အခန်း ၇၉၅
Vol. 58 Ch. 795
အပိုင်း ၇၉၅ - ခရီးမထွက်မီ
ဤကဲ့သို့သော သေးငယ်လွန်းလှသည့် အဆောင်သင်္ကေတစာလုံးမျိုးကား ယခုခေတ် ကောင်းကင်တောင်ပိုင်းလောက၏ ကျင့်ကြံခြင်းနယ်ပယ်တွင် သန့်စင်ဖန်တီးနိုင်စွမ်း ရှိသည့်အရာ မဟုတ်ချေ။ သို့ဖြစ်၍ ဤသံကြိုးသည် အလွန်တရာ ရှားပါးလှသော ရှေးဟောင်းရတနာတစ်ခု ဖြစ်မှန်း သေချာလှသည်။
ထိုသို့ တွေးမိသည်နှင့် သူ၏လက်နှစ်ဖက်ထံမှ ငွေရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားပြီး ပြတ်တောက်သွားသော ထိုငွေရောင်သံကြိုးအပိုင်းအစများအားလုံးကို သူ၏ သိုလှောင်အိတ်အတွင်းသို့ ပြန်လည်ရုတ်သိမ်းလိုက်တော့၏။ နောင်ကျလို့ အချိန်ရမှသာ ဤသံကြိုးကို ပြန်လည်ပြုပြင်မွန်းမံနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ကြည့်ရှုပြီး ၎င်း၏ စွမ်းအားအတိမ်အနက်ကို တိုင်းတာရန် သူ စဉ်းစားထားချေသည်။
ငွေရောင်သံကြိုးများ ဖယ်ရှားပြီးသွားသည့်နောက်မှာ သူသည် ခေါင်းငုံ့လိုက်ကာ အလောင်းကောင်နတ်ဆိုး၏ ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်လိုက်မိသည်။ သူ၏ မျက်နှာထက်တွင် လေးနက်ခက်ထန်သော အမူအရာတစ်ခု ပေါ်ပေါက်လာပြီးနောက် သူ၏ လက်ချောင်းများကို ဝှေ့ယမ်းလိုက်ရာ မိုးပြာရောင်အလင်းမျှင်တန်းများစွာ ထိုးထွက်သွားပြီး အလောင်းကောင်နတ်ဆိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံထံသို့ ထိုးစိုက်ဝင်ရောက်သွားတော့၏။ သည့်နောက်မှ ဟန်လိသည် ၎င်းကို သေသေချာချာ စတင်စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် သူ၏မျက်နှာထက်တွင် စိတ်ကျေနပ်သွားဟန် အမူအရာတစ်ခု ပေါ်လွင်လာခဲ့ပေပြီ။
ပြတ်တောက်သွားခဲ့သော လက်မောင်းတစ်ဖက်မှလွဲ၍ ဤအလောင်းကောင်နတ်ဆိုးသည် အလောင်းကောင် သန့်စင်ရန်အတွက် အလွန်တရာ ပြည့်စုံလွန်းလှသော အနေအထားတွင် ရှိပေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ မယုံကြည်နိုင်လောက်အောင် ကြံ့ခိုင်လွန်းလှ၍ သာမန်မှော်ရတနာများ၏ တိုက်ခိုက်မှုများက ၎င်းကို နည်းနည်းလေးမျှ ဒဏ်ရာရအောင် မလုပ်ဆောင်နိုင်ရုံမျှမကဘဲ ၎င်းထံမှ ထွက်ပေါ်လာသော အလောင်းကောင်မီးတောက်နှင့် အဆိပ်ရည် အနည်းငယ်မျှသည်ပင် ကျင့်ကြံသူတစ်ဦးကို ချက်ခြင်းလက်ငင်း သေဆုံးသွားစေရန် လုံလောက်နေသည်။
သို့ပေမည့် အလောင်းကောင်နတ်ဆိုး၏ ပြတ်တောက်ပျက်စီးနေသော လက်မောင်းငုတ်တိုကို ကြည့်ရင်း ဟန်လိ၏ စိတ်ထဲ၌ အတွေးတစ်ချက် ဖြတ်ခနဲ ပေါ်ပေါက်လာ၏။ သူသည် သူ၏ခါးရှိ ဝိညာဉ်သားရဲအိတ်ကို ပုတ်လိုက်ရာ အနက်ရောင် ရွှေဝါးမြိုခြင်းပိုးတောင်မာ အုပ်လိုက်ကြီး လေထဲသို့ တဟုန်ထိုး ထွက်ပေါ်လာခဲ့ချေပြီ။ ၎င်းတို့သည် တဝီဝီ မြည်ဟိန်းသံများ ပေးလျက် သူ၏ ဦးခေါင်းထက်တွင် ရစ်ခွေပျံသန်းနေကြစဉ် သူ၏လက်ကို မြှောက်ကာ မန္တာန်တံဆိပ်တစ်ခုဖြင့် ရိုက်ခတ်လိုက်ချေသည်။ သည့်နောက်မှာ စိတ်ထဲကနေ အမိန့်ပေးလိုက်ရာ ထိုပိုးတောင်မာများအားလုံးမှာ အလောင်းကောင်နတ်ဆိုး၏ ပြတ်တောက်နေသော လက်မောင်းနေရာတွင် စုစည်း သိပ်သည်းသွားကြတော့၏။ ခဏလေးအတွင်းမှာပင် ထိုပြတ်တောက်နေသော နေရာ၌ အနက်ရောင်၊ ငွေရောင်နှင့် ရွှေရောင်တို့ ရောယှက်နေသော လက်မောင်းအသစ်တစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။ ၎င်း၏ အရောင်အသွေးမှာ ကျန်ရှိနေသော ခန္ဓာကိုယ်ထက်မှ အစိမ်းရောင်အမွှေးအမျှင်များနှင့် ကွဲပြားခြားနားနေသည်မှလွဲ၍ အခြားလက်မောင်းတစ်ဖက်နှင့် ချွတ်စွတ်တူလှပေသည်။
ဟန်လိသည် စိတ်ကျေနပ်သွားဟန် အရိပ်အယောင်များဖြင့် ပြုံးလိုက်မိ၏။
သည့်နောက်မှာတော့ သူသည် အစီအရင်အလံများနှင့် အစီအရင်ပြား ဆယ်ခုကျော်ကို ထုတ်ယူကာ ဆန်းကြယ်လှသော မန္တာန်အစီအရင်တစ်ခုအဖြစ် စနစ်တကျ နေရာချလိုက်တော့သည်။
...
တောင်ကုန်း၏ ဗဟိုချက်အတွင်းမှာ နှစ်လလောက် အချိန်ကုန်လွန်စေခဲ့ပြီးနောက်မှာတော့ ဟန်လိသည် သူ၏ လှိုဏ်ဂူနေအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။ သူ၏ စွမ်းအားအနှစ်သာရများစွာ ကုန်ခမ်းသွားခဲ့ရသည့်အလား သူ၏ မျက်နှာတစ်ခုလုံး သေလောက်အောင် ဖြူလျော်နေခဲ့သည်။ ငွေရောင်လ လှမ်း၍ နှုတ်ဆက်လာသည်ကို သူက စကားတစ်လုံးမျှ ပြန်မပြောဘဲ လျှို့ဝှက်အခန်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ပြီး အလောင်းကောင်နတ်ဆိုးနှင့် ပတ်သက်၍လည်း မည်သည့်အကြောင်းအရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။
တစ်လကြာပြီးနောက်မှာတော့ ကြီးမားလှသော အခန်းတံခါးကြီး နောက်တစ်ကြိမ် ပြန်ပွင့်လာခဲ့ပြီး ဟန်လိသည် ထိုအခန်းအတွင်းကနေ တည်ငြိမ်စွာဖြင့် လှမ်းထွက်လာခဲ့ချေပြီ။
အခန်းအပြင်ဘက်တွင် စောင့်ကြပ်နေသော ငွေရောင်လက တရိုတသေ လှမ်း၍ တင်ပြလာသည်။ "သခင်... အင်းဆက်အခန်းထဲက တောင်ပံခြောက်ဖက်နှင်းခဲကင်းမြှီးကောက်တွေ ဥကနေ စပြီး ပေါက်ဖွားလာကြပါပြီ..."
ဟန်လိသည် သူမ၏ စကားကို ကြားရသည့်အခါ ပြုံးလိုက်မိကာ "ဒါဆိုရင်လည်း ကျုပ်တို့ သွားကြည့်ကြတာပေါ့..." ဟု ပြောဆိုလိုက်၏။ သည့်နောက်မှာ သူသည် အင်ဆက်အခန်းရှိရာသို့ အလျင်အမြန် လှမ်းလျှောက်သွားတော့ရာ ငွေရောင်လကလည်း ကျော့မော့လှပသော ကိုယ်ဟန်ဖြင့် သူ၏နောက်ကနေ နီးကပ်စွာ လိုက်ပါလာခဲ့သည်။
ဟန်လိသည် အင်းဆက်အခန်းသို့ သွားရာလမ်းရှိ အတားအဆီးမန္တာန်များကို ဖယ်ရှားပစ်လိုက်ပြီးနောက် အတွင်းပိုင်းရှိ အခြေအနေများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ ဥမှ အသစ်စက်စက် ပေါက်ဖွားလာကြသော တောင်ပံခြောက်ဖက်နှင်းခဲကင်းမြှီးကောက်များသည် ပထမမျိုးဆက်များထက် အဆပေါင်းများစွာ ပိုမိုကြီးမားလှပြီး ၎င်းတို့ ထွေးထုတ်နေသော နှင်းခဲချီစွမ်းအားမှာလည်း ယခင်ကထက် များစွာ ပိုမိုပြင်းထန်လှပေသည်။
၎င်းသည် ကောင်းကင်ရေခဲမီးတောက်၏ စွမ်းအားကို မယှဉ်နိုင်သေးဘူးဆိုပေမဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ပစ်နိုင်ရန် လုံလောက်၏။ ၎င်းကိုသာ ခရမ်းရောင်အထွတ်အထိပ်မီးတောက်နှင့် ပေါင်းစပ်လိုက်မယ်ဆိုလျှင် ၎င်းတို့၏ စွမ်းအားက အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာမှာ သေချာသည်။
အင်းဆက်အခန်း၏ ဗဟိုချက်နေရာတွင်မူ တောင်ပံခြောက်ဖက်နှင်းခဲကင်းမြှီးကောက်များ၏ ဥများသည် အနက်ရောင်အလင်းတန်းများ လင်းလက်လျက် ရှိနေသည်။ ၎င်းတို့မှာ လက်သီးဆုပ်အရွယ်ခန့် ရှိကြပြီး သုံးမီတာခန့် ကျယ်ပြောလှသော ရေခဲတုံးကြီးများ၏ ဝန်းရံခြင်းကို ခံထားရ၏။ အခန်းတစ်ခုလုံးတွင် ပျံ့နှံ့နေသော နှင်းခဲချီစွမ်းအားများအားလုံးမှာ ဤဥများဆီကနေ ထွက်ပေါ်လာခြင်း ဖြစ်မှန်း သိသာလှပေသည်။
ဟန်လိသည် အခန်းတစ်ခုလုံးကို အမူအရာကင်းမဲ့စွာဖြင့် ဝေ့ခတ်ကြည့်ရှုလိုက်၏။ ထိုကြီးမားလှသော ကင်းမြီးကောက်ကြီးများသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ခေါင်းမော့လာကြပြီး ကျောက်တံခါးရှိရာဘက်သို့ လှည့်ကာ ခြိမ်းခြောက်ခံလိုက်ရသည့်နှယ် အဆက်မပြတ် ဟောက်ရမ်းတော့သည်။ ဟန်လိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီးနောက် ထိုအင်းဆက်ဥများဆီသို့ လှမ်းကြည့်ကာ သေသေသာချာ စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုလိုက်၏။
ထိုဥများ၏ အရေအတွက်ကို ရေတွက်ပြီးနောက်မှာတော့ ဟန်လိသည် ခေါင်းညိတ်ပြကာ ပြောဆိုလိုက်သည်။
"ဥပေါင်း နှစ်ဆယ့်လေးဥ ရှိတာပဲ... ကျုပ် အသုံးပြုဖို့အတွက် လုံလောက်ပါတယ်။ ငွေရောင်လ... ကျုပ်ရဲ့ အမည်ခံတပည့်မလေးကို လာဖို့ လှမ်းခေါ်လိုက်ဦး... သူမအတွက် ကင်းမြီးကောက်တွေကို လာယူနိုင်ပြီလို့ ပြောလိုက်ချေ..."
"ဟုတ်ကဲ့... ကျမ အခုပဲ အသံလွှင့်အဆောင် ပို့လွှတ်လိုက်ပါ့မယ်..."
ငွေရောင်လက အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းပေါ်သို့ စကားလုံးအချို့ကို တီးတိုးရေရွတ်လိုက်ပြီးနောက် လေထဲသို့ ပစ်တင်လိုက်ရာ ထိုအဆောင်သည် နီရဲသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။
ကင်းမြီးကောက်ဥများနှင့် ပတ်သက်၍ ကိစ္စပြတ်သွားပြီးနောက်မှာတော့ ဟန်လိသည် သူ၏ အာရုံကို နောက်အခန်းတစ်ခုအတွင်းရှိ ရွှေဝါးမြိုခြင်းပိုးတောင်မာများထံသို့ ပြန်လည်ရွှေ့ပြောင်းလိုက်၏။ ထိုအစိမ်းရောင်အရည်များကို တောင်ပံခြောက်ဖက်နှင်းခဲကင်းမြှီးကောက်များအတွက်သာ ဦးစားပေးအသုံးပြုခဲ့ရသဖြင့် ဟန်လိအနေဖြင့် သူ အထူးရွေးချယ်ထားခဲ့သော ရွှေဝါးမြိုခြင်းပိုးတောင်မာများအပေါ် အချိန်အတော်ကြာအောင် အာရုံမစိုက်နိုင်ခဲ့ပေ။
ထိုအခန်းအတွင်းရှိ ပိုးတောင်မာများထံ၌ မည်သည့်ပြောင်းလဲမှုမှ ဖြစ်ပေါ်လာခြင်း မရှိသေးပေ။ ၎င်းတို့အားလုံးမှာ ဟန်လိ အထူးစိုက်ပျိုးထားခဲ့သော ဝိညာဉ်သစ်ပင်ကြီးတစ်ပင်ထက်တွင် ကြီးမားလှသော ရွှေရောင်အလင်းလုံးကြီးတစ်ခုအဖြစ် စုစည်းနေကြဆဲ ဖြစ်သည်။
သူသည် ဤအခြေအနေကို ကြိုတင်တွက်ဆထားခဲ့သော်လည်း မျက်မြင်တွေ့လိုက်ရသည့်အခါ၌ မျက်မှောင်ကြုတ်လိုက်မိတော့၏။ ထိုပျံသန်းနေသော ပိုးတောင်မာများသည် နောက်ထပ်တစ်ဆင့် ဆင့်ကဲသန္ဓေပြောင်းလဲနိုင်ခဲ့မှသာ ၎င်းတို့ကို အပြည့်အဝ အရွယ်ရောက်ပြီဟု သတ်မှတ်နိုင်မှာ ဖြစ်သည်။ သက်တံမြက်၏ အရှိန်မြှင့်တင်ပေးမှု ရှိနေလျှင်ပင် ၎င်းတို့ သန္ဓေပြောင်းလဲခြင်း ဖြစ်စဉ်တစ်ခုလုံးမှာ အလွန်တရာ ကြာမြင့်လှသဖြင့် သည်းမခံနိုင်လောက်သည့်အထိပင်။ ဟန်လိအနေဖြင့် နှစ်ပေါင်းဆယ်ဂဏန်းခန့်မျှသော အချိန်တိုလေးအတွင်းမှာပင် ဤရွှေဝါးမြိုခြင်းပိုးတောင်မာများသည် နောက်ဆုံးအဆင့် အရွယ်ရောက်လိမ့်မည်ဟု မတွေးထားပေ။
ဟန်လိသည် အင်းဆက်အခန်းထဲကနေ သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် မေးမြန်းလိုက်သည်။
"ငွေရောင်လ..နတ်သမီးလက်ဝါးအပင်ရဲ့ အခြေအနေကော ဘယ်လိုရှိလဲ... လအနည်းငယ်လောက် ကြာသွားခဲ့ပြီဆိုတော့ အဲ့ဒီအပင်ကို ကယ်တင်နိုင်ခြင်း ရှိ၊ မရှိ သိလောက်ပြီ မလား..."
ငွေရောင်လက ချီတုံချတုံလေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ဒါက... ပြောရခက်ပါတယ်... သခင်ကိုယ်တိုင် ဆေးဥယျာဉ်ဆီ လိုက်လာပြီး ကြည့်ရှုတာက ပိုကောင်းပါလိမ့်မယ်..."
"ဘာကို ပြောရခက်တာလဲ..."
ဟန်လိသည် စဉ်းစားမရ ဖြစ်သွားမိသည်။ သို့သော် ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက် သူသည် ငွေရောင်လကို လမ်းပြခိုင်းကာ ဆေးဥယျာဉ်ရှိရာဆီသို့ ဦးတည်ထွက်ခွာခဲ့တော့၏။
ဟန်လိသည် နတ်သမီးလက်ဝါးအပင်၏ အမြစ်ပိုင်းကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် သူ၏မျက်ဝန်းအစုံအတွင်း၌ အံ့ဩမှင်သက်ဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ၎င်း၏ မူလ ဝါကျင်ကျင်အရောင်မှာ အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီဖြစ်သော်လည်း ၎င်းသည် သေးငယ်လျက်သာ ရှိနေဆဲဖြစ်ကာ မည်သည့်အဖူးအပွင့်မျှ ထွက်ပေါ်လာမည့် အရိပ်အယောင်မျိုး စိုးစိမျှ ရှိမနေပေ။
"ဒါက ဘယ်လိုဖြစ်ရတာလဲ... ဒီအပင်က အသက်ရှင်နေတာလား၊ သေဆုံးသွားတာလား..."
ဟန်လိသည် ၎င်းထံမှ မည်သည့်အသက်ဓာတ် အရှိန်အဝါမျိုးကိုမှ အာရုံမခံမိဘဲ ရှိနေချေသည်။
ငွေရောင်လက သက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်း ရှင်းပြလာ၏။
"ဒါက ကျမ သခင်ကို ပြောပြချင်နေတဲ့ ကိစ္စပါပဲ...ဒီနတ်သမီးလက်ဝါးအပင်ရဲ့ အမြစ်ကို အစိမ်းရောင်အရည်တွေနဲ့ အကြိမ်ပေါင်းများစွာ သွန်းလောင်းပေးခဲ့ပေမဲ့ ဘာပြောင်းလဲမှုမှ ရှိမနေခဲ့ပါဘူး။ ကျမက နှစ်တစ်သောင်းဝိညာဉ်နို့ရည်နဲ့ ဝိုင်နတ်ရေစင် နှစ်မျိုးစလုံးကို ပေါင်းစပ်အသုံးပြုပြီးမှသာ ၎င်းရဲ့ အရောင်က ခုလိုမျိုး ပြောင်းလဲသွားခဲ့တာပါ..."
"ကျမကတော့ အဲ့အပင် အသက်ပြန်ရှင်လာခဲ့ပြီလို့ မူလက ယုံကြည်ခဲ့ပေမဲ့ ၎င်းရဲ့ အရောင်ပြောင်းလဲသွားတာကလွဲရင် ကျန်တဲ့အနေအထားအားလုံးက အတူတူ ဖြစ်နေဆဲပါ။ အစိမ်းရောင်အရည်တွေကလည်း ၎င်းအပေါ်မှာ အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။ ဒါကြောင့် ကျမလည်း ဘာမှမတတ်နိုင်တော့ဘဲ လက်မှိုင်ချနေရတာပါ။ အခု ဒီနတ်သမီးလက်ဝါးအပင်ရဲ့ အမြစ်ဟာ အသက်ရှင်နေတာလား၊ သေဆုံးသွားတာလား ဆိုတာကို ကျမ လုံးဝ မသိတော့ပါဘူး..."
ဟန်လိသည် ထိုအပင်၏ အမြစ်ကို စိုက်ကြည့်လိုက်ပြီးနောက် မထူးခြားနားသော လေသံဖြင့် ပြောဆိုလိုက်သည်။
"ဒီအပင်က ခုလိုတုံ့ပြန်မှုရှိတဲ့အတွက် အသက်ပြန်ရှင်လာဖို့ မျှော်လင့်ချက် ရှိနေတုန်းပါပဲ။ ကျုပ်တို့အနေနဲ့ အခြားသော နည်းလမ်းတစ်ခုခုကို ထပ်မံရှာဖွေကြည့်ဖို့ လိုအပ်ပေမဲ့ ခုချိန်ကတော့ ဆက်ပြီး စမ်းသပ်နေရမဲ့ အချိန်မဟုတ်တော့ဘူး။ ကျုပ်တို့ အနောက်ဘက် အစွန်းအဖျားဒေသက အရေးကိစ္စတွေကို အရင်ဦးစွာ သွားရောက်ဖြေရှင်းရမယ်... ကျုပ်တို့ ထွက်ခွာဖို့ အချိန်တန်ပြီ..."
"ကျွန်မတို့ အခုပဲ သွားကြတော့မှာလား..."
ငွေရောင်လက မေးမြန်းလိုက်၏။
ဟန်လိက ပြတ်သားစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ကျုပ်တို့ မနက်ဖြန် သွားမယ်။ ခနနေ စီနီယာအစ်ကိုချန်းကို သွားနှုတ်ဆက်လိုက်မယ်။ ပြီးရင် ကျုပ် လှိုဏ်ဂူကို ချိပ်ပိတ်၊ အရေးကြီးဆုံးဖြစ်တဲ့ ပစ္စည်းတွေကို ယူရမယ်။ အနောက်ဖျားဒေသမှာ အဆင့်မြင့်ကျင့်ကြံသူ အများအပြား ကျင်လည်ကျက်စားတာမျိုး မရှိလောက်ဘူးလို့တော့ ထင်တာပဲ။ ဒါကြောင့် ငါတို့အနေနဲ့ အန္တရာယ် သိပ်ရှိမှာမဟုတ်ဘဲ အချိန်ပေးရတာမျိုးပဲ ရှိမှာ။ ငါတို့ ဒီကို သုံးနှစ်အတွင်း ပြန်လာနိုင်မှ ရမယ်။ မဟုတ်ရင် နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါးထဲ ဝင်နိုင်မဲ့ အချိန်အခါကောင်းကို လွတ်သွားနိုင်တယ်...”
ငွေရောင်လက သူ၏စကားကို ကြားရပြီးနောက်မှာ ခေါင်းညိတ်ပြလိုက်တော့သည်။
ခဏအကြာတွင် သူတို့နှစ်ဦးစလုံး ဆေးဥယျာဉ်ထဲကနေ လှမ်းထွက်လာခဲ့ကြ၏။ ဟန်လိသည် သူ၏ စီနီယာအစ်ကိုချန်းကို သွားရောက်တွေ့ဆုံရန် ထွက်ခွာသွားခဲ့ပြီးနောက် ငွေရောင်လကမူ လှိုဏ်ဂူနေအိမ်အတွင်း၌ ကျန်ရစ်ခဲ့ကာ နောက်တစ်နေ့ နံနက်ခင်းတွင် ထွက်ခွာနိုင်ရန်အတွက် လိုအပ်သည်များကို သေသေချာချာ သိမ်းဆည်းတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင်မူ ဟန်လိသည် ငွေရောင်လကို ခေါ်ဆောင်လျက် လှိုဏ်ဂူနေအိမ်အပြင်ဘက်သို့ လှမ်းထွက်လာခဲ့ရာ လှိုဏ်ဂူအပြင်ဘက်တွင် ကျော့မော့လှပသော ကိုယ်ဟန်ဖြင့် စောင့်ဆိုင်းနေသော မိန်းမလှတစ်ဦးကို မထင်မှတ်ဘဲ မြင်တွေ့လိုက်ရ၏။
သူ၏ မျက်ဝန်းအစုံအတွင်း၌ အံ့အားသင့်ဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် မေးမြန်းလိုက်သည်။
"ဘာကိစ္စများ ရှိလို့လဲ... ငါ မင်းကို နှစ်ပေါင်းများစွာကြာအောင် အေးအေးချမ်းချမ်း ကျင့်ကြံနိုင်ဖို့အတွက် လုံလောက်တဲ့ ဆေးလုံးတွေ ပေးထားခဲ့ပြီးပြီ မလား..."
မူပိုင်လင်းက ခေါင်းငုံ့ကာ တီးတိုးပြောလာသည်။
"အရှင်... သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှာ ကျမရဲ့ ကျင့်ကြံမှုက အတားအဆီးတစ်ခုနဲ့ ကြုံတွေ့နေရတဲ့အတွက်ကြောင့် ဒီခရီးစဉ်အတွင်း အရှင်နှင့်အတူ လိုက်ပါလာတာက ပိုပြီး ကောင်းမွန်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ အရှင်ရဲ့ ကိုယ်လုပ်တော်တစ်ဦးအနေနဲ့ အရှင့်အနားမှာ အနီးကပ်ပြုစု စောင့်ရှောက်ပေးရတာက ကျမရဲ့ တာဝန်ပဲလေ... ကျမကို တစ်ပါးတည်း ခေါ်ဆောင်သွားပေးနိုင်မလားဟင်..."
သူမ၏ လှပလွန်းလှသော ရုပ်သွင်မှာ အခြားသူများ၏ ရင်ထဲ၌ သနားကရုဏာ သက်စေမည့်ခံစားချက်မျိုးကို ပေးစွမ်းနေချေသည်။
ဟန်လိသည် သူမ၏ စကားကို ကြားရသည့်အခါ သူမကို အကဲခတ်သည့် အကြည့်ဖြင့် တစ်ချက် ကြည့်ရှုလိုက်ပြီး ခဏမျှ ချင့်ချိန်စဉ်းစားနေမိ၏။ သူ၏ အနောက်တွင် ရပ်နေသော ငွေရောင်လကမူ မျက်လုံးကစားလိုက်ပြီးနောက် ဆန်းကြယ်စွာ ပြုံးလိုက်ချေသည်။
သိပ်မကြာခင်မှာပင် ဟန်လိသည် ခေါင်းညိတ်ကာ ပြောဆိုလိုက်သည်။
"မင်းက လိုက်ပါချင်တယ်ဆိုမှတော့လည်း လိုက်ခဲ့တော့လေ... လမ်းခရီးမှာ မင်းရဲ့ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး လမ်းညွှန်မှုအချို့ ငါ ပေးနိုင်တာပေါ့။ မင်း အမြန်ဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိနိုင်လေလေ... ငါ့အတွက် ပိုပြီး အကျိုးရှိလေလေ ဖြစ်မှာပဲ..."
"ကျေးဇူးအများကြီးတင်ပါတယ်... အရှင်..."
မူပိုင်လင်းသည် ဤစကားကို ကြားရသည့်အခါ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားပြီး သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားနေဟန်များ အထင်းသား ပေါ်လွင်လာတော့သည်။
ဟန်လိသည် ဤသည်ကို မြင်သောအခါ ပြုံးလိုက်မိပြီး သူ၏ အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်အလင်းတစ်ချက် လင်းလက်သွားခြင်းနှင့်အတူ လေဟုန်စီးရထားလုံး ပေါ်ထွက်လာချေပြီ။ ငွေရောင်လသည် ထိုရထားလုံးကို မြင်တွေ့လိုက်ရသည့် အခါကျမှ တခစ်ခစ် ရယ်မောလိုက်ပြီးနောက် ဝိုးတဝါးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ဟန်လိ၏ အင်္ကျီလက်အိုးအတွင်းသို့ ချက်ခြင်း တိုးဝင်သွားတော့၏။
မူပိုင်လင်းသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့ရသည်။
ဟန်လိသည် ဤသည်ကို အာရုံမထားဘဲ တည်ငြိမ်စွာပင် ပြောဆိုလိုက်သည်။
"ငွေရောင်လနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လမ်းခရီးကျမှ ငါ မင်းကို ရှင်းပြပေးမယ်... အခုတော့ ကျုပ်တို့ အရင်ဆုံး ထွက်ခွာကြစို့..."
"ဟုတ်ကဲ့ပါ... အရှင်..."
မူပိုင်လင်းသည် လျင်မြန်စွာပင် တည်ငြိမ်မှု ပြန်လည်ရရှိသွားပြီးနောက် သွက်လက်လှသော ခြေလှမ်းများဖြင့် ရထားလုံးအတွင်းသို့ လှမ်းဝင်လိုက်တော့သည်။
သူမ အတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင် ဟန်လိသည် မိုးပြာရောင်ဝိုးတဝါးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ရထားလုံးအတွင်းသို့ ရောက်ရှိသွားခဲ့ချေပြီ။ သူသည် လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်ရာ အဖြူရောင်အလင်းအလွှာတစ်ခုသည် ပျံသန်းနေသော ထိုရထားလုံးကြီးကို ချက်ခြင်း ဖုံးလွှမ်းသွားတော့၏။ သည့်နောက်မှာ ကြည်လင်လှသော မြည်ဟိန်းသံကြီးတစ်ခုနှင့်အတူ လေဟုန်စီးရထားလုံးသည် ကောင်းကင်ယံကို ဖြတ်သန်းကာ အဝေးသို့ တဟုန်ထိုး ပျံသန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
သိပ်မကြာခင်မှာပင် မျောလွင့်တိမ်တိုက်ဂိုဏ်းအတွင်း၌ သတင်းစကားအချို့ လျင်မြန်စွာ ပျံ့နှံ့လာခဲ့ချေပြီ။ ၎င်းမှာ သူတို့၏ အကြီးအကဲဟန်သည် မိစ္ဆာကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်ခဲ့ရခြင်းကြောင့် သူ၏ အသက်စွမ်းအားအနှစ်သာရများစွာ အနည်းငယ်မျှ ဆုံးရှုံးသွားခဲ့ရပြီး သူ၏ ကျင့်ကြံမှုကို ပြန်လည်ကုသနိုင်ရန်အတွက် နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေတော့မည် ဟူ၍ ဖြစ်ပေသည်။
အိပ်မက်တိမ်တိုက်တောင်တန်းရှိ အခြားသော ဂိုဏ်းကြီးနှစ်ဂိုဏ်းသည် ဤသတင်းစကားကို ကြားသိရသည့် အခါမှာတော့ ဟန်လိ၏ ဒဏ်ရာအခြေအနေ မည်မျှ ပြင်းထန်လှသည်ကို စုံစမ်းထောက်လှမ်းနိုင်ရန်အတွက် လူအချို့ကို ချက်ခြင်း စေလွှတ်ခဲ့ကြသည်။ သို့သော်ငြားလည်း အကြီးအကဲချန်းကမူ ၎င်းတို့အား အဖြေ တိတိကျကျ မပေးခဲ့ပေ။ သို့ဖြစ်ရကား မျောလွင့်တိမ်တိုက်ဂိုဏ်းနှင့် ရင်းနှီးကျွမ်းဝင်လှသော တခြားကျင့်ကြံသူများသည်ပင် ဤကိစ္စနှင့် ပတ်သက်၍ မည်သည့်အမှန်တရားကိုမှ သိခွင့် မရရှိခဲ့ကြချေ။
သို့ဖြစ်၍ မျောလွင့်တိမ်တိုက်ဂိုဏ်း၏ အသစ်စက်စက် နာမည်ကျော်ကြားလာခဲ့သော အကြီးအကဲဟန်သည် ပြင်းထန်လှသော ဒဏ်ရာများကို ခံစားခဲ့ရသည်ဟူသော သတင်းဆိုးကြီးတစ်ခုမှာ ရှီနိုင်ငံတစ်ခုလုံးသာမက ဘေးပတ်ဝန်းကျင်ရှိ တိုင်းပြည်ဒေသမျိုးစုံဆီသို့ အလျင်အမြန်ပင် ပြန့်နှံ့သွားတော့သည်။ ထိုဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် ဤသတင်းစကားအပေါ် နည်းနည်းလေးမျှ သံသယဝင်ခြင်း မရှိခဲ့ကြပေ။ ဘာပဲဖြစ်ဖြစ် သူ့ကို ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့သော မိစ္ဆာကျင့်ကြံသူမှာ ကျင်းအင်ပါယာ၏ ယင်စစ်ထုတ်ခြင်းဂိုဏ်းမှအကြီးအကဲတစ်ဦးဖြစ်ပြီး ၎င်းသည် စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦး ဖြစ်သည်ဟု ကောလဟလများ ထွက်ပေါ်နေခဲ့သည် မဟုတ်ပါလား။ သို့ဖြစ်ရကား ၎င်းကို သတ်ဖြတ်နိုင်ရန်အတွက် သူ၏ အသက်စွမ်းအားအနှစ်သာရများစွာ ကုန်ဆုံးသွားခဲ့ရခြင်းမှာ မဆန်းတော့ချေ။ သို့ဆိုလျှင်ပင် ယခုအခါ၌ ဟန်လိကို လူထူးခြားကောင်းကင်ကလဲ့စားနှင့် ရင်ပေါင်တန်းနိုင်သော အစွမ်းထက်လှသည့် ကျင့်ကြံသူတစ်ဦးအဖြစ် လူအများက သတ်မှတ်ထားကြပြီး ဖြစ်သည်။
ထို့အတူပင် မျောလွင့်တိမ်တိုက်ဂိုဏ်း၏ ဂုဏ်သတင်းမှာလည်း သူနှင့်အတူ အဆပေါင်းများစွာ လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး ၎င်းဂိုဏ်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်လိုကြသော ဂိုဏ်းအဖွဲ့အစည်းများစွာ ရှိလာသည်။ သည့်အပြင် ကျင့်ကြံမှုနက်နဲပြီး လွတ်လွတ်လပ်လပ် နေတတ်သော လေလွင့်ကျင့်ကြံသူအချို့သည်ပင် မျောလွင့်တိမ်တိုက်ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် အိပ်မက်တိမ်တိုက်တောင်တန်းဆီသို့ ရောက်ရှိလာခဲ့ကြသည်။
အချိန်တိုလေးအတွင်းမှာပင် မျောလွင့်တိမ်တိုက်ဂိုဏ်းသည် ရှီနိုင်ငံအတွင်း၌ ထိပ်ဆုံးအဆင့်ရှိသော ဂိုဏ်းကြီးတစ်ခုအဖြစ် မသိမသာဖြင့် ရပ်တည်လာနေသည်။ မျောလွင့်တိမ်တိုက်ဂိုဏ်းမှ တပည့်များစွာသည်လည်း သူတို့၏ ဆန်းကြယ်လှသော အကြီးအကဲဟန်အပေါ် အလွန်ပင် စိတ်လှုပ်ရှားဂုဏ်ယူနေကြသည်။ ဟန်လိက သူတို့၏ နှလုံးသားထဲ၌ အလေးထားရသော စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့လေပြီ။