အခန်း ၇၈၉
Vol. 57 Ch. 789
အပိုင်း ၇၈၉ - တစ္ဆေစစ်ထုတ်ခြင်းအလံ
ထိုပုလဲလုံးများကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ဟန်လိ၏ ရင်ထဲ၌ အလိုလို တုန်လှုပ်မိသွားသည်။ တကယ်တော့ ၎င်းတို့မှာ မိမိပိုင်ဆိုင်ထားသော လျှပ်စီးပုတီးစေ့များနှင့် တစ်ပုံစံတည်း တူညီနေသကဲ့သို့ ရှိနေသောကြောင့် ဖြစ်၏။ ထိုအတွေးများ သူ၏ ဦးနှောက်အတွင်း ဖြတ်ပြေးသွားသည်နှင့် တပြိုင်နက် သူသည် ရွှေရောင်ဓားအစီအရင်ကို အရှိန်အဟုန်မပျက် ဆက်လက် ချီတက်ရန် စိတ်ဖြင့် အမိန့်ပေးလိုက်တော့သည်။
ထိုဓားအလင်းချည်မျှင်တန်းများမှာ ရွှေရောင်ဓားအစီအရင်၏ ထူးကဲလှသော မဟာတိုက်ကွက်စွမ်းရည်များထဲမှ တစ်ခု ဖြစ်၏။ ၎င်းတို့မှာ ဓားကျင့်ကြံသူများ အသုံးပြုတတ်ကြသော ဓားချည်မျှင်တန်းများနှင့် ပုံစံချင်း ဆင်တူသော်လည်း ဤအစီအရင်မှာမူ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းလှသည့် ဓားချီမျှင်တန်း ရာဂဏန်းခန့်ကိုပါ ပြိုင်တူဆင့်ခေါ်နိုင်စွမ်း ရှိပေသည်။ ထို့ပြင် အစီအရင်၏ ကြီးမားလှသော စွမ်းပကားနှင့် ရွှေအနှစ်သာရတို့ သွန်းလောင်းထားခဲ့ဖူးသော ဓားပျံများ၏ စွမ်းရည်တို့ ပေါင်းစပ်လိုက်သည့် အခါတွင်မူ သည်ဓားချီမျှင်တန်းများ၏ အစွမ်းမှာ သာမန်ဓားကျင့်ကြံသူများထက် များစွာ ထက်မြက်နေရာ သာမန်မှော်ရတနာများအနေဖြင့် ၎င်းတို့၏ ပြင်းထန်လှသော ခုတ်ပိုင်းချက်များကို ခုခံကာကွယ်နိုင်စွမ်း လုံးဝ ရှိကြမှာ မဟုတ်ပါ။
ထိုမျှမကသေးပေ။ ဤကဲ့သို့သော မိုးကြိုးပုလဲလုံးမျိုးကိုမူ ဟန်လိအနေဖြင့် နည်းနည်းလေးမျှ ကြောက်လန့်နေစရာ အကြောင်းမရှိချေ။ အစစ်အမှန်ဖြစ်သော ဓားပျံသုံးဆယ့်ခြောက်စင်းလုံးသာ ဘာမှမဖြစ်ဘဲ အကောင်းအတိုင်း တည်ရှိနေသရွေ့ ထိုဓားချီမျှင်တန်းများမှာ ပြန့်ကြဲဖျက်ဆီးခံလိုက်ရလျှင်ပင် ဓားအစီအရင်သည် ချက်ခြင်းပင် မိမိဘာသာ ပြန်လည်၍ သိပ်သည်းဖွဲ့စည်းနိုင်စွမ်း ရှိသောကြောင့်ပင်။ ထို့ကြောင့် ရွှေရောင်ဓားအစီအရင်မှာ မည်သည့် ပြင်းထန်လှသော တိုက်ခိုက်မှုမျိုးကြောင့်မျှ လွယ်လင့်တကူ ပျက်စီးသွားစရာအကြောင်း လုံးဝ မရှိတော့ချေ။
ဟန်လိက ထိုသို့ တွေးတောလိုက်ရုံ ရှိသေး ထိုပုလဲလုံးများသည် ဓားအစီအရင်နှင့် ပြင်းထန်စွာ ထိတွေ့မိသွားခြင်းနှင့်အတူ ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားခဲ့ရပြီးမှ ၎င်းပုလဲလုံးများကို မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းအစ အမြောက်အမြားအဖြစ် အစိတ်စိတ်အမြွှာမြွှာ ချက်ခြင်း ကွဲအက်ပျက်စီးသွားစေတော့သည်။
သို့သော်လည်း အံ့ဩစရာကောင်းလှသည့် အချက်မှာမူ ထိုပုလဲလုံးများသည် မည်သည့် ပြင်းထန်လှသော ပေါက်ကွဲမှုမျိုးကိုမျှ ဖြစ်ပေါ်စေခဲ့ခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သိပ်သည်းလှသော အမည်းရောင်သန်းနေသည့် ကြက်သွေးရောင် သွေးမြူခိုးကြီးတစ်ခုကိုသာ ချက်ခြင်း ထုတ်လွှတ်လာခြင်းပင်။ ထိုသွေးမြူခိုးကြီးသည် လေထုထဲသို့ ချက်ခြင်းပင် ပြန့်ကားစိမ့်ဝင်သွားခဲ့ပြီးနောက် အနီးဝန်းကျင်တစ်ခုလုံးတွင် အောက်သိုးသိုးရှိလှသည့် အနံ့ဆိုးများကိုပါ စတင်၍ ထုတ်လွှတ်လို့လာတော့သည်။
ဤပုလဲလုံးကို သွေးကျောက်မိုင်းဟု ခေါ်ဆိုကြပြီး လောကကြီးအတွင်းရှိ မိစ္ဆာပစ္စည်းများကို အသုံးပြု၍ သန့်စင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ အကယ်၍ တစ်စုံတစ်ယောက်ထံ၌ မိစ္ဆာတာအို အထူးမှော်ရတနာများ ပိုင်ဆိုင်ထားခြင်း မရှိခဲ့ပါက မည်သည့် မှော်ရတနာမဆို သည်သွေးမြူခိုးကြီးအတွင်းသို့ ဝင်ရောက်မိသွားသည်နှင့် တပြိုင်နက် ၎င်းတို့၏ ဝိညာဉ်သဘာဝနှင့် စွမ်းပကားများမှာ များစွာ အားနည်း ဆုတ်ယုတ်သွားရမှာ သေချာသည်။ ဝိညာဉ်သဘာဝ ကြီးကြီးမားမား ရှိနှင့်ထားခဲ့ဖူးသော အစွမ်းထက် မှော်ရတနာကြီးများ ဖြစ်နေခဲ့ဦးမည်ဆိုလျှင်ပင် မြူခိုးများအတွင်း ကျရောက်သွားပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်သွားပါက စဦးစိတ်ဝိညာဉ်မီးတောက်များ အသုံးပြုလျက် နေ့ရက်ပေါင်းများစွာ ပြန်သန့်စင်ပစ်မှသာ အဆင်ပြေနိုင်လိမ့်မည်။
ဤကဲ့သို့သော သွေးကျောက်မိုင်းမျိုးက ပြင်ပလောကတွင် အလွန်တရာ ရှာဖွေရခက်ခဲလှသည့် ပစ္စည်းအမျိုးအစားတစ်ခုသာ။ ၎င်းတို့ကို သန့်စင်ရန်အတွက် သုံးရမည့် အမယ်ပစ္စည်းများမှာ မြင်တွေ့ရခဲလှရုံတင်မကဘဲ ၎င်းတို့ကို အောင်မြင်စွာ သန့်စင်နိုင်မည့် အခွင့်အလမ်းမှာလည်း အလွန်တရာ နည်းပါးလွန်းသည်။ ဝတ်ရုံနက်နှင့်လူငယ် ခု ထုတ်သုံးလာသော ပုလဲလုံးများမှာ သူနှစ်ပေါင်းများစွာအတွင်း ကျားကုတ်ကျားခဲ စုဆောင်းထားခဲ့သောအရာများပင်။
ဤလူငယ်သည် ယင်စစ်ထုတ်ခြင်းဂိုဏ်း အပါအဝင် ကျင်းအင်ပါယာ၏ မဟာမိစ္ဆာတာအိုဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ အစွမ်းထက်လှသော ဂိုဏ်းအကြီးအကဲတစ်ဦး ဖြစ်နေသည်။ သူ၏ ကျယ်ပြန့်လှသော တိုက်ပွဲအတွေ့အကြုံများကြောင့် သူသည် ဤသွေးကျောက်မိုင်းများကို အသုံးပြုလျက် ဟန်လိ၏ ဓားအစီအရင်အတွင်းက ဓားပျံများကို ချက်ခြင်း ညစ်ညမ်းစေရန်အတွက် ကြံစည်လိုက်ခြင်း ဖြစ်၏။
ဓားအစီအရင်တစ်ခုမှာ ၎င်း၏ မဟာစွမ်းပကားများကို အပြည့်အဝ ထုတ်ဖော်နိုင်ရန်အတွက်ဆိုလျှင် ဓားပျံများအားလုံးကြားတွင် ကြီးမားလှသော ချိတ်ဆက်မှုနှင့် ဟန်ချက်ညီမှုများ ရှိနေရန် လိုအပ်ပေသည်။
အကယ်၍ ၎င်းတို့ထဲမှ ဓားပျံအနည်းငယ်က ဟန်ချက်ပျက်ပြားသွားခဲ့မည်ဆိုပါက ဓားအစီအရင်ကြီးတစ်ခုလုံးမှာ ချက်ခြင်းပင် ပြိုလဲပျက်စီးသွားရမှာ သေချာသည်။ ထို့ကြောင့် သည်သွေးကျောက်မိုင်းများကို အသုံးပြုခြင်းက ကျင်းအင်ပါယာ မိစ္ဆာကျင့်ကြံသူများအကြားတွင် ဓားအစီအရင်များကို ပြန်လည်ရင်ဆိုင် ကိုင်တွယ်ရာ၌ အသုံးပြုတတ်ကြသော အလွန်တရာ အခြေခံကျလှသည့် နည်းလမ်းတစ်ခုပင် ဖြစ်၏။ သို့သော်ငြားလည်း သွေးကျောက်မိုင်းများမှာ အလွန်တရာ ရှားပါးလှသည့် ပစ္စည်းများ ဖြစ်ကြတာကြောင့် ထိုလူငယ်သည် ပုံမှန်အားဖြင့် တစ်ဦးချင်း တိုက်ပွဲများအတွင်း ၎င်းတို့ကို ဘယ်သောအခါမှ လွယ်လင့်တကူ ထုတ်သုံးလေ့ မရှိခဲ့ဖူးချေ။ ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ဦးတည်းကတင် ဓားအစီအရင်များကို အသက်သွင်းနိုင်စွမ်း မရှိကြတာကြောင့် သူသည် သည်ပစ္စည်းများကို အင်အားကြီးမားလှသော စစ်ပွဲကြီးများအတွင်း၌သာ အဓိက ထုတ်သုံးလေ့ရှိသည်။
ဟန်လိသည် သွေးမြူခိုးကြီးမှာ မည်သည့်အရာ ဖြစ်မှန်း တိတိကျကျ မသိရှိသော်လည်း ၎င်းထံမှ မကောင်းသော အရိပ်အယောင်များကိုမူ ချက်ခြင်းပင် အာရုံခံမိလိုက်သည်။ သူ့စိတ်ထဲ၌ စဉ်းစားနေရုံရှိသေး ထိုသွေးမြူခိုးကြီး၏ အတွင်းကနေ တိုးညင်းလှသော မိုးကြိုးသံများ ချက်ခြင်း ထွက်ပေါ်လာခဲ့လေပြီ။ ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ လင်းလက်လာခဲ့ကြရုံသာမက ရွှေရောင်လျှပ်စီးတန်းများပါ ချက်ခြင်း ပေါက်ကွဲထွက်လာ၏။ ထိုရွှေရောင်လျှပ်စီးတန်းများသည် ထိုသွေးမြူခိုးကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်သည့်အခါတွင်မူ သွေးမြူခိုးကြီးသည် ပေါက်ကွဲမြည်ဟိန်းသံကြီးများနှင့်အတူ အရပ်မျက်နှာအစုံသို့ ချက်ခြင်းပင် ပြန့်ကြဲ ပျက်စီးသွားရတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်မိစ္ဆာနှိမ်နင်းခြင်းရွှေရောင်လျှပ်စီးနှင့် သွေးမြူခိုးတို့မှာ အချင်းချင်း ပြိုင်တူတိုက်ခိုက်မိကြ၏။ ယင်းနောက် အတူတူ ပျက်စီးသွားကြတော့သည်။
ဤမြင်ကွင်းကြောင့် ဟန်လိ အံ့အားသင့်သွားရ၏။
တကယ်တော့ သူ၏ နတ်မိစ္ဆာနှိမ်နင်းခြင်းရွှေရောင်လျှပ်စီးသည် သူ အမိန့်ပေးစရာမလိုဘဲ ကိုယ့်သဘောနှင့်ကိုယ် ထွက်တိုက်ခြင်းမျိုးကို သူ့အနေဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။ ၎င်းမှာ သူ၏ဓားပျံများအတွင်းကနေ သူ့အလိုလို ချက်ခြင်း ပေါက်ကွဲထွက်လာခဲ့တာ ဖြစ်နေ၏။ ကြည့်ရသည်မှာ ထိုသွေးမြူခိုးကြီး၏ အားကောင်းလွန်းသော မိစ္ဆာသဘာဝကပင် သူ၏ နတ်မိစ္ဆာနှိမ်နင်းခြင်းရွှေရောင်လျှပ်စီးကို အလိုအလျောက် တုန့်ပြန်ရန် လှုံ့ဆော်ပေးလိုက်သည့်ပုံပင်။ သည်အချက်က တကယ့်ကို အံ့ဩစရာကောင်းသော တွေ့ရှိချက်တစ်ခု ဖြစ်နေ၏။
ဟန်လိ မသိထားသည်မှာ သွေးကျောက်မိုင်းများမှာသည် လမ်းမှန်တာအို၏ အစွမ်းထက် မှော်ရတနာများကို ညစ်ညမ်းစေရန်အတွက် အထူးသန့်စင်ထားခြင်း ဆိုသည်ကိုပင်။ နတ်မိစ္ဆာနှိမ်နင်းခြင်းရွှေရောင်လျှပ်စီးနှင့် ဗြောင်ကျကျ ထိပ်တိုက်ဆုံသည့်အခါ အချင်းချင်း ပြိုင်တူ ဝါးမြိုဖျက်စီးပစ်ကြသည့် သဘောမျိုးပင်။
သို့သော်လည်း သူ၏ ဓားပျံသုံးဆယ့်ခြောက်စင်းအတွင်း၌ သိုလှောင်ထားခဲ့ဖူးသော မိုးကြိုးလျှပ်စီးပမာဏကမူ ထိုသွေးမြူခိုးကြီး၏ ခွန်အားထက်စာလျှင် ပိုမိုကြီးမား ကျယ်ပြောလှတာကြောင့် ထိုသွေးမြူခိုးကြီးမှာ မျက်စိတစ်မှိတ်အတွင်း လုံးဝ သန့်စင်ဖျက်ဆီးခြင်းကို ခံလိုက်ရလေပြီ။
ဝတ်ရုံနက်နှင့်ကျင့်ကြံသူ၏ မျက်နှာတစ်ခုလုံး လုံးဝ ဖြူလျော်သွား၏။ သူက ကြောက်လန့်တုန်လှုပ်ကာ အသည်းအသန် ထအော်၏။
"နတ်မိစ္ဆာနှိမ်နင်းခြင်းရွှေရောင်လျှပ်စီးပါလား... ဒါဆိုရင် မင်းရဲ့ ဒီဓားပျံတွေက တကယ်ပဲ ကောင်းကင်လျှပ်စီးဝါးကို အသုံးပြုပြီး သန့်စင်ထားခဲ့ဖူးတဲ့ မှော်ရတနာတွေပေါ့။ မဖြစ်နိုင်တာ... မင်းက ဘယ်လို အကြောင်းရင်းတွေကြောင့် ဒီလောက်များပြားလှတဲ့ အဖိုးတန်ရတနာတွေကို လက်ဝယ် ပိုင်ဆိုင်ထားနိုင်ရတာလဲ။"
"ခင်ဗျားကို ငရဲဆီ ပို့ပေးပြီးမှပဲ ဒီမေးခွန်းကို ပြန်ဖြေပေးတော့မယ်"
ဟန်လိက ကျိန်းလည်းကျိန်းမောင်းရင်း အသက်ဝဝရှိုက်သွင်း၏။ ယင်းနောက် ထိုသွေးမြူခိုးကြီးကြောင့် ရပ်တန့်သွားသော ဓားအစီအရင်ကို ဆက်လက်၍ ချီတက်စေရန် ချက်ခြင်း အမိန့်ပေးလိုက်သည်။ ဓားချီမျှင်တန်းများသည်လည်း အသံဗလံလုံးဝ မထွက်ပေါ်စေဘဲ ထိုဝတ်ရုံနက်နှင့်လူငယ်ရှိရာဘက်သို့ တရွေ့ရွေ့နှင့် ပြန်လည် ပိတ်ဆို့ဝိုင်းရံလာပြန်သည်။
ဤရွှေရောင်ဓားအစီအရင်မှာ မခန့်မှန်းနိုင်လောက်အောင် စွမ်းပကား ကြီးမားကျယ်ပြောလှသည် ဆိုသော်ငြားလည်း ၎င်းကို ရေရှည်ထိန်းသိမ်းထားရန်မှာမူ ဟန်လိ၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် အလွန်တရာ ခက်ခဲလှသည်။ ၎င်းက သူ၏ ဝိညာဉ်စွမ်းအား အမြောက်အမြားကို အဆမတန် စုပ်ယူဝါးမြိုနေရုံသာမက သူသည် သည်ဓားအစီအရင်ကို အသက်သွင်းပြီးသွားခဲ့သည့် အခါတွင်လည်း ၎င်း၏ ရွှေ့လျားမှု အမြန်နှုန်းကို ပိုမိုမြန်ဆန်လာအောင် လုပ်ဆောင်နိုင်စွမ်း ရှိမနေချေ။ သို့မဟုတ်ပါက သူသည် ဤဓားချီမျှင်တန်းများကို ထိုဝတ်ရုံနက်ကျင့်ကြံသူ၏ ဘေးနားသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားစေလျက် ချက်ခြင်းလက်ငင်း အသေတိုက်ကွက် ထုတ်ဖော်ကာ ရန်သူ့ဘက်မှ တန်ပြန်တိုက်ကွက် မစဉ်းစားနိုင်အောင် လုပ်ဆောင်ပစ်မှာ သေချာသည်။
ဟန်လိ၏ ကိုယ်ပိုင်တွက်ချက်မှုများအရဆိုလျှင် ရွှေရောင်ဓားအစီအရင်ကို အပြည့်အဝ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက်ဆိုပါက စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ ရောက်ရှိမှသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဟန်လိသည် ဓားပျံတစ်ဝက်ကိုသာ အသုံးပြုခဲ့၏။ သို့မဟုတ်ပါက သူ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားများမှာ သာမန်စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူများထက် များစွာ ပိုကြီးမားသည် ဆိုဦးတော့ သူသည် ကျင့်ကြံမှုအဆင့် အကန့်အသတ်များကြောင့် သည်ဓားအစီအရင်ကို အသက်သွင်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဝတ်ရုံနက်နှင့်လူငယ်သည် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သိပ်သည်းလှသော အနက်ရောင် မိစ္ဆာချီစွမ်းအင်များကို ချက်ခြင်း ချခင်းပြင်ဆင်၏။ သူကလွှမ်းမိုးနိုင်စွမ်းရှိလှသော လေသံဖြင့် ဆိုလိုက်၏။
"မင်းက ဒီလို ဓားအစီအရင်လေးတစ်ခုတည်းနဲ့ ကျုပ်ကို အပီအပြင် ပိတ်ဆို့ထားနိုင်လိမ့်မယ်လို့ တကယ်ကြီး ယုံကြည်နေတာလား။ မင်းရဲ့ ဓားအစီအရင်က အစွမ်းထက်တာ မှန်ပေမဲ့လည်း ငါတို့ဂိုဏ်းက အထွတ်အမြတ်မှော်ရတနာကိုရော ဖြတ်တောက်ပစ်နိုင်၊ မနိုင် ကြည့်ကြတာပေါ့ကွာ။”
သူသည် မိမိနှင့် ပေတစ်ရာခန့်သာ ဝေးတော့သော ရွှေရောင်ချည်မျှင်တန်းများကို တစ်ချက်မျှ လှမ်းကြည့်၏။ ယင်းနောက် သူက အသံဗလံ မထွက်ပေါ်စေဘဲ လက်ပင့်မြှောက်ကာ သူ့ရင်ဘတ်ပေါ်သို့ အားပြင်းပြင်း ရိုက်ချပစ်သည်။
သူပါးစပ်ကနေ သွေးမည်းများ ထွက်ပေါ်လာ၏။ ထိုသွေးများကြား၌ မြစိမ်းရောင်အလံငယ်တစ်ခုကိုလည်း တွေ့မြင်ရသည်။
ထိုအလံငယ်လေး ပေါ်ထွက်လာခဲ့သည်နှင့် တပြိုင်နက် ၎င်းထံမှ စိမ်းမြမြအလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားပြီး သူ့ပတ်ပတ်လည်မှ သွေးမည်းများကိုပါ စုပ်ယူပစ်လိုက်ရာ ၎င်းမှာ အစိမ်းရင့်ရောင်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့၏။
ထိုဝတ်ရုံနက်နှင့်လူငယ်သည် သုန်မှုန်လှသော မျက်နှာပေးဖြင့် ထိုအလံငယ်လေးထံ ဝှေ့ယမ်းလိုက်ရာ ၎င်းသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် သူလက်ထဲသို့ ချက်ခြင်း ပျံသန်းရောက်ရှိလာသည်။ ထိုစိမ်းမြမြအလံငယ်လေးသည် စူးရှတောက်ပစွာ လင်းလက်လာပြီး ဖြတ်ခနဲအတွင်း ပေသုံးဆယ်ထိ ကြီးမားလာသည်။ ၎င်းအလံကြီးထက်တွင်မူ စိမ်းမြမြအလင်းတန်းများ လင်းလက်လို့နေရုံသာမက ယင်ဝိညာဉ်မြူခိုးများဖြင့်ပါ ပြည့်နှက်လို့နေတာကြောင့် ၎င်း၏ အပေါ်ယံမျက်နှာပြင်ကိုပင် တိတိကျကျ မြင်တွေ့နိုင်စွမ်း မရှိတော့ချေ။ သို့သော်ငြားလည်း ထိုအလံထောင့်၌ အစိတ်အပိုင်းငယ်တစ်ခု ပျက်စီးလို့နေသည်ကို သတိထားကြည့်ပါက တွေ့ရနိုင်သည်။
ဟန်လိသည် ထိုအလင်းတန်းများကြားက အလံကြီးကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ မျက်လုံးအစုံမှာ ချက်ခြင်း မှေးစင်းသွားရတော့၏။
"တစ္ဆေစစ်ထုတ်ခြင်းအလံ ပါလား။"
အတိတ်တုန်းက ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်ကိုယ်တိုင် မိစ္ဆာအိုကြီးဟီကို တိုက်ခိုက်ရန်အတွက် သည်ဂိုဏ်းစောင့်ရတနာကို ထုတ်သုံးရန် ကြံစဉ်ခဲ့ဖူး၏။ ၎င်းကို တိုက်ပွဲ၌ အမှန်တကယ် အသုံးမပြုခဲ့သော်လည်း ထိုအမည်ကို ဟန်လိစိတ်ထဲ စွဲထင်ခဲ့သည်။ အခု ဝတ်ရုံနက်လူငယ်က အလံငယ်တစ်ခု ထုတ်ယူလာချိန်၊ သူ့အနေဖြင့် ၎င်းမှာ မည်သည့်အရာဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
ထိုဝတ်ရုံနက်နှင့် လူငယ်သည် ဟန်လိက မိမိ၏မှော်ရတနာကို သိရှိကြောင်း ကြားရသည့်အခါ လှောင်ပြုံးပြုံးလိုက်ရင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
မင်းက ပါးနပ်သားပဲ။ ဟုတ်တယ်…ဒီအလံက တစ္ဆေစစ်ထုတ်ခြင်းအလံနှစ်ဆယ်ထဲ အဓိကကျတဲ့အလံငယ်တစ်ခုပဲ။ မင်းကို ဒီအလံရဲ့ အစွမ်း မြည်းစမ်းခွင့် ပေးလိုက်မယ်။”
ထိုသို့ စကားဆိုပြီးသွားသည်နှင့် ထိုလူငယ်သည် သူ၏ လက်ထဲက အလံကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ရွှေရောင်ချည်မျှင်တန်းတစ်ခု ရှိရာဘက်သို့ ဝေ့ယမ်းလိုက်သည်။ ပြင်းထန်လှသော လေပြင်းမုန်တိုင်းတစ်ခုနှင့်အတူ ထိုအလံကြီးအတွင်းကနေ အစိမ်းရင့်ရောင် ယင်ဝိညာဉ်မြူခိုးကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး ဝတ်ရုံနက်လူငယ်၏ခန္ဓာကိုယ်တစ်ခုလုံးကို အစအနမကျန် ချက်ခြင်း လွှမ်းခြုံသွား၏။
ရိုးတွင်းခြင်ဆီအထိ အေးစိမ့်လှသော ထိုယင်ဝိညာဉ်မြူခိုးကြီးမှာ ပိုမိုကျယ်ပြောလာခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံးကိုလည်း လုံးဝ မှောင်မိုက်သွားစေသည်။ တိမ်တိုက်ကြီးများမှာလည်း ကောင်းကင်ထက်က နေမင်းကြီး၏ အလင်းတန်းများကိုပါ အပြည့်အဝ ကာဆီးပစ်သည်။ သည်ကဲ့သို့သော မဟူရာအမှောင်ထုမှာ စိမ်းမြမြဝိညာဉ်မြူခိုးကြီးအတွင်းကနေ မြစ်ဖျားခံလာခြင်း ဖြစ်လေ၏။ အနီးဝန်းကျင်တစ်ခုလုံးတွင်လည်း ကြောက်မက်ဖွယ် တစ္ဆေအော်ငြီးသံများ ပဲ့တင်ထပ်လာ၏။
သူသည် သူ၏ လက်ထဲက အလံကြီးကို သာမန်အတိုင်း ဝှေ့ယမ်းလိုက်ရုံနှင့်တင် ပတ်ဝန်းကျင် လောကကြီးတစ်ခုလုံးကို လုံးဝ ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည်။ သူ့အနေဖြင့် ဤသို့သောအစွမ်းသတ္တိရှိသည့် ရတနာအပေါ် ယုံကြည်မှု လွန်ကဲနေတာ မဆန်းတော့ပါ။ ဟန်လိကိုယ်တိုင်လည်း သူ့ဓားအစီအရင်အပေါ်၌ ယုံကြည်မှုရှိထားသည်သာ။ သို့သော် ဤမြင်ကွင်းကြောင့် သူ့စိတ်ထဲ သံသယစိတ် တစ်ချို့တလေ ဝင်ရောက်လာ၏။
ထိုအခိုက်အတန့်တွင်ပင် ထိုအလံကြီးထံကနေ စူးရှလှသော လေခွင်းသံတစ်ခု ချက်ခြင်း ထွက်ပေါ်လာခဲ့ရပြီးနောက် ထိုလူငယ်ကို ဝန်းရံထားသော ဝိညာဉ်မြူခိုးကြီးအတွင်းကနေ အနက်ရောင် ယင်ဝိညာဉ်မျှင်တန်းများ အမြောက်အမြား ချက်ခြင်း ပေါက်ကွဲထွက်လာခဲ့ပြီး ဟန်လိရှိရာဘက်သို့ တရစပ် ဦးတည် တိုက်ခိုက်လာကြတော့၏။
ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ဓားအစီအရင်၏ အစွမ်းထက်လှသော တားမြစ်ချက် မန္တာန်များမှာ ချက်ခြင်းပင် အလိုအလျောက် နိုးထလာခဲ့လေပြီ။ မရေမတွက်နိုင်အောင် များပြားလှသော ရွှေရောင်ချည်မျှင်တန်းများက ထိုအနက်ရောင်မျှင်တန်းများကို အပိုင်းအစများအဖြစ် ဖြတ်တောက်ချေမှုန်းပစ်သည်။ သို့သော်ငြားလည်း ၎င်းအမျှင်တန်းများသည် ပျက်စီးသွားခဲ့ပြီးသည်နှင့် ချက်ခြင်းပင် စိမ်းမြမြ မြူခိုးများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားကာ ပင်မအလံထဲသို့ ပြန်ဝင်ရောက်သွားကြ၏။
ဟန်လိ ဘာမျှ မတုံ့ပြန်ရသေးခင်မှာပင် လူငယ်လည်း ထိတ်လန့်တကြား ထအော်၏။ ပုံမှန်အားဖြင့် ဂိုဏ်းစောင့်မှော်ရတနာမှ ထွက်ပေါ်လာသော ဤအနက်ရောင်အမျှင်တန်းများမှာ မာကြောလှ၏။ သို့သော် ၎င်းတို့မှာ ချက်ခြင်းဖျက်စီးခံခဲ့ရသည် မဟုတ်လား။ ဝတ်ရုံနက်လူငယ်အနေဖြင့် ထိတ်လန့်သွားမိတာ မှန်၏။ သူသည် အလံ၏အစွမ်းကို အပြည့်အဝ ထုတ်ဖော်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
သူသည် ထိုစိမ်းမြမြ မြူခိုးကြီးအတွင်းကနေ ယင်းအလံကြီးကို လေထဲသို့ ချက်ခြင်း အုန်းခနဲ ပစ်လွှတ်လိုက်၏။ ၎င်းသည် သူ့အရှေ့ သုံးပေခန့်အကွာရှိ မြေပြင်ထက်သို့ ချက်ခြင်း စိုက်ဝင်သွားသည်။
သည့်နောက်တွင်မူ သူသည် နက်နဲဆန်းပြားသော လျှို့ဝှက်ဂါထာမန္တာန်စာသားများကို ဆက်တိုက် ရွတ်ဆိုနေရင်းကနေ သူ၏ ပတ်ပတ်လည်တွင် ရှိနှင့်နေသော သိပ်သည်းလှသည့် ယင်ဝိညာဉ်လေပွေလှိုင်းများကိုပါ အစွမ်းကုန် လှုံ့ဆော်လိုက်သည်။ ၎င်းတို့သည် ဗဟိုချက်နေရာက အလံကြီးဆီသို့ တဟုန်ထိုး စုစည်းဝင်ရောက်သွားကြ၏။ မျက်စိတစ်မှိတ်အတွင်း ထိုအလံသည် ပေနှစ်ဆယ်လောက်ထိ မြင့်မားလာ၏။ ၎င်းကို ဖုံးအုပ်ထားသော မြူများမှာလည်း တစစီပြန့်ကြဲကာ ၎င်း၏ပုံစံအမှန် ပေါ်လာသည်။ ၎င်း၏အစစ်အမှန်ပုံစံက ဟန်လိကို အင်မတန် ချောက်ချားသွားစေ၏။
ဟန်လိသည် ခက်ထန်လှသော လေသံဖြင့် အော်ဟစ်လိုက်မိတော့၏။
"မင်း..ဒီအလံကို သန့်စင်ဖို့ လူပေါင်း ဘယ်လောက်ကို သတ်ပစ်ခဲ့ရတာလဲ။ လူပေါင်း ဘယ်လောက်ရဲ့ စိတ်ဝိညာဉ်တွေကို စတေးပစ်ခဲ့တာလဲ။"
ဟန်လိ ထိုသို့ မေးရသည့်အကြောင်းကား အလံ၏မျက်နှာပြင်ပေါ်၌ မရေမတွက်နိုင်သောမျက်နှာများနှင့် ပြည့်နှက်နေသောကြောင့်ပင်။
ထိုလူငယ်၏ ဆိုးယုတ်လှသော စကားသံမှာ မြူခိုးကြီး၏ အတွင်းကနေ တစ်ဖန် ပြန်လည်ထွက်ပေါ်လာသည်။
"လူပေါင်း ဘယ်လောက်လဲ ဟုတ်လား... ဘယ်သိပါ့မလဲ။ ဘယ်သူ သိနိုင်ပါ့မလဲ။ ကျုပ် အကြမ်းဖျင်း ခန့်မှန်းရသလောက်ဆိုရင်တော့ လူပေါင်း တစ်သိန်းဝန်းကျင်လောက်တော့ ရှိလိမ့်မယ် ထင်တာပဲ။ ဒါအပြင် ကျင့်ကြံသူတစ်ရာကျော်ရဲ့ စိတ်ဝိညာဉ်တွေပါ ပါသေးတာပေါ့လေ။ ဒီလိုရတနာမျိုးကို သန့်စင်ဖို့ဆို ကျင့်ကြံသူတွေရဲ့စိတ်ဝိညာဉ်က မပါမဖြစ်လေ။”
ဟန်လိသည် သူ၏ စကားကို ကြားသိလိုက်ရသည့် အခါတွင် လုံးဝ ငြိမ်သက်သွားမိသည်။ သူက အစိမ်းရောင်မြူခိုးကြီးထံ လှမ်း၍ စိုက်ကြည့်နေ၏။ ခဏအကြာတွင် သူ ပြောလာသည်။
"ခင်ဗျားတို့လို မိစ္ဆာတာအိုလမ်းစဉ် လိုက်စားတဲ့ကောင်တွေက သေဒဏ်နဲ့တကယ် ထိုက်တန်တယ်။ "
ထိုလူငယ်က လှောင်ပြုံးပြုံးလိုက်မိရင်းမှ ဆိုလိုက်၏။
"သေဒဏ်နဲ့ ထိုက်တန်တယ် ဟုတ်လား... အတိတ်တုန်းကလည်း ကျုပ်ရဲ့ ရှေ့မှောက်မှာ ဒီလိုစကား ပြောဖူးတဲ့ ကျင့်ကြံသူပေါင်း မနည်းမနော ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ခုထိ ကျုပ်က အလတ်ကြီး ရှိသေးတယ်။ ကျုပ်ကို အဲ့လိုပြောခဲ့တဲ့သူတွေကသာ ဒီအလံရဲ့ ဝါးမြိုတာခ့ခဲ့ရပြီး ၎င်းရဲ့ တစိတ်တပိုင်း ဖြစ်ကုန်ခဲ့ကြတယ်။ မင်းလည်း ခြွင်းချက် ရှိမနေဘူး။”
သူသည် ထိုသို့ စကားဆိုပြီးသည်နှင့် နီရဲလှသော မန္တာန်ချိပ်တံဆိပ်တစ်ခုကို ထိုအလံကြီးပေါ်သို့ ချက်ခြင်း အမိအရ ရိုက်နှိပ်လိုက်တော့သည်။
စိမ်းမြမြအလင်းတန်းတစ်ခု ခမ်းနားကြီးကျယ်စွာဖြင့် ဖျတ်ခနဲ လင်းလက်သွားခဲ့ရပြီးနောက် ထိုအလံကြီးထက်တွင် သုံးပေခန့် ကျယ်ပြောလှသော တွင်းနက်ကြီးတစ်ခု ချက်ခြင်း ပေါ်ထွက်လို့လာခဲ့ပေပြီ။ သိပ်သည်းလှသော မဟူရာရောင် မိစ္ဆာချီစွမ်းအင်များသည် ၎င်းအတွင်းကနေ တဟုန်ထိုး စိမ့်ထွက်လာခဲ့ကြရုံသာမက ကြောက်မက်ဖွယ်ကောင်းလှသော ယင်ဝိညာဉ်လေပွေလှိုင်းများနှင့်အတူ စူးရှလှသော အော်ဟစ်သံများပါ ချက်ခြင်း ပဲ့တင်ထပ်လို့လာတော့သည်။ သည့်နောက်တွင်မူ ကြီးမားလှသော တစ္ဆေ ဦးခေါင်းခွံကြီးများသည် ထိုတွင်းနက်ကြီးအတွင်းကနေ အစီအရီအတိုင်း ချက်ခြင်း ပျံသန်းထွက်လာသည်။ ၎င်းတို့၏ မျက်လုံးအစုံအတွင်းကနေ စိမ်းမြမြ မိစ္ဆာမီးတောက်များ တောက်လောင်လို့နေရုံသာမက အစိမ်းရောင်သန်းနေသည့် မီးခိုးငွေ့များကိုပါ မရပ်မနား ထုတ်လွှတ်လို့နေကြသည်။
၎င်းတို့ထဲမှ အရွယ်အစားအကြီးဆုံး ဦးခေါင်းခွံကြီးထက်တွင် ကြီးမားလှသော နွားရိုင်းဂျိုကြီးတစ်စုံ ချက်ခြင်း ထိုးထွက်လာခဲ့သော်လည်း ၎င်း၏ အခြားသော ရုပ်သွင်ပြင်လက္ခဏာ အားလုံးမှာမူ လူသားတစ်ဦးနှင့် အပြည့်အဝ တူညီနေသည်။
ဟန်လိသည် သည်မြင်ကွင်းကြောင့် ရင်ထဲ၌ မသိစိတ်အရ တုန်လှုပ်သွားခဲ့ရသည်။ ဤသည်မှာ တကယ်ပဲ ရှေးဟောင်းမှတ်တမ်းများထဲ၌ ဖော်ပြထားခဲ့ဖူးသော သားရဲတိရစ္ဆာန်ကြီးများ၏ ဦးခေါင်းခွံများ ဖြစ်နေလို့များလား။ သို့သော်လည်း သူသည် ထိုအတွေးများကို စိတ်ထဲကနေ မောင်းထုတ်လိုက်၏။
ပထမဆုံးအဆင့်အနေဖြင့် ထိုဦးခေါင်းခွံကြီးများသည် အလံကြီးအတွင်းကနေ ချက်ခြင်း ထွက်ပေါ်လာခဲ့ကြပြီးသည်နှင့် မတူညီသော တစ္ဆေ ဦးခေါင်းခွံပေါင်းများစွာကလည်း အနောက်ကနေ တရစပ် လိုက်ပါလာခဲ့ကြရာ မျက်စိတစ်မှိတ်အတွင်းမှာ ထိုဝတ်ရုံနက်နှင့် လူငယ်၏ ဘေးပတ်ပတ်လည်တွင် တစ္ဆေ ဦးခေါင်းခွံပေါင်း ရာဂဏန်းခန့်အထိ ချက်ခြင်း ပြည့်နှက်လို့သွားတော့သည်။
သူသည် ထိုမြူခိုးကြီး၏ အတွင်းကနေ ဟန်လိရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်ရင်းမှ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
"တိုက်ခိုက်စမ်း..."