ဒုတိယအဆင့်၏ မန္တာန်
Vol. 016 Ch. 753
မိုးကြိုးတာအိုပညာရှင်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ပထမဆုံးအကြိမ်အဖြစ် မန္တာန်တစ်ခုအသုံးပြုကာ ဝမ်ဖျင်ကို ကြည့်လိုက်သည်။
ထိုအကြည့်အောက်၌ ဝမ်ဖျင်၏ခန္ဓာကိုယ်က အေးစက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ လျှို့ဝှက်ချက်အားလုံးက တစ်ဖက်လူမှ ထွင်းဖောက်မြင်သွားခဲ့၏။
ဝမ်လင်း၏ စွမ်းအားက မိုးကြိုးတာအိုပညာရှင်အတွက် အခက်တွေ့သွားစေခဲ့ပေသည်။ သူ့တွင် တစ်ခြားရွေးချယ်စရာသာ ရှိလျှင် သူက မူလစွမ်းအင်မန္တာန်ကို အသုံးမပြုလိုပေ။ မူလစွမ်းအင်က သိသာစွာပင် ရှားပါးလွန်းသည် မဟုတ်လား။
သူ့ကျင့်ကြံမှုအဆင့်ဖြင့် သေခြင်းရှင်ခြင်း အခြေအနေ မဟုတ်လျှင် သူက မူလစွမ်းအင်မန္တာန်ကို အသုံးပြုရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။ တကယ်တော့ သူက ယင်းမူလစွမ်းအင်ကို ပို၍ သုံးစွဲလေလေ ပုံရိပ်ယောင်ယင်အဆင့်တွင် အချိန်ပိုကြာအောင် နေရလေ ဖြစ်၏။ သူက နှစ်တစ်ထောင်အတွင်း အဆင့်ချိုးဖျက်နိုင်ခြင်း မရှိပါက သူ့ကျင့်ကြံမှုအဆင့်သည် ယခုအဆင့်၌သာ ထာဝရ တန့်သွားပေလိမ့်မည်။
သူ့တွင်နောက်ထပ် နှစ်သုံးရာသာ ကျန်တော့၏။ ထို့အတွက်ကြောင့် သူက မူလစွမ်းအင်မန္တာန်များကို အသုံးမပြုလိုခြင်း ဖြစ်၏။
သူအကြောက်ဆုံးအရာက ဝမ်လင်း၏ မိုးကြိုးဖြစ်၏။ မိုးကြိုးတာအိုပညာရှင်က သည်လူ၏ နယ်ပယ်သည် မိုးကြိုးနှင့် ဆက်နွှယ်နေလိမ့်မည်ဟု ကောက်ချ ချလိုက်၏။ သူကသာ ထိုလူ၏ နယ်ပယ်ကို ချိုးဖျက်နိုင်လျှင် မူလစွမ်းအင်မန္တာန်ကို အသုံးပြုစရာမလိုတာ ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။
“ဒီအဘိုးအိုကို နောက်တစ်ကြိမ် ကြည့်ခွင့်ပြု။ ဒီတော့ ဒါက မကျေမချမ်းစိတ်ဝိညာဉ်တစ်ခုပေါ့။ ငါက ဒါနဲ့ ပတ်သတ်ပြီး ပြဿနာအချို့ ရှိနေလိမ့်မယ်လို့ တွေးခဲ့မိတယ်။ သေမျိုးတစ်ယောက်က ဘယ်လိုလုပ် ငါ့ နတ်ဘုရားအာရုံကို ခုခံနိုင်မှာလဲ။ ပထမတုန်းကတော့ ဒါက ရုပ်သေးကြောင့်လို့ ငါထင်ခဲ့သေးတယ်။ ဒါပေမဲ့ ကြည့်ရတာ ငါ့အထင် မှားသွားတဲ့ပုံပဲ…”
မိုးကြိုးတာအိုပညာရှင်က ရယ်မောလိုက်၏။ သို့ရာတွင် သူ့မျက်လုံးသူငယ်အိမ်က ရုတ်တရက် ကျုံ့သွားကာ သူက တစ်ခုခု ပြောမည့်ဟန် ပြင်ပြီးမှ ရပ်တန့်သွား၏။ ဝမ်ဖျင့်ထံသို့ ကြည့်နေသော သူ့အကြည့်ထဲ၌ ကြောက်လန့်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒါ…ဒါက ဓားစွမ်းအင်ပဲ။ ဒီဓားစွမ်းအင်က တော်တော်ကြောက်ဖို့ ကောင်းတာပဲ…”
မိုးကြိုးတာအိုပညာရှင်က ပင့်သက်ရှိုက်မိသွား၏။ ချက်ခြင်းပင် သူက နောက်သို့ ဆုတ်လိုက်မိသည်။ သူ အသုံးပြုလိုက်သော မန္တာန်က ဝမ်ဖျင်ခန္ဓာကိုယ်ထဲရှိ ဓားစွမ်းအင်တန်းနှစ်ခုကို သူ့အား မြင်အောင် ပြုလုပ်ပေးလိုက်၏။
“အရူးပဲ…ဒီရှုမူက အရူးပဲ။ သူက ဒီလိုဓားစွမ်းအင်မျိုးကို စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို အသွေးအသားဖြစ်အောင် လုပ်ဖို့အတွက်နဲ့ အသုံးပြုခဲ့တယ်။ ဒီအဘိုးအိုက အခု မတိုက်ခိုက်နိုင်တော့ဘူး။ မြန်မြန် ပြန်ဆုတ်ဖို့ လိုနေပြီ…”
မိုးကြိုးတာအိုပညာရှင် အဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ချက်ခြင်းပင် သူက မိုးကြိုးသားရဲ ရှိရာသို့ ဆုတ်သွား၏။
ဝမ်ဖျင်ခန္ဓာကိုယ်ထဲရှိ ဓားစွမ်းအင်တန်းနှစ်ခုက သူ့ကို လုံးဝ ကြောက်ရွှံ့သွားစေခဲ့သည်။
ဝမ်ဖျင်က သူ့အဖေ နောက်ကျောကို ကြည့်နေရင်း တိတ်ဆိတ်ငြိမ်သက်နေ၏။ သူက အချိန်အတန်ကြာသည့်အထိ စကား ပြောမလာပေ။
ဝမ်လင်းက ထွက်ပြေးဟန် ပြင်နေသော မိုးကြိုးတာအိုပညာရှင်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးများက နီရဲလာ၏။ သူ့ခန္ဓာကိုယ်ထဲတွင် လင်းထျန်ဟူ၏ဓားစွမ်းတန်းနှစ်ခု ရှိမနေခြင်းကြောင့်သာ မဟုတ်လျှင် သူက ယင်းတို့ကို ထုတ်လွှတ်ကာ ဒီလူ့ကို သတ်ပစ်နေခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက တုံ့ဆိုင်းနေခြင်း မရှိဘဲ လက်ထဲမှ ဓားကို ခုတ်ပိုင်းချလိုက်၏။ သူ့မူလစိတ်ဝိညာဉ်ထဲမှ မူလစွမ်းအင် တစ်ပိုင်းတစ်စက ထိုဓားထဲသို့ ဝင်ရောက်သွားသည်။
မိုးကြိုးတာအိုပညာရှင်က နောက်ဆုတ်နေရင်း သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားပြန်သည်။ သူက ကြောက်မက်ဖွယ်အော်ရာတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာသည်ဟု ခံစားလိုက်ရ၏။
“မူလစွမ်းအင်မန္တာန်….မင်းက ဘယ်လိုလုပ် မူလစွမ်းအင်မန္တာန်ကို အသုံးပြုနိုင်နေတာလဲ…” မိုးကြိုးတာအိုပညာရှင်၏ အသွင်က ပြောင်းလဲသွားရင်း သူက သေရေးရှင်ရေးကို ခံစားလိုက်ရ၏။ တကယ်တော့ မိုးကြိုးတာအိုပညာရှင်က နိဗ္ဗာနကြိုမြင်ခြင်း အစောပိုင်းအဆင့်သို့ ရောက်နှင့်ပြီးသော ဟွမ်မိသားစုဘိုးဘေးထက် နိမ့်ကျပေသည်။ဟွမ်မိသားစုဘိုးဘေး၏ ကျင့်ကြံမှုအဆင့်က လျော့ကျသွားချိန်ဖြစ်နေလျှင်ပင် သူက သာမန် ယင်နှင့်ယန်ကျင့်ကြံသူများထက်တော့ ပိုစွမ်းအား ကောင်းနေသေးသည်။
ထိုသို့ သေရေးရှင်ရေးကို ခံစားမိလိုက်သည်နှင့် မိုးကြိုးတာအိုပညာရှင်က သူ့လက်ချောင်းကို မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။ ထိုအခါ သူ့မျက်လုံးထဲကနေ အဖြူရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။ ထိုအဖြူရောင်အလင်းက ညင်သာကာ မူလစွမ်းအင် အမျှင်တန်းတစ်ခု ပါဝင်နေခဲ့သည်။ချက်ခြင်းပင် မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မူလစွမ်းအင် အစိတ်အပိုင်းသည် သူ့ဦးခေါင်းထိပ်ဖျားသို့ ထိုးထွက်လာခဲ့သည်။
ဤအခိုက်အတန့်၌ ဂြိုဟ်တစ်ခုလုံးသည် တုန်ခါသွာားကာ သိသာသော အော်ရာတစ်ခုနှင် ပြည့်နှက်လာခဲ့သည်။ မိုးကြိုးတာအိုပညာရှင်၏ မျက်နှာက ဖြူရောသွားခဲ့သည်။ မူလစွမ်းအင်မန္တာန်တစ်ခုကို အသုံးပြုခြင်းက သူ့အတွက်လည်း ဖိအားများသည်မှာ သိသာနေသည်။
မိုးကြိုးတာအိုပညာရှင်က အော်ပြောလိုက်၏။ “မူလစွမ်းအင်မိုးကြိုး မီးပြင်းဖို…”
ပိုများသော မူလစွမ်းအင်များက သူ့ဦးခေါင်းထက်မှ ထွက်ပေါ်လာခဲ့သည်။ထိုအခါ ကမ္ဘာလောကသည် ပြောင်းလဲသွားရ၏။ ထိုပြောင်းလဲမှုက အစစ်အမှန်ဖြစ်ကာ ပုံရိပ်ယောင်မဟုတ်ပေ။ ကောင်းကင်တဖြည်းဖြည်း နိမ့်ဆင်းလာကာ အရာအားလုံးက စတင်နစ်မြုပ်လာ၏။
ကမ္ဘာမြေကြီးက စတင် မြင့်တက်လာ၏။ မိုးကြိုးတာအိုပညာရှင်၏ အောက်မှ မြေပြင်က တုန်ခါမြည်ဟီးလာခဲ့ကာ ဆက်တိုက် လှုပ်ခါလာသည်။
ဤအခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီးကြားတွင် အပြာရောင်မီးပြင်းဖို တစ်ခုသာ တည်ရှိတော့၏။
ကောင်းကင်နှင့်မြေကြီးပင် ဧရာမမီးပြင်းဖိုကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုအရာကပင် မူလစွမ်းအင်မန္တာန် မည်၏။
ဤအခိုက်အတန့်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးသားရဲက မာန်သွင်း ဟိန်းဟောက်သံ ပြုလာ၏။ ၎င်းက ၎င်း၏ ဒဏ်ရာရနေသောခန္ဓာကိုယ်ကို တရွတ်ဆွဲကာ လျှပ်စီးတန်းအဖြစ်သို့ ပြောင်းလဲ၍ မီးပြင်ဖို ထက်သို့ ကျရောက်လာခဲ့သည်။ ထိုအခါ မူလက ဗလာဖြစ်နေသော မီးပြင်းဖိုပေါ်၌ မရေမတွက်နိုင်သော ထွင်းထုဟန်များ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
ယင်းတို့က မိုးကြိုးသားရဲ၏ ပန်းပုပုံရိပ်များဖြစ်လေသည်။
“ရှုမူ…ဒါက ဒီအဘိုးအိုရဲ့ မူလစွမ်းအင် မန္တာန်ပဲ။ ငါတို့ ဘယ်သူ ရှင်သန်မလဲ ကြည့်ရတာပေါ့…”
ကမ္ဘာလောကသည် မီးပြင်းဖို တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထိုအခိုက်အတန့်၌ မိုးကြိုးတာအိုပညာရှင်၏ အသံက ကောင်းကင်ဘုံ၏ခွန်အားနှင့် အလားသဏ္ဌာန်တူလာခဲ့သည်။
မီးပြင်းဖိုထဲရှိ မိုးကြိုးများက တုန်ရီ မြည်ဟီးနေကာ မရေမတွက်နိုင်သော လျှပ်စီးတန်းများကလည်း နေရာအနှံ့တွင် ပေါ်လာခဲ့သည်။ သည်ကမ္ဘာလောက ကနေ ဖြစ်တည်လာသည့် မီးပြင်းဖိုက ဖိုတစ်ခုကဲ့သို့ ဖြစ်လာ၏။ ယင်း မီးပြင်းဖိုက အရာအားလုံးကို သန့်စင်ပစ်ကာ လျှပ်စီးတန်းနှင့် မိုးကြိုးများပို၍ ပေါ်ထွက်လာစေသည်။
ဝမ်လင်းလက်ထဲမှ ဓားက ရိုးစင်းစွာ ကျဆင်းလာသည်။ ခုချိန်၌ မီးပြင်းဖိုတစ်ခုလုံးတွင် လောကဥပဒေသတို့ ပါဝင်သော ထူးဆန်းသည့် အော်ရာနှင့် ပြည့်နေခဲ့သည်။
မိုးကြိုးလျှပ်စီးတန်းများက ဝမ်လင်းကိုယ်ပေါ်သို့ ဆက်တိုက် ကျဆင်းလာနေသည်။ သည်မိုးကြိုးက ကောင်းကင်ဘုံကနေ မွေးဖွားလာခြင်း မဟုတ်။ မိုးကြိုးတာအိုပညာရှင်၏ မန္တာန်ကနေ ဖြစ်တည်လာခြင်းသာ။ ထိုမိုးကြိုးထဲ၌ သူ့တာအိုပါ ပါဝင်နေ၏။
ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း ဓားချက် ကျဆင်းလာချိန်တွင် မီးပြင်းဖိုက ဝမ်လင်းအမြင်၌ ပုံရိပ်ယောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ပတ်ဝန်းကျင်ဧရိယာတွင်လည်း အပြာရောင် အမျှင်တန်းများ ဖြစ်ပေါ်နေ၏။ထိုအပြာရောင်အမျှင်တန်းများက ဤမီးပြင်းဖိုကို ဖြစ်ပေါ်စေခြင်းပင်။
ဓားက ခုတ်ပိုင်း ကျလာချိန်၌ အပြာရောင်အမျှင်တန်းများက မြန်ဆန်စွာ ပျက်စီးကုန်ကြသည်။ မိုးကြိုးတာအိုပညာရှင်က အွတ်ခနဲ ညီးတွားသံက ကမ္ဘာလောကထဲကနေ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ပိုမိုများပြားသော မူလစွမ်းအင်က သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာကာ မီးပြင်းဖို၏ တည်တံခိုင်မြဲမှုကို ပြုပြင်ပေးနေသည်။
သိပ်မကြာခင်တွင် ပိုမိုများပြားသော တာအိုမိုးကြိုးများက သက်ဆင်းလာပြန်သည်။ ဝမ်လင်းခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော လျှပ်စီးမိုးကြိုးတန်းတစ်ခုစီက သူ့အား တုန်ယင်စေနေ၏။ သူ့မူလစိတ်ဝိညာဉ်သာ ပြောင်းလဲသွားခဲ့ခြင်း မရှိလျှင် သည်တာအိုမိုးကြိုးက သူ့ခန္ဓာကိုယ်က သဲလွန်စမရှိ ပျောက်ကွယ်သွားစေ ပေလိမ့်မည်။
ဝမ်လင်းမျက်လုံးများက ပိုမို အေးစက်လာခဲ့သည်။ဤအခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေးကလည်း မီးပြင်းဖိုထဲ၌ ရှိနေကာ ၎င်းကလည်း လက်သီးချက်များကို အရူးအမူး ပစ်သွင်း တိုက်ခိုက်နေ၏။
ဤနေရာရှိ မိုးကြိုးက သန်မာလှသော်လည်း ရုပ်သေး၏ အသွေးအသားကလည်း ပို၍ သန်မာလာသည်သာ ဖြစ်သည်။ထို့ကြောင့် မိုးကြိုးက ၎င်းကို ပျက်စီးမသွားစေနိုင်ခြင်း ဖြစ်သည်။ ရုပ်သေးထံမှ ထွက်ပေါ်လာသည့် လက်သီးချက်တိုင်းက ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုနှင့် ညီမျှနေကာ ထိုလက်သီးချက်များက မီးပြင်းဖိုပေါ်သို့ ကျရောက်နေ၏။ထိုအရာက မိုးကြိုးတာအိုပညာရှင်ကို အလွန် ကြောက်လန့်သွားစေသည်။
ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးက တုန့်ပြန်လာသလို မိုးကြိုးသားရဲကလည်း ဟိန်းသံ ပြုလာ၏။ ၎င်း၏ ခန္ဓာကိုယ်ကနေ တောက်ပသောအလင်းကို ပေးစွမ်းလာသည်။ထို့နောက် ၎င်း၏ ငွေရောင်ဦးချိုထံမှ ရွှေရောင်အမျှင်တန်းတစ်ခုပါ ထွက်ပေါ်လာခဲ့သည်။ ၎င်းခန္ဓာကိုယ်ထံမှ မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးတန်းများ ထွက်ပေါ်လာကာ သည်ဧရိယာအနှံ့ ပျံ့လို့နေသည်။ထိုမိုးကြိုးက မရေမတွက်နိုင်သော တုန်ဟီးသံများကို ဖြစ်စေကာ မီးပြင်းဖိုကို ပို၍ ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေသည်။
မိုးကြိုးတာအိုပညာရှင်က နောက်တစ်ကြိမ် အွန်ခနဲ ညီးတွားလိုက်ရပြန်သည်။ သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်များကလည်း ပိုမို၍ ထွက်ပေါ်လာကာ ဧရာမမီးပြင်းဖိုထံသို့ ပျံသန်းစီးဝင်သည်။
“ဒီအဘိုးအိုအတွက် သန့်စင်ပစ်လိုက်စမ်း…”
***