← Chapters

အခန်း ၇၈၈

Vol. 57 Ch. 788

အခန်း ၇၈၈

Vol. 57 Ch. 788

အပိုင်း ၇၈၈ - ဓားအစီအရင်၏အစွမ်း

ဟန်လိသည် ထိုတိုင်ခုနစ်လုံးနဂါးအစီအရင်မှာ မည်မျှအထိ စွမ်းပကား ကြီးမားမှန်း တိတိကျကျ မသိရှိသော်လည်း ငွေရောင်လ၏ အသံထဲက စိုးရိမ်ထိတ်လန့်မှုများကို ကြားသိလိုက်ရသည့် အခါတွင်မူ သူ၏ စိတ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်ပြီး အင်္ကျီလက်အိုးကို ဝှေ့ယမ်းလျက် ဝါးတိမ်အုပ်ဓား သုံးဆယ့်ခြောက်စင်းလုံးကို ချက်ခြင်း ဆင့်ခေါ်လိုက်သည်။ ၎င်းတို့သည် ရေကူးနေသည့် ငါးအုပ်ကြီးကဲ့သို့ သူ၏ ပတ်ပတ်လည်တွင် ရစ်ခွေလှည့်ပတ်သည်။

သူ၏ ရန်သူမှာ အလွန်တရာ အစွမ်းထက်လှသော မိစ္ဆာတာအိုကျင့်ကြံသူကြီးတစ်ဦး ဖြစ်မှန်း ကောင်းစွာ သိရှိထားတာကြောင့် ဟန်လိသည် ဆင်ခြင်တုံတရားမရှိဘဲ ရန်သူ၏ စွမ်းရည်အတိမ်အနက်ကို ဖြည်းဖြည်းချင်း စမ်းသပ်နေရန် ဘာဆန္ဒမှ ရှိမနေခဲ့ချေ။ သူသည် ခုလေးတင်မှ ထပ်မံသန့်စင်ထားသော မိမိဓားပျံများ၏ ခွန်အားအားလုံးကို အစွမ်းကုန်ထုတ်သုံးလျက် ရန်သူကို တိုက်ကွက်တစ်ခုတည်းနှင့်တင် အမိအရ ပိတ်ဆို့နှိမ်နင်းပစ်ရန် ကြံစည်ထားသည်။

တောက်ပလှသော ရွှေရောင်အလင်းတန်း သုံးဆယ့်ခြောက်ခုမှာ ဟန်လိ၏ ဦးခေါင်းအထက်တွင် လှည့်ပတ်ပျံသန်းနေဆဲမှာပင် သူသည် ထိုဓားပျံအုပ်စုပေါ်သို့ မန္တာန်ချိပ်တံဆိပ် အမြောက်အမြားကို ချက်ခြင်း ရိုက်ခတ်လိုက်၏။ ဤသည်က ထိုတောက်ပလှသော ရွှေရောင်အလင်းတန်းများကို မသိမသာ တုန်ခါသွားစေခဲ့ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းတို့နှင့် ပုံစံတူ အရိပ်ကိုယ်ပွား ဓားအလင်းတန်း ရာဂဏန်းခန့်ကို ချက်ခြင်း ထွက်ပေါ်လာစေတော့သည်။

ဟန်လိသည် နောက်ထပ် မန္တာန်ချိပ်ဟန်တစ်ခုကို ထပ်မံပြုလုပ်လျက် ထိုဓားပျံများကို ရွှေရောင်ဓားအစီအရင်အဖြစ်သို့ ပြောင်းလဲရန် တွေးတောလိုက်ရုံ ရှိသေး သူ၏ ပတ်ပတ်လည်ကို ဝိုင်းရံထားခဲ့သော အလင်းတိုင်ကြီး ခုနစ်တိုင်မှာ သူ့ကို ချက်ခြင်း တဟုန်ထိုး တိုးဝင်တိုက်ခိုက်လာကြ၏။ ထိုအလင်းတိုင်များ၏ အတွင်းက ငွေရောင်နဂါးကြီးများသည် ဟန်လိကို စိုက်ကြည့်လိုက်ကြပြီးနောက် ၎င်းတို့၏ ပါးစပ်များကို ဟလျက် ပြောင်လက်တောက်ပနေသည့် ငွေရောင်အလင်းလုံးများကို ချက်ခြင်း သိပ်သည်းစေသည်။

စဉ်းစားတွေးတောနေရန် အချိန်မရှိတော့တာကြောင့် ဟန်လိသည် သူ၏ရှေ့မှ မိုးပြာရောင် ဒိုင်းငယ်လေးဆီသို့ လက်ညွှန်၏။ ၎င်းသည် ဖျတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ သူ့ ခန္ဓာကိုယ်ပတ်ပတ်လည်ကို အပြည့်အဝ ကာကွယ်ထားသည့် မိုးပြာရောင် ရေခဲအရံအတားကြီးတစ်ခုအဖြစ်သို့ ချက်ခြင်း အသွင်ပြောင်းလဲသွား၏။ သည့်နောက်တွင်မူ သူသည် မိမိ၏ အခြားလက်တစ်ဖက်ဖြင့် ပန်းထိုးပုဝါစလေးကို လေထုထဲသို့ ပစ်လွှတ်လိုက်၏။ ၎င်းသည် ရေခဲအရံအတား၏ အပြင်ဘက်တွင် ဖြူဖွေးလှသော နှင်းမြူခိုးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူ့ကို ထပ်ဆင့် ကာကွယ်ပေးထားပြန်သည်။

တပြိုင်နက်တည်းလိုလိုမှာပင် သူ၏ အင်္ကျီလက်အိုးအတွင်းကနေ အဖြူရောင်အရိပ်တစ်ခု ဖျတ်ခနဲ ပျံသန်းထွက်လာခဲ့ပြီး မြေပြင်ထက်သို့ ဆင်းသက်လိုက်ရာ အလွန်တရာ လှပဆွဲဆောင်မှုရှိသော မိန်းမလှတစ်ဦးအဖြစ် ပေါ်ထွက်လို့လာသည်။ သူမကတော့ ငွေရောင်လကလွဲ၍ အခြားသူ မဟုတ်ပါ။ ငွေရောင်လက ထွက်ပေါ်လာသည်နှင့် ဆန်းပြားလှသော ခရမ်းရောင်တိမ်လွှာကြိုးကို ချက်ခြင်း စေလွှတ်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် တင်းမာခက်ထန်လှသော အမူအရာများ ဖြစ်ပေါ်လာခြင်းနှင့်အတူ ထိုခရမ်းရောင်တိမ်လွှာကြိုးကို ခရမ်းရောင် မီးတောက်ကွန်ရက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲစေလျက် သူတို့၏ပတ်ပတ်လည်တွင် နောက်ထပ်အစွမ်းထက် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။

ဟန်လိ၏စိတ်ထဲ၌ အလိုလို တုန်လှုပ်မိသွားရ၏။ တကယ်တော့ မိမိကိုယ်တိုင်ကပင် အစွမ်းထက်လှသော အကာအကွယ် အရံအတား နှစ်ထပ်အထိ ချခင်းထားခဲ့ပြီး ဖြစ်သော်လည်း ငွေရောင်လသည် ၎င်းကိုပင် လုံလောက်မှု ရှိမနေသေးဘူးဟု ယူဆထားသည် မဟုတ်ပါလား။ ဤတိုင်ခုနစ်လုံးနဂါးအစီအရင်၏ အစွမ်းက အမှန်တကယ်ပင် မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းနေသနည်း။ ဟန်လိ၏ စိတ်ထဲ၌ ထိုအတွေးများ ဖြစ်ပေါ်လာရုံ ရှိသေး ငွေရောင်နဂါးကြီး ခုနစ်ကောင်လုံးသည် ငြိမ်ငြိမ်သက်သက်ဖြင့် သိပ်သည်းလှသော ငွေရောင်အလင်းတန်းများကို ချက်ခြင်း မှုတ်ထုတ်လိုက်ကြတော့သည်။

ထိုပြင်းထန်လှသော အလင်းတန်းများသည် ခရမ်းရောင်မီးတောက် ကွန်ရက်ကြီးပေါ်သို့ တိုက်ရိုက် ထိမှန်သွား၏။ ကွန်ရက်ကြီးသည် အချိန်ခဏလောက်တော့ ကြံ့ကြံ့ခံထားနိုင်စွမ်း ရှိခဲ့သော်လည်း မကြာခင်မှာပင် ၎င်းထက်၌ အပေါက်ကြီး ခုနစ်ပေါက်အဖြစ် လုံးဝ အရည်ပျော် ပျက်စီးသွားခဲ့လေပြီ။ ထိုငွေရောင်အလင်းတန်း ခုနစ်ခုမှာမူ ပန်းထိုးပုဝါစကနေ ဖန်တီးထားသော နှင်းမြူခိုးများဆီသို့ ဆက်လက်၍ တဟုန်ထိုး တိုးဝင်လာကြပြန်သည်။ နှင်းမြူခိုးများသည်လည်း ၎င်းတို့၏ ထိမှန်ခြင်းကို ခံလိုက်ရသည့် အခိုက်အတန့်တွင်ပင် တရွေ့ရွေ့ လှုပ်ခါသွားခဲ့ရပြီး အချိန်ကြာကြာ တောင့်ခံနိုင်စွမ်း ရှိတော့မှာ မဟုတ်ကြောင်း ပြသနေသကဲ့သို့ပင်။

ဟန်လိသည် ဤမြင်ကွင်ကြောင့် အသက်ရှုမှားမတတ် ဖြစ်သွားရ၏။ လက်ရှိ အခြေအနေအရဆိုလျှင် သူတို့ ချခင်းထားခဲ့သော အကာအကွယ်သုံးထပ်လုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အပြီးသတ် ပျက်စီးသွားတော့မှာ မဟုတ်ပါလား။ ဤအလင်းတန်းများ၏ စွမ်းပကားကား အမှန်တကယ်ပင် မယုံကြည်နိုင်လောက်အောင် ကြီးမားလွန်းလှပေသည်။

သို့သော်လည်း သူ၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေဆဲမှာပင် တစ်ဖက်တွင်မူ ငွေရောင်လသည် စိတ်သက်သာရာရသွားဟန်ဖြင့် ဆိုလိုက်၏။

"ကြည့်ရတာ ဒီအရာတွေက တကယ့် အစစ်အမှန်မဟုတ်ဘဲ အတုအယောင်တွေ ဖြစ်နေတာပဲ။ ကျမဖြင့် ဘာမဟုတ်တာလေးကို စိုးရိမ်ပူပန်နေမိတာပဲ။"

ငွေရောင်လသည် မိမိဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်မိပြီးနောက်တွင် သူမ၏ လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်သည်။ ရနံ့ပြင်းပြင်း ထုတ်လွှတ်နေသည့် ပန်းရောင်မြူခိုးများ ခြုံလွှမ်းထားသည့် လက်မခန့်အရွယ်အစားရှိသည့် ပုလဲလုံးလေးတစ်လုံးကို သူမ၏ပါးစပ်ကနေ ချက်ခြင်း ထွေးထုတ်လိုက်တော့သည်။

သည့်နောက်တွင်မူ ငွေရောင်လသည် ချိုသာလှသော စကားသံလေးဖြင့် လျှို့ဝှက်မန္တာန်စာသားများကို စတင်ရွတ်ဆိုကာ ထိုပုလဲလုံးလေးဆီသို့ လက်ညွှန်သည်။ ဗုန်းခနဲ မြည်ဟိန်းသံတစ်ခုနှင့်အတူ ထိုပုလဲလုံးလေးမှာ ချက်ခြင်း ပေါက်ကွဲသွားခဲ့ရပြီးနောက် မရေမတွက်နိုင်အောင် များပြားလှသော ပြောင်လက်တောက်ပသည့် အလင်းမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး မိုးပြာရောင် ရေခဲအရံအတားကြီးအတွင်းသို့ တစ်သားတည်း ပေါင်းစပ်စိမ့်ဝင်သွားကြသည်။

ဟန်လိသည် အနည်းငယ်တော့ အံ့အားသင့်မိသွား၏။ သို့သော် သူက သူမ၏လုပ်ဆောင်မှုများကို ဝင်ရောက်ဟန့်တားခြင်း မပြုပေ။

ထိုရေခဲအရံအတားကြီးသည် ၎င်းပုလဲလုံးလေး၏ အပိုင်းအစ အားလုံးကို အစအနမကျန် စုပ်ယူလိုက်ပြီးသွားခဲ့သည့်အခါတွင် စူးရှတောက်ပလှသော အလင်းတန်းများ ချက်ခြင်း ပေါက်ကွဲထွက်လာခဲ့ပြီး ၎င်း၏မြင်ကွင်းပြင်ပတွင်မူ မရေမတွက်နိုင်အောင် များပြားလှသော မှန်ချပ်ကြီးများဖြင့် အပြည့်အဝ ဖုံးအုပ်သွားသကဲ့သို့ ပြောင်လက်တောက်ပ လာတော့သည်။

ထိုအခိုက်အတန့်တွင် ထိုငွေရောင်အလင်းတန်းများသည် အဖြူရောင်နှင်းမြူခိုးများကိုပါ ထွင်းဖောက်ကျော်လွှားလာခဲ့ပြီးနောက် သူတို့၏ နောက်ဆုံးအဆင့် အကာအကွယ်ထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။

မျက်စိရှေ့မှ မြင်ကွင်းကြောင့် ဟန်လိစိတ်ထဲ၌ စိုးရိမ်မှု မရှိတော့သည်မဟုတ်။ သို့သော် သူ့မန္တန်ချိပ်ဟန်ထုတ်ဖော်မှုများကိုမူ ရပ်တန့်ပစ်ခြင်း မရှိပေ။ မည်သည့်အချိန်တည်းက ပေါ်လာခဲ့မှန်း မသိရသော သူ၏ဦးခေါင်းအထက်တွင် လှည့်ပတ်နေသော ရွှေရောင်အလင်းတန်းများမှာလည်း တရွေ့ရွေ့နှင့် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်နေ၏။

ရေခဲအကွယ်အကွယ်ထံမှလည်း တောက်ပသောအလင်းများ ထုတ်လွှတ်လာလေပြီ။ ထိုအကာအကွယ်၏အလင်းပြန်ခြင်းစွမ်းရည်ကြောင့် ငွေရောင်အလင်းတန်းခုနစ်ခုမှာ မသိမသာ တုန်ခါသွားတော့သည်။

ဤပြောင်းလဲမှုက ဟန်လိကိုသာ အံ့အားသင့်စေခဲ့သည် မဟုတ်၊ ဤသို့ဖြစ်လာလိမ့်မည်ဟု မထင်ထား၍ ကြိုတင်မပြင်ဆင်ထားမိသော ဝတ်ရုံနက်လူငယ်ကိုလည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားစေသည်။ ထိုလူငယ်၏ အာရုံစူးစိုက်မှု အားလုံးမှာလည်း ဟန်လိ၏ ဘေးနားက လှပဆွဲဆောင်မှုရှိသော မိန်းမလှလေးဆီသို့သာ ချက်ခြင်း ကျရောက်သွားခဲ့ရပြီ ဖြစ်၏။ သူမ၏ ပါးစပ်ကနေ "အတုအယောင်" ဟူသော စကားလုံး ထွက်ပေါ်လာခဲ့ဖူးသည့် အချိန်ကတည်းကပင် သူ၏ မျက်နှာထက်တွင် အံ့အားသင့် မင်သက်ဟန် အမူအရာတစ်ခု ထွက်ပေါ်နေခဲ့ပြီး ဖြစ်လေ၏။

ယင်းနောက်တွင် ဆက်တိုက်ပေါက်ကွဲသံများနှင့်အတူ အလင်းတိုင်လုံးများအတွင်းရှိ ငွေရောင်နဂါးခုနစ်ကောင်မှာ ငွေရောင်အလင်းများကြား နစ်မြုပ်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားကြသည်။

ဟန်လိသည် နေရာတွင် ကြောင်တောင်တောင်ဖြင့်သာ စိုက်ကြည့်နေမိပြီး ဤသို့ကြောက်မက်ဖွယ်ကောင်းလှသည့် ရတနာကို ခုလို လွယ်လင့်တကူ ဖျက်စီးပစ်နိုင်ခဲ့သည် ဟူသောအချက်မှာ ယုံရခက်ခက်ပင်။

ငွေရောင်လသည် နှုတ်ခမ်းမသိမသာ စူလိုက်၏။ သို့သော် သူမ၏ မျက်နှာထက်တွင် ကျေနပ်အားရမှု အရိပ်အယောင်ကို မြင်နေရသည်။ သူမလက် လက်နှစ်ဖက်ကို ရင်ဘက်ပေါ်ဖိ၍ စိတ်သက်သာရာရဟန်ဖြင့် ဟန်လိကို လှမ်း၍ ပြောလိုက်သည်။

"ဒီအစီအရင်က အတုအယောင် ဖြစ်ရုံတင်မကဘူး။ တစ်ဝက်တစ်ပျက်ပဲ သန့်စင်ထားရသေးတာ။ ကျမဖြင့် ဘာမဟုတ်တာနဲ့ စိုးရိမ်လွန်ပြီးသေတော့မလို့”

ဝတ်ရုံနက်လူငယ်သည် ငွေရောင်လက သူ့အစီအရင်ကို ဖျက်စီးပစ်ပြီးနောက် သူ့အမူအရာမှာ တင်းမာခက်ထန်နေသည်။ ထိုအချိန်မှာပင် ငွေရောင်လ၏စကားသံကို ထပ်ကြားရပြန်သည်။

"တစ်ဝက်တစ်ပျက် ဟုတ်လား... နင်က ငါ့တိုင်ခုနစ်လုံးနဂါးအစီအရင်ကို ဖျက်စီးပစ်နိုင်တဲ့နည်းလမ်းကို ဘယ်လိုလုပ် သိနေရတာလဲ"

သူသည် ဤရတနာမှာ ဒဏ္ဍာရီလာ ရှေးဟောင်းမှတ်တမ်းများထဲ၌ ဖော်ပြထားခဲ့ဖူးသော ပစ္စည်းအစစ်အမှန်မဟုတ်ကြောင်း ကောင်းကောင်းသိထားပါ၏။ သို့သော် သူသည် ၎င်း၏ စွမ်းပကားမှာမူ သည်မျှအထိ လျော့နည်းနေလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။ ဤရင်ထဲက သံသယစိတ်များကြောင့်ပင် သူသည် ငွေရောင်လ၏ စကားလုံးများထဲ၌ အမှန်တရားအချို့ ပါဝင်နေတာကိုတော့ အလိုလို လက်ခံမိသည်။။

ငွေရောင်လသည် သူ့စကားကို အရေးလုပ်၍ ပြန်ဖြေမနေပေ။ ထိုအစား သူမသည် သူမ၏ လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်ကာ ရေခဲအရံအတားထံ ရိုက်နှိပ်သည်။

ရုတ်တရက်ဆိုသလိုပင် ထိုအရံအတားကြီးထံမှ စူးရှလှသော အလင်းတန်းတစ်ခု ချက်ခြင်း ပေါက်ကွဲထွက်လာခဲ့ပြီး ၎င်းအတွင်းကနေ ပန်းရောင်မြူခိုးများ တဟုန်ထိုး ထိုးထွက်လာခြင်းနှင့်အတူ မျက်စိတစ်မှိတ်အတွင်းမှာ ပုလဲလုံးလေးအဖြစ်သို့ ပြန်လည်၍ သိပ်သည်းသွားကြသည်။ ယင်းနောက် ငွေရောင်လက မြူများကို မှုတ်ထုတ်ကာ ၎င်းပုလဲလုံးကို သူမ၏ပါးစပ်အတွင်းသို့ ပြန်ဆင့်ခေါ်လိုက်သည်။

ထိုမြင်ကွင်းကို တွေ့ရသည့်အခါ ဝတ်ရုံနက်လူငယ်၏မျက်နှာထက်တွင် ဒေါသရိပ်များ မတွေ့ရတော့ပေ။ ထိုအစား သူက အားရဝမ်းသာ ဖြစ်သွားပြီး အံ့ဩတကြီး ပြောလာ၏။

“မိစ္ဆာအမြုတေပါလား။ ဟားဟာား…လက်စသပ်တော့ မင်းက သားရဲမြွေခွေးတစ်ကောင် ဖြစ်နေတာကို။ ဒါပေမဲ့ မင်းရဲ့ကျင့်ကြံမှုက အဆင့်ခုနစ်မှာပဲ ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ…ကျင်းအင်ပါယာမှာ သားရဲမြေခွေးကို သူတို့ရဲ့ ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ချင်တဲ့ ကျင့်ကြံသူအရေအတွက်ဟာ ရေတွက်လို့တောင် ရနိုင်မှာ မဟုတ်ဘူး။ သားရဲမြေခွေးတစ်ကောင်ကို ရောင်းချလိုက်မယ်ဆို တန်ကြေးက နည်းမှာ မဟုတ်ဘူး။ ဟားဟား…ကျုပ်ရဲ့ ဒီတစ်ခေါက်ခရီးစဉ်က တကယ့်ကို အချည်းနှီးမဖြစ်တော့ဘူးပဲကွ…”

ငွေရောင်လ၏ မျက်နှာအမူအရာမှာ မသိမသာ ပြောင်းလဲသွား၏။ သို့ပေမည့် မကြာခင်မှာပင် သူမ၏ တောက်ပလှသော မျက်လုံးအစုံမှာ တစ်ဖန် ပြန်လည်လှုပ်ရှားသွားခဲ့ပြီ ဖြစ်၏။ သူမသည် သူမ၏ လက်ကလေးတစ်ဖက်ဖြင့် ပါးစပ်ကို ကာလိုက်ရင်းက ခပ်ဖွဖွ ရယ်မောကာ ပြောသည်။

“ဒီအစေခံမလေးအနေနဲ့ အင်မောတယ်အရှင်သခင်ကြီးရဲ့ အနောက်ကို လိုက်ပါဖို့ ဆန္ဒရှိတယ်ဆိုပေမဲ့လို့ ကျမမှာ သခင်တစ်ဦး ရှိထားပြီး ဖြစ်နေတယ်။ ဒါကြောင့် ရှင့်ရဲ့ဆန္ဒကို လိုက်လျောပေးနိုင်တော့မှာ စိုးရိမ်မိရပါတယ်။"

သူသည် ငွေရောင်လကို လောဘဇောတိုက်နေသည့် အကြည့်များဖြင့် စိုက်ကြည့်ရင်း အရေးမစိုက်ဟန်ဖြင့် ပြောလာသည်။

"နင့်ရဲ့သခင်…ဟုတ်လား။ သူက ခနနေ သေတော့မှာ။ သူ့စိတ်ဝိညာဉ်လည်း တစစီ ကွဲကြေသွားစေရမယ်။ နင်သာ ငါ့နောက်ကို နာနာခံခံ လိုက်မယ်ဆို အသက်ချမ်းသာရာ ရလိမ့်မယ်။ ငါ့ရဲ့ ကြင်နာမှုကို မစော်ကားလေနဲ့။ မဟုတ်ရင်တော့လား….။ ပြီးတော့ ဒီလို တောကြုံအုံကြားဒေသမှာထက် ဒီစီနီယာနောက်ကို လိုက်တာဟာ နင့်အတွက် အများကြီး ပိုကောင်းလိမ့်မယ်။”

စကားတစ်ခွန်းမှ ဝင်မပြောဘဲ နေရာတွင်သာ သည်အတိုင်း ရပ်နေသောဟန်လိသည် သရော်တော်တော် ဝင်ပြောလာ၏။

“ခင်ဗျား ပေါက်ပန်းလေးဆယ်တွေ ပြောနေတာ တော်လိုက်ပါတော့။ သူ့သခင် ကျုပ်က အခု အကောင်းတိုင်းရှိနေသေးတယ်။ ကျုပ် အစေခံရဲ့စိတ်ကို ပြောင်းလဲပစ်ချင်တယ်ဆို အရင်ဆုံး ခင်ဗျား ဘေးပတ်ဝန်းကျင်ကိုပဲ အာရုံစိုက်ကြည့်လိုက်ပါဦး။”

ဝတ်ရုံနက်လူငယ်သည် သူ့ဘေးပတ်ပတ်လည်တွင် ဝိုင်းရံထားသော ဓားအလင်းတန်းများကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး အထင်မြင်သေးစွာဖြင့် ဆိုလိုက်၏။

"ကျုပ် ပတ်ဝန်းကျင် ဟုတ်လား။ ဒီလို အမှိုက်သာသာ ဓားအလင်းတန်းတွေကို ပြောချင်တာလား။ မင်းက ဒီလောက်များပြားတဲ့ ဓားအလင်းတွေကို သန့်စင်ထားနိုင်တဲ့အပေါ် ကျုပ် နည်းနည်းအံ့အားသင့်မိရုံပါပဲ။ ဒါပေမဲ့ မှော်ရတနာတစ်ခုဟာ ဘယ်လောက်အချိန်ပေးပြီး သန့်စင်ထားလဲဆိုတဲ့အပေါ် မူတည်ပြီး အစွမ်းထက်၊မထက် ကွာသွားတာ။ ဒါတောင် မင်း မသိဘူးလား။ ဒီလောက်များပြားတဲ့ ဓားတွေကို သန့်စင်ခဲ့တာဆိုတော့ မင်း စိတ်မမှန်လို့ပဲ ဖြစ်ရမယ်။"

“ဒီဓားတွေက ကလေးကလား လှည့်ကွက်လေးတွေပါပဲ။ ငါ့လို ကျင့်ကြံမှုအဆင့်ရှိတဲ့သူတစ်ယောက်ကို ထိခိုက်စေမယ်တဲ့လား။ ငါ ဘာမှမလှုပ်ရှားဘဲ နေရာမှာတင် ရပ်နေရင်တောင် မင်းဓားတွေကို ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူး။”

သူ၏ စကားလုံးများကို ကြားသိလိုက်ရသည့် အခါတွင်မူ ဟန်လိ၏ မျက်နှာထက်တွင် အမူအရာတစ်မျိုး ဖြစ်ပေါ်လာပြီး သူ၏ မျက်လုံးအတွင်းကနေ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ချက်ခြင်း ပေါက်ကွဲထွက်လာတော့သည်။

"ခင်ဗျားပြောတာ ယုတ္တိရှိသလိုပါပဲ။ ဒါပေမဲ့ ခင်ဗျားဟာ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက် ပြောသလို မဟုတ်နေခဲ့ဘူးဆိုရင်တော့ ဒီနေ့ ဒီနေရာမှာတင် သေရလိမ့်မယ်။”

ထိုအခိုက်တွင်ပင် ဟန်လိသည် သူချခင်းထားသော ရွှေရောင်ဓားအစီအအရင်ကို မန္တန်တစ်ခု ထုတ်ဖော်၍ အပြည့်အဝ အသက်သွင်းလိုက်တော့သည်။

ထိုဝတ်ရုံနက်နှင့်လူငယ်သည် ဟန်လိ၏စကားကို ကြားသိလိုက်ရသည့် အခိုက်အတန့်တွင် ရင်ထဲ၌ ကြီးစွာသော မသက်မသာ ဖြစ်မှုများကို ချက်ခြင်း ခံစားလိုက်ရတာကြောင့် သူ၏ လက်ကို အလျင်အမြန်ပင် လှုပ်ရှားကာ စူးရှတောက်ပသော အနက်ရောင် ရဲတင်းငယ်တစ်လက်ကို ချက်ခြင်း ဆင့်ခေါ်လိုက်ပေသည်။ ၎င်း၏ အပေါ်ယံမျက်နှာပြင်ထက်တွင် လျှို့ဝှက်မန္တာန်စာသားများ ဝိုးတဝါး လင်းလက်လို့နေသည်။ ထိုမျှသာမကသေး။ ၎င်း၏ လက်ကိုင်နေရာတွင်လည်း အသက်ဝင်လှသော သရဲတစ္ဆေမျက်နှာကြီးတစ်ခုကိုပါ အသေအချာထွင်းထုထား၏။

ထိုအချိန်တွင်မူ ရွှေရောင်ဓားအလင်းတန်းများသည် မျက်စိကျိန်းမတတ် ပြင်းထန်စွာဖြင့် ချက်ခြင်း ပေါက်ကွဲထွက်လာခဲ့ပြီး လေထုကို ဖြတ်သန်းကျော်လွှားလျက် စူးရှလှသော မြည်ဟိန်းသံများကိုပါ စတင်ထုတ်လွှတ်လာသည်။ သို့သော် ၎င်းတို့က အရှေ့သို့ တိုးဝင် တိုက်ခိုက်ခြင်းမျိုးတော့ မပြုလုပ်ကြသေးချေ။

ထိုဝတ်ရုံနက်နှင့် လူငယ်သည် သူ၏ စိတ်ဝိညာဉ်အာရုံကို အစွမ်းကုန် ဖြန့်ကြက်လျက် ထိုဓားပျံများ၏ တည်နေရာကို ရှာဖွေရန် ကြိုးပမ်းလိုက်သော်လည်း ၎င်းတို့ထဲက တစ်စင်းတည်းကိုပင် တိတိကျကျ ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိမနေခဲ့တာကြောင့် သူ၏နှလုံးသားမှာ ချက်ခြင်းပင် ချောက်နက်ကြီးတစ်ခုအတွင်းသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရတော့၏။

သူသည် ထပ်မံ၍ တွေဝေနှောင့်နှေးနေခြင်းမရှိတော့ဘဲ လက်ထဲက အနက်ရောင်ရဲတင်းငယ်ကို လေထုထဲသို့ ချက်ခြင်း ပစ်လွှတ်လိုက်ပေသည်။ အနက်ရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပေခြောက်ဆယ်ခန့် အရွယ်အစားအထိ ကြီးမားသွားခဲ့ပြီး ၎င်း၏ ထက်မြက်လှသော အသွားများထံကနေ စူးရှလှသော အလင်းတန်းများ ဖြာထွက်လို့နေတော့၏။

ဝိုးတဝါး အရိပ်တစ်ခုနှင့်အတူ ထိုကြီးမားလှသော ရဲတင်းကြီးသည် လေထုထဲသို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သော်လည်း ထိုနေရာတွင်မူ ရွှေရောင်အလင်းတန်းတစ်ခုသာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ မထင်မရှားလှသော ရွှေရောင်ချည်မျှင်တန်းလေးတစ်ခုမှာ ထိုကြီးမားလှသော ရဲတင်းကြီး၏ အောက်ခြေကနေ ရုတ်တရက် ပေါ်ထွက်လာခဲ့ရုံသာ ရှိသေးသော်လည်း ၎င်းသည် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီးနောက် ချက်ခြင်းပင် ပြန်လည်ပျောက်ကွယ်သွားသည်။

ဗုန်းခနဲ မြည်ဟိန်းသံကြီးတစ်ခုနှင့်အတူ ထိုကြီးမားလှသော ရဲတင်းကြီးမှာ အလယ်ဗဟိုချက်နေရာကနေ ညီညာစွာဖြင့် နှစ်ခြမ်း ကွဲအက်သွားပြီးနောက် မြေပြင်ထက်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။

"ဒါက..."

ဝတ်ရုံနက်လူငယ်၏မျက်နှာပေါ်ရှိ အထင်အမြင်သေးဟန်များ ပျောက်ကွယ်သွားလေပြီ။ သူ တုန်လှုပ်မိနေပြီ ဖြစ်၏။ သူသည် မိမိ၏ လက်ကို အလျင်အမြန် မြှောက်လိုက်မိရင်းက မြစိမ်းရောင်ဓားရှည်တစ်လက်ကို ချက်ခြင်း ထပ်မံဆင့်ခေါ်ပြန်သည်။ ၎င်းသည် လေထုထဲသို့ တဟုန်ထိုး ပျံသန်းသွားခဲ့သော်လည်း အလားတူ မြင်ကွင်းမျိုးတစ်ခု ထပ်မံ ဖြစ်ပွားလာခဲ့ပြန်၏။ ထိုမြစိမ်းရောင်အလင်းတန်းသည် ပေတစ်ရာခန့်မျှသာ ပျံသန်းရသေးသော်လည်း ရွှေရောင်ချည်မျှင်တန်း အမြောက်အမြား၏ အင်နှင့်အားနှင့် ဖြတ်တောက်ခြင်းကို ခံလိုက်ရပြန်သည်။ သည့်နောက်တွင်မူ ယင်းအလင်းတန်းများ ပေါက်ကွဲထွက်သွားပြီးနောက် ၎င်းသည် မြေပြင်ထက်သို့ အပိုင်းအစ ခုနစ်ပိုင်းအဖြစ် လုံးဝ ပြုတ်ကျသွားရတော့သည်။

"ရှီးထဲမှပဲ... ဒါက ဓားအစီအရင်တစ်ခု ဖြစ်နေတာပဲဟ။"

ဝတ်ရုံနက်လူငယ်မှာ အတွေ့အကြုံကြွယ်ဝသူဖြစ်သောကြောင့် ဓားအစီအရင်မှန်း သဘောပေါက်သွား၏။ သူ့စိတ်မှာ မတည်ငြိမ်နိုင်တော့ပေ။

ပုံမှန်အားဖြင့်ဆိုလျှင် ဤကဲ့သို့သော ဓားအစီအရင်ကြီးတစ်ခုကို ဖန်တီးနိုင်ရန်အတွက်ဆိုလျှင် ကျင့်ကြံသူ ဆယ်ဂဏန်းခန့်... မဟုတ်သေးဘူး... အနည်းဆုံး ကျင့်ကြံသူ ရာဂဏန်းခန့်အထိ စုပေါင်းအားစိုက်ထုတ်မှသာ အသက်သွင်းနိုင်စွမ်း ရှိကြတာ မဟုတ်ပါလား။ သို့သော်လည်း ယခုအခါတွင်မူ ဟန်လိတစ်ဦးတည်းကတင် သည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလှသော ဓားအစီအရင်ကြီးတစ်ခုကို အောင်မြင်စွာ ချခင်းနိုင်စွမ်း ရှိခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ထိုဝတ်ရုံနက်ကျင့်ကြံသူ၏ ရင်ထဲ၌ ကြီးစွာသော ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာစေရန်အတွက် လုံလောက်လွန်းနေလေပြီ။

ဟန်လိသည် ရန်သူဖြစ်သူက သည်အရာမှာ ဓားအစီအရင်တစ်ခု ဖြစ်မှန်း သိရှိသွားခဲ့ပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသော်လည်း သူသည် ထိုဝတ်ရုံနက်ကျင့်ကြံသူကို ၎င်းအား ဖျက်စီးနိုင်ရန် တွေးတော့မည့်အချိန် ပေးနေမည် မဟုတ်ပါ။ သူသည် မိမိ၏လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို လျင်မြန်စွာ ဖော်ထုတ်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုလျက် ထိုဓားအလင်းတန်း အားလုံးကို ဆက်သွယ်လိုက်ကာ ရွှေရောင်ဓားအစီအရင်ကြီးတစ်ခုလုံးကို အပြည့်အဝ စတင်၍ အသက်သွင်းလိုက်ပြီး ဖြစ်၏။

ထိုအခိုက်အတန့်တွင် ထိုဝတ်ရုံနက်ကျင့်ကြံသူ၏ ဘေးပတ်ပတ်လည်တွင် ဆန်းပြားလှသော မြင်ကွင်းတစ်ခု ချက်ခြင်း ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်အောင် များပြားလှသော ရွှေရောင်ချည်မျှင်တန်းများသည် သူ၏ ဘေးနားတွင် တဖျတ်ဖျတ်နှင့် လင်းလက်တောက်ပလာခဲ့ကြရုံသာမက အချို့မှာမူ လေထုထဲ၌ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေကြသည်။ ဤသို့ တဖျတ်ဖျတ် လင်းလက်လာမှုများသည် မည်သည့် ပုံသေကားချပ်မျှမရှိဘဲ ဖြစ်ပေါ်နေကြခြင်း ဖြစ်ရုံသာမက သူ၏ ခန္ဓာကိုယ်ရှိရာဘက်သို့လည်း တရွေ့ရွေ့နှင့် ပိတ်ဆို့ဝန်းရံ လာသည်။

ထိုမြင်ကွင်းကြောင့် သူ့မျက်နှာမှာ ဖြူရော်သွား၏။ ဝတ်ရုံနက်လူငယ်က သူ၏ သိုလှောင်အိတ်ကို ချက်ခြင်း ထိပုတ်ကာ နီရဲလှသော အစင်းကြောင်းများ ပြည့်နှက်နေသည့် ဖြူဖွေးလှသော ပုလဲလုံး ဆယ်လုံးကို ချက်ခြင်း ထုတ်ယူလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ပုလဲလုံးများကို သူ့ ဘေးပတ်ပတ်လည်မှာ ဝိုင်းရံစေ၏။

All Chapters