အခန်း ၇၉၇
Vol. 58 Ch. 797
အပိုင်း ၇၉၇ - ဟန်လိ ပြန်လည်ရောက်ရှိလာခြင်း
ချန်စီရင်စုနှင့် အနီးဆုံးတွင် ရှိသော မြို့မှာ သစ်ရွက်ကြွေမြို့ပင်။ ထိုမြို့သည် အသင်္ချေတောင်တန်းနှင့် လီပေါင်းထောင်ချီ၍ ဝေးကွာသော်လည်း တောတောင်အတွင်း၌ မအိပ်စက်လိုကြသော ကျင့်ကြံသူအချို့မှာ မြို့အတွင်း၌သာ လာရောက်တည်းခိုရန် ဆုံးဖြတ်ခဲ့ကြ၏။ ဤသည်မှာ မူလက ထိုမြို့ကို အပိုင်စီးထားသော ဂိုဏ်းငယ်တစ်ခုကို ထိတ်လန့်သွားစေ၏။ သူတို့သည် ဂိုဏ်းဌာနချုပ်ရှိရာ တောင်ပေါ်သို့ မောင်းထုတ်ခံလိုက်ရသည့်နှယ် အမြန်ပြန်ပြေးကြသည်။
ထိုနေရာ၌ ကျင့်ကြံသူ အမြောက်အမြား စုဝေးနေကြသော်လည်း မြို့အတွင်း၌ တည်းခိုခန်းများစွာ ရှိနေသဖြင့် နေဖို့ထိုင်ဖို့ ပြဿနာ မရှိနေပေ။
ယင်းတည်းခိုခန်းများထဲတွင် သာမန်ကာလျှံကာ တည်ရှိနေသော ကံကောင်းခြင်းတည်းခိုးခန်းဟု အမည်ရသည့် တည်းခိုခန်းတစ်ခု ရှိ၏။ ထိုနေရာ၌ ကျင့်ကြံသူ အဖွဲ့နှစ်ဖွဲ့ တည်းခိုနေကြပြီး တစ်ဖွဲ့ချင်းစီမှာ ခြံဝန်း၏ ဘယ်နှင့်ညာတွင် ခွဲခြား၍ နေထိုင်ကြသည်။
ကျောက်သားအခန်းများထဲမှ တစ်ခုတွင်မူ လူသုံးဦးသည် သစ်သားစားပွဲတစ်ခုနား ဝိုင်းထိုင်၍ တစ်ခုခုကို ဆွေးနွေးနေကြ၏။ ထိုသုံးဦးစလုံးမှာ လှသွေးကြယ်သည့် အမျိုးသမီးကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့မှာ ဟန်လိ ကောင်းကင်ဦးမြို့တွင် နောက်ဆုံးအကြိမ် ဆုံတွေ့ခဲ့ဖူးသော နတ်သမီးခရမ်းဝိညာဉ်နှင့် မိန်းမပျိုမေနင်တို့ ဖြစ်ကြပြီး တတိယမြောက် အမျိုးသမီးမှာမူ မျိုးမပျိုစုန်ပင်။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။
ခုလက်ရှိ၌ နတ်သမီးခရမ်းဝိညာဉ်သည် သူမ၏ အစစ်အမှန်အသွင်အပြင်ကို သာမန်အမျိုးသမီး ကျင့်ကြံသူတစ်ဦးအဖြစ် ရုပ်ဖျက်ထားသဖြင့် သူမ၏ ကျက်သရေရှိသော အလှမှာ မဆိုသလောက်သာ ပေါ်လွင်နေတော့၏။
ထိုသုံးဦးစလုံးမှာ လေးနက်သော မျက်နှာပေးများဖြင့် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြခြင်း ဖြစ်သည်။ သူတို့ပတ်ပတ်လည်ရှိ နံရံများတွင်မူ အဖြူရောင်အလင်းတန်းများ လင်းလက်နေသဖြင့် သည်အခန်းမှာ အတားအဆီးပညာရပ်တစ်ခုအောက်တွင် ရှိနေပြီး ပြင်ပမှ ချောင်းမြောင်းနားထောင်ခြင်းကို ကာကွယ်ပေးထားမှန်း ထင်ရှားလှပေသည်။
နတ်သမီးခရမ်းဝိညာဉ်က မျက်မှောင်ကြုတ်လိုက်ပြီး စိုးရိမ်ပူပန်သော လေသံဖြင့် မေးလိုက်၏။ "အစ်မစုန်... ရှင်…အစ်ကိုဟန်ဆီက ဘာသတင်းစကားမှ မကြားရဘူးလား။ အဆိပ်မြူခိုးတွေ လုံးဝ ပျောက်ကွယ်သွားဖို့က သိပ်မလိုတော့ဘူး။ တကယ်လို့ အစ်ကိုဟန်သာ ပေါ်မလာရင် ကျုပ်တို့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ဖို့ အကောင်းဆုံး အချိန်အပိုင်းအခြားကို လွဲချော်သွားလိမ့်မယ်"
ကျင့်ကြံသူစုန်ကမူ ခပ်ရေးရေး ပြုံးလိုက်ပြီး ဆိုလိုက်၏။
"ညီမလေးခရမ်းဝိညာဉ်... ညီမလေးက ဒါကို မသိတာနေမယ်။ စီနီယာချန်းက သိုင်းဦးလေးဟန် ဒဏ်ရာအပြင်းအထန် ရထားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမဲ့ တကယ်တမ်း သူက အနောက်ဖျားဒေသဆီ ခရီးထွက်သွားတာလို့ ကျမ သိထားတာ။ သူ အဲ့ဒီမှာ ဘာအလုပ်ရှိလဲဆိုတာ ကျမ မသိပေမဲ့ အပြန်လမ်းခရီးက အလွန်ဝေးတာမို့ အနည်းဆုံး တစ်နှစ်လောက်တော့ အချိန်ယူရမှာ။ သူ ချက်ချင်း ပြန်ရောက်လာဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ ကံကောင်းချင်တော့ အချိန်က လအနည်းငယ် ကျန်သေးတယ်လေ။ ကျမလည်း ဂိုဏ်းမှာ ကျမတို့ ဆုံမယ့်နေရာကို သေသေချာချာ မှာကြားခဲ့ပြီးသားပါ။ သူ ပြန်ရောက်လာတာနဲ့ ကျမတို့ဆီ ချက်ချင်း လိုက်လာမှာ သေချာပါတယ်။ ကျမတို့ကတော့ အချိန်မီ ရောက်လာဖို့ပဲ မျှော်လင့်ရမှာပဲ။ အနောက်ဖျားဒေသက ဘယ်ကျင့်ကြံသူမဆို အစ်ကိုဟန်ကို တားဆီးနိုင်စွမ်း ရှိကြမှာ မဟုတ်ပါဘူး"
အမှောင်နယ်မြေ၏ အဖြစ်အပျက်များကို ပြန်လည်သတိရမိသွားသဖြင့် နတ်သမီးခရမ်းဝိညာဉ်က မပြောမိဘဲ မနေနိုင် ဖြစ်ရလေသည်။
"ဒါကတော့ ပြောဖို့ ခက်ပါတယ်။ အစ်ကိုဟန်ရဲ့ ကျင့်ကြံမှုအဆင့်က မခန့်မှန်းနိုင်လောက်အောင် နက်နဲလှတယ်ဆိုပေမဲ့ လောကမှာ စွမ်းရည်တစ်ခုတည်းနဲ့ ဖြေရှင်းလို့မရတဲ့ ကိစ္စရပ်တွေ အများကြီး ရှိနေတုန်းပဲလေ"
သူမ၏ မျက်လုံးများက တောက်ပသွားပြီး စကားထပ်ဆက်၏။
"အစ်မစုန်... ရှင် အစ်ကိုဟန်ကို သိုင်းဦးလေးဟန်လို့ ခုလေးတင် သုံးနှုန်းလိုက်လားလို့။ အရင်တုန်းကတော့ ရှင်က သူ့အပေါ် ခုလောက်ထိ လေးလေးစားစား မပြောခဲ့ဖူးပါဘူးနော်" ထိုသို့ပြောပြီးနောက် နတ်သမီးခရမ်းဝိညာဉ်၏ မျက်နှာထက်တွင် ထူးခြားသော လှောင်ပြုံးတစ်ခု ပေါ်လာတော့သည်။
ကျင့်ကြံသူစုန်၏ပါးပြင်မှာ နီမြန်းလာပြီးမှ တည်ငြိမ်မှုရအောင် ပြန်လည်ထိန်းချုပ်လိုက်၏။ "ညီမလေးခရမ်းဝိညာဉ်ကသာ စဦးစိတ်ဝိညာဉ်အလယ်အလတ်အဆင့်ရဲ့ အထွက်အထိပ် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ငါ့အနေနဲ့ ညီမလေးအပေါ် ခုလိုပဲ လေးစားမိမှာပဲ။ သိုင်းဦးလေးဟန်က အခုဆိုရင် ကောင်းကင်တောင်ပိုင်းဒေသရဲ့ ထိပ်သီးကျွမ်းကျင်သူ သုံးဦးနဲ့ ရင်ပေါင်တန်းနိုင်နေပြီမို့ ဂျူနီယာတစ်ဦးအနေနဲ့ ကျမက သူ့အပေါ် လေးလေးစားစား ဆက်ဆံတာဟာ ဘာများ ထူးဆန်းနေလို့လဲ"
နတ်သမီးခရမ်းဝိညာဉ်က အားပါးတရ ရယ်မောလိုက်ပြီး ဆို၏။
"ဒါပေါ့... ဒါက သဘာဝကျပါတယ်။ ကျမလည်း အတိတ်တုန်းက သူ့ရဲ့ အောင်မြင်မှု သတင်းစကားတွေကို ကြားရတုန်းက တကယ်ပဲ တုန်လှုပ်ခဲ့ရတာ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်တုန်းကဆို သူက ကျမတို့လိုပဲ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပဲ ရှိသေးတာလေ။ ဒါပေမဲ့ အခုတော့ သူက ကျမတို့ အားလုံး အံ့အားတသင့် ငေးမောရလောက်တဲ့အထိ စွမ်းအားကြီးသူတစ်ဦး ဖြစ်လာခဲ့ပြီ။ ယုံကြည်ဖို့တောင် ခက်ခဲလွန်းလှပါတယ်။ ဒါကိုသာ ကြိုသိခဲ့ရင် အတိတ်တုန်းက ညီမလေးမေနင်ကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် အတင်းအကျပ် လက်ခံခိုင်းလိုက်ရမှာ။ ဒါဆိုရင်တော့ ညီမလေးမေနင်အတွက် ကျင့်ကြံခြင်းလမ်းကြောင်းမှာ အများကြီး ပိုပြီး ဘေးကင်းသွားမှာ သေချာတယ်"
မိန်းမပျိုမေနင်သည် ထိုစကားကို ကြားရသောအခါ သူမ၏ မျက်နှာမှာ ရုတ်တရက် နီမြန်းသွားပြီးမှ နှာခေါင်းရှုံ့လိုက်ကာ စကားတစ်လုံးမျှ မဆိုတော့ချေ။ သို့သော် သူမ၏ မျက်ဝန်းများအတွင်း၌ ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်နေ၏။ အတိတ်တုန်းက ဟန်လိက သူမအား ရွေးချယ်ခွင့် ပေးခဲ့ဖူးသော်လည်း သူမကိုယ်တိုင် တွေဝေခဲ့မိသဖြင့် ဤအခွင့်အရေးကို လက်လွှတ်ခဲ့ရခြင်း ဖြစ်ပေသည်။ ယခုအခါ ဟန်လိမှာ အဆင့်အတန်း မြင့်မားလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ သူမအနေဖြင့် ထိုကိစ္စကို ပြန်လည်စကားဟရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
"မေနင်က သိုင်းဦးလေးဟန်ရဲ့ ကိုယ်လုပ်တော် ဖြစ်ခွင့် ကြုံခဲ့ဖူးတယ် ဟုတ်လား... ဒါကို ကျမ ပထမဆုံးအကြိမ် ကြားဖူးတာပဲ"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျင့်ကြံသူစုန်က ပြုံးလျက် နတ်သမီးခရမ်းဝိညာဉ်ဘက်သို့ လှည့်ကာ ဆိုလိုက်၏။
"ကျမကတော့ ညီမလေးခရမ်းဝိညာဉ်နဲ့ သိုင်းဦးလေးဟန်ကြားမှာ နက်နဲတဲ့ ပတ်သက်မှုတစ်ခု ရှိနေလိမ့်မယ်လို့ အမြဲယုံကြည်ထားတာ။ ဘာပဲဖြစ်ဖြစ် ညီမလေးရဲ့ ကျက်သရေရှိလှတဲ့ အလှတရားကို ဘယ်ယောက်ျားသားမဆို ငြင်းဆန်နိုင်စွမ်း ရှိကြမှာ မဟုတ်ဘူးလေ"
နတ်သမီးခရမ်းဝိညာဉ်က ပြန်တုံ့ပြန်၏။
"ကျမသာ အတိတ်တုန်းက အစ်ကိုဟန်ဟာ အခုလိုမျိုး စွမ်းအားကြီးသူတစ်ဦး ဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့ရင် သူ့အနားမှာပဲ တစ်ဘဝလုံး နေထိုင်သွားမိမှာပါ။ တကယ်လို့ ကျမကသာ သူ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်ခဲ့မယ်ဆိုရင် ကျမရဲ့ကျင့်ကြံမှုအဆင့်ဟာ အခုထက် အဆပေါင်းများစွာ ပိုပြီး တိုးတက်နေမှာ သေချာတယ်"
သူမက နှုတ်ခမ်းသက်လိုက်ပြီး ဆန်းကြယ်စွာ ပြုံးလိုက်သော်လည်း သူမ၏ စကားလုံးများမှာ အရွှန်းဖောက်နေခြင်း ဖြစ်၊ မဖြစ်ကိုမူ မည်သူမျှ မသိနိုင်ချေ။ သည့်အတွက်ကြောင့် ကျင့်ကြံသူစုန်မှာ ရယ်ရမလား၊ ငိုရမလားမသိ ဖြစ်သွားရရှာသည်။
ခဏမျှ စဉ်းစားပြီးနောက် နတ်သမီးခရမ်းဝိညာဉ်က လေးလေးနက်နက် ပြောလာပြန်၏။
"တကယ်လို့ အစ်ကိုဟန်ကသာ ကျမတို့ကို ကူညီဖို့ တကယ် သဘောတူမယ်ဆိုရင် သူ့ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် စိတ်ဝိညာဉ်မီးတောက်သစ်သီးကို ရဖို့ကတော့ လုံးဝ သေချာပါတယ်။ အစ်မစုန်... ရှင်က နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို လုံးဝ မဝင်တော့ဘူးဆိုတာ သေချာရဲ့လား။ ညီမလေးမေနင်ကလည်း အခု တောင်ပေါ်မှာ အဆင့်မြင့်ကျင့်ကြံသူ အမြောက်အမြား စုဝေးနေတာကို မြင်ပြီး အန္တရာယ်ရှိတယ်ဆိုပြီး မသွားချင်တော့ဘူးလေ။ သူမရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် အထဲမှာ တောင့်ခံနိုင်ဖို့က တကယ်ပဲ ခက်ခဲလိမ့်မယ်"
ကျင့်ကြံသူစုန်ကမူ သက်ပြင်းချရင်း မတတ်သာသည့်လေသံဖြင့် ဆို၏။
"ငါလည်း သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ ငါက ညီမလေးတို့နှစ်ယောက်နဲ့ အခြေအနေချင်း မတူဘူးလေ။ ငါက အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ပဲ ရှိသေးတာဆိုပေမဲ့ နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းဖို့အတွက်က လိုအပ်နေသေးတာ။ အသက်ရင်းပြီး ဒီလောက်အန္တရာယ်ကြီးတဲ့ ခရီးကို သွားဖို့ဆိုတာ မထိုက်တန်ပါဘူး။ ချောက်ကမ်းပါးထဲက ရတနာတွေအတွက်နဲ့တော့ ငါ အသက်အန္တရာယ် အဖြစ်မခံနိုင်ဘူး။ ကိုယ့်အဆင့်ကိုယ် သိပါတယ်"
နတ်သမီးခရမ်းဝိညာဉ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"အစ်မစုန်က ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကျမလည်း အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး။ တကယ်တော့ အစ်ကိုဟန်သာ အချိန်မီ ရောက်မလာခဲ့ရင် ကျုပ်တစ်ယောက်တည်းနဲ့တော့ ချောက်ကမ်းပါးထဲ ဝင်ဖို့ စိတ်ကူးမရှိပါဘူး။ အဆင့်မြင့်ကျင့်ကြံသူ အမြောက်အမြား စုဝေးနေကြတာဆိုတော့ အတွင်းထဲမှာ ရတနာလုပြီး သတ်ဖြတ်ကြမယ့် ကိစ္စရပ်တွေက နေ့စဉ်နဲ့အမျှ ဖြစ်နေမှာ သေချာတယ်။ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေနဲ့ တစ်ယောက်တည်း ဝင်သွားတာဟာ သေလမ်းသွားရှာသလို ဖြစ်နေမှာပါ။ ကျမလည်း အသိဉာဏ်ကင်းမဲ့နေတဲ့သူ မဟုတ်ပါဘူး"
နတ်သမီးခရမ်းဝိညာဉ်က ခါးသီးစွာ ပြုံးလျက် မတတ်သာသည့်လေသံဖြင့် ဆိုလိုက်ရာ မိန်းမပျိုမေနင်နှင့် ကျင့်ကြံသူစုန်တို့မှာ အံ့ဩသွားကြတော့သည်။
ကျင့်ကြံသူစုန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာပြီး ရေရွတ်လိုက်၏။ "ကျုပ်လည်း တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ လျှို့ဝှက်အစီအစဉ်တွေ ခုလိုမျိုး ပေါက်ကြားသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အစတုန်းကတော့ ညီမလေးခရမ်းဝိညာဉ်ကပဲ အခြေအနေ ရှုပ်ထွေးသွားအောင် သတင်းလွှင့်လိုက်တာလို့ ထင်နေတာ"
နတ်သမီးခရမ်းဝိညာဉ်က စိတ်ဆိုးမာန်စိုး မျက်နှာပေးဖြင့် ချက်ချင်း ငြင်းဆိုလိုက်သည်။
"ကျမက ဘာလို့ အဲ့ဒီလို လုပ်ရမှာလဲ... ကျောက်ကမ်းပါးထဲ ဝင်မယ့်သူ နည်းလေလေ ကျုပ်တို့အတွက် အခွင့်အရေး ပိုများလေလေပဲ မဟုတ်လား။ အဲ့ဒီလို အခြေအနေမျိုးမှာမှ ကျုပ်တို့က တစ္ဆေဝိညာဉ်ဂိုဏ်းကို အလစ်အငိုက် တိုက်ခိုက်ပြီး စိတ်ဝိညာဉ်မီးတောက်သစ်သီးကို ရအောင် ခူးနိုင်မှာလေ"
ထိုအချိန်တွင် သူတို့၏ အခန်းပြင်ပမှ ရင်းနှီးလှသော အမျိုးသားတစ်ဦး၏
အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ "အို... ဒါဆိုရင်တော့ ဒီသတင်းကို လွှင့်လိုက်တာဟာ ရောင်းရင်းနတ်သမီးခရမ်းဝိညာဉ် မဟုတ်ဘူးပေါ့... အခြားတစ်စုံတစ်ယောက်ရဲ့ လက်ချက် ဖြစ်ရမယ်"
"သိုင်းဦးလေးဟန်..."
"အစ်ကိုဟန်..."
နတ်သမီးခရမ်းဝိညာဉ်နှင့် ကျင့်ကြံသူစုန်တို့မှာ ထိုအသံကို ကြားလိုက်ရသည်နှင့် မည်သူမည်ဝါမှန်း တန်းမှတ်မိသွားကြပြီး ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်မိသွားသည်။ နတ်သမီးခရမ်းဝိညာဉ်က လက်ဝှေ့ယမ်းကာ မန္တာန်ချိပ်ဟန်တစ်ခုကို ထုတ်ဖော်၍ အတားအဆီးကို ဖယ်ရှားလိုက်ရာ အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် ကျောက်တံခါးကြီးမှာ အလိုအလျောက် ပွင့်သွားတော့သည်။
တံခါးဝတွင် အသက်နှစ်ဆယ်ဝန်းကျင် အရွယ်ရှိသော လူငယ်တစ်ဦး လက်နောက်ပစ်လျက် အေးဆေးစွာ ရပ်နေ၏။ သူ၏ အဝတ်အစားများမှာ ဟောင်းနွမ်းနေသော်လည်း သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဆန်းကြယ်သော အရှိန်အဝါတစ်ခု ရှိနေသည်။ ထိုသူမှာ အနောက်ဖျားဒေသ၌ နှစ်နှစ်ခန့်ကြာအောင် နေထိုင်ခဲ့ပြီးမှ ပြန်လည်ရောက်ရှိလာသော ဟန်လိပင် ဖြစ်ပေသည်။ သူ၏ ကျောဘက်တွင် တစ်ပေခန့် ရှည်လျားသော ဝါးကျည်တောက်တစ်ခုကို လွယ်ထားပြီး ၎င်းကို သိုလှောင်အိတ်ထဲသို့ပင် ထည့်သိမ်းထားခြင်း မရှိချေ။
အသေအချာ စစ်ဆေးကြည့်လိုက်သောအခါ ဟန်လိ၏ ရုပ်သွင်မှာ အတိတ်ကထက်စာလျှင် ပိုမိုတည်ငြိမ်ရင့်ကျက်လာပြီး သူ၏ မျက်လုံးများအတွင်း၌ မခန့်မှန်းနိုင်လောက်အောင် နက်နဲသော ဝိညာဉ်အလင်းများ ထွက်ပေါ်နေသဖြင့် လောကဓံကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသော သမ္ဘာရင့်ကျင့်ကြံသူကြီးတစ်ဦးအလား ထင်မှတ်ရပေသည်။
ကျင့်ကြံသူစုန်မှာ တွန့်ဆုတ်မနေတော့ဘဲ ရှေ့သို့ လှမ်းထွက်လိုက်ပြီး ဂါဝရပြုကာ တလေးတစား ပြောသည်။
"ဂျူနီယာက သိုင်းဦးလေးဟန်ကို လေးစားသမှု ပေးပါတယ်..."
"အစ်ကိုဟန်... နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ကျမဖြင့် အစ်ကိုဟန်က အလုပ်ရှုပ်နေလို့ အချိန်မီ မလာနိုင်တော့ဘူးလို့ ထင်နေတာ"
နတ်သမီးခရမ်းဝိညာဉ်က ထိုင်နေရာမှ ထရပ်လိုက်ပြီး ဝမ်းမြောက်ဝမ်းသာဖြင့် ဆိုလိုက်သော်လည်း သူမ၏ ပါးပြင်မှာ နီမြန်းလျက် ရှိ၏။ ဟန်လိသည် မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည်ကို မသိရသဖြင့် အစောပိုင်းတုန်းက စကားများကို ကြားသွားခဲ့လေသလားဟု သူမ စိုးရိမ်မိခြင်း ဖြစ်သည်။
သူမကိုယ်တိုင် ဟန်လိအနားမှာ တစ်ဘဝလုံး နေထိုင်သွားမိမှာပါဟု ပြောခဲ့သည့် စကားကို ပြန်လည်သတိရမိသွားသောအခါ သူမသည် ပါးနပ်လှသော မိန်းမပျိုတစ်ဦး ဖြစ်သော်ငြားလည်း အနည်းငယ် ရှက်ရွှံ့သွားမိသည်မှာ အမှန်ပင် ဖြစ်၏။
"ကျုပ်က မိတ်ဆွေတို့နဲ့ သဘောတူညီချက်တစ်ခု ရှိထားတာဆိုတော့ အချိန်မီ ရောက်လာတာဟာ သဘာဝကျပါတယ်"
ဟန်လိက ဆန်းကြယ်စွာ ပြုံးလိုက်ပြီး သူမကို တစ်ချက် စိုက်ကြည့်လိုက်ပြီးမှ ခန်းမအတွင်းသို့ အေးဆေးစွာ လှမ်းဝင်ခဲ့သည်။
မိန်းမပျိုမေနင်မှာမူ နှုတ်ခမ်းကို ကိုက်ထားလျက် ရှိ၏။ သူမက ဟန်လိကို တလေးတစား ဂါရဝပြုလိုက်၏။ ဟန်လိက လက်ဝှေ့ယမ်းကာ သူမကို တားမြစ်လိုက်ပြီး စားပွဲဘေးရှိ လွတ်နေသော ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ နတ်သမီးခရမ်းဝိညာဉ်ကလည်း စိတ်ကို ပြန်လည်ထိန်းချုပ်ကာ ချက်ချင်းပင် ပြန်ထိုင်လိုက်၏။ ကျင့်ကြံသူစုန်မှာမူ ခဏမျှ တွန့်ဆုတ်နေပြီးမှ ဝင်ထိုင်ရှာသည်။
နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ အရေးကိစ္စများကို ဘေးဖယ်ထားလိုက်ပြီး နတ်သမီးခရမ်းဝိညာဉ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အစ်ကိုဟန်... အနောက်ဖျားဒေသဆီ သွားခဲ့တဲ့ ခရီးစဉ်ကကော... ချောချောမွေ့မွေ့ ရှိခဲ့ရဲ့လား"
သူမက ဟန်လိကို ထူးဆန်းသော အကြည့်ဖြင့် ထပ်မံ စူးစမ်းကြည့်လိုက်ပြန်သည်။
ဟန်လိက ခပ်ရေးရေး ပြုံးလိုက်ပြီး ပြန်ဖြေ၏။
"အနောက်ဖျားဒေသမှာ အနည်းငယ် ပြဿနာတချို့နဲ့ ကြုံခဲ့ရပေမဲ့ အဆင်ပြေပြေ ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တစ်ခု ကုန်လွန်ခဲ့ရလို့သာ မဟုတ်ရင် လွန်ခဲ့တဲ့ ခြောက်လကတည်းက ကျုပ် ပြန်ရောက်နေတာ ကြာပါပြီ"
နတ်သမီးခရမ်းဝိညာဉ်နှင့် ကျင့်ကြံသူစုန်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြပြီး သူတို့၏ ရင်ထဲတွင် အံ့ဩမှုများ ဖြစ်ပေါ်သွားကြသည်။ ဟန်လိကဲ့သို့သော ထိပ်သီးကျွမ်းကျင်သူတစ်ဦးအတွက် ပြဿနာတစ်ခုဟု သတ်မှတ်ရလောက်သော ကိစ္စဆိုလျှင် သာမန်အရာ မဟုတ်နိုင်မှန်း သူတို့ သိထားကြသောကြောင့် ဖြစ်၏။ သို့သော်လည်း ဟန်လိက အသေးစိတ် ထုတ်ပြောခြင်းမရှိသရွေ့ သူတို့အနေဖြင့် ပါးနပ်စွာဖြင့်ပင် ဆက်လက်မမေးမြန်းတော့ချေ။
"ကျုပ် အပြင်မှာ ရှိနေတုန်းက ကြားလိုက်ရတာတော့ နတ်သမီးခရမ်းဝိညာဉ် တစ်ဦးတည်းသာ ချောက်ကမ်းပါးထဲ ဝင်ဖို့ ဆုံးဖြတ်ထားတယ်ဆို..."
ဟန်လိက ကျန်ရှိသော အမျိုးသမီးနှစ်ဦးဘက်သို့ လှည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"တူမစုန်၊ မေနင်... နင်တို့နှစ်ယောက်လုံးကကော ဒီကိစ္စကို သေသေချာချာ ဆုံးဖြတ်ပြီးကြပြီလား"
"သိုင်းဦးလေးက သိပြီးမှတော့ ဂျူနီယာကလည်း ဘာမှ ဖုံးကွယ်မထားတော့ပါဘူး။ ကျမနဲ့မေနင်တို့ သေသေချာချာ တိုင်ပင်ပြီးတဲ့နောက်မှာ ဒီခရီးစဉ်က ကျမတို့အတွက် အန္တရာယ် များလွန်းတယ်လို့ ခံစားရလို့ မသွားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ကျမအနေနဲ့ ကျင့်ကြံမှုအချိန် နှစ်ပေါင်းသုံးဆယ်သက်သာစေမယ့်အရာအတွက်နဲ့တော့ အသက်အန္တရာယ် အဖြစ်မခံနိုင်ပါဘူး။ ဒါ့အပြင် မကြာသေးခင်ကမှ မေနင်ဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်အတွက် အထောက်အကူပြုမယ့် ဆေးလုံးတစ်လုံးကို ရရှိခဲ့တာကြောင့် သူမလည်း အန္တရာယ် မကြုံချင်တော့ဘူးလေ။ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးရဲ့ အန္တရာယ်ရှိလှတဲ့ ဂုဏ်သတင်းကလည်း အပြင်လောကမှာ ပြောစမှတ် ပြုနေရတာ မဟုတ်လား။ စိတ်ဝိညာဉ်မီးတောက်သစ်သီးကလည်း ချောက်ကမ်းပါးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှိနေတာဆိုတော့ အန္တရာယ်ကတော့ အဆပေါင်းများစွာ ပိုကြီးမားလိမ့်မယ်"