အခန်း ၇၉၂
Vol. 57 Ch. 792
အပိုင်း (၇၉၂) : အနောက်ဖျားဒေသသို့ ခရီးစဉ်
ဟန်လိသည် ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီးနောက် ညည်းတွားသလို ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။
"ယင်စစ်ထုတ်ဂိုဏ်းရဲ့ အကြီးအကဲဟာ ကျိန်စာတိုက်တဲ့ နည်းလမ်းကိုပဲ သိတာပါ... ဘယ်လို ပြန်ဖြေရမလဲဆိုတာကိုတော့ သူကိုယ်တိုင်လည်း မသိပါဘူး။ ကျုပ်ရဲ့ စိတ်ဝိညာဉ်ရှာဖွေခြင်းအတတ်ပညာအရ သိရသလောက်ဆိုရင် ဒီကျိန်စာကို ဖြေနိုင်တဲ့ နည်းလမ်းကို ယင်စစ်ထုတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတို့ နှစ်ယောက်ပဲ သိကြတာ။ ကျန်တဲ့ အကြီးအကဲတွေလည်း ကျိန်စာဖြေနည်းကို မသိကြပါဘူး"
"သူက ကျိန်စာဖြေနည်းကို မသိဘူး ဟုတ်လား..."
စီနီယာအစ်ကိုချန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး မယုံကြည်နိုင်သည့်အလား မေးမြန်းလိုက်၏။
ဟန်လိ၏ မျက်နှာတွင်မူ သုန်မှုန်သော အရိပ်ယောင်များ ယှက်သန်းသွားတော့သည်။
"ဟုတ်ပါတယ်... စိတ်ဝိညာဉ်တံဆိပ်ခတ်ကျိန်စာကို ဖယ်ရှားတဲ့ နည်းလမ်းဟာ ယင်စစ်ထုတ်ဂိုဏ်းရဲ့ အလွန်တရာ အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းပြားတဲ့ အတတ်ပညာတစ်ခု ဖြစ်ပုံရတယ်။ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတို့နှစ်ယောက်ဆီပဲ ဒီနည်းလမ်းကို လက်ဆင့်ကမ်း ပေးခဲ့တာမျိုး"
စီနီယာအစ်ကိုချန်း၏ မျက်နှာမှာ အလွန်ပင် လေးနက်သွားတော့၏။
"ဒီကျိန်စာကို ဖယ်ရှားဖို့ နည်းလမ်းမရှိဘူးဆိုရင် ညီမလေး နန်ကုန်းကတော့..."
ဟန်လိက မျက်လုံး အရောင်လက်သွားပြီး ဆက်လက်ပြောဆိုလိုက်သည်။
"ဒီကျိန်စာကို တိုက်ရိုက်ဖယ်ရှားဖို့ နည်းလမ်းမရှိဘူးဆိုပေမဲ့ ဒီလောကကြီးထဲမှာ တခြားနည်းလမ်းတွေ လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ကျုပ် ယင်စစ်ထုတ်ဂိုဏ်း အကြီးအကဲရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေကြည့်ပြီးတဲ့နောက်မှာတော့ ထူးခြားတဲ့ ရတနာအချို့ရဲ့ အကူအညီနဲ့ ဒီကျိန်စာကို အတင်းအကြပ် ဖောက်ဖျက်ပစ်လို့ရမယ့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်"
ထိုစကားကို ကြားရသောအခါ အဘိုးအိုသည် စိတ်လှုပ်ရှားသွားပြီး မေးမြန်းလိုက်၏။
"ဘယ်လိုရတနာမျိုးက ဒီကျိန်စာကို ဖယ်ရှားနိုင်မှာလဲ... ကျေးဇူးပြုပြီး ကျုပ်ကို ပြောပြပါဦး"
ဟန်လိက သက်ပြင်းချရင်း ဆိုလိုက်သည်။
"ဒီရတနာတွေအားလုံးဟာ ဒီလောကကြီးထဲမှာ ရှာဖွေဖို့ အလွန်တရာ ခက်ခဲလှတယ်။ ကျုပ်ကိုယ်တိုင်လည်း ရှာတွေ့နိုင်ပါ့မလားဆိုတာ မသေချာပါဘူး..."
ထို့နောက် သူသည် ထိုရတနာအမည်များကို တီးတိုးရေရွတ်လိုက်ရာ စီနီယာအစ်ကိုချန်းမှာ ထိတ်လန့်တကြား ဖြစ်သွားရတော့သည်။
အဘိုးအိုက သူ့ဘာသာ ရေရွတ်လိုက်၏။
"ကောင်းကင်တောင်ပိုင်းလောကတင်မကဘဲ တစ်လောကလုံးမှာပါ ဒီလိုရတနာမျိုး ရှိနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပဲ..."
ဟန်လိ၏ နှုတ်ခမ်းထောင့်က မသိမသာ တွန့်ကွေးသွားပြီးနောက် တည်ငြိမ်စွာပင် ပြန်လည်ပြောဆိုလိုက်သည်။
"ဒါကလည်း သေချာတော့ မပြောနိုင်ပါဘူး။ ကျုပ် အမှတ်မထင်ဘဲ အဲ့ဒီရတနာတွေထဲက တစ်ခုရှိတဲ့နေရာကို သိထားပါတယ်။ ဒါပေမဲ့ အဲ့ဒီကို သွားပြီး ယူဖို့ကတော့ လုံးဝ မလွယ်ကူပါဘူး။ အခွင့်အရေးတစ်ခုရဖို့အတွက် ကျုပ် သေသေချာချာ ကြိုတင်ပြင်ဆင်ရပါလိမ့်မယ်"
အဘိုးအိုသည် ဟန်လိ၏ စကားကြောင့် အံ့အားသင့်သွားသော်လည်း ဟန်လိက အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိသည်ကို မြင်သောအခါ သူကလည်း ဆက်လက်မမေးမြန်းတော့ချေ။ ထို့ကြောင့် သူက စိတ်ရင်းဖြင့်ပင် ဆိုလိုက်သည်။
"ဒီကိစ္စအတွက် ကျုပ်တို့ ဂိုဏ်းအနေနဲ့ ကူညီပေးရမယ့်အရာများ ရှိမလား... အားမနာဘဲသာ ပြောပါ"
ဟန်လိက ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ခေါင်းခါလျက် ငြင်းပယ်လိုက်၏။
"မလိုပါဘူး... အစ်ကိုချန်းတို့ ကူညီလို့ရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး။ လူအင်အားသုံးပြီး ဖြေရှင်းလို့ရတဲ့ ပြဿနာ မဟုတ်လို့ပါ"
အဘိုးအိုက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ဆိုလိုက်သည်။
"မိတ်ဆွေဟန်အနေနဲ့ အခြေအနေကို သေသေချာချာ တွက်ချက်ထားပြီးပြီဆိုမှတော့ ကျုပ်လည်း ဆက်ပြီး မမေးတော့ပါဘူး။ ဒါပေမဲ့ မင်း ဘာပဲလိုအပ်လိုအပ်... ကျုပ်တို့ ဂိုဏ်းရဲ့ အင်အားကို အချိန်မရွေး အသုံးပြုနိုင်ပါတယ်"
ဟန်လိက ပြုံးလိုက်ပြီး ဆို၏။
"ကျေးဇူးအများကြီးတင်ပါတယ်... ခင်ဗျားရဲ့ စေတနာကို ကျုပ် မှတ်သားထားပါ့မယ်။ အခု ကျုပ် ဝမ်အာ ဆီကို သွားကြည့်လိုက်ဦးမယ်"
စီနီယာအစ်ကိုချန်းသည် ဟန်လိကို နှုတ်ဆက်ပြီးနောက် ခန်းမဆောင်အတွင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး သူ၏ လှိုဏ်ဂူနေအိမ်ရှိရာသို့ ပျံသန်းထွက်ခွာလာ၏။
လျှို့ဝှက်အခန်းငယ်လေးအတွင်းရှိ အခြေအနေမှာ အတိတ်တုန်းကအတိုင်းပင် ငြိမ်သက်နေဆဲဖြစ်ပြီး ရေခဲတုံးကြီးတစ်ခုမှာလည်း အခန်းအလယ်တွင် ရှိနေပေသည်။ ဟန်လိသည် ထိုရေခဲတုံးကြီး၏ ရှေ့တွင် မတ်တပ်ရပ်ရင်း အထဲ၌ အေးခဲနေသော မိန်းမပျိုလေးကို စဉ်းစားမရနိုင်သော မျက်နှာပေးဖြင့် စိုက်ကြည့်နေမိ၏။
သူသည် ထိုနေရာ၌ အချိန်မည်မျှကြာအောင် ရပ်နေမိသည်မသိဘဲ သူ၏ မျက်နှာထက်တွင် ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားပြီးနောက် တိုးညင်းစွာဖြင့် ရေရွတ်လိုက်တော့သည်။
"ဝမ်အာ... မင်းရဲ့ သတ္တိကတော့ တကယ့်ကို လက်လန်ပါတယ်။ အသက်ရှင်ဖို့ မျှော်လင့်ချက်အမျှင်တန်းလေးတစ်ခုအတွက်နဲ့ မင်းရဲ့ ခန္ဓာကိုယ်ပွားအတတ်ပညာတွေထဲက အန္တရာယ်အရှိဆုံးဖြစ်တဲ့ ကောင်းကင်လမင်းကျင့်စဉ်ကိုတောင် အရဲစွန့်ပြီး ကျင့်ကြံခဲ့တယ်ပေါ့။ ဒီကျင့်စဉ်ကို ကျင့်ကြံလိုက်ရင် မင်းကို ပြန်လည်မွေးဖွားသွားစေမယ်ဆိုတာကို မင်းမသိခဲ့ဘူးလား..."
"တကယ်လို့ ကျုပ်သာ မင်းရဲ့ စိတ်ဝိညာဉ်တံဆိပ်ခတ်ကျိန်စာကို ဖယ်ရှားပေးနိုင်ခဲ့ရင်တောင် မင်းရဲ့ ဒီကျင့်စဉ်ကြောင့် တစ်ခုခု ထပ်ဖြစ်လာမှာကို ကျုပ် ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေနိုင်ပါ့မလဲ..."
သူ၏ စကားသံမှာ တဖြည်းဖြည်း တိုးညင်းသွားတော့၏။ ထို့နောက် သူ၏ လက်ဖြင့် ထူထဲလှသော ရေခဲတုံးကြီးကို အသာအယာ တို့ထိလိုက်ပြီး နန်ကုန်းဝမ်၏ မျက်နှာလေးကို ယုယုယယဖြင့် ပွတ်သပ်နေမိသည်။
"မင်းအပေါ်ကို ကျိန်စာတိုက်ခဲ့တဲ့ ကျင့်ကြံသူကိုယ်တိုင်က ကျိန်စာဖြေနည်းကို မသိဘူးဆိုတာကိုတော့ မင်း ကြိုတင်တွက်ဆထားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အများကြီး စိုးရိမ်မနေပါနဲ့ဦး... ကျုပ် စိတ်ဝိညာဉ်ရှာဖွေခြင်းအတတ်ကနေတစ်ဆင့် တခြားနည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒီရတနာတွေဟာ ဒီလောကကြီးထဲမှာ ရှားပါးလှတယ်ဆိုပေမဲ့ ကံကောင်းထောက်မစွာနဲ့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲမှာ အဲ့ဒီရတနာတွေထဲက တစ်ခု ရှိနေတယ်လေ"
"အတွင်းအမြုတေတစ်ခုကို ရှာဖို့ဆိုတာ ပုံမှန်အားဖြင့် မဖြစ်နိုင်ပေမဲ့ အခုလောလောဆယ် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲမှာ ရှေးဟောင်းမီးတောက်ဖားပြုတ် တစ်ကောင် ရှိနေတာ သေချာပါတယ်။ နောက်ထပ် နှစ်အနည်းငယ်ကြာရင် ကျုပ် အဲ့ဒီချောက်ကမ်းပါးထဲကို လုံးဝ တွေဝေမနေဘဲ စွန့်စားဝင်ရောက်ပါ့မယ်။ ဒီနည်းလမ်းက ကျိန်စာရဲ့ သက်ရောက်မှုကို တစ်ဝက်လောက်ပဲ ဖယ်ရှားပေးနိုင်မယ်လို့ ဆိုပေမဲ့လည်း... ကျိန်စာရဲ့ စွမ်းအားကို အကြီးအကျယ် အားနည်းသွားစေမှာ ဖြစ်တဲ့အတွက် ကျုပ် ကျင်းနိုင်ငံကို သွားဖို့အတွက် အချိန်အလုံအလောက် ရပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကျုပ် ဘာပဲလုပ်ရလုပ်ရ... မင်းကို ဒီကျိန်စာဒုက္ခကနေ အပြီးသတ် ကယ်တင်ပေးနိုင်မယ့် နည်းလမ်းကို ကျိန်းသေပေါက် ယူဆောင်လာခဲ့ပါ့မယ်..."
ဟန်လိ၏ နောက်ဆုံးစကားလုံးများမှာ ရေခဲတမျှ အေးစက်ခက်ထန်သွားတော့သည်။
နန်ကုန်းဝမ်ကို စကားပြောပြီးနောက် ဟန်လိ၏ ရင်ထဲတွင် သုန်မှုန်အုံ့ဆိုင်းသွားခဲ့ရ၏။ လျှို့ဝှက်ခန်းငယ်လေးအတွင်း ခေတ္တမျှ ထပ်မံရပ်နေပြီးနောက် သူသည် အပြင်သို့ လှမ်းထွက်ခဲ့ပြီး သူ၏ လှိုဏ်ဂူနေအိမ်ရှိရာသို့ ပြန်လည်ပျံသန်းလာခဲ့တော့သည်။
သူ၏ လှိုဏ်ဂူနေအိမ် ပင်မခန်းမဆောင်အတွင်း ရောက်ရှိသွားသောအခါ ဟန်လိသည် ခေါင်းငုံ့လျက် အတွေးထဲ နစ်မြောနေလေသည်။ ငွေရောင်လကမူ သူ၏ဘေးတွင် ငြိမ်သက်စွာ ရပ်နေရင်း ဟန်လိကို စနောက်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။
ဟန်လိက ခေါင်းကိုပင် လှည့်မကြည့်ဘဲ မထူးခြားနားသော လေသံဖြင့် မေးလိုက်သည်။
"ဘာကို ဒီလောက်အထိ စိုက်ကြည့်နေတာလဲ... ကျုပ်မျက်နှာပေါ်မှာ တစ်ခုခု ထူးဆန်းနေလို့လား"
"သခင်ကတော့ နောက်ပြီ... ကျမက သခင် ဘာဆုံးဖြတ်မလဲဆိုတာကိုပဲ သိချင်လို့ပါ။ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို ဝင်ဖို့ အချိန်က အများကြီး မလိုတော့ဘူးလေ။ ဒါ့အပြင် နတ်သမီးခရမ်းဝိညာဉ်ရော မြို့စားကြီးနန်းလုံပါ သခင့်ကို သူတို့နဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ထားကြတာပဲ။ သခင်က ဘယ်သူနဲ့ အတူတူ သွားဖို့ စဉ်းစားနေတာလဲ..."
ငွေရောင်လ၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆက်လက်ပြောဆိုလိုက်သည်။
"နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးဟာ ကောင်းကင်တောင်ပိုင်းလောကရဲ့ အန္တရာယ်အရှိဆုံး နေရာတစ်ခုအဖြစ် ကျော်ကြားတာကို သခင်လည်း သိတာပဲ။ သခင့်မှာ ကြီးမားတဲ့ စွမ်းရည်တွေ ရှိနေတယ်ဆိုရင်တောင် အဲ့ဒီကို သွားရမှာဆိုရင် စိုးရိမ်ရပါတယ်။ မိန်းမပျို နန်ကုန်းဝမ်ကို ကယ်တင်ဖို့အတွက် တခြားနည်းလမ်းများ မရှိတော့ဘူးလား... အဲ့ဒီကို သွားရမှာက အသက်အန္တရာယ် လုံးဝ ကြီးမားလွန်းလို့ပါ"
ဟန်လိက တည်ငြိမ်စွာဖြင့် ခေါင်းခါပြလိုက်၏။
"တခြားရတနာတွေ ဟုတ်လား... မင်းဆိုလိုတာက ရွှေနက်ငှက်ရဲ့ ဥခွံလား၊ ဒါမှမဟုတ် ဉာဏ်အလင်းပန်းပွင့်ရဲ့ အသီးလား... ဒီရတနာတွေဟာ ဒီလောကကြီးထဲမှာ ပျောက်ကွယ်သွားခဲ့တာ ကြာလှပါပြီ။ တကယ်လို့ ရှိနေဦးမယ်ဆိုရင်တောင် ဘယ်သူမှ မသိနိုင်တဲ့ လျှို့ဝှက်ဆန်းပြားတဲ့ နေရာတွေမှာပဲ ရှိနေမှာမို့ ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ရှေးဟောင်းမီးတောက်ဖားပြုတ်ရဲ့ အတွင်းအမြုတေကို ရဖို့ကသာ ကျုပ်အတွက် အလွယ်ကူဆုံး အခွင့်အရေး ဖြစ်လိမ့်မယ်။ ကျုပ်သာ ဆရာသခင်ချန်းကုန်း ချန်ထားခဲ့တဲ့ လမ်းကြောင်းအတိုင်း သတိကြီးကြီးထားပြီး သွားမယ်ဆိုရင်... လောဘဇော မတက်သရွေ့ အသက်အန္တရာယ် ကြုံရမှာ မဟုတ်ပါဘူး။ ဘယ်သူနဲ့ လက်တွဲမလဲဆိုတာကိုတော့ နောက်မှပဲ ဆုံးဖြတ်ရမှာပေါ့"
ငွေရောင်လက ခေါင်းငုံ့လိုက်ပြီး ထပ်မံ၍ ငြင်းခုံခြင်းမပြုတော့ချေ။
"သခင် ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကျမလည်း ဘာမှ မပြောတော့ပါဘူး"
ဟန်လိက ပြုံးလိုက်ပြီး သူ၏မေးစေ့ကို ပွတ်သပ်ရင်း ဆိုလိုက်၏။
"နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို မဝင်ခင်မှာ ကျုပ် အနောက်ဖျားဒေသကို အရင်သွားရမယ်။ မဟာဖွံ့ဖြိုးခြင်းပညာရပ်ရဲ့ နောက်ဆုံး အဆင့်နှစ်ဆင့်ကို ရအောင် အရင်လုပ်ရမယ်။ ဒါ့အပြင် ဝါးတစ်ထောင်ကျောင်းတော်မှာ အဆင့်မြင့်ရုပ်သေးတွေ သန့်စင်တဲ့ နည်းစနစ်တွေ ရှိ၊ မရှိ ဆိုတာကိုလည်း သွားကြည့်ရဦးမယ်။ မိုးမျှော်ကောင်းကင်မြို့တော်ကနေ ကျုပ် ရခဲ့တဲ့ ရုပ်သေးသန့်စင်နည်းတွေကတော့ လောလောဆယ် သုံးလို့မရသေးဘူး... အဲ့ဒီအတွက် လိုအပ်တဲ့ ပစ္စည်းတွေက ဒီလောကမှာ ရှားပါးလွန်းလို့ပဲ။ အထူးသဖြင့် အဓိက အမယ်ပစ္စည်းဖြစ်တဲ့ နှစ်တစ်သောင်းသံဝါးက ကြံ့ခိုင်လာဖို့အတွက် ဆန်းကြယ်တဲ့ အစိမ်းရောင်အရည် အမြောက်အမြား လိုအပ်တယ်လေ။ ဒါက အချိန်တိုအတွင်းမှာ ကျုပ် သန့်စင်နိုင်မယ့်အရာ မဟုတ်ပါဘူး။ ဝါးတစ်ထောင်ကျောင်းတော်ဆီမှာတော့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနဲ့ တန်းတူရှိတဲ့ ရုပ်သေးသန့်စင်နည်းတွေ ရှိနေမှာ သေချာတယ်။ အဲ့ဒီရုပ်သေးတွေသာ ရှိမယ်ဆိုရင် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို ဝင်ရတာ အများကြီး ပိုပြီး ဘေးကင်းလိမ့်မယ်။ နှစ်အနည်းငယ်အတွင်းမှာ ကျုပ်ရဲ့ မှော်ရတနာတွေကို ပိုမိုအားကောင်းအောင် လုပ်ဖို့ ဒါမှမဟုတ် ကျင့်စဉ်အသစ်တွေကို ကျင့်ကြံဖို့ဆိုတာ အချိန်မလုံလောက်နိုင်ဘူး"
ဟန်လိက အစီအစဉ်များ ကြိုစဉ်းစားထားပြီး ဖြစ်နေသည်။
"သခင်ပြောတာ တကယ့်ကို အဓိပ္ပာယ်ရှိပါတယ်။ သခင်ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့" ငွေရောင်လက ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံး၍ သဘောတူလိုက်၏။ သူမ၏ မျက်နှာထက်တွင် ဆွဲမက်ဖွယ်ကောင်းသော အရိပ်ယောင်များ ယှက်သန်းသွားတော့သည်။
သို့သော် ထိုအချိန်တွင် ဟန်လိ၏ စိတ်ထဲ၌ တစ်ခုခုကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
"ဒါပေမဲ့လည်း... အနောက်ဖျားဒေသဟာ ကောင်းကင်တောင်ပိုင်းလောကနဲ့ ထိစပ်နေတယ်ဆိုပေမဲ့ အဲ့ဒီကို သွားဖို့ဆိုတာ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ လမ်းမှန်တာအိုရဲ့ ကျူးနိုင်ငံ ကို ဖြတ်သန်းရမယ့်အပြင် လီပေါင်းများစွာ ကျယ်ပြောလှတဲ့ သဲကန္တာရကြီးကိုပါ ဖြတ်ကျော်ရဦးမှာပါ"
"သဲကန္တာရ ဟုတ်လား..."
ငွေရောင်လက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။
"ဟုတ်တယ်... အဲ့ဒီသဲကန္တာရက လုံးဝကို ထူးဆန်းလှတယ်။ အမည်မသိ အကြောင်းရင်းကြောင့် ကောင်းကင်ယံမှာ ပြင်းထန်တဲ့ လေဆင်နှာမောင်းတွေ အမြဲတမ်း တိုက်ခတ်နေတတ်တယ်။ တကယ်လို့ ကျုပ်တို့က အဲ့ဒီကို ဖြတ်ကျော်ချင်ရင် ခြေကျင်ပဲ သွားရလိမ့်မယ်... မဟုတ်ရင် ခရီးလမ်းဝက်မှာတင် ကျုပ်တို့ရဲ့ ဝိညာဉ်စွမ်းအားတွေ အကုန်လုံး ခမ်းခြောက်သွားလိမ့်မယ်။ ဒါ့အပြင် အနောက်ဖျားဒေသရဲ့ အရွယ်အစားဟာ ကောင်းကင်တောင်ပိုင်းလောကက အလယ်အလတ်အဆင့် နိုင်ငံနှစ်ခုစာလောက်ပဲ ရှိပြီး အလွန်ပင် ဆင်းရဲနွမ်းပါးလှတယ်။ ဒါကြောင့် ကောင်းကင်တောင်ပိုင်းက ကျင့်ကြံသူအများစုဟာ အဲ့ဒီဒေသ ရှိမှန်း သိကြပေမဲ့ ဘယ်သူမှ ဒုက္ခခံပြီး အဲ့ဒီသဲကန္တာရကို မဖြတ်ကျော်ချင်ကြဘူး။ ဒါ့အပြင် အဲ့ဒီဒေသတစ်ခုလုံးကို ဝါးတစ်ထောင်ကျောင်းတော်ကပဲ အပိုင်စိုးထားတာလို့ ဆိုကြတယ်"
ငွေရောင်လက မျက်မှောင်ကြုတ်လျက် စိုးရိမ်တကြီး ဆိုလိုက်၏။
"သဲကန္တာရထဲမှာ ပျံသန်းလို့မရဘူးဆိုရင် ခရီးလမ်းက အချိန်အများကြီး ကြာသွားနိုင်တယ် မဟုတ်လား"
"ခြေကျင်ပဲ သွားရမယ်ဆိုရင်တော့... ခရီးလမ်းက ချောမွေ့ရင်တောင် အသွားအပြန် တစ်နှစ်လောက် အချိန်ယူရပါလိမ့်မယ်။ ဒါကြောင့် ကျုပ် မထွက်ခွာခင်မှာ သေသေချာချာ ကြိုတင်ပြင်ဆင်ရမယ်။ ကျုပ် ပြင်ဆင်နေတဲ့ အချိန်အတွင်းမှာ မင်း ကျုပ်ကို ကူညီပေးရမယ့် ကိစ္စတစ်ခု ရှိတယ်... ဒါကို မင်းလက်ထဲပဲ အပ်လိုက်ပါ့မယ်။ ဒီရတနာပေါ်ကို ဆန်းကြယ်တဲ့ အစိမ်းရောင်အရည်တွေ လောင်းချပေးပြီး ရှင်သန်လာမယ့် အရိပ်အယောင် ရှိ၊ မရှိ သေချာ စောင့်ကြည့်ပေးပါဦး"
ဟန်လိက ပြောပြောဆိုဆိုဖြင့် သူ၏ သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူကာ သူမထံသို့ ကမ်းပေးလိုက်သည်။
ငွေရောင်လသည် သေတ္တာအတွင်းရှိ အရာကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး အံ့ဩတကြီး အော်ဟစ်လိုက်၏။
"ဒါ... လျှို့ဝှက်ဆန်းပြားတဲ့ နတ်သမီးလက်ဝါးရတနာ မဟုတ်လား... သခင်က ဒါကို ကျမလက်ထဲ တကယ်ပဲ အပ်မလို့လား..."
ဟန်လိက ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ဆို၏။
"ဟားဟား... တကယ်လို့ ဒီရတနာက အသက်ပြန်မဝင်လာဘူးဆိုရင်တော့ သာမန် ရတနာသန့်စင်ပစ္စည်းတစ်ခုအဖြစ်ပဲ သုံးရုံပေါ့။ ဒါ့အပြင် ကျုပ် ဒီအချိန်အတွင်းမှာ သစ်သားစဦးစိတ်ဝိညာဉ် ကိုပါ တစ်ပါးတည်း သန့်စင်ဖို့ စဉ်းစားထားတယ်။ ပြီးတော့ အိမ်မက်တိမ်တိုက်တောင်တန်းက အလောင်းကောင်နတ်ဆိုး ကိစ္စကိုလည်း ဖြေရှင်းရဦးမယ်။ ကျုပ် ယင်စစ်ထုတ်ဂိုဏ်း အကြီးအကဲဆီကနေ အဲ့ဒီအလောင်းကောင်နတ်ဆိုး ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတစ်ခု ရခဲ့တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီနတ်ဆိုးကောင်ကို ဒီအတိုင်း လွှတ်ထားရင် အိမ်မက်တိမ်တိုက်တောင်တန်း အတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တာမို့... ကျုပ် ကိုယ်တိုင် သွားပြီး ကိုင်တွယ်ရလိမ့်မယ်။ ဒီလောက်အထိ အလုပ်ရှုပ်နေတာမို့ လှိုဏ်ဂူနေအိမ်ရဲ့ အရေးကိစ္စအားလုံးကိုတော့ မင်းလက်ထဲပဲ အပ်ခဲ့ရပါတော့မယ်"
"ကောင်းပါပြီ... သခင် မှာကြားတဲ့အတိုင်း ကျမ သေသေချာချာ လုပ်ဆောင်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် ကျမကိုယ်တိုင် သခင့်ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့တာပဲလေ..."
ငွေရောင်လက နှုတ်ခမ်းကို မသိမသာ စူလိုက်ပြီး အကူအညီမဲ့သော လေသံဖြင့် သဘောတူလိုက်တော့သည်။
ဟန်လိက အားပါးတရ ပြုံးလိုက်ပြီးနောက် စကားအနည်းငယ် ထပ်မံမှာကြားကာ ပင်မခန်းမဆောင်အတွင်းမှ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ငွေရောင်လမှာ ခေတ္တမျှ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပြီးနောက် ဟန်လိကို ချက်ချင်းပင် လှမ်း၍ တားဆီးလိုက်၏။
"သခင်... ကျမစိတ်ထဲမှာ အချိန်အတော်ကြာအောင် ဇဝေဇဝါ ဖြစ်နေရတဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ။ သခင့်ကို မေးခွင့်ပြုပါဦး..."
သူမ၏မျက်နှာထက်တွင် အလွန်ပင် လေးနက်သော အမူအရာတစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့သည်။