အခန်း ၇၉၀
Vol. 57 Ch. 790
အပိုင်း ၇၉၀ - မိစ္ဆာနှင့်တစ္ဆေများကို ဝါးမြိုခြင်း
ထိုကြောက်မက်ဖွယ်ကောင်းသော တစ္ဆေ ဦးခေါင်းခွံကြီးများသည် ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ကြပြီးနောက် ၎င်းတို့၏ ပါးစပ်များကနေ စိမ်းမြမြ မိစ္ဆာမီးတောက် အမျှင်တန်းများကို ဟန်လိရှိရာဘက်သို့ တရစပ် မှုတ်ထုတ်လိုက်ကြတော့သည်။ ဒါပေါ့... ထိုမိစ္ဆာမီးတောက် အမျှင်တန်းများသည် ဝေးကွာလှသော နေရာတစ်ခုဆီသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင်ပင် ရွှေရောင်ချည်မျှင်တန်းများသည် ရုတ်တရက် ပေါ်ထွက်လာခဲ့ကြပြီး ၎င်းတို့ရှိရာဘက်သို့ ဖျတ်ခနဲ လင်းလက်တောက်ပစွာ တိုးဝင်သွားကြတော့၏။
သို့သော်ငြားလည်း ယခုတစ်ကြိမ်တွင်မူ အတိတ်တုန်းကနှင့် လုံးဝမတူညီသော ပြောင်းလဲမှုတစ်ခု ချက်ခြင်း ဖြစ်ပွားလာသည်။ ထိုရွှေရောင်ချည်မျှင်တန်းများသည် ဦးခေါင်းခွံကြီးများကို အပိုင်းပိုင်း ဖြတ်တောက်ချေမှုန်းပစ်လိုက်ကြသော်လည်း စိမ်းမြမြအလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ၎င်းတို့သည် မည်သည့် ထိခိုက်မှုမှမရှိလေသည့်အလား ၎င်းတို့ဘာသာ ပြန်ကောင်းမွန်လာ၏။ ထိုမျှသာမကသေးဘဲ ၎င်းတို့သည် ဓားချီမျှင်တန်းများ၏ တားဆီးနှောင့်ယှက်ခြင်းကိုလည်း နည်းနည်းလေးမျှ ခံရခြင်းမရှိဘဲ ဟန်လိရှိရာဘက်သို့သာ ဆက်လက်၍ တရွေ့ရွေ့နှင့် တိုးဝင်လို့လာကြတော့သည်။
ဟန်လိသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ ရင်ထဲ၌ မသိစိတ်အရ အံ့ဩသွားခဲ့ရသော်လည်း ထိုတစ္ဆေ ဦးခေါင်းခွံကြီးများထံ၌ အစစ်အမှန် အသွေးအသား ခန္ဓာကိုယ် လုံးဝ ရှိမနေဘဲ ၎င်းတို့သည် သန့်စင်ထားခဲ့ဖူးသော ယင်ဝိညာဉ်များသာ ဖြစ်ကြောင်းကိုလျင်မြန်စွာပင် သဘောပေါက်သွား၏။ သူ၏ ဓားချီမျှင်တန်းများသည် မည်မျှပင် ပြင်းထန်ထက်မြက်လှသည် ဖြစ်ပါစေဦးတော့ ၎င်းတို့သည် ရုပ်ဒြပ် ကင်းမဲ့နေသော အရာဝတ္တုတစ်ခုကိုမူ လွယ်လင့်တကူ ထွင်းဖောက်ဖြတ်တောက်နိုင်စွမ်း ရှိကြမှာ မဟုတ်ပေ။
သို့သော်လည်း ဟန်လိ၏ ရင်ထဲ၌မူ စိုးရိမ်ထိတ်လန့်သွားခြင်းမျိုး ဖြစ်မနေပေ။ ထိုတစ္ဆေ ဦးခေါင်းခွံကြီးများ မိမိ၏ အနီးနားသို့ ချဉ်းကပ်လို့လာကြစဉ်မှာပင် သူသည် လေထုထဲ၌ ရွှေရောင်လျှပ်စီး ကွန်ရက်ကြီးတစ်ခုကို ချက်ခြင်း ဖြစ်ပေါ်လာစေလျက် ၎င်းတို့အား ပိတ်ဆို့တားဆီးရန် အမိန့်ပေးသည်။ ၎င်းတို့သည် တစ္ဆေများသာ ဖြစ်တာကြောင့် သူသည် မိမိ၏ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကို အစွမ်းကုန် အသက်သွင်းရန် ချက်ခြင်း ဆုံးဖြတ်လိုက်သည်။
ဟန်လိ အံ့အားသင့်သွားရသည်မှာ ၎င်းတစ္ဆေဦးခေါင်းများသည် ရွှေရောင်လျှပ်စီးများကို တွေ့သည်နှင့် ကြောက်လန့်ဟန်များ ထုတ်ဖော်ကာ ချက်ခြင်း ရပ်တန့်သွားကြခြင်းပင်။ သို့သော်ငြားလည်း ထိုဂျိုပါသော တစ္ဆေဦးခေါင်းခွံကြီးက အော်ဟစ်သံ ပေးလာသည့်အခါ အခြားတစ္ဆေဦးခေါင်းခွံကြီးများအားလုံးသည် ၎င်းတို့၏ ပါးစပ်များကို ချက်ခြင်း ဟလိုက်ကြပြီး စိမ်းမြမြ မိစ္ဆာမီးတောက် အမျှင်တန်းများကို ရွှေရောင်လျှပ်စီးကွန်ရက်ကြီးပေါ်သို့ တရစပ် မှုတ်ထုတ်လိုက်ကြတော့သည်။
ကျယ်လောင်လှသော မိုးကြိုးခြိမ်းသံကြီးနှင့်အတူ ထိုလျှပ်စီးကွန်ရက်ကြီးသည် လင်းလက်သွားပြီး ၎င်းမိစ္ဆာမီးတောက်အမျှင်များကို ဖျက်စီးပစ်နိုင်ခဲ့သည်။ သို့သော် ၎င်းတို့၏ ဇယ်စပ်မပြတ် တိုက်ခိုက်မှုများကြောင့် ကွန်ရက်ကြီးသည် ရှေ့ဆက်မတိုးသာတော့ပေ။
ဟန်လိ မျက်မှောင်ကြုတ်သွားမိ၏။ သူ့အနေဖြင့် အံ့အားလည်း သင့်မိသွားသည်။ အကယ်၍ ၎င်းတို့မှာ သာမန်မိစ္ဆာမီးတောက်များသာ ဖြစ်နေပါက နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးနှင့် ထိတွေ့မိသည်နှင့် ပျက်စီးသွားရမှာ သေချာသည်။ ယခုအခါတွင် ထိုမိစ္ဆာမီးတောက်များက သူ့လျှပ်စီးများကိုပါ တန်ပြန် ပိတ်ဆို့နိုင်နေသည်။ ထိုအချက်ကြောင့် ဟန်လိရင်ထဲ၌ ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။
ကြည့်ရသည်မှာ ယင်စစ်ထုတ်ခြင်းဂိုဏ်း၏ အထွတ်အမြတ်မှော်ရတနာမှာ ကျော်ကြားမှုနှင့် အမှန်တကယ် ထိုက်တန်ပုံပင်။
ဝတ်ရုံနက်နှင့်လူငယ်သည် ထိုတစ္ဆေ ဦးခေါင်းခွံကြီးများက နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကိုပါ အောင်မြင်စွာ ပိတ်ဆို့တားဆီးထားနိုင်စွမ်း ရှိကြောင်း မြင်တွေ့လိုက်ရသည့်အခါတွင် သူ၏ ရင်ထဲ၌ စိတ်သက်သာရာရကာ မပြုံးမိဘဲ မနေနိုင် ဖြစ်သွားရ၏။ သို့ပေမည့် သူ့စိတ်ထဲတွင်မူ စိုးရိမ်မှုက ရှိနေဆဲပင်။
အကယ်၍ သူ့အလံ၌ ပျက်စီးထိခိုက်ထားခြင်းမျိုး မရှိဘူးဆိုပါက သူသည် ထိုမိစ္ဆာဦးခေါင်းခွံကြီးများအနေဖြင့် နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကို ကောင်းစွာ ခုခံကိုင်တွယ်နိုင်ပါ့မလားဟူသော အချက်အပေါ်၌ နည်းနည်းလေးမျှ စိုးရိမ်ပူပန်နေမိမှာ မဟုတ်ချေ။ သို့သော်ငြားလည်း ၎င်းပစ္စည်း ပျက်စီးသွားခဲ့ပြီးသည့် အချိန်ကတည်းက ပြန်လည်မွန်းမံပြင်ဆင်နိုင်မည့် အခွင့်အရေးမျိုး လုံးဝ ရှိမနေခဲ့တာကြောင့် သူသည် သည်အရာက ထိုနတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီး၏ စွမ်းပကားများကို ကြံ့ကြံ့ခံနိုင်ပါ့မလားဟူသော အချက်အပေါ်၌ အမြဲတမ်းလိုလို စိုးရိမ်ထိတ်လန့်နေခဲ့ရခြင်း ဖြစ်ပေသည်။
ယခုအခါတွင်မူ သူ၏ ရင်ထဲက စိုးရိမ်ပူပန်မှု အားလုံးမှာ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်တာကြောင့် ထိုလူငယ်သည် ရက်စက်လိုဟန် ပြုံးကာ မန္တာန်ချိပ်တံဆိပ် အမြောက်အမြားကို အလံပေါ်သို့ တရစပ် ရိုက်နှက်သည်။ ထိုအလံကြီးထက်က သုံးပေခန့် ကျယ်ပြောလှသော တွင်းနက်ကြီးမှာလည်း တရွေ့ရွေ့နှင့် ပိုမိုကျယ်ပြောလာခဲ့ရပြီး ကိုးပေအထိ အရွယ်အစား ကျယ်ပြန့်သွားရာ ပိုမိုများပြားသော တစ္ဆေဦးခေါင်းများ ထွက်ပေါ်လာတော့သည်။ လေထုထဲတွင်လည်း မိစ္ဆာမြူခိုးကြီးများ တဟုန်ထိုး ပြန့်ကားလို့လာခဲ့ရခြင်းနှင့်အတူ ကြောက်မက်ဖွယ်ကောင်းလှသော တစ္ဆေကြီးများ၏ အော်ဟစ်မြည်တမ်းသံများကိုလည်း ကြားရလေ၏။
သည့်အရင် ဦးခေါင်းခွံကြီးများသည် ရွှေရောင်လျှပ်စီးကွန်ရက်ကို တောင့်ခံထားနိုင်ဆဲ အချိန်မှာပင် ထပ်တိုး ဦးခေါင်းခွံအုပ်စုက ဓားအစီအရင်ကိုပါ ကျော်ဖြတ်လာပြီး ဟန်လိထံ တဟုန်ထိုး တိုးဝင်လာလေပြီ။
ထိုမြင်ကွင်းကို တွေ့မြင်ရသော်လည်း ဟန်လိက သူ့တည်ငြိမ်မှုကို ထိန်းထားနိုင်သည်ပင်။ သူက သိုလှောင်အိတ်ကို ပုတ်ကာ ငိုကြွေးဝိညာဉ်သားရဲကို ဆင့်ခေါ်လိုက်သည်။
ထိုငိုကြွေးဝိညာဉ်မျောက်ငယ်လေးသည် ခုလေးမှ နိုးလာသည့်အလား မျက်လုံးပင် အလုံးစုံ မပွင့်သေး။ တစ်ပျက်တစ်ပျက်သာ ပွင့်နေသေး၏။ သို့သော်လည်း ၎င်းသည် လေထဲရှိ အနံ့ဆိုးများကို ရှုရှိုက်မိသည်နှင့် မျက်လုံးမျက်ဆန်ပြူးလာတော့သည်။ ၎င်းက တစ္ဆေဦးခေါင်းများကို လှမ်းကြည့်လိုက်လေပြီ။
တဟုန်ထိုး တိုးဝင်တိုက်ခိုက်လာကြသော ထိုတစ္ဆေ ဦးခေါင်းခွံကြီးများသည် ထိုငိုကြွေးဝိညာဉ်သားရဲကို မြင်တွေ့လိုက်ကြရသည့် အခိုက်အတန့်တွင် ချောက်ချားကုန်ကြကာ ရောက်သည့်နေရာတွင် ရပ်တန့်သွားကြသည်။ ဤအချိန်၌ ၎င်းတို့ တရစပ် ထုတ်ဖော်နေသော အော်ဟစ်ငြီးငြူသံများလည်း ပျက်တောက်သွားကြ၏။
ဝတ်ရုံနက်လူငယ်က ထိုမြင်ကွင်းကို တွေ့သည့်အချိန်၌ ဓားအစီအရင်မှာ သူ့ထံ နီးကပ်လာနေပြီ ဖြစ်၏။ ထို့ကြောင့် သူ မတုန်လှုပ်မိဘဲ မနေနိုင်တော့ပေ။
စိတ်ထဲ အလျင်လိုနေသောကြောင့် သူ့ပါးစပ်မှ မီးခိုးရောင်အလင်းကို လက်ဝါးပေါ်သို့ မှုတ်ထုတ်၏။ ထိုအလင်းများက သူ့လက်ကို လှည့်ပတ်ရာ သူ၏လက်ချောင်းများ သွေးချင်းချင်း အိုင်ထွက်သွားသည်။ လက်ချောင်းများ သူ့လက်မှ ကျွတ်ထွက်သွားပြီးနောက် ၎င်းတို့သည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကာ ဦးဂျိုနှင့်တစ္ဆေဦးခေါင်းထံ လျင်မြန်စွာ လွင့်မြောသွားသည်။
ကြမ်းကြုတ်သောအလင်းတန်းတစ်ခုသည် ထိုတစ္ဆေဦးခေါင်းခွံကြီး၏ မျက်လုံးအတွင်းကနေ တဖျတ်ဖျတ် လင်းလက်သွားခဲ့ပြီးနောက် ၎င်းသည် ပါးစပ်ကို ဟလိုက်ကာ ထိုသွေးမြူခိုးကြီးကို အစအနမကျန် စုပ်ယူဝါးမြိုပစ်လိုက်သည်။ ထိုဦးခေါင်းခွံပတ်ပတ်လည်ရှိ မီးတောက်များမျာလည်း ရုတ်တရက် ရုန်းကြွပေါက်ကွဲကာ အခြားသောဦးခေါင်းများကိုလည်း အစိမ်းရောင်မီးတောက်အမျှင်တန်း အမြောက်အများဖြင့် ထိုငိုကြွေးဝိညာဉ်သားရဲရှိရာဘက်သို့ တိုက်ခိုက်စေသည်။
ငိုကြွေးဝိညာဉ်သားရဲသည် သည်မြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၌ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အားပါးတရ ထုနှက်ကာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မဟူရာရောင် အလင်းတန်းတစ်ခုကိုပါ ချက်ခြင်း ထွေးခြုံစေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်း၏ခန္ဓာကိုယ်မှာ ပေသုံးဆယ်ခန့် အရွယ်အစားအထိ အဆမတန် ကြီးမားလာခဲ့လေပြီ။။ သည့်နောက်တွင်မူ သူသည် နှာမှုတ်လိုက်မိရင်းက သူ၏ နှာခေါင်းကနေ စူးရှတောက်ပလှသော အဝါရောင် အလင်းမြူခိုးကြီးတစ်ခုကို ချက်ခြင်း မှုတ်ထုတ်လိုက်ရာ ၎င်းသည် တစ္ဆေမိစ္ဆာမီးတောက်များကို အစအနမကျန် ချက်ခြင်း လွင့်စင်သွားစေခဲ့ရုံသာမက ဦးခေါင်းခွံကြီးများထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာတော့သည်။
ထိုအဝါရောင်အလင်းမြူခိုးကြီးသည် ၎င်းတို့၏ အနီးနားသို့ ဖြတ်သန်းသွားသည့် အချိန်တွင် ထိုတစ္ဆေ ဦးခေါင်းခွံကြီးများမှာ ခုခံနိုင်စွမ်းမျိုး လုံးဝ ရှိမနေကြဘဲ ၎င်း၏ အတွင်းသို့ အစအနမကျန် စုပ်ယူဝါးမြိုခြင်းကို ခံလိုက်ရသည်။ အနောက်၌ ကျန်ရစ်နေခဲ့ကြရော့သော အခြားသော တစ္ဆေ ဦးခေါင်းခွံကြီးများသည်လည်း သည်မြင်ကွင်းကြောင့် ရင်ထဲ၌ ကြီးစွာသော ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ အရပ်မျက်နှာအစုံသို့ ကစဥ်ကလျားဖြင့် ချက်ခြင်း ထွက်ပြေးကုန်ကြသည်။ ဦးဂျိုနှင့်တစ္ဆေဦးခေါင်းခွံကြီး၏ ပြင်းထန်လှသော ဒေါသတကြီး အော်ဟစ်သံများကပင် ၎င်းတို့ကို တားဆီးနိုင်စွမ်း မရှိတော့ပေ။
ထိုအခိုက်အတန့်တွင် အဝါရောင်အလင်းမြူခိုးကြီးသည် ထွက်ပြေးပုန်းကွယ်ရန် ကြိုးပမ်းနေကြသော တစ္ဆေ ဦးခေါင်းခွံကြီးများ၏ ပတ်ပတ်လည်ထိ ကျယ်ပြန့်လာခဲ့ပြီး ၎င်းတို့အားလုံးကို ချက်ခြင်း ဝိုင်းရံပစ်လေ၏။ ဦးဂျိုနှင့်တစ္ဆေဦးခေါင်းခွံကြီးသည် သည်မြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ သူ၏ ဦးခေါင်းခွံပတ်ပတ်လည်တွင် အစိမ်းရောင်တောက်တောက် အလင်းတုံးကြီးတစ်ခုကို ချက်ခြင်း သိပ်သည်းစေလိုက်၏။ ၎င်း၏ခန္ဓာကိုယ်ကိုမှာလည်း အဆမတန် ကြီးမားလာ၏။ ၎င်း၏မျက်နှာထက်တွင်လည်း ဆံပင်များ ဝဲကျလာပြီး အစစ်အမှန် တစ္ဆေမိစ္ဆာကြီးတစ်ကောင်အလား လုံးဝ ပြောင်းလဲသါားတော့သည်။ ထိုမိစ္ဆာကြီး ပေါ်ထွက်လို့လာသည်နှင့်တပြိုင်နက် ၎င်းသည် လက်နှစ်ဖက်ကို ချက်ခြင်း ဖြန့်ကား၍ မဟူရာရောင်မီးလုံးကြီး အမြောက်အမြားဖြင့် အဝါရောင် အလင်းမြူခိုးကြီးပေါ်သို့ တရစပ် ပစ်လွှတ်တိုက်ခိုက်သည်။ ပေါက်ကွဲမြည်ဟိန်းသံကြီးများ ဆက်တိုက်ဆိုသလို ဆူညံစွာ ထွက်ပေါ်လို့လာတော့သည်။
သို့သော်ငြားလည်း ထိုမဟူရာရောင်မီးလုံးများသည် အဝါရောင်မြူခိုးအတွင်းသို့ ဝင်ရောက်မိသွားသည်နှင့် ၎င်းတို့၏အစွမ်းသတ္တိအားလုံးမှာ သဲလွန်စမရှိဘဲ ချက်ခြင်း ကွယ်ပျောက်သွားတော့သည်။ ထိုမိစ္ဆာကြီးသည် သည်မြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ လုံးဝ ကြောက်လန့်တုန်လှုပ်သွားပြီး အနောက်သို့ ပြန်လှည့်ကာ ချက်ခြင်း ထွက်ပြေးရန် ကြံစည်လိုက်သည်။ သို့သော် ယခုအခါတွင်မူ ၎င်းအတွက် အခါနှောင်းသွားခဲ့ပြီး ဖြစ်၏။ ထိုအဝါရောင် အလင်းမြူခိုးကြီးသည် ၎င်းထံ မျက်စိတစ်မှိတ်အတွင်း ချက်ခြင်း ချဉ်းကပ်လို့လာပြီးနောက် ၎င်းကိုပါ အစအနမကျန် ချက်ခြင်း စုပ်ယူဝါးမြိုပစ်လိုက်သည်။ မည်သည့်အရာတစ်ခုမျှ မကျန်ရစ်တော့ပေ။
သည့်နောက်တွင်မူ အဝါရောင် အလင်းမြူခိုးကြီးသည် ငိုကြွေးဝိညာဉ်သားရဲ၏ ပါးစပ်အတွင်းသို့ လျင်မြန်စွာဖြင့် ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ငိုကြွေးဝိညာဉ်သားရဲက နောက်ထပ် အလင်းမြူခိုးတစ်ခုကို ထပ်မံ၍ မှုတ်ထုတ်ကာ လက်ကျန်တစ္ဆေဦးခေါင်းခွံများကို အပြီးသတ် ရှင်းထုတ်ပစ်လိုက်တော့သည်။
ထိုမြင်ကွင်းကြောင့် ဝတ်ရုံနက်နှင့်လူငယ်သည် မင်သက်သွား၏။ ကြောက်လန့်သွား၏။ ချောက်ခြားသွားရ၏။ သူသည် အတိတ်တုန်းက ဟန်လိ၏ မျောက်ရတနာလေးသည် ကြေးနီသံချပ်ကာအလောင်းကောင်များအတွင်းက အိုမင်းလှသော ဝိညာဉ်ချီစွမ်းအင်များကိုပါ အစအနမကျန် စုပ်ယူဝါးမြိုပစ်နိုင်စွမ်း ရှိရုံသာမက ၎င်းတို့ထဲက အများစုကိုပါ အစအနမကျန်အောင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိခဲ့ဖူးကြောင်း သတင်းစကားများ ကြားသိထားခဲ့ဖူးသည် ဆိုသော်ငြားလည်း သူသည် ထိုအခြေအနေရပ်ရပ်ကို စိတ်ထဲ အလေးအနက် မထားခဲ့ဖူးပေ။
သူသည် ထိုကဲ့သို့သော နတ်ဝိညာဉ်သားရဲလေးအနေဖြင့် မိမိ၏ ဝိညာဉ်စစ်ထုတ်အလံအတွင်းကနေ ဖြစ်တည်လာခဲ့ဖူးသော ထိုယင်အနှစ်သာရ မိစ္ဆာဦးခေါင်းခွံများကိုပါ ခုလောက်ထိ လွယ်လင့်တကူ ဝါးမြိုဖျက်ဆီးပစ်နိုင်စွမ်း ရှိလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိခဲ့ပေ။ ထိုမျှသာမကသေးဘဲ ထိုအစွမ်းထက်လှသော မိစ္ဆာဦးခေါင်းခွံကြီး ကိုယ်တိုင်ပင်လျှင် တစ်စုံတစ်ရာ တန်ပြန်ခုခံနိုင်စွမ်းမျိုး လုံးဝ ရှိမနေခဲ့ဘဲ ၎င်း၏ အတွင်းသို့ စုပ်ယူဝါးမြိုခြင်းကို ခံလိုက်ရခြင်းက သူ၏ ရင်ထဲ၌ ကြီးစွာသော ကြောက်လန့်တုန်လှုပ်မှုများနှင့်အတူ အကူအညီမဲ့မှု အရိပ်အယောင်များပါ ပေါ်ထွက်လာသည်။
အကယ်၍သာ သူသည် ဟန်လိ၏ ထိုနတ်ဝိညာဉ်သားရဲလေးထံ၌ မိစ္ဆာများနှင့်တစ္ဆေများကိုပါ ဝါးမြိုဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် စွမ်းအားများ ပိုင်ဆိုင်ထားကြောင်းသာ ကြိုသိထားခဲ့ပါက သူ့အနေဖြင့် ဟန်လိနှင့် တစ်ဦးချင်းတိုက်ခိုက်ရန် တာဝန်ကို အလွယ်တကူ လက်ခံခဲ့မိမှာ မဟုတ်ပေ။ ၎င်း၏ မဟာစွမ်းရည်များကား သူတို့အတွက် ရွှေရောင်လျှပ်စီးဝါးနည်းတူ ချိန်းခြောက်နိုင်စွမ်းအပြည့် ရှိနေရော့သည်။
ဤအတွေးများကြောင့် ထိုလူငယ်၏ ရင်ထဲ၌ အကြီးအကျယ် နောင်တရနေလေပြီ။ ယခု ရွှေရောင်ချည်မျှင်တန်းများသည် သူ့ခန္ဓာကိုယ်ဆီသို့ ဆယ်ပေခန့်သာ ဝေးတော့သည့် နေရာအထိ ချက်ခြင်း နီးကပ်လို့လာခဲ့ပြီ ဖြစ်သည်။ သူ၏ သေခြင်းတရားမှာ တရွေ့ရွေ့နှင့် ပိုမိုနီးကပ်လို့လာနေပြီ ဖြစ်တာကြောင့် သူသည် ဆက်လက်၍ တည်ငြိမ်နိုင်စွမ်း မရှိတော့ပါ။ သူ့သိုလှောင်အိတ်ကို အလျင်အမြန် ထိပုတ်လိုက်၏။ အရောင်အသွေးစုံလင်လှသော အလင်းတန်း အမြောက်အမြားနှင့်အတူ ဆန်းပြားလှသော မှော်ရတနာ ရှစ်ခုလုံးမှာ သူ၏ ပတ်ပတ်လည်တွင် ချက်ခြင်း ပေါ်ထွက်လို့လာသည်။
သို့သော်လည်း ၎င်းတို့သည် ဓားအစီအရင်၏ အနားသို့ ရောက်သည်နှင့် မရေမတွက်နိုင်သော ရွှေရောင်အမျှင်တန်းများကြောင့် တစစီဖြစ်ကုန်ကြသည်။
လူငယ်မှာ ဆောက်တည်ရာမရလောက်အောင် ကြောက်မိနေပြီ ဖြစ်၏။ သူက ကြောက်ကန်ကန်ကာ တစ္ဆေစစ်ထုတ်ခြင်းအလံထံ လက်ဝေ့ယမ်းသည်။ အလံ သူ့လက်ထဲ ပြန်ရောက်သည်နှင့် အံတင်းတင်းကြိတ်ကာ လက်နှစ်ဖက်ဖြင့် အလံကို ဆုပ်ကိုင်ကာ ဘယ်ညာဝေ့ယမ်းပစ်သည်။ သူသည် အလံနှင့်တစ်သားတည်း ပေါင်းစပ်သွားပြီး မသတီစရာ အစိမ်းရောင်မြူအဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။
ခုလက်ရှိ၌ သည်ဂိုဏ်းစောင့်ရတနာက ဓားအစီအရင်၏တိုက်ခိုက်မှုများကို ခုခံနိုင်ကောင်းရဲ့၊ သူ့အနေဖြင့် ထွက်ပြေးနိုင်မည့် အခွင့်အရေးတစ်ခု ရနိုင်ကောင်းရဲ့ ဟူ၍သာ မျှော်လင့်နိုင်တော့သည်။ နို့မဟုတ်ပါက သူသည် သေတာ ထိုင်စောင့်နေရလိမ့်မည်။
ဟန်လိက ထိုလူငယ် မျှော်လင့်ချက်မဲ့ကာ ထွက်ပြေးတော့မည်မှန်း သိ၏။ ထို့ကြောင့် သူ့ပါးစပ်ကိုဟကာ ရွှေရောင်လျှပ်စီးလုံးတစ်လုံးကို မှုတ်ထုတ်သည်။ ၎င်းသည် သူ့ပါးစပ်ကနေ ထွက်သွားသည်နှင့် ပေါက်ကွဲထွက်ကာ ရွှေရောင်ပိုက်ကွန်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ဟန်လိက အသွင်ပြောင်းလဲထားသောဝတ်ရုံနက်နှင့်လူငယ် ဓားအစီအရင်နားသို့ ရောက်လာချိန်။ ရွှေရောင်အမျှင်တန်းများက သူ့ကို ရစ်ပတ်လာ၏။ သူ့အား ကာကွယ်ပေးထားသော ယင်မြူများနှင့် ထိပ်တိုက်တွေ့၏။ မျက်စိတစ်မှိတ်အတွင်း မြူအများစုမှာ လွင့်ပြယ်သွားရသည်။ ရွှေရောင်အမျှင်တန်းများကို သူ့ကို ထွက်ပြေးမည့် အခွင့်အရေးမျိုး မပေး။ သူ့လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ထား၏။ အကြွင်းအကျန် ယင်မြူလွှာကြားထဲမှ ထိုလူငယ်၏ အကြောက်အကန် အော်ဟစ်သံ ထွက်ပေါ်လို့လာသည်။
“မင်း ငါ့ကို တကယ် သတ်ချင်နေတာလား။ ဝိညာဉ်ချိပ်ပိတ်ကျိန်စာကို ဖယ်ရှားနိုင်မဲ့နည်းလမ်းကို မင်း တကယ်ပဲ မလိုချင်တော့တာလား။”
ဟန်လိက တည်ငြိမ်စွာ တုံ့ပြန်သည်။
“စိတ်မပူပါနဲ့။ ငါ မင်းရဲ့ ပင်မစိတ်ဝိညာဉ်ကနေ သတင်းအချက်အလက် ထုတ်ယူလိုက်မှာပေါ့။”
“မင်း ငါ့အပေါ် စိတ်ဝိညာဉ်ရှာဖွေခြင်းပညာရပ် အသုံးပြုချင်နေတာပေါ့။ မင်း…မလုပ်နဲ့…အား…အဲ့လို မလုပ်နဲ့။”
လူငယ်သည် ကြောက်သေးပန်းကာ ဝူးဝူးဝါးဝါး အော်ဟစ်လိုက်သည်။ သို့သော် သူ့ကို ကာကွယ်ပေးထားသော နောက်ဆုံးယင်မြူလွှာမှာ ပျက်စီးသွားလေပြီ။ သူ့ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ဖြစ်သွားရလေပြီ။ အစိမ်းရောင်အလင်းလုံးတစ်လုံးသာ ကျန်ခဲ့လေ၏။ ၎င်းမှာ လူငယ်၏စဦးစိတ်ဝိညာဉ်ပင်။
၎င်းစဦးစိတ်ဝိညာဉ်က ထွက်ပြေးရန် ကြိုးစားပြန်သည်။ သို့သော် ဟန်လိက အပြင်ဘက်တွင် နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးပိုက်ကွန်ကို ချခင်းထားပြီး မဟုတ်လား။ သူက ပိုက်ကွန်ထံ လက်ညွှန်ကာ အမိန့်ပေးသည်။
“ချုပ်နှောင်စေ…”
ပိုက်ကွန်သည် ချက်ခြင်းပင် လူငယ်၏စဦးစိတ်ဝိညာဉ်နား တိုးကပ်လာသည်။ ၎င်းစဦးစိတ်ဝိညာဉ်သည် ပိုက်ကွန်နှင့် ထိမိသည်နှင့် နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ၎င်းက မကျေမနပ် ဆို၏။
“မင်း အဲ့ပညာရပ် ငါ့အပေါ် အသုံးပြုမယ်ဆို ငါ့ကိုယ်ငါ ဖောက်ခွဲပစ်လိုက်မယ်။ မင်းကို အောင်မြင်ခွင့် မပြုနိုင်ဘူး။”
“ဖောက်ခွဲပစ်မယ်တဲ့လား။”
ဟန်လိသည် မျက်မှောင်ကြုတ်သွားကာ ပိုက်ကွန်ကို ရပ်တန့်စေသည်။ စဦးစိတ်ဝိညာဉ်သည် ထိုအဖြစ်ကြောင့် ဝမ်းသာသွားပြီး ချက်ခြင်း လှမ်းအော်သည်။
“ငါ့ကို လွှတ်ပေးပါ။ ငါ ကျိန်စာကို ဖယ်ရှားပေးပြီး မင်း တာအိုလက်တွဲဖော်ရဲ့အသက်ကို ကယ်တင်ပေးပါ့မယ်။ အဲလိုမှ မဟုတ်ရင် မင်း ကျိန်စာဖယ်ရှားနိုင်မဲ့နည်းလမ်း လုံးဝ ရှိတွေ့မှာ မဟုတ်ဘူး။”
ဟန်လိ တိတ်ဆိတ်သွား၏။ အခြေအနေအရပ်ရပ်ကို သူ သုံးသပ်နေသည်။ ဤအခိုက်အတန့်တွင် အလင်းတန်းတစ်ခု ဖြတ်ခနဲ့ ပေါ်လာပြီး ခရမ်းရောင်ပိုက်ကွန်တစ်ခုသည် စဦးစိတ်ဝိညာဉ်ကို ဝိုင်းရံကာ တုပ်နှောင်ပစ်လာသည်။ ထိုအလင်း၏နောက်ကွယ်တွင် ငွေရောင်လ ပေါ်လာသည်။ သူမက ပါးစပ်ကနေ ပန်းရောင်မြူများကို အမြန်ထွေးထုတ်၏။ သူမ၏လက်ချောင်းများမှ ငွေရောင်အလင်းတန်းများ ထုတ်ဖော်၍လည်း တရစပ် တိုက်ခိုက်လိုက်၏။