေရာတွင်မူ ဟန်လိသည် ဖြူဖွေးသော အလင်းတန်းတစ်ခုနှင့်အတူ ဖျတ်ခနဲ ပြန်လည်ပေါ်ထွက်လို့လာသည်။

သူသည် ထိုနေရာသို့ ရောက်ရှိလာခဲ့သည့် အခိုက်အတန့်တွင်ပင် တည်နေရာရွှေ့ပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာရသော ခန္ဓာကိုယ်မသက်မသာ ဖြစ်မှုများကို လုံးဝ လစ်လျူရှုထားလိုက်ပြီး သူ၏ မိုးပြာရောင် ဒိုင်းငယ်လေးကို ချက်ခြင်းပင် အဆမတန် ကြီးမားလာစေရန် အမိန့်ပေးလျက် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအများစုကို အမိအရ ကာကွယ်စောင့်ရှောက်ထားလိုက်၏။ သို့သော်ငြားလည်း ဟန်လိသည် မိမိအပေါ် မည်သည့် ချောင်းမြောင်းတိုက်ခိုက်မှုမျိုးကိုမျှ ထောက်လှမ်းမိခြင်း မရှိခဲ့တာကြောင့် ပတ်ဝန်းကျင် အနေအထားကို သေသေချာချာ ဝေ့ခတ်ကြည့်ရှုရန်အတွက် အချိန်တစ်ခု ရရှိလို့သွားသည်။

"အဲ့လောက်လည်း စိတ်ပူမနေပါနဲ့။ ကျုပ်အနေနဲ့ မင်းလိုမျိုး စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအပေါ်ကို ခုလောက်ထိ ဗြောင်ကျကျ ချောင်းမြောင်းတိုက်ခိုက်တဲ့အလုပ်မျိုးကိုတော့ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျုပ် ကြားသိရသလောက်ဆိုရင် မင်းက တကယ်ပဲ အစွမ်းထက်ပြီး ထူးခြားတဲ့ ကျင့်ကြံသူတစ်ဦး ဖြစ်နေတယ်ဆို..."

သူနှင့် မလှမ်းမကမ်း နေရာတစ်ခုကနေ စကားသံတစ်သံ ထွက်ပေါ်လာ၏။

ဟန်လိသည် သည်စကားသံကို ကြားသိလိုက်ရသည့် အခါတွင် စိတ်ထဲ၌ အလိုလိုတုန်လှုပ်သွားခဲ့ရ၏။ ဤသည်မှာ ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်၏ စကားသံ လုံးဝ မဟုတ်ချေ။ ဖြစ်နိုင်တာက ဤပုဂ္ဂိုလ်သည် အခြားသော မိစ္ဆာတာအိုကျင့်ကြံသူကြီးတစ်ဦးများ ဖြစ်နေလို့လား။ သူ အံ့အားတသင့်ဖြင့် ထိုစကားသံ ထွက်ပေါ်လာရာ အရပ်မျက်နှာဆီသို့ ချက်ခြင်း လှည့်ကြည့်လိုက်မိသည်။

သူနှင့်ပေတစ်ရာခန့်အကွာအဝေးတွင် အသက်နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိဦးမည့် ဝတ်ရုံနက်နှင့် လူငယ်တစ်ဦးသည် သူ၏ လက်နှစ်ဖက်ကို အနောက်တွင် ပစ်ထားလျက် မိမိအား မမှိတ်မသုန် စိုက်ကြည့်နေတာကို ဟန်လိ တွေ့မြင်ရသည်။ ဟန်လိက ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်၏ ရုပ်ရည်အမှန်ကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့သော်လည်း ဤပုဂ္ဂိုလ်၏ ခန္ဓာကိုယ်အချိုးအစားနှင့် စကားသံတို့မှာမူ ၎င်းနှင့် လုံးဝ ကွဲပြားခြားနားလို့နေသည်။

မည်သို့ပင်ဖြစ်စေ ဟန်လိသည် တစ်ဘက်လူ၏ကျင့်ကြံမှုအဆင့် အတိမ်အနက်ကို မမှန်းဆနိုင်ပေ။ ဤအချက်က သူ့ကို ပိုသတိထားသွားစေ၏။ သူက လှောင်ပြုံးပြုံး၍ ထေ့သည်။

"ခင်ဗျားဘက်က ကျုပ်ကို ချောင်းမြောင်းတိုက်ခိုက်ချင်စိတ် ရှိမနေဘူးဆိုရင် ဘာအတွက်ကြောင့် ကျုပ်ရဲ့ တာအိုလက်တွဲဖော်အပေါ်ကို ဝိညာဉ်ချိပ်ပိတ်ကျိန်စာ လာရောက်ချခင်းထားခဲ့ရတာလဲ။"

ဤသို့ပြောပြီးသည်နှင့် ဟန်လိသည် ပတ်ဝန်းကျင် အနေအထားကို သေသေချာချာ ထပ်မံအကဲခတ်ကြည့်လိုက်၏။ သူသည် ခုလက်ရှိတွင် ရွှံ့နွံများနှင့်နောက်ကျိနေသော ရေဥန်ကြီးတစ်ခု အစွန်အဖျား၌ ရောက်နေခြင်းပင်။ သူသည် ရေလှိုင်းကြပ်ခွပ်သံကိုလည်း ကြား၏။ သူတို့နှင့် မနီးမဝေးတွင် တောအုပ်ငယ်တစ်ခု ရှိနေသည်ကိုပါ သူ လှမ်းမြင်နေရသည်။

သူ မျက်မှောင်ကြုတ်သွားမိ၏။ သို့သော် သူသည် တည်ငြိမ်မှုကို ခဏအတွင်း ပြန်ထိန်းသိမ်းနိုင်လိုက်၏။ သူ၏ ပတ်ပတ်လည်တွင် ဆန်းပြားလှသော ဝိညာဉ်ချီလှိုင်းဂယက်များ ဖြစ်ပေါ်နေကြောင်း အာရုံခံမိလိုက်ရတာကြောင့် သူ ထင်မှတ်ထားခဲ့သလို ဤပတ်ဝန်းကျင်၌ အကာအကွယ် တားမြစ်ချက် မန္တာန်အစီအရင်များ ချခင်းထားကြောင်း သဘောပေါက်သွားသည်။ ၎င်းတို့မှာ အစွမ်းထက်လှသော အစီအရင်များတော့ ဟုတ်မနေပါ။ သို့သော်ငြား သည်နေရာသို့ မဖြစ်မနေ လာရောက်ခဲ့ရသည်ဖြစ်၍ သူ့အနေဖြင့် အရေးသာသော အခြေအနေ၌ ရှိမနေပေ။

ထိုလူငယ်သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်၏။ "တာအိုရောင်းရင်းဟန် ကိုယ်တိုင်က နာနာခံခံနဲ့ ရောက်ရှိလာခဲ့ပြီ ဖြစ်တာကြောင့် ကျုပ်အနေနဲ့ ဒီအစီအရင်တွေကို အသုံးပြုနေဖို့ မလိုအပ်တော့ဘူးပေါ့။ ကျုပ်မှာက ထူးခြားလှတဲ့ စွမ်းရည်အချို့ ရှိနေတယ် ဆိုပေမဲ့လည်း ခင်ဗျားတို့ရဲ့ ဂိုဏ်းတစ်ခုလုံးကို ပေါ်တင်ရင်ဆိုင်နိုင်လောက်တဲ့ အဆင့်ထိတော့ စွမ်းဆောင်နိုင်စွမ်း မရှိပါဘူး။"

ဟန်လိသည် ထိုလူငယ်ကို စူးစိုက်စွာ စိုက်ကြည့်လိုက်ပြီးနောက် လှမ်းမေးလိုက်၏။

"ခင်ဗျားက တကယ်ပဲ ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ် မဟုတ်ဘူးပေါ့ ဟုတ်လား။"

"ဘာလဲ... ကျုပ်ပုံစံက ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်ကြီးနဲ့ တူနေလို့လားဗျ။"

ဝတ်ရုံနက်နှင့်လူငယ်က ရယ်မောလျက် ပြန်လည်မေးမြန်းလိုက်သည်။

"မတူပါဘူး။ ဒါပေမဲ့ ခင်ဗျားက ကျုပ်တို့ မျောလွင့်တိမ်တိုက်ဂိုဏ်းအတွင်းကို လွယ်လင့်တကူ တိတ်တဆိတ် စိမ့်ဝင်နိုင်စွမ်း ရှိခဲ့ဖူးရုံသာမက တစ်စုံတစ်ယောက်ကို ဒဏ်ရာရရှိအောင် လုပ်ဆောင်ပြီးတဲ့နောက်မှာတောင် ဘေးကင်းကင်းနဲ့ ပြန်လည်ထွက်ခွာသွားနိုင်ခဲ့တာ မလား။ ကျုပ်အနေနဲ့ ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ကြီးကလွဲလို့ အခြားဘယ်သူကများ ခုလောက်ထိ ကြီးမားလှတဲ့ စွမ်းရည်မျိုး ရှိနေမလဲဆိုတာ စဉ်းစားလို့ မရနိုင်လောက်အောင် ဖြစ်ရတယ်။ ဒါ့အပြင် ကျုပ် မှတ်မိသလောက်ဆိုရင် ခင်ဗျားကို အတိတ်က တိုက်ပွဲကြီးတုန်းကလည်း လုံးဝ မမြင်ဖူးခဲ့ဘူး။... ခင်ဗျားက အဲ့တိုက်ပွဲမှာ မပါဝင်ခဲ့တာလား။"

ဟန်လိသည် စဉ်းစားမရ ဖြစ်နေဟန်ဖြင့် ဤသို့ ပြောလိုက်မိသည်။

ထိုလူငယ်သည် ပြုံးနေရင်းကနေ ထူးခြားသောမျက်နှာပေးဖြင့် ထပ်ပြောလာပြန်သည်။

"ကျုပ်အနေနဲ့ တာအိုရောင်းရင်းဟန်ကို သေသေချာချာ ရှင်းပြပေးချင်မိပါတယ်။ တကယ်ပါ။ ဒါပေမဲ့ ကျုပ် မင်းကို ဒီနေရာဆီ ဖိတ်ခေါ်ခဲ့တာဟာ ကျုပ်အကြောင်း ရှင်းပြနေဖို့အတွက် မဟုတ်ဘူးလေ။ မင်းမှာ ကျုပ် လိုလားနေတဲ့ ရွှေရောင်လျှပ်စီးဝါး မှော်ရတနာကို တစ်ပါးတည်း ယူဆောင်လာခဲ့ရဲ့လား။"

ဟန်လိသည် သည်စကားကို ကြားသိလိုက်ရသည့် အခါတွင် ထိုလူငယ်ကို စကားတစ်လုံးမျှ မဆိုဘဲ တိတ်ဆိတ်စွာဖြင့်သာ စူးစိုက်ကြည့်နေမိတော့သည်။

ထိုလူငယ်သည် သက်ပြင်းချလိုက်မိပြီးနောက် ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။

"ရောင်းရင်းဟန်…မင်း ထပ်ပြီးအချိန်ဆွဲနေမယ်ဆို အကြီးအကျယ် စိတ်ပျက်သွားရမှာ ကျုပ် စိုးရိမ်မိတယ်။ ကျုပ်က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို နှစ်ကြိမ်တည်းသာ အလုပ်လုပ်နိုင်စွမ်း ရှိအောင် တသီးတသန့် လုပ်ဆောင်ထားတာ။ နှစ်ကြိမ် အသုံးပြုပြီးသွားတာနဲ့ အခြားတစ်ဖက်က အစီအရင်ဟာ အလိုအလျောက် ပျက်စီးသွားမှာ ဖြစ်ရုံသာမက ခင်ဗျားရဲ့ မိတ်ဆွေတွေအနေနဲ့ ဒီနေရာဆီကို အမြန်ဆုံး လိုက်လာခဲ့ကြမယ်ဆိုရင်တောင် အနည်းဆုံး နေ့တစ်ဝက်လောက် အချိန်ယူရလိမ့်မယ်။ ကျုပ် ခန့်မှန်းတာသာ မမှားဘူးဆိုရင် ဒီအချိန်အတောအတွင်း ကျုပ်တို့နှစ်ယောက်ကြားက ကိစ္စတွေကို အပီအပြင် ကိုင်တွယ်ဖြေရှင်းဖို့အတွက် လုံလောက်တာထက်ကို ပိုနေပါလိမ့်မယ်။"

ဟန်လိ၏ မျက်လုံးအတွင်း၌ အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားပြီး သူသည် မည်သည့် စိတ်ခံစားချက် အရိပ်အယောင်မျှ မရှိသော လေသံဖြင့် သုန်မှုန်စွာ ပြောလိုက်၏။ "ခင်ဗျားက ကျုပ်ရဲ့ လက်ထဲမှာ ရွှေရောင်လျှပ်စီးဝါး ရတနာ ရှိ၊ မရှိကို သိရှိလိုနေတာ မှန်ပေမဲ့လည်း အဲ့ဒီမတိုင်ခင် ကျုပ်ကို ဝိညာဉ်ချိပ်ပိတ်ကျိန်စာ ဖြေဖျောက်နိုင်မယ့် လျှို့ဝှက်နည်းလမ်းကို အရင် ပြောပြမယ်ဆိုရင်ကော…”

"ဒီကျိန်စာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ကျုပ်လက်ထဲမှာ ရှိတဲ့ ကျောက်စိမ်းပြားထဲမှာ။ ကျုပ်က ကျုပ်တို့ဂိုဏ်းချုပ်နဲ့ မတူဘူး။ သူ့လို သူ့တာအိုလက်တွဲဖော်အတွက် လက်စားပြန်ချေချင်စိတ် ရှိမနေဘူး။ ကျုပ်လိုချင်တာက ရွှေရောင်လျှပ်စီးဝါးတစ်ခုတည်းပဲ"

ထိုလူငယ်၏မျက်နှာထက်မှ အပြုံးများမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏ လက်ထဲ၌ မဟူရာရောင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ဖော်ပြသလျက် ဟန်လိကို သေသေချာချာ စူးစိုက်ကြည့်လိုက်တော့သည်။

ဟန်လိက မျက်ခုံးပင့်ကာ ပြတ်သားစွာ ပြောလိုက်သည်။

"ရတာပေါ့။ ဒီရွှေရောင်လျှပ်စီးဝါးရတနာက အင်မတန် အဖိုးတန်တယ်ဆိုပေမဲ့ ကျုပ်…တာအိုလက်တွဲဖော်ရဲ့ အသက်လောက်တော့ အရေးမကြီးဘူး။"

သူသည် မိမိ၏လက်နှစ်ဖက်ကို ရင်ဘက်ပေါ် တင်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ခွာသည်။ မိုးကြိုးမြည်ဟိန်းသံတစ်ချက် ထွက်ပေါ်သွား၏။ ထိုအသံထွက်ပေါ်လာသည်နှင့်အတူ ရွှေရောင်လျှပ်စီးများလင်းလက်ကာ ဟန်လိ၏လက်ထဲ၌ မိုးပြာရောင်မြားတိုတစ်ချောင်း ပေါ်လာ၏။ သူက ၎င်းကို လက်ချောင်းများကြား ညှပ်ထားပြီး လူငယ်ထံ မထုံတထေး လှမ်းကြည့်သည်။

ထိုလူငယ်သည် ၎င်းအား မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင်မူ သူ၏ မျက်နှာထက်၌ လောဘဇောရိပ်များ လှစ်ခနဲ ဖြစ်ပေါ်သွားသည်။ သူက ခဏမျှ စဉ်းစားတွေးတောပြီးနောက် သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလျက် သူ၏လက်ထဲမှ အနက်ရောင်ကျောက်စိမ်းပြားကို ဟန်လိ ရှိရာဘက်သို့ အလွန်တရာ နှေးကွေးလှသော အရှိန်အဟုန်ဖြင့် လှမ်း၍ ပစ်လွှတ်လိုက်သည်။ ၎င်းမှာ မမြင်ရသော ကြိုးတစ်ချောင်းဖြင့် ဆွဲယူခြင်း ခံထားရသည့်အလား လေထုထဲ၌ တရွေ့ရွေ့ဖြင့် ပျံသန်းလို့လာသည်။

ဟန်လိသည်လည်း တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချက်ခြင်းပင် သဘောပေါက်နားလည်လိုက်တာကြောင့် စကားတစ်လုံးမျှ ထပ်မံဆိုမနေတော့ဘဲ မိမိ၏ လက်ထဲမှ မြားတိုလေးကိုလည်း အလားတူ နှေးကွေးလှသော အရှိန်နှုန်းဖြင့် အရှေ့သို့ ပစ်လွှတ်လိုက်တော့သည်။

သူတို့နှစ်ဦးစလုံးသည် ၎င်းပစ္စည်းနှစ်ခုလုံးကို မိမိတို့၏ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ထိန်းချုပ်နေကြခြင်း ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် မလွတ်တမ်း စိုက်ကြည့်နေကြသည်။ ထိုပစ္စည်းနှစ်ခုလုံးမှာ သူတို့နှစ်ယောက်ကြားရှိ အလယ်တည့်တည့်တွင် အချင်းချင်း ဖြတ်ကျော်သွားခဲ့ကြပြီးနောက် သူတို့၏ လက်ထဲသို့ အသီးသီး ရောက်ရှိသွားကြသည့် အခါတွင်မူ ဟန်လိနှင့် ထိုလူငယ်နှစ်ဦးစလုံးမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိကြသည်။ သူတို့က ၎င်းပစ္စည်းများကို သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် မကျေမချမ်းဖြစ်သည့်အမူအရာများ ဖြစ်ပေါ်ကုန်သည်။

"ဒါက မင်း ဆိုလိုတဲ့ ရွှေရောင်လျှပ်စီးဝါး မှော်ရတနာတဲ့လား။"

ဝတ်ရုံနက်နှင့်လူငယ်က အေးစက်စွာ ပြုံးလိုက်ရင်း သူ၏ လက်ထဲမှ မိုးပြာရောင် မြားတိုလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရာ ငွေရောင်မီးတောက်တစ်ခုနှင့်အတူ ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည်။

"ကျုပ်လည်း အခြေခံအကျဆုံး ဓာတ်ကြီးငါးပါး ပညာရပ်တွေက ဝိညာဉ်ချိပ်ပိတ်ကျိန်စာကို ဖယ်ရှားပေးနိုင်စွမ်း ရှိတယ်ဆိုတာမျိုး ယောင်လို့တောင် မကြားဖူးခဲ့ပါဘူး။"

ဟန်လိကလည်း သူ၏လက်ထဲမှ ကျောက်စိမ်းပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေ၏။ မိုးပြာရောင် မီးတောက်တစ်ခုနှင့်အတူ ၎င်းသည် ခဲသွားပြီး ကြည်လင်သောအလင်းမှုန်များအဖြစ် တစစီပျောက်ကွယ်သွားသည်။

ဝတ်ရုံနက်နှင့်လူငယ်၏ မျက်နှာမှာ ခက်ထန်တင်းမာသွားသည်။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ကနေ ပြင်းထန်လှသော မိစ္ဆာချီစွမ်းအင်များ ချက်ခြင်းပင် ပေါက်ကွဲထွက်လာတော့၏။

"ကြည့်ရတာ ကျုပ်တို့နှစ်ယောက်စလုံးက တစ်ဦးအပေါ်တစ်ဦး လုံးဝ ယုံကြည်မှု ရှိမနေကြဘူးပဲ။ ဒါပေမဲ့လည်း ဒီအချက်က အရေးပါမနေပါဘူးလေ။ ကျုပ် မင်းကို နောက်ဆုံးအကြိမ်အနေနဲ့ ထပ်မေးမယ်။ မင်း ရွှေရောင်လျှပ်စီးဝါးကို ကျုပ်နဲ့ အမှန်အကန် လဲလှယ်ဖို့ ဆန္ဒရှိရဲ့လား။ တကယ်လို့ မင်းဘက်က ဒီရတနာကို ကောင်းကောင်းမွန်မွန် ပေးအပ်မယ်ဆို ငါ့ဘက်ကလည်း မင်းလက်တွဲဖော်ကို ကယ်တိုင်နိုင်မဲ့ ကျိန်စာဖြေဖျောက်နိုင်တဲ့ နည်းလမ်းအမှန်ကို ပြန်ပေးမယ်။ မဟုတ်ရင်တော့လား ငါ မင်းကို သတ်ပြီး ဒီရတနာကို ယူရလိမ့်မယ်။ ဒီလိုအဖိုးတန်ရတနာမျိုးကို မင်းကိုယ်နဲ့မကွာ ဆောင်ထားမှာပဲ မဟုတ်လား။”

ဟန်လိကလည်း အေးစက်စက်သာ ပြန်တုန့်ပြန်၏။

"တိုက်ဆိုင်လိုက်တာ…ကျုပ်လည်း ခင်ဗျားလိုမျိုး တွေးနေမိတာ။ ခင်ဗျားက ဝိညာဉ်ချိပ်ပိတ်ကျိန်စာကို ကိုယ်တိုင် ချခင်းခဲ့တဲ့သူ ဖြစ်တာကြောင့် ဒါကို ဖြေဖျောက်နိုင်မယ့် လျှို့ဝှက်နည်းလမ်းကလည်း ခင်ဗျားရဲ့ စိတ်ဝိညာဉ်အတွင်းမှာတင် ကျိန်းသေပေါက် ရှိနေမှာ သေချာတယ်။ ကျုပ် ခင်ဗျားကို သတ်ဖြတ်ပြီးသွားခဲ့တဲ့ အခါကျမှ ခင်ဗျားရဲ့ စဦးစိတ်ဝိညာဉ်ပေါ်ကို စိတ်ဝိညာဉ်ရှာဖွေခြင်းအတတ်ပညာကို အသုံးပြုပြီး ကျုပ် သိရှိလိုသမျှ အရာအားလုံးကို အမိအရ ရယူလိုက်ပါ့မယ်။"

"မင်းက ကျုပ်အပေါ်ကို စိတ်ဝိညာဉ်ရှာဖွေခြင်းအတတ်ပညာ သုံးဦးမယ် ဟုတ်လား။ နှစ်ပေါင်း ရာနဲ့ချီလှတဲ့ အချိန်ကာလအတွင်းမှာ ဒီလိုလေသံ၊ ဒီလိုပုံစံမျိုး လာပြောရဲတဲ့ ကျင့်ကြံသူက မင်း ပထမဆုံးပဲ။ မင်းက ဒီလောက်သတ္တိရှိနေမှတော့ မင်း သေတဲ့အခါ ဂုဏ်ပြုတဲ့အနေနဲ့ မင်း ခန္ဓာကိုယ်ကို အကောင်းတိုင်း ထားပေးလိုက်မယ်"

ဝတ်ရုံနက်နှင့်လူငယ်သည် အလွန်တရာ ဒေါသထွက်သွားလေပြီ။ သူက မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ပင့်မြှောက်လျက် ပတ်ဝန်းကျင် အနီးဝန်းကျင်ဆီသို့ မန္တာန်ချိပ်တံဆိပ် အမြောက်အမြားကို ချက်ခြင်း ရိုက်နှက်ပစ်သည်။ ထိုအခါ စူးရှလှသော မြည်ဟိန်းသံများနှင့်အတူ လေထုထဲ၌ ဖြူဖွေးတောက်ပလှသော အလင်းတိုင်ကြီးခုနစ်တိုင် ချက်ခြင်း ထိုးထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာ ထိုအလင်းတိုင်ကြီးခုနစ်တိုင်လုံး၏ အတွင်းကနေ ငွေဖြူရောင် နဂါးကြီးများ ချက်ခြင်း ပေါ်ထွက်လာပြီး ၎င်းတို့သည် ကောင်းကင်ယံသို့ ပြိုင်တူ မာန်သွင်းအော်ဟစ်သံများ ပြု၏။

"မကောင်းတော့ဘူး... ဒါက တိုင်ခုနစ်လုံးနဂါးအစီအရင်ပဲ... သခင်... အချိန်မဆွဲဘဲ ဒီနေရာကနေ ချက်ခြင်း ထွက်ခွာသွားပါတော့။"

ဟန်လိသည် ထိုအလင်းတိုင်များ၏ စွမ်းပကားကို သေသေချာချာ မခွဲခြားနိုင်သေးမီမှာပင် သူ၏ နားထဲ၌ ငွေရောင်လ၏ စိုးရိမ်တကြီး သတိပေးသံကို ကြားလိုက်ရသည်။

All Chapters