← Chapters

အခန်း ၇၉၈

Vol. 58 Ch. 798

အခန်း ၇၉၈

Vol. 58 Ch. 798

အပိုင်း ၇၉၈ - ဝိညာဉ်သွေဖယ်ခြင်းအရှင်

ကျင့်ကြံသူစုန်၏ သတိထားတိုက်တွန်းစကားများကို ကြားပြီးနောက် ဟန်လိက ခေါင်းညိတ်ပြလိုက်ပြီး ဤကိစ္စနှင့် ပတ်သက်၍ နောက်ထပ် မေးခွန်းများ ထပ်မမေးတော့ချေ။

“တူမစုန်နဲ့ မိန်းမပျိုမေနင်တို့ မသွားတာဟာ တကယ်ပဲ ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါ။ အသင်္ချေတောင်တန်းထဲမှာ ကျိန်းသေပေါက် လူယုတ်မာတွေ ချောင်းမြောင်းနေကြလိမ့်မယ်။ ကျုပ်ကိုယ်တိုင်လည်း နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်သွားရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား မသေချာဘူး။ နတ်သမီးခရမ်းဝိညာဉ်... ခင်ဗျားကကော ချောက်ကမ်းပါးထဲ ဝင်ဖို့ ဆုံးဖြတ်ချက်ကို ခုထိ မပြောင်းလဲသေးဘူးလား”

ဟန်လိက မထူးခြားနားသော လေသံဖြင့် မေးလိုက်၏။

ခပ်ရေးရေး ပြုံးလျက် နတ်သမီးခရမ်းဝိညာဉ်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“အစ်ကိုဟန်ကသာ ချောက်ကမ်းပါးထဲ ဝင်ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျမလည်း ဒီအန္တရာယ်ကို စွန့်စားကြည့်ဖို့ အသင့်ပါပဲ။ ကျမကတော့ အစ်ကိုဟန်အပေါ် လုံးဝ ယုံကြည်မှု ရှိပါတယ်”

ဟန်လိက နတ်သမီးခရမ်းဝိညာဉ်ကို စိုက်ကြည့်လိုက်ပြီး ဆို၏။

“မိတ်ဆွေခရမ်းဝိညာဉ်က ဒီလောက်တောင် ပြောနေမှတော့ ကျုပ်လည်း နောက်ထပ် တားမြစ်မနေတော့ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ ချောက်ကမ်းပါးထဲ မဝင်ခင်မှာ ကျုပ်အနေနဲ့ အရင်ဆုံး ရှင်းရှင်းလင်းလင်း သိထားရမယ့် ကိစ္စရပ်အချို့ ရှိသေးတယ်”

နတ်သမီးခရမ်းဝိညာဉ်က အံ့ဩဟန် လုံးဝမပြဘဲ ပြန်ပြောသည်။

“ဒါကတော့ ဖြစ်သင့်ပါတယ်။ အစ်ကိုဟန်မှာ မေးစရာရှိရင် အားမနာတမ်း မေးမြန်းနိုင်ပါတယ်”

“ပထမဆုံးအနေနဲ့ စိတ်ဝိညာဉ်မီးတောက်သစ်သီး သတင်းဟာ တကယ်ပဲ မှန်ကန်မှု ရှိ၊ မရှိ ကျုပ် သေချာ သိချင်တယ်။ ကျုပ်က နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို မျှော်လင့်ချက် အပြည့်နဲ့ ဝင်သွားပြီးမှ အဲ့ဒီပစ္စည်းက လုံးဝ မရှိနေတာမျိုးကို မကြုံချင်ဘူး။ နတ်သမီးခရမ်းဝိညာဉ်အနေနဲ့ ကျုပ်ကို ဒါကို အတည်ပြုပေးနိုင်မလား”

ဟန်လိ၏ မျက်နှာအမူအရာမှာ လေးနက်သွားချေသည်။

နတ်သမီးခရမ်းဝိညာဉ်သည် ဟန်လိ၏ ဤအမေးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သဖြင့် သူမ၏ အင်္ကျီရင်ဘတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ချက်ခြင်း ထုတ်ယူကာ ဟန်လိထံ ကမ်းပေးလိုက်၏။ “စိတ်ဝိညာဉ်မီးတောက်သစ်သီး ရှိနေတာကတော့ လုံးဝ အမှန်ပါပဲ။ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကနေ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့တဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကိုယ်တိုင် အဲ့အပင်ရှိကြောင်း အတည်ပြုခဲ့တာလေ။ အဲ့ဒီလိုသာ မဟုတ်ရင် တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ စဦးစိတ်ဝိညာဉ်အဆင့် အကြီးအကဲချုပ်တစ်ယောက်က ဘာအကြောင်းပြချက်နဲ့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးရဲ့ အန္တရာယ်ကို အသက်ရင်းပြီး သွားပါ့မလဲ”

ဟန်လိသည် ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံကို ၎င်းအတွင်းသို့ သွန်းလောင်းကာ တိတ်တဆိတ် ဖတ်ရှုစစ်ဆေးကြည့်လိုက်၏။ ခဏအကြာတွင် သူ၏ စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းကာ အမူအရာကင်းမဲ့စွာဖြင့် ကျောက်စိမ်းပြားကို ပြန်ကမ်းပေးလိုက်သည်။ ဟန်လိသည် မျက်မှောင်ကြုတ်လျက် တွေဝေစွာဖြင့် ပြောလာသည်။

“ဒီမှတ်တမ်းတွေအရဆိုရင် စိတ်ဝိညာဉ်မီးတောက်သစ်သီး တည်ရှိနေတာကတော့ မှန်ကန်ပုံရပါတယ်။ ဒါပေမဲ့လို့ အဲ့သစ်သီးက နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှိနေတာဖြစ်ပြီး တိကျတဲ့ တည်နေရာကတော့ ဝေဝါးနေတုန်းပဲ။ ဒီသတင်းအချက်အလက်လေးတင်နဲ့တော့ စိတ်ဝိညာဉ်မီးတောက်သစ်သီးကို ရှာဖွေဖို့က တကယ်ပဲ ခက်ခဲလိမ့်မယ်”

နတ်သမီးခရမ်းဝိညာဉ်က ဟန်လိ နောက်ဆုတ်သွားမည်ကို စိုးရိမ်သည့်အလား အလျင်အမြန် ရှင်းပြလာသည်။

“အဲ့ဒီတုန်းက တစ္ဆေဝိညာဉ်ဂိုဏ်းအကြီးအကဲက စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိပြီးမှ မတော်တဆနှင့် စိတ်ဝိညာဉ်မီးတောက်သစ်သီးကို ရှာတွေ့ခဲ့တာမို့ တိကျတဲ့ တည်နေရာကို သူမမှတ်မိခဲ့တာပါ။ ဒါပေမဲ့လည်း သူက အဲ့ဒီနေရာရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာအချို့ကို သေချာ မှတ်သားထားခဲ့တယ်လေ။ ဒါ့ကြောင့် ရှာဖွေဖို့ကတော့ အများကြီး ပြဿနာ ရှိမှာ မဟုတ်ပါဘူး”

ဟန်လိသည် ကျောက်စိမ်းပြားထဲမှ အသေးစိတ်အချက်အလက်များကို ပြန်လည်တွက်ချက်ကြည့်နေပြီး ဖြစ်လာနိုင်သော ကောင်းကျိုး၊ ဆိုးကျိုးများကို ချင့်ချိန်နေမိ၏။

ခဏအကြာတွင် ဟန်လိက ခေါင်းမော့လာပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“ကျုပ်တို့က စိတ်ဝိညာဉ်မီးတောက်သစ်သီးကို ရှာတွေ့ခဲ့တယ်ဆိုဦးတော့... အဲ့သစ်သီးက ဆွတ်ခူးပြီးတာနဲ့ ဆေးစွမ်းအာနိသင်တွေ လျင်မြန်စွာ လျော့ကျသွားတတ်တာမို့ ချောက်ကမ်းပါးထဲမှာတင် ချက်ခြင်း သန့်စင်ဖော်စပ်ဖို့ လိုအပ်တယ် မလား။ နတ်သမီးခရမ်းဝိညာဉ်အနေနဲ့ သဘာဝမူလဆေးလုံး အတွက် လိုအပ်တဲ့ တခြား ဖြည့်စွက်ဆေးအမယ်တွေကိုရော သေချာ ပြင်ဆင်ပြီးပြီလား”

နတ်သမီးခရမ်းဝိညာဉ်သည် ဟန်လိ၏ စကားကြောင့် လွန်စွာ ဝမ်းမြောက်သွားသော်လည်း သူမ၏ စိတ်လှုပ်ရှားမှုကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်လိုက်၏။ သူမ၏ လှပသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ဆိုလိုက်သည်။

“သဘာဝမူလဆေးလုံးအတွက် လိုအပ်တဲ့ ဆေးအမယ်တွေကို ရှာဖွေဖို့က မလွယ်ကူလှပေမဲ့ ကျုပ်က လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အစွမ်းကုန် ကြိုးစားပြီး စုဆောင်းခဲ့ပြီးသားပါ။ ကျုပ်တို့သာ စိတ်ဝိညာဉ်မီးတောက်သစ်သီးကို အမှန်တကယ် ရရှိခဲ့ပြီး ကံဆိုးမှုတွေနဲ့ မကြုံရဘူးဆိုရင်တော့ သဘာဝမူလဆေးလုံး သန့်စင်ဖို့က ပြဿနာ ရှိမှာ မဟုတ်ပါဘူး”

ဟန်လိ၏ မျက်နှာမှာ ခက်ထန် တင်းမာသွားပြီး အေးစက်စွာ ပြောလိုက်၏။

“ရှာဖွေဖို့က မခက်ခဲလှဘူးဆိုမှတော့ ကျုပ်လည်း တစ်ချက် စွန့်စားကြည့်ပါ့မယ်။ ဒါပေမဲ့ နတ်သမီးခရမ်းဝိညာဉ်အနေနဲ့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သိထားသင့်တယ်။ ကျုပ်ဘက်ကတော့ အတွင်းထဲမှာ ခင်ဗျားကို အစွမ်းကုန် ကာကွယ်ပေးဖို့ ကြိုးစားမှာ ဖြစ်ပေမဲ့ ကျုပ်ကိုယ်တိုင်တောင် မတောင့်ခံနိုင်တဲ့ အန္တရာယ်ကြီးကြီးမားမားနဲ့ ကြုံလာခဲ့ရင်တော့ ခင်ဗျားကို ကာကွယ်ပေးနိုင်မှာ မဟုတ်မှန်း ကြိုတင်ပြီး သတိပေးလိုက်ပါရစေ”

“ဒါကတော့ သဘာဝကျပါတယ်။ ကျမဘက်က ဘာဘေးဒုက္ခပဲ ကြုံရကြုံရ အစ်ကိုဟန်ကို အပြစ်ဆိုမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကျုပ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်မှု ရှိပါတယ်”

နတ်သမီးခရမ်းဝိညာဉ်က မဆိုင်းမတွပင် ပြန်ဖြေလိုက်၏။ သူမ၏ ညင်သာနူးညံ့သော မျက်နှာထက်တွင် ရဲရင့်ပြတ်သားသော ဟန်ပန်မူရာတို့ဖြင့် အစားထိုး ဝင်ရောက်လာတော့သည်။

ဟန်လိ၏ မျက်နှာအမူအရာမှာ ပျော့ပြောင်းသွားပြီး ဤအဖြေအပေါ် သူ များစွာ ကျေနပ်မိသွား၏။ “တာအိုရောင်းရင်းတို့ သုံးယောက်လုံးက တစ္ဆေဝိညာဉ်ဂိုဏ်းက ဘယ်လိုနည်းလမ်းနဲ့ ချောက်ကမ်းပါးထဲ ဝင်ရောက်မယ်ဆိုတာကိုရော စုံစမ်းမိကြသေးလား။ ကျုပ် ဒီမြို့ကို လာခဲ့တဲ့ လမ်းခရီးမှာ တစ္ဆေဝိညာဉ်ဂိုဏ်းက လူဦးရေ ကန့်သတ်ဖို့အတွက် နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြားတွေကို ထုတ်ပေးနေတယ်လို့ ကြားခဲ့ရတယ်။ ဒါ နည်းနည်းတော့ ထူးဆန်းနေတယ်။ ခုလို အခြေအနေမျိုးအောက်မှာ ကျင့်ကြံသူ ရာဂဏန်းပဲဝင်ဝင်၊ ထောင်ဂဏန်းပဲဝင်ဝင် ဘာများ ကွာခြားမှု ရှိလို့လဲ။ ဒါကို ကြည့်ရင် လူဦးရေအပေါ် ကန့်သတ်ချက် တစ်ခုခု ကျိန်းသေ ရှိနေရမယ်။ အဲ့ဒီလိုသာ မဟုတ်ရင် နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြား တစ်ခုကို ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းချီပြီး ရောင်းချနေတဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းက ခုလိုမျိုး ကြီးမားတဲ့ အကျိုးအမြတ် ရမယ့် အခွင့်အရေးကို လက်လွှတ်ခံပါ့မလား”

ခဏမျှ အံ့ဩသွားပြီးနောက် နတ်သမီးခရမ်းဝိညာဉ်က ပြုံး၍ ပြောလိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်း အစ်ကိုဟန်က တကယ်ပဲ အကင်းပါးတာပဲ။ အစ်ကို ခန့်မှန်းတာ လုံးဝကို မှန်ကန်ပါတယ်။ ကျမနဲ့မေနင်တို့က ချောက်ကမ်းပါးထဲ ဝင်မယ့် တိကျတဲ့ နည်းလမ်းကို မသိရသေးပေမဲ့ ကျမတို့ စုံစမ်းရသလောက်ဆိုရင်တော့ အဲ့ဒီ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ တပည့်တွေဆီကနေ သိခဲ့ရတာကတော့ အစီအစဉ်က တစ္ဆေဝိညာဉ်ဂိုဏ်း တပည့်အမြောက်အမြားရဲ့ ခွန်အားတွေအပြင် သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကိုပါ အသုံးပြုပြီးမှသာ ဝင်ရောက်နိုင်မှာ ဖြစ်တယ်တဲ့။ ဒါ့ကြောင့်လည်း ဝင်ရောက်နိုင်မယ့် လူဦးရေ ကန့်သတ်ချက် ရှိနေတာ ဖြစ်လိမ့်မယ်”

“သူတို့ ဘယ်လိုနည်းလမ်းပဲ သုံးသုံး... ကျုပ်တို့ရဲ့ မျောလွင့်တိမ်တိုက်ဂိုဏ်းကတော့ နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြား သုံးခု ရရှိထားပြီး ဖြစ်သလို ကျုပ် ဂိုဏ်းကို ပြန်သွားခဲ့တုန်းကလည်း ဒီထဲက တစ်ခုကို ရယူခဲ့ပြီးသားပါ။ ကျုပ်အတွက်ကတော့ ချောက်ကမ်းပါးထဲ ဝင်ဖို့ ပြဿနာ မရှိပေမဲ့ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာကတော့ ကိစ္စတစ်ခု ဖြစ်လိမ့်မယ်။ ကျုပ်ကိုယ်တိုင်လည်း ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါ့မလား မသေချာဘူး။ ကျုပ်ထင်တာကတော့ ကျင့်ကြံသူအများစုက ချောက်ကမ်းပါးရဲ့ အပြင်ဘက် နယ်စပ်ဒေသတွေမှာပဲ နေထိုင်ပြီး ရတနာတွေကို ရှာဖွေကြလိမ့်မယ်။ စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတွေသာ အတွင်းပိုင်းထဲအထိ စွန့်စား ဝင်ရောက်ဝံ့ကြမှာပါ။ ဒါ့အပြင် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကြားထဲမှာလည်း ရတနာလုပြီး တိုက်ခိုက်ကြတာမျိုး ရှိနိုင်ပေမဲ့ အရေအတွက်ကတော့ အများကြီး ရှိမှာ မဟုတ်ပါဘူး။ မိတ်ဆွေခရမ်းဝိညာဉ်အနေနဲ့ ချောက်ကမ်းပါးရဲ့ အပြင်ဘက်ဒေသတွေမှာတော့ ကြီးကြီးမားမား အန္တရာယ် ကြုံရမှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိမှာပါ။ ဒါပေမဲ့ ကျုပ်တို့ အတွင်းပိုင်းထဲကို ဝင်ရောက်သွားတဲ့ အခါကျရင်တော့...”

ဟန်လိ၏ မျက်လုံးများက အရောင်တောက်ပသွားပြီး သူက တိတ်ဆိတ်စွာဖြင့် စိတ်ဝိညာဉ်အသံလွှင့်ခြင်း ပညာရပ်ကို အသုံးပြုကာ သူမကို လျှို့ဝှက်ပြောကြားလိုက်တော့သည်။

ကျင့်ကြံသူစုန်နှင့် မိန်းမပျိုမေနင်တို့သည် ဤသည်ကို မြင်သောအခါ မကျေမနပ်ဖြစ်ခြင်း မရှိကြချေ။ ဤမျှ ကြီးမားလှသော အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သဖြင့် သူတို့ ပိုမို သတိထားနေကြခြင်းမှာ သဘာဝကျလှပေသည်။

ဟန်လိ စကားပြောပြီးသွားသည့်အခါ နတ်သမီးခရမ်းဝိညာဉ်က ခဏမျှ တွေဝေသွားပြီးမှ ခေါင်းညိတ်ပြလိုက်၏။ “အစ်ကိုဟန် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

“ဒါဆိုရင်တော့ ကျုပ်တို့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကျမှ ပြန်တွေ့ကြတာပေါ့။ အိုး... ဒါနဲ့ တူမစုန်... ကျုပ် ဂိုဏ်းသားတွေဆီက ကြားခဲ့ရတာတော့ စီနီယာအစ်ကိုချန်းက ဒီမြို့ကို ရောက်နှင့်နေပြီဆို။ သူ ဘယ်နေရာမှာ ရှိလဲဆိုတာ ခင်ဗျား သိလား”

ကျင့်ကြံသူစုန်က ခေတ္တမျှ မှင်သက်သွားပြီးမှ အလျင်အမြန် ပြန်ဖြေလိုက်၏။

“ကျမလည်း သေချာ မသိပါဘူး။ စီနီယာချန်းက သူ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေအချို့နဲ့အတူ ဒီကို လာခဲ့တာဆိုပေမဲ့ ကျမလည်း သူ့ကို ခုထိ မတွေ့ရသေးပါဘူး”

“ဒီလိုကိုး... ကြည့်ရတာ စီနီယာအစ်ကိုချန်းက သူ့ရဲ့ သက်တမ်းမကုန်ဆုံးခင်မှာ ဒီချောက်ကမ်းပါးထဲကို တစ်ခေါက်လောက်တော့ စွန့်စား ဝင်ရောက်ချင်နေတဲ့ ပုံပဲ”

ဟန်လိက သူ့ဘာသာ ရေရွတ်လိုက်မိ၏။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟန်လိက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ကျုပ် ကြားသိခဲ့ရတဲ့ သတင်းတစ်ခုအရဆိုရင် မောက်လန် မျိုးနွယ်စုတွေလည်း နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို ဝင်ရောက်ကြဦးမယ်ဆို။ ဒါကော အမှန်ပဲလား... ခင်ဗျားတို့ ဒါနဲ့ ပတ်သက်ပြီး တစ်ခုခု သိထားတာ ရှိလား”

ဤကိစ္စကြောင့် အနည်းငယ် ခေါင်းကိုက်နေဟန် ဖြစ်ပေါ်သွားပြီး ကျင့်ကြံသူစုန်က မတတ်သာသည့်လေသံဖြင့် ဆိုလိုက်၏။

“ကျမတို့လည်း ဒီကောလဟလ သတင်းစကားတွေကို ကြားဖူးပါတယ်... ဒါပေမဲ့ အခြေအနေက မရှင်းလင်းသေးတော့ အမှန်တကယ် ဟုတ်၊ မဟုတ်ကိုတော့ မသိရသေးပါဘူး”

ဟန်လိသည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း တိတ်ဆိတ်သွားတော့သည်။ ခဏအကြာတွင် သူ၏ မျက်နှာအမူအရာမှာ မဆိုသလောက် ပြောင်းလဲသွားပြီး သူက ထိုအမျိုးသမီး သုံးဦးကို ရုတ်တရက်ကြီး ချက်ခြင်း နှုတ်ဆက်ကာ ခပ်သွက်သွက် ထွက်ခွာသွားတော့၏။ သည့်အတွက်ကြောင့် အခန်းထဲ၌ ကျန်ရစ်ခဲ့သော အမျိုးသမီး သုံးဦးမှာ စိတ်ပျက်လက်ပျက်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်မိကာ ကျန်ခဲ့ရလေတော့သည်။

“ဘယ်လိုဖြစ်တာလဲ... ဘာကြောင့် အစ်ကိုဟန်က ခုလောက်ထိ အလျင်စလို ထွက်သွားရတာလဲ” နတ်သမီးခရမ်းဝိညာဉ်၏ မျက်ဝန်းများအတွင်း၌ ဇဝေဇဝါဖြစ်ဟန် ထင်ဟပ်နေ၏။

မိန်းမပျိုမေနင်ကမူ မျက်မှောင်ကြုတ်လျက် နည်းနည်းတော့ စိတ်ပျက်သွားဟန်ဖြင့် ပြောလိုက်သည်။ “ကျမလည်း မသိပါဘူး... ကြည့်ရတာ စီနီယာဟန်မှာ ကိုင်တွယ်ဖြေရှင်းရမယ့် တခြား အရေးကြီးတဲ့ အလုပ်တစ်ခုခု ရှိနေလို့ ဖြစ်ရမယ်”

ကျင့်ကြံသူစုန်ကမူ အခန်းတံခါးဝရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူမဘာသာ အတွေးများနေတော့သည်။

ထိုအခိုက်အတန့်တွင် ဟန်လိသည် လူသူကင်းရှင်းလှသော လမ်းကြားလေးတစ်ခုအတိုင်း တည်တည်ငြိမ်ငြိမ်ဖြင့် အေးဆေးစွာ လမ်းလျှောက်နေ၏။ သို့သော်ငြားလည်း သူ၏ စိတ်ထဲတွင်မူ တစ်စုံတစ်ယောက်ကို ပြင်းထန်စွာ ဆဲရေးတိုင်းထွာနေမိသည်။

“ခင်ဗျားက ကျုပ်ကို သေအောင် ခြောက်လှန့်နေတာလား”

အိုမင်းရင့်ရော်လှသော လေသံတစ်ခုက ဟန်လိ၏ စိတ်ထဲ၌ လျစ်လျူရှုဟန်ဖြင့် ပြန်လည် ထွက်ပေါ်လာ၏။

“ဟဲဟဲ... ကျုပ်ကတော့ အဲ့ဒီ ခရမ်းဝိညာဉ်လို့ခေါ်တဲ့ မိန်းကလေးက တကယ့်ကိုပဲ လှပလွန်းတယ်လို့ ထင်လို့ပါ။ မင်းရဲ့ စိတ်နှလုံးထဲမှာ ခံစားချက်လေးဘာလေး မြင့်တက်လာအောင် လုပ်ပေးတာက သဘာဝကျပါတယ်လေ”

ဟန်လိက နှာခေါင်းရှုံ့လိုက်ပြီး ဒေါသတကြီးဖြင့် ပြန်လည် ဆဲရေးလိုက်သည်။

“ခင်ဗျား ကျုပ်ရဲ့ ဒုတိယစဦးစိတ်ဝိညာဉ်အပေါ်မှာ ခံစားချက်ခုနစ်ပါးအတတ်ပညာ ကို အသုံးပြုခဲ့တုန်းက ဘယ်လိုမျိုး သက်ရောက်မှု ရှိခဲ့လဲဆိုတာကို မေ့သွားတာလား။ ခင်ဗျား ဘာပဲ ခံစားချင်ခံစား... ကျုပ်ကိုတော့ လာပြီး မပတ်သက်စေနဲ့။ ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ ဒုတိယစဦးစိတ်ဝိညာဉ်ဟာ ကျုပ်ရဲ့ ပင်မဝိညာဉ် အသိစိတ်နဲ့ ချိတ်ဆက်ထားတာလေ။ ဒါ့အပြင် ခရမ်းဝိညာဉ်ရဲ့ ခုလက်ရှိ ရုပ်သွင်ကလည်း သာမန်မျှပဲ ရှိသေးတာကို... ခင်ဗျားက သူမရဲ့ အစစ်အမှန် ရုပ်သွင်ကိုတောင် မမြင်ဖူးသေးဘူး မလား။ အတိတ်တုန်းက ခင်ဗျားရဲ့ ကိုယ်လုပ်တော် ရူယွန်ဆိုတဲ့ အမျိုးသမီးဟာ လောကမှာ ပြိုင်ဘက်ကင်းတဲ့ အလှပဂေးလေးလို့ ကျော်ကြားခဲ့တာပဲလေ။ အဲ့လောက် လှပတဲ့ အမျိုးသမီးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ခင်ဗျားက ဘာကြောင့်များ ခုလိုမျိုး အမျိုးသမီးတစ်ယောက်ကြောင့် စိတ်လွတ်သွားရတာလဲ။ ခင်ဗျား ကျုပ်ကို လှည့်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်”

“ကျုပ်က အစတုန်းကတော့ ဒီ ခံစားချက်ခုနစ်ပါးအတတ်ပညာကို သုံးပြီး မင်းရဲ့ ပင်မဝိညာဉ်ကို ကိုင်တွယ်ဖို့ ကြံစည်ထားတာပါ။ ဒါပေမဲ့ ဘယ်သူကများ အဲ့ဒီ စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူလေးမှာ ဒုတိယစဦးစိတ်ဝိညာဉ် တစ်ခု ရှိနေပြီး ဘေးဒုက္ခကိုပါ ကြံ့ကြံ့ခံနိုင်လိမ့်မယ်လို့ ထင်ထားမိမှာလဲ။ အဲ့ဒီလိုသာ မဟုတ်ရင် ကျုပ် ခုလိုမျိုး အခြေအနေဆိုးနဲ့ ဘယ်ရင်ဆိုင်ရပါ့မလဲ။ ဒီ ခံစားချက်ခုနစ်ပါးအတတ်ပညာက ကျင့်ကြံသူတစ်ဦးရဲ့ ပင်မဝိညာဉ် အသိစိတ်ကို လုံးဝ မထိန်းချုပ်နိုင်ဘူး ဆိုပေမဲ့ သူတို့ရဲ့ စိတ်ခံစားမှုတွေကိုတော့ ကမောက်ကမ ဖြစ်အောင် ကောင်းကောင်း လုပ်နိုင်စွမ်း ရှိပါတယ်။ အဲ့ဒီနည်းနဲ့ တိုက်ပွဲတွေကြားထဲမှာ သူတို့ရဲ့ ရှင်သန်လိုစိတ်နဲ့ သတ်ဖြတ်ချင်စိတ်တွေကို အများကြီး လျော့ကျသွားအောင် လုပ်ဆောင်နိုင်တယ်လေ။ အဲ့ဒီမိန်းကလေးနဲ့ ပတ်သက်လို့ကတော့... သူမဟာ သူမရဲ့ အစစ်အမှန် မျက်နှာကို ဖုံးကွယ်ထားဖို့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်တစ်ခုကို သုံးထားတယ် ဆိုပေမဲ့ ကျုပ်ရဲ့ ကြီးမားလှတဲ့ စိတ်ဝိညာဉ်အာရုံအောက်မှာတော့ သူမရဲ့ အစစ်အမှန် အလှတရားက ဖုံးကွယ်လို့ မရပါဘူး” အဘိုးအို၏ လေသံမှာ စကားအဆုံးသပ်ခါနီးတွင် မကျေမနပ် ဖြစ်နေဟန် ပေါ်လွင်နေသည်။

“ခင်ဗျားရဲ့ ခံစားချက်ခုနစ်ပါးအတတ်ပညာက ဘယ်လောက်ပဲ အစွမ်းထက်လှတယ် ဆိုဦးတော့... ကျုပ်ရဲ့ ရည်မှန်းချက်တွေကို ဖျက်ဆီးပစ်ဖို့ကတော့ မလွယ်ကူလှပါဘူး။ ကျုပ်က ကျုပ်ရဲ့ ဒုတိယစဦးစိတ်ဝိညာဉ်နဲ့ စိတ်ချင်း ဆက်နွှယ်နေတယ် ဆိုပေမဲ့ ခင်ဗျားရဲ့ အဲ့ဒီအတတ်ပညာက ကျုပ်အတွက် သေးငယ်တဲ့ အဟန့်အတားတစ်ခုထက် မပိုပါဘူး။ ဒါပေမဲ့လို့ ကျုပ် လုံးဝ မျှော်လင့်မထားမိတာကတော့... ဝါးတစ်ထောင်ကျောင်းတော်ရဲ့ တည်ထောင်သူ ဘိုးဘေးဖြစ်သလို မဟာဖွံ့ဖြိုးခြင်းပညာရပ် ကို ဖန်တီးခဲ့တဲ့ ဆရာသခင်၊ ဝိညာဉ်သွေဖယ်ခြင်းအရှင်ဟာ အခုချိန်ထိ ရုပ်သေးတစ်ခုထဲမှာ စိတ်ဝိညာဉ်ကို ထည့်သွင်းပြီး အသက်ရှင်နေတုန်းပဲ ဆိုတာကိုပဲ။ ခင်ဗျားမှာသာ မခန့်မှန်းနိုင်လောက်အောင် နက်နဲလှတဲ့ စိတ်ဝိညာဉ်အာရုံစွမ်းအား ရှိမနေဘဲ မဟာဖွံ့ဖြိုးခြင်းပညာရပ် အလုံးစုံကို မသိထားဘူးဆိုရင် ကျုပ်လည်း ဒီအချက်ကို လုံးဝ ယုံကြည်မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်... နောက်နောင်ကျရင် ခင်ဗျားက အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ယောက်ကြောင့် ကျုပ်ရဲ့ စိတ်ခံစားချက်တွေကို အကြောင်းမဲ့ ထပ်ပြီး လှုံ့ဆော်ဖို့ ကြိုးစားဦးမယ်ဆိုရင်တော့ ကျုပ်ဘက်ကလည်း အဂါရဝပြုမိသွားရင် လာပြီး မကျေမနပ် မဖြစ်လေနဲ့” ဟန်လိ၏ လေသံမှာ စကားအဆုံးသပ်ခါနီးတွင် အလွန် ပြတ်သား ခက်ထန်သွားချေသည်။

အဘိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး အထင်သေးသည့်ဟန်ဖြင့် ဆိုလိုက်၏။

“ကောင်လေးဟန်လိ... မင်း သိထားသင့်တာက ကျုပ်ရဲ့ စိတ်ဝိညာဉ်ဟာ စိတ်ဝိညာဉ်မွေးမြူခြင်းသစ်သားရဲ့ အကူအညီ ရှိနေရင်တောင်မှ နောက်ထပ် နှစ်ပေါင်း ဆယ်ဂဏန်းလောက်ပဲ ဆက်ပြီး တည်ရှိနိုင်တော့မှာ။ ကျုပ်ရဲ့ နောက်ဆုံး လျှို့ဝှက်ရုပ်သေး သန့်စင်ခြင်း ကိစ္စရပ်တွေသာ ပြီးစီးလုနီးနီး မဖြစ်နေခဲ့ရင် ကျုပ်လည်း ခုလောက်ဆို အေးအေးဆေးဆေး ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်ရောက်သွားတာ ကြာပါပြီ။ ခံစားမှု လုံးဝ မရှိတဲ့ ရုပ်သေးတစ်ခုထဲမှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ပိတ်မိနေခဲ့ရတဲ့ ကျုပ်အတွက်ကတော့ ရှင်သန်ရတာ အတော်လေး ပျင်းဖို့ကောင်းလှပြီ။ မင်းသာ ကျုပ်လိုမျိုး မိန်းမတစ်ယောက်ကို အချိန်အကြာကြီး မမြင်ရဘဲ နေခဲ့ရမယ်ဆိုရင် မင်းလည်း ခုလိုပဲ ဖြစ်လာမှာပဲ”

ဟန်လိသည် ထိုစကားကို ကြားရပြီးနောက်မှာ နှာခေါင်းပွတ်၍ ခေါင်းကိုက်မိရုံသာ တတ်နိုင်တော့သည်။

ထိုထူးဆန်းလှသော မိစ္ဆာအိုကြီး၏ အစစ်အမှန် စိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ သူ့ကျောဘက်တွင် လွယ်ထားသော ဝါးကျည်တောက်အတွင်း၌ ပုန်းကွယ်နေခြင်း ဖြစ်ပေသည်။ အကယ်၍ ထိုအဘိုးအိုသည် ဟန်လိကို မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ နောက်ဆုံး ကျန်ရှိနေသော အဆင့်သုံးဆင့်ကို လက်ဆင့်ကမ်းပေးရန် သဘောမတူခဲ့ဘဲ၊ အပြင်လောကတွင် တစ်ခါမျှ မပေါ်ဖူးသေးသော အစွမ်းထက် လျှို့ဝှက်ရုပ်သေး ဖန်တီးနည်းများကိုပါ သင်ကြားပေးရန် ကတိမပေးခဲ့ဘူးဆိုလျှင် ဟန်လိသည် နည်းလမ်းအမျိုးမျိုး သုံး၍ ထိုသူ့ကို လုံးဝ အစအနမကျန် ပျက်သုဉ်းသွားအောင် ရှင်းထုတ်ပစ်ခဲ့ပြီးသား ဖြစ်မှာ မြေကြီးလက်ခတ် မလွဲပေ။

သို့ပေမည့် သူ့ကို အတော်လေး စိတ်အနှောက်အယှက် ဖြစ်စေသည့် အရာမှာ ထိုမိစ္ဆာအိုကြီး၏ မခန့်မှန်းနိုင်လောက်အောင် ကြီးမားလှသော စိတ်ဝိညာဉ်အာရုံ စွမ်းအားပင် ဖြစ်၏။ လက်ရှိ ဟန်လိ၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူ၏ စိတ်ဝိညာဉ်ရှာဖွေခြင်း အတတ်ပညာများသည် ထိုသူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိဘဲ ဖြစ်နေခဲ့ရသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုအဘိုးအိုသည် ဟန်လိ၏ စိတ်ဝိညာဉ်ပင်မကိုပါ ပြန်လည် ထိန်းချုပ်နိုင်မည့် အခွင့်အရေးမျိုး ကြုံခဲ့ဖူးသဖြင့် ဟန်လိမှာ ထိုကဲ့သို့သော အန္တရာယ်ရှိလှသည့် နည်းလမ်းများကို နောက်ထပ် မသုံးဝံ့တော့ဘဲ ဖြစ်ခဲ့ရခြင်းပင်။

နှစ်ပေါင်းသောင်းချီ၍ ရှင်သန်ခဲ့သော ထို ဝိညာဉ်သွေဖယ်ခြင်းအရှင် ဟူသည့် မိစ္ဆာအိုကြီးကို ရင်ဆိုင်ရသည့်အခါ၌ ဟန်လိသည် သူ့ကိုယ်သူ လုံးဝ ခွန်အား ကင်းမဲ့နေသလို ခံစားနေရလေသည်။

All Chapters