← Chapters

အခန်း ၇၉၃

Vol. 57 Ch. 793

အခန်း ၇၉၃

Vol. 57 Ch. 793

အပိုင်း (၇၉၃) : အောင်နိုင်ခြင်း

"ဘာကိစ္စများ ရှိလို့လဲ..."

ဟန်လိသည် သူ၏ခေါင်းကို လှည့်ကာ ငွေရောင်လကို သိချင်စိတ်ပြင်းပြနေသော မျက်နှာပေးဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။

ငွေရောင်လက လေးနက်သော လေသံဖြင့် ထပ်ပြောလာသည်။

"သခင်က ကျမကို ရတနာဝိညာဉ်တစ်ခုအဖြစ် လက်ခံပြီးကတည်းက... တိုက်ပွဲတွေထဲမှာဖြစ်ဖြစ်၊ ဒါမှမဟုတ် သခင်ရဲ့ ပျံသန်းခြင်းဓားတွေရဲ့ စွမ်းအားကို မြှင့်တင်ဖို့အတွက်ဖြစ်ဖြစ် ကျမကို ရတနာဝိညာဉ်တစ်ခုအနေနဲ့ ဘာကြောင့် တစ်ခါမှ ထုတ်မသုံးခဲ့တာလဲ... အဲ့ဒါနဲ့ပတ်သက်ပြီး ကျမကို ပြောပြပေးနိုင်မလား..."

ဟန်လိသည် အံ့အားသင့်သွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်၏။

"မင်း ဘာကြောင့် ခုလိုမျိုး မေးတာလဲ..."

ငွေရောင်လက ခေါင်းငုံ့လိုက်ပြီး တိုးညင်းသော လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

"ဒါက ဘာမှမဟုတ်ပါဘူး... ကျမ ဒီတိုင်း ပေါ့ပေါ့ပါးပါး မေးကြည့်တာပါ။ ဘာပဲဖြစ်ဖြစ် ကျမရဲ့ အစစ်အမှန်အဆင့်အတန်းဟာ ရတနာဝိညာဉ်တစ်ခုပဲ ဖြစ်နေတာပဲလေ..."

ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှာ ဟန်လိက တည်ငြိမ်စွာပင် ပြန်လည်ပြောဆိုလိုက်သည်။

"ရတနာဝိညာဉ် ဟုတ်လား... မင်းကိုယ်မင်း သာမန်ရတနာဝိညာဉ်တစ်ခုလို့ ထင်နေတာလား။ သာမန်ရတနာဝိညာဉ်တွေမှာက ခုလိုမျိုး ကိုယ်ပိုင်အသိဉာဏ် လုံးဝ ရှိမနေဘူး။ အဲ့ဒါကိုမှ မင်းက ဘာကြောင့် ခုလို မေးခွန်းထုတ်နေရတာလဲ။ ကျုပ်က မင်းကို ရတနာဝိညာဉ်တစ်ခုအနေနဲ့ ဆင့်ခေါ်ပြီး တိုက်ခိုက်ခိုင်းမယ်ဆိုရင်တောင် ဒါက မင်းရဲ့ စိတ်ဝိညာဉ်အနှစ်သာရကို အများကြီး ပိုပြီး ကုန်ခမ်းစေလိမ့်မယ်။ တကယ်လို့ လူတစ်ယောက်ဟာ ရတနာဝိညာဉ်အပေါ်မှာပဲ အမြဲတမ်း အလွန်အမင်း မှီခိုနေမယ်ဆိုရင် အဲ့ဒီဝိညာဉ်ဟာ ထာဝရ ပျက်သုဉ်းသွားဖို့ များနေပြီ..."

"ဒါ့အပြင် ကျုပ်အမြင်အရဆို မင်းရဲ့ နတ်ဆိုးမြေခွေးခန္ဓာကိုယ်ဟာ ကျုပ်အတွက် ပိုပြီးတော့ အသုံးဝင်ပါတယ်။ လုံးဝ မတတ်သာတဲ့ အခြေအနေမျိုးနဲ့ မကြုံရသေးသရွေ့ ကျုပ် မင်းကို ရတနာဝိညာဉ်တစ်ခုအနေနဲ့ အသုံးပြုဖို့ စိတ်ကူး လုံးဝ မရှိပါဘူး။ အဲ့ဒီလို လုပ်ဆောင်လို့ မင်းရဲ့ ကျင့်ကြံမှုအဆင့် ထိခိုက်သွားခဲ့ရင်လည်း ဒါက ကျုပ်အတွက် ဘာမှ အကျိုးရှိလာမှာ မဟုတ်ဘူးလေ..." ထိုသို့ ပြောပြီးနောက်မှာ ဟန်လိသည် လှည့်ထွက်ကာ ခန်းမဆောင်အတွင်းကနေ ထွက်ခွာသွားတော့သည်။

ငွေရောင်လကမူ ခန်းမဆောင်အတွင်း၌ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ခေါင်းငုံ့လျက် အတွေးယဉ်ထဲ နစ်မြောနေလေတော့သည်။ ခဏအကြာတွင် သူမသည် လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို တစ်ချက် လှမ်းကြည့်ကာ ပြုံး၍ ထွက်ခွာလာခဲ့၏။

ဟန်လိသည် သူ၏ လှိုဏ်ဂူနေအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် ဒုတိယမြောက် စဦးစိတ်ဝိညာဉ်ကို သန့်စင်ဖန်တီးနိုင်မည့် ကျင့်စဉ်ကို ကျင့်ကြံဖို့ အလျင်အမြန် စတင်ပြင်ဆင်သည်။ သာမန်ထက်ထူးကဲသော အဆင့်မှာရှိနေသည့် နတ်စွမ်းရည်မျိုး ပိုင်ဆိုင်ထားသော ဤကျင့်စဉ်ကိို ကျင့်ကြံရန် ဟန်လိသည် အချိန်ပေး၍ ကြိုတင်ပြင်ဆင်ခဲ့ရ၏။

ယခုအခါ၌ ဟန်လိသည် မြေပြင်ထက်တွင် တင်ပလ္လင်ခွေကာ ထိုင်နေလျက် ရှိသည်။ သူ၏ လက်ထဲ၌ မိုးပြာရောင်ခပ်ဖျော့ဖျော့ ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထားပြီး ၎င်းအတွင်းရှိ နက်နဲလှသော ပညာရပ်များကို စူးစိုက်လေ့လာနိုင်ရန် သူ၏စိတ်ဝိညာဉ်အာရုံကို ၎င်းကျောက်စိမ်းပြားထဲ ထည့်သွင်းထားချေ၏။ ထိုကျောက်စိမ်းပြားပေါ်တွင် နက်နဲသောစဦးစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်စဉ်ကို ရေးမှတ်ထားခဲ့တာ မဟုတ်ပါလား။

ခဏအကြာတွင် သူသည် သူ၏စိတ်ဝိညာဉ်အာရုံကို ကျောက်စိမ်းပြားထဲကနေ ပြန်ရုတ်သိမ်းလိုက်ပြီး မျက်လုံးမှိတ်လိုက်၏။ သည့်နောက်မှာ သူ၏လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးကာ အသံတိုးတိုးဖြင့် မန္တာန်ရွတ်ဆိုသည်။ သူ၏ခန္ဓာကိုယ်မှာ ဆက်ခနဲ့ ဖြစ်သွားပြီး ဦးခေါင်းထက်မှ မိုးပြာအလင်းတန်းများ ချက်ခြင်း ပေါက်ကွဲထွက်လာလျက် မိုးပြာအလင်း ရစ်ခွေနေသော စဦးစိတ်ဝိညာဉ်တစ်ခု ပေါ်ထွက်လာချေပြီ။ ၎င်းကား ဟန်လိတစ်ယောက် ခါးသီးစွာဖြင့် နှစ်ပေါင်းနှစ်ရာတိုင်တိုင် ကျားကုတ်ကျားခဲ ကျင့်ကြံပြီးမှ ရရှိလာခဲ့သော သူ၏ကိုယ်ပိုင် စဦးစိတ်ဝိညာဉ်ပင်။

ထိုစဦးစိတ်ဝိညာဉ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က ပထမဆုံး စတင်ဖွဲ့စည်းနိုင်ခဲ့စဉ်ကထက် အဆပေါင်းများစွာ ပိုမိုစွမ်းအားကြီးမားကာ ကြံ့ခိုင်လာခဲ့ပြီ ဖြစ်၏။ ၎င်း၏မျက်လုံးတို့မှာ တောက်ပနက်မှောင်နေပြီး အလွန်တရာ ဉာဏ်ရည်ဉာဏ်သွေး ကြွယ်ဝဟန် ပေါ်လွင်နေသည်။

သူ၏ စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့တာ နှစ်အနည်းငယ်သာ ရှိသေးသဖြင့် သူသည် ဘေးကင်းလွန်းလှသော လှိုဏ်ဂူနေအိမ်အတွင်းမှာသာ ၎င်းကို အပြင်သို့ ဆင့်ခေါ်ဝံ့ခြင်း ဖြစ်သည်။ မဟုတ်ပါက မထင်မှတ်ထားသော ပြင်ပနှောက်ယှက်မှုတစ်ခုခုကြောင့် သူ၏ စဦးစိတ်ဝိညာဉ်မှာ အပြင်းအထန် ထိခိုက်အားနည်းသွားနိုင်သည် မဟုတ်လား။

၎င်းသည် ဟန်လိ၏ဦးခေါင်းထက်တွင် ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုသည်။ သည့်နောက်မှာ ၎င်း၏ခန္ဓာကိုယ်မှာ မိုးပြာအလင်းလုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လျှို့ဝှက်အခန်းအတွင်း၌ လွတ်လပ်စွာ ပျံသန်းနေတော့သည်။

အစပိုင်း၌ ၎င်းသည် ပျံသန်းရတာကို အသားမကျသေးဘဲ ရှိနေသော်လည်း ခဏအကြာ၌ ကျွမ်းကျင်စွာဖြင့် ပိုမိုမြန်ဆန်လှသော အရှိန်ဖြင့် ပျံသန်းနိုင်လာသည်။ အဆုံးသတ်တွင်မူ ထို စဦးစိတ်ဝိညာဉ်သည် အံ့မခန်းလှသော ကျွမ်းကျင်မှုတို့ကို ထုတ်ဖော်ပြသလျက် လျှို့ဝှက်အခန်းအတွင်း အဆက်မပြတ် ခုန်ပျံကျော်လွှားနေတော့သည်။

ခဏအကြာတွင် ထိုစဦးစိတ်ဝိညာဉ်သည် ပျံသန်းနေတာကို ရပ်တန့်လိုက်ပြီး အခန်းထောင့်တစ်နေရာတွင် လွင့်မြောနေလျက် စဉ်းစားခန်း ဝင်နေသည့်နှယ် ရှိနေ၏။ ၎င်း၏ လက်ကလေးနှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်ရာ အလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ၎င်းသည် မူလနေရာမှ ချက်ခြင်း ပျောက်ကွယ်သွားပြီး ဟန်လိ၏ ဦးခေါင်းထက်တွင် ပြန်လည်ပေါ်ထွက်လာချေသည်။ သို့သော် ၎င်း၏ မျက်နှာလေးမှာမူ ဝိညာဉ်အနှစ်သာရများစွာ ကုန်ဆုံးသွားခဲ့၍ မဆိုသလောက် ဖြူလျော်နေ၏။ ဤသည်မှာ စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများသာ ထုတ်ဖော်နိုင်စွမ်း ရှိသည့် အစစ်အမှန် တည်နေရာရွှေ့ပြောင်းခြင်းပညာရပ် ဖြစ်ပေသည်။

ထိုစဦးစိတ်ဝိညာဉ်သည် အကြောဆန့်လိုက်ပြီးနောက် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဟန်လိ၏ ဦးခေါင်းထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။ သည့်နောက်မှာ ဟန်လိသည် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာပြီး သူ၏မျက်နှာထက်တွင် အလွန်လေးနက်သော အမူအရာတစ်ခု ပေါ်ပေါက်လာ၏။

"နှစ်အနည်းငယ်လောက် သေချာပျိုးထောင်ပြီးတဲ့နောက်မှာ စဦးစိတ်ဝိညာဉ်ဟာ အခြေခံတည်ဆောက်မှု အပြည့်အဝ ကြံ့ခိုင်သွားခဲ့ပြီပဲ။ ရှေးဟောင်းမိစ္ဆာအိုကြီးတွေရဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုတွေကို မယှဉ်နိုင်သေးဘူးဆိုပေမဲ့... ဒုတိယမြောက် စဦးစိတ်ဝိညာဉ်ကို သန့်စင်ဖို့အတွက်ကတော့ ပြဿနာ ရှိမှာ မဟုတ်တော့ပါဘူး..."

ဟန်လိသည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်မိသည်။ ထို့နောက် သူ၏သိုလှောင်အိတ်ကို ပုတ်ကာ အဆောင်သင်္ကေတများစွာဖြင့် တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသော ကျောက်စိမ်းသေတ္တာတစ်ခုကို ဆင့်ခေါ်လိုက်၏။

ဟန်လိသည် လေးနက်သော မျက်နှာပေးဖြင့် သူ၏အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ သေတ္တာပေါ်ရှိ အဆောင်သင်္ကေတများအားလုံးမှာ ချက်ခြင်း ပြန့်ကြဲပျောက်ကွယ်သွားတော့သည်။ သည့်နောက်မှာ သူက သေတ္တာ၏ ထောင့်စွန်းကို လက်ညွှန်လိုက်ရာ ၎င်းသည် အလိုလို ပွင့်ဟသွားချေပြီ။ ၎င်းသေတ္တာ ဖြည်းဖြည်းချင်း ပွင့်သွားချိန်တွင်မူ အတွင်း၌ ရွှေရောင်အရံအတားဖြင့် ချိပ်ပိတ်ထားသော ကြည်လင်တောက်ပသည့် ရွှေရောင်အလင်းလုံးတစ်ခုကို မြင်တွေ့ရပြီး ၎င်းအတွင်း၌ သစ်သားစဦးစိတ်ဝိညာဉ် ရှိနေသည်မှာ အမှန်ပင် ဖြစ်၏။

"ဒီရတနာပေါ်မှာ ငါ ချထားခဲ့တဲ့ ဝိညာဉ်ငြှိမ်းသေစေခြင်းပညာရပ်ကလည်း ပြီးမြောက်လုနီးနီး ဖြစ်နေပြီပဲ..."

ဟန်လိသည် သူ့ဘာသာ ရေရွတ်လိုက်မိသည်။ ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက် သူ၏လက်ကို မြှောက်ကာ တောက်ပနေသော ရွှေရောင်အလင်းလုံးထံ လက်ဆန့်ထုတ်လိုက်ချေသည်။

မိုးကြိုးသံအလား ကျယ်လောင်သော မြည်ဟိန်းသံတစ်ခုနှင့်အတူ ရွှေရောင်လျှပ်စီးတန်းများ ဖြာထွက်လာပြီး လျှပ်စီးအလင်းလုံးထံမှ မရေမတွက်နိုင်သော လျှပ်စီးတံတိုင်းများ ပေါက်ကွဲထွက်လာတော့သည်။ ထိုလျှပ်စီးတန်းများသည် ဟန်လိ၏ လက်ထဲသို့ လျင်မြန်စွာ စီးဆင်းဝင်ရောက်သွားပြီး သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်အလင်းလုံးမှာ ပျောက်ကွယ်သွားပြီးနောက် လက်မအနည်းငယ်ခန့်သာ မြင့်သော စိမ်းမြမြနှင့် နူးညံ့လှပသော ရုပ်သွင်ရှိသည့် သေးငယ်လှသော ပုံရိပ်လေးတစ်ခု ပေါ်လာချေပြီ။ ၎င်းကား သစ်သားစဦးစိတ်ဝိညာဉ် ကလွဲ၍ အခြားမဟုတ်ပေ။

သို့ပေမည့် ယခုအခါ၌ ၎င်း သစ်သားစဦးစိတ်ဝိညာဉ် ၏ တစ်ကိုယ်လုံးတွင် မည်းနက်နေသော အပ်ငယ်များစွာဖြင့် ပြည့်နှက်နေပြီး ၎င်း၏ မျက်လုံးလေးများမှာမူ လုံးဝ မှိတ်ထားလျက် အိပ်ပျော်နေသည့်အလား ငြိမ်သက်နေ၏။ ထိုမည်းနက်သော အပ်ငယ်များထံမှ ရံဖန်ရံခါ အစိမ်းရောင်အလင်းတန်းများ လင်းလက်လာခြင်းက ထိုရတနာကို ပိုမို၍ ဆန်းပြားထူးခြားနေစေသည်။

ဟန်လိသည် နည်းနည်းလေးမျှ ပေါ့ဆဝံ့ခြင်းမရှိဘဲ ထို သစ်သားစဦးစိတ်ဝိညာဉ် နှင့် မည်းနက်သော အပ်ငယ်များ၏ အနေအထားကို သေသေချာချာ အနီးကပ် စစ်ဆေးကြည့်ရှုလိုက်၏။ အခြေအနေအားလုံးမှာ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေမှန်း သေချာသွားသည့် အခါကျမှ သူ၏ လက်ညွှန်ကို ထို သစ်သားစဦးစိတ်ဝိညာဉ် ၏ နဖူးထက်သို့ ဖြည်းဖြည်းချင်း တိုးဝင်စေသည်။

သူ၏ လက်ညှိုးက ၎င်း၏ နဖူးကို မထိမိသေးမီမှာပင် ပဲစေ့အရွယ်ခန့်ရှိသော အစိမ်းရောင်အလင်းလုံးတစ်ခုသည် သူ၏ လက်ထိပ်မှ ပေါက်ကွဲထွက်လာပြီး အစိမ်းရောင်အလင်းအမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားချေသည်။ ဟန်လိက သူ့လက်ကို ငြိမ်အောင် ထားထား၏။ ထိုအလင်းအမျှင်တန်းသည် စဦးစိတ်ဝိညာဉ်၏ နဖူးထဲသို့ ထိုးစိုက်ဝင်ရောက်သွားကာ ၎င်းအတွင်းပိုင်း၌ ရှိနေသော အခြေအနေများအားလုံးကို သေချာစွာ ထောက်လှမ်းစစ်ဆေးတော့သည်။ ထမင်းတစ်အိုးကျက်စာခန့် အချိန်ကြာမြင့်ပြီးနောက်မှာတော့ ဟန်လိသည် သက်ပြင်းချလိုက်ပြီး သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်ရာ အစိမ်းရောင်အလင်းအမျှင်တန်းမှာလည်း သူ၏လက်ထဲသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားတော့၏။

ဟန်လိသည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း နောက်ထပ် မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားခန်း ဝင်နေမိသည်။ ရုတ်တရက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သားစဦးစိတ်ဝိညာဉ်ကို ဝန်းရံထားသော အပ်ငယ်များအားလုံးမှာ သူ၏အင်္ကျီလက်အိုးထဲသို့ ချက်ခြင်း ပျံဝင်သွားကြတော့၏။ သို့ဖြစ်၍ ထိုသစ်သားစဦးစိတ်ဝိညာဉ်မှာမူ သစ်သားသေတ္တာအတွင်း၌ လုံးဝ သတိမေ့မြောလျက်သား ကျန်ရစ်ခဲ့ပေသည်။

ဆုံးဖြတ်ချက် ချပြီးသည်နှင့် သူ၏လက်နှစ်ဖက်ဖြင့် ထူးဆန်းသော မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး သစ်သားစဦးစိတ်ဝိညာဉ်ပေါ်သို့ ဆန်းကြယ်သော မန္တာန်တံဆိပ်တစ်ခုကို ရိုက်ခတ်လိုက်ချေသည်။ ထိုအခါ ၎င်းသည် ကျောက်စိမ်းသေတ္တာထဲကနေ ဖြည်းဖြည်းချင်း ကြွတက်လာပြီး ဟန်လိ၏ ဦးခေါင်းနှင့် တစ်တန်းတည်း အမြင့်သို့ ရောက်ရှိလာ၏။ သည့်နောက်မှာ ၎င်းသည် ဟန်လိ၏ ရှေ့တည့်တည့်၌ တင်ပလ္လင်ခွေလျက်သား အနေအထားဖြင့် လေထဲတွင် လွင့်မြောနေတော့သည်။ ဟန်လိသည် မျက်လုံးမှိတ်လိုက်ပြီး စိတ်ထဲကနေ အမိန့်ပေးလိုက်၏။ သူ၏ ဦးခေါင်းထက်မှ မိုးပြာအလင်းတန်းများ ထပ်မံ၍ လင်းလက်လာသည်။ သူ၏ကိုယ်ပိုင် စဦးစိတ်ဝိညာဉ်ကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ခြင်းပင်။ သို့သော် သည်တစ်ကြိမ်တွင်မူ သူ၏ စဦးစိတ်ဝိညာဉ်လေးမှာ အစောပိုင်းတုန်းကကဲ့သို့ ရွှင်လန်းတက်ကြွနေဟန် မရှိတော့ဘဲ ၎င်း၏ မျက်နှာလေးမှာ တင်းမာခက်ထန်လျက် လေးနက်သော အမူအရာ ရှိနေချေသည်။

၎င်းသည် ခေါင်းမော့ကာ သူ့ရှေ့တည့်တည့် လေထဲတွင် လွင့်မြောနေသော သစ်သားစဦးစိတ်ဝိညာဉ်ကို စိုက်ကြည့်လိုက်၏။ သည့်နောက်မှာ ၎င်း၏ ပုံရိပ်လေးမှာ ဝိုးတဝါးဖြစ်သွားပြီး တင်ပလ္လင်ခွေထိုင်နေသော သစ်သားစဦးစိတ်ဝိညာဉ်၏ အနားသို့ တဟုန်ထိုး ချဉ်းကပ်သွားတော့သည်။

ထိုသစ်သားစဦးစိတ်ဝိညာဉ်မှာ နှစ်လက်မခန့်သာ မြင့်သဖြင့် ဟန်လိ၏ ကိုယ်ပိုင် စဦးစိတ်ဝိညာဉ်ထက် တစ်လက်မခန့် ပို၍ သေးငယ်သည်။ ၎င်းတို့နှစ်ယောက် တစ်ဦးနှင့်တစ်ဦး ယှဉ်တွဲလျက်သား ရှိနေကြပုံမှာ အလွန်ပင် ဆန်းပြားထူးခြားလှသည်ဟု ဆိုရမည်။

သို့ပေမည့် ထိုအခိုက်အတန့်တွင်မူ ဟန်လိ၏ ကိုယ်ပိုင်စဦးစိတ်ဝိညာဉ်သည် နားလည်ရခက်သော ရှေးဟောင်းမန္တာန်တစ်ခုကို စတင်ရေရွတ်လိုက်ပြီးနောက် မိုးပြာရောင်ဝိညာဉ်အနှစ်သာရ အလင်းလုံးတစ်ခုကို ထိုသစ်သားစဦးစိတ်ဝိညာဉ်၏ မျက်နှာထက်သို့ တိုက်ရိုက်ပစ်လွှတ်လိုက်ချေသည်။ ထိုအခါ သစ်သားစဦးစိတ်ဝိညာဉ်လေးမှာ တုန်ခါသွားပြီး ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ သို့သော်ငြားလည်း ၎င်း၏မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ ရှိမနေဘဲ မျက်လုံးများကလည်း အသက်မဲ့နေလျက် ရုပ်သေးရုပ်တစ်ခုအလား လုံးဝ အသိစိတ်ကင်းမဲ့နေသလို ထင်ရသည်။

ဟန်လိ၏ စဦးစိတ်ဝိညာဉ်ကမူ ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား သတိကြီးစွာ ထားလျက် ရှိနေ၏။ ၎င်းသည် လက်ကလေးနှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်များကို အလျင်အမြန် ပြုလုပ်လိုက်ပြီး ထိုသစ်သားစဦးစိတ်ဝိညာဉ်ကို မျက်လုံးပြူးကာ စူးစိုက်ကြည့်လိုက်ချေသည်။ ထိုခဏချင်းအတွင်းမှာပင် ၎င်း၏ မျက်ဝန်းများထဲမှ စူးရှတောက်ပသော မိုးပြာအလင်းတန်းနှစ်ခု ပေါက်ကွဲထွက်လာပြီး သူ့ရှေ့ရှိ သစ်သားစဦးစိတ်ဝိညာဉ်၏ မျက်လုံးများထဲသို့ တိုက်ရိုက် ထိုးစိုက်ဝင်ရောက်သွားတော့သည်။

ရုတ်တရက်ဆိုသလို ထိုပုံရိပ်နှစ်ခုစလုံးမှာ ပြင်းထန်စွာ တုန်ခါသွားကြပြီးနောက် သစ်သားစဦးစိတ်ဝိညာဉ်မှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်လျက် လေထဲကနေ ကြမ်းပြင်ပေါ်သို့ လွင့်စဉ်ကျရောက်သွားကာ အလွန်တရာ ပြင်းထန်လှသော ဝေဒနာကို ခံစားနေရသည့်အလား မြေပြင်ပေါ်၌ လူးလိမ့်နေတော့သည်။ ထိုအချိန်မှာပင် လေထဲ၌ လွင့်မြောကျန်ရစ်ခဲ့သော ဟန်လိ၏ ကိုယ်ပိုင် စဦးစိတ်ဝိညာဉ်၏ မျက်နှာလေးထက်တွင်လည်း ပြင်းထန်လှသော နာကျင်မှု ဝေဒနာရိပ်များ ယှက်သန်းသွားသော်လည်း ၎င်းသည် အသိစိတ်လွတ်မသွားအောင် အစွမ်းကုန် အားတင်းကာ ထိန်းချုပ်ထားနိုင်ဆဲပင်။

လျှို့ဝှက်ခန်းမဆောင်အတွင်း၌ နာကျင်စွာ အော်ဟစ်ငြီးတွားသံများသည် တစ်နေကုန် အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီးမှ တဖြည်းဖြည်းချင်း ပြန်လည်တိတ်ဆိတ်သွားတော့သည်။ နှစ်ရက်ခန့် ကြာမြင့်ပြီးနောက်မှာတော့ ဟန်လိသည် အခန်းအတွင်းကနေ ပင်ပန်းနွမ်းနယ်လှသော မျက်နှာပေးဖြင့် လှမ်းထွက်လာသည်။ သို့သော်ငြားလည်း သူ၏ မျက်ဝန်းအစုံ၏ နက်ရှိုင်းသော နေရာတွင်မူ စိတ်လှုပ်ရှားဝမ်းသာနေဟန် အထင်းသားပေါ်နေသည်သာ။

အတိတ်တုန်းက သူသည် ထို သစ်သားစဦးစိတ်ဝိညာဉ ၏ အသိစိတ်အတွင်းသို့ ဝင်ရောက်စူးစမ်းစဉ် တန်ပြန်ဒဏ် ခံရမှာကို အလွန်ပင် စိုးရိမ်ခဲ့ဖူးပေသည်။ သို့ဖြစ်၍ သူသည် ဒုက္ခခံကာ ဒုတိယမြောက် စဦးစိတ်ဝိညာဉ်ကို ချက်ခြင်း သန့်စင်ခြင်းမပြုဘဲ နက်နဲသောယင်ကျင့်စဉ်ထဲမှ ဝိညာဉ်ငြှိမ်းသေစေခြင်းပညာရပ်နှင့် မှေးမှိန်ခြင်းအပ်ငယ်များကို အသုံးပြုကာ ထို သစ်သားစဦးစိတ်ဝိညာဉ်၏ ခံနိုင်ရည်စွမ်းအားကို အဆက်မပြတ် အားနည်းသွားအောင် ကြိုတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဤမျှ ကြာမြင့်လှသော အချိန်အတွင်း အဆက်မပြတ် အားနည်းအောင် ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ယခုအခါ၌ ထိုသစ်သားစဦးစိတ်ဝိညာဉ်၏ ကိုယ်ပိုင်အသိစိတ်တစ်ခုလုံးမှာ လုံးဝ ချိနဲ့အားနည်းသွားခဲ့ချေပြီ။ ဤကဲ့သို့သော အခြေအနေအောက်၌ ဟန်လိသည် သူ၏ အလွန်တရာ အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ ထိုရတနာ၏ နောက်ဆုံးကျန်ရှိနေသော အသိစိတ်အမျှင်တန်းလေးကိုပါ အလွယ်တကူပင် ဖျက်ဆီးပစ်နိုင်ခဲ့တော့သည်။

ထိုသစ်သားစဦးစိတ်ဝိညာဉ်၏ ကိုယ်ပိုင်အသိစိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်ပြီးနောက်မှာ သူသည် သူ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်အာရုံ အစိတ်အပိုင်းတစ်ခုကို ၎င်းအတွင်းသို့ သွန်းလောင်းလိုက်ပြီး ၎င်း စဦးစိတ်ဝိညာဉ်ကို သူ၏ ကိုယ်ပိုင်အရာတစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် လျှို့ဝှက်ဆန်းကြယ်သော ပညာရပ်ကို အသုံးပြုလိုက်သည်။

ဤသို့ ပေါင်းစည်းခြင်းဖြစ်စဉ်အတွင်းမှာ တန်ပြန်ဒဏ်ရမည့် အန္တရာယ် ရှိနိုင်သည်ဟု ဆိုကြသော်လည်း ဟန်လိသည် သူ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံကို မြဲမြံစွာ ထိန်းချုပ်နိုင်စွမ်း ရှိသဖြင့် ဤကိစ္စရပ်ကြောင့် ပြဿနာ ကြုံတွေ့ရမှာ မဟုတ်ကြောင်း ယုံကြည်မှု အပြည့် ရှိနေသည်။ အကယ်၍ မထင်မှတ်သော ဘေးဒုက္ခတစ်ခုခုနှင့် ကြုံလာခဲ့လျှင်ပင် သူသည် သူ၏ ထိုစိတ်ဝိညာဉ်အာရုံ အစိတ်အပိုင်းကို စွန့်လွှတ်လိုက်ရုံသာ ရှိပေလိမ့်မည်။ သူ၏ စိတ်ဝိညာဉ်အာရုံစွမ်းအားမှာ အလွန်တရာ ကြီးမားလှသဖြင့် ဤမျှ ဆုံးရှုံးရုံမျှဖြင့် သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်မှာ မဟုတ်ပေ။

ဤသို့ ပေါင်းစည်းဖွဲ့စည်းခြင်း လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်ရန်အတွက် ခန့်မှန်းခြေအားဖြင့် သုံးနှစ်မှ ရှစ်နှစ်အထိ ကြာမြင့်နိုင်ပြီး အကယ်၍ သူ ကံမကောင်းခဲ့လျှင် ဆယ်နှစ်လောက်အထိပင် အချိန်ယူရပေလိမ့်မည်။ ဟန်လိအနေဖြင့်မူ သူ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးအတွင်း သွားရောက်မည့် အချိန်၌ ဤဒုတိယမြောက် စဦးစိတ်ဝိညာဉ်ကို ချက်ခြင်း အသုံးပြုနိုင်လိမ့်မည် မဟုတ်မှန်း ကြိုတင်တွက်ဆထားပြီး ဖြစ်၍ အချိန်နှောင့်နှေးသွားမည့်အပေါ် လုံးဝ မစိုးရိမ်ပေ။

ထိုချိပ်ပိတ်ထားသော လျှို့ဝှက်ခန်းကနေ ထွက်လာပြီးနောက်မှာ ဟန်လိသည် တစ်နေ့လောက် သေသေချာချာ အနားယူလိုက်ပြီးနောက်မှ ဂိုဏ်း၏ စျေးမြို့တော်ဆီသို့ သွားရောက်ကာ ရတနာသန့်စင်ဖို့ လိုအပ်သော အမယ်ပစ္စည်းအချို့ကို သွားရောက်ဝယ်ယူသည်။ သည့်နောက်မှာ သူသည် ရတနာသန့်စင်ရေးအခန်းအတွင်း၌ လဝက်လောက် အချိန်ကုန်လွန်စေလျက် အရွယ်အစားမျိုးစုံရှိသော ငွေရောင်သံချွန် ဒါဇင်ကျော်ကို သန့်စင်ဖန်တီးလိုက်ချေသည်။ ထို့နောက် ၎င်းတို့ကို ယူဆောင်ကာ နှင်းတိမ်မြေခွေးများ ကိန်းဝပ်ရာ ရွှံ့နွံအိုင်ကြီး၏ ဘေးနားရှိ တောင်ကုန်းဆီသို့ ဦးတည်ထွက်ခွာခဲ့တော့သည်။

ဟန်လိသည် ထိုတောင်ကုန်း၏ ဗဟိုချက်ရှိ ကျောက်သားအခန်းအတွင်းသို့ ရောက်ရှိလာချိန်တွင် ကျောက်သားစင်မြင့်ထက်၌ လဲလျောင်းနေသော အလောင်းကောင်နတ်ဆိုးကို စူးစိုက်ကြည့်လိုက်၏။ သူသည် ဤအခြေအနေကို ကြိုမျှော်လင့်ထားပြီး ဖြစ်သော်လည်း ခုမှ စိတ်အေးကာ သက်ပြင်းချနိုင်တော့သည်။

သူ၏သိုလှောင်အိတ်အတွင်းမှ ရွှေရောင်အဆောင်သင်္ကေတဖြင့် တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသော ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူလိုက်ပြီးနောက် ထိုလဲလျောင်းနေသော အလောင်းကောင်နတ်ဆိုးကို ကြည့်ရှုရင်း သူ သန့်စင်လာခဲ့သော ငွေရောင်သံချွန်များကို တစ်ခုချင်းစီ အစီအစဉ်တကျ ထုတ်ယူသည်။

All Chapters