အခန်း ၇၉၉
Vol. 58 Ch. 799
အပိုင်း ၇၉၉ - ဝိညာဥ်ပူးကပ်ခြင်းအတတ်ပညာ
ဟန်လိက ခြေလှမ်းများကို ခေတ္တမျှ ရပ်တန့်လိုက်ပြီး မေးလိုက်၏။
“မိစ္ဆာအိုကြီး... ခင်ဗျား အဲ့ဒီတုန်းက ရုပ်သေးခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေခဲ့စဉ်တုန်းက ခင်ဗျားရဲ့ ပင်မဝိညာဉ်ကို အပြင်ထုတ်ဖို့ ဘာလို့ မစဉ်းစားခဲ့တာလဲ။ ခင်ဗျားရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ဒါက သိပ်ပြီး ခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်လောက်ပါဘူး”
“မင်းက ဝိညာဥ်ပူးကပ်ခြင်းအတတ်ပညာကို ဒီလောက်ထိ လွယ်ကူတယ်လို့ ထင်နေတာလား။ အတိတ်တုန်းက... ကျုပ် အရှိန်အဝါ အတောက်ပဆုံး အချိန်တွေတုန်းက ကျုပ်ရဲ့ အာရုံတွေကို ကိစ္စရပ်တွေ အများကြီးထဲမှာ ခွဲဝေအသုံးပြုခဲ့မိတယ်။ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်အာရုံကို သန်မာစေမယ့် လျှို့ဝှက်အတတ်ပညာကို တီထွင်ခဲ့ရုံတင်မကဘူး၊ ဝါးတစ်ထောင်ကျောင်းတော် ကိုလည်း တည်ထောင်ခဲ့ပြီး ကောင်းကင်တောင်ပိုင်းဒေသကြီးမှာ ကွယ်ပျောက်သွားတာ ကြာပြီဖြစ်တဲ့ ရုပ်သေးပညာရပ်တွေကိုပါ သုတေသနပြု လေ့လာခဲ့သေးတယ်။ ဒီကိစ္စရပ်တွေက ကျုပ်ရဲ့ သက်တမ်းအများစုကို ကုန်ဆုံးစေခဲ့တာ... အဲ့အချိန်အတောအတွင်း ကျုပ်ကိုယ်တိုင်လည်း ကျင့်ကြံခြင်းကို ကြိုးစားခဲ့ရသေးတယ်လေ။ အဆုံးမှာတော့ ကျုပ်ဟာ စဦးစိတ်ဝိညာဉ်အဆင့်နှောင်းပိုင်း ကို ရောက်ရှိခဲ့ပြီး လောကတစ်ခွင်မှာ ပြိုင်ဘက်ကင်းအဖြစ် စိတ်ရှိတိုင်း လှည့်လည် သောင်းကျန်းနိုင်ခဲ့တာပေါ့”
“ခင်ဗျားက လောကတစ်ခွင်မှာ ပြိုင်ဘက်ကင်းအဖြစ် သောင်းကျန်းခဲ့တယ် ဟုတ်လား”
ဟန်လိ၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ထွက်ပေါ်လာသည်။
“ဘာလဲ... မင်းက ကျုပ်ကို အာပေါင်အာရင်းသန်သန်နဲ့ ကြွားလုံးထုတ်နေတယ်လို့ ထင်လို့လား။ ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့် အမြင့်ဆုံးကို ရောက်ရှိခဲ့စဉ်တုန်းက ကျုပ်ဟာ ကျော်ကြားလှတဲ့ ကျင့်ကြံသူကြီးတွေကို စိန်ခေါ် တိုက်ခိုက်ခဲ့ဖူးတယ်... ဒါပေမဲ့ ကျုပ်ရဲ့ အောင်မြင်မှု သတင်းတွေကိုတော့ ဘယ်တုန်းကမှ ထုတ်ဖော်မပြောဘဲ သိုသိုသိပ်သိပ်ပဲ နေခဲ့တာ။ ရလဒ်အနေနဲ့ ကျုပ်ရဲ့ ဂုဏ်သတင်းက ပြင်ပလောကမှာ မပြန့်နှံ့ခဲ့ဘဲ ထိပ်သီးကျွမ်းကျင်သူ အနည်းငယ်လောက်ပဲ ကျုပ်ရဲ့ အစွမ်းကို သိခဲ့ကြတာပေါ့။ တခြားနေရာဒေသတွေကို ထည့်မပြောနဲ့ဦး... အဲ့ခေတ်တုန်းက ကောင်းကင်တောင်ပိုင်းဒေသကြီးရဲ့ လမ်းမှန်တာအိုရော မိစ္ဆာတာအို နှစ်ဖက်စလုံးက အင်အားအကြီးဆုံး ထိပ်သီးပုဂ္ဂိုလ်တွေဟာ ကျုပ်ရဲ့ လက်ချက်ကြောင့် ဒူးထောက် အရှုံးပေးခဲ့ကြရတာ။ သူတို့ဟာ အနောက်ဖျားဒေသ ကို ကျုပ်လက်ထဲ လွှဲပြောင်းပေးအပ်ခဲ့ရုံတင်မကဘူး၊ သူတို့ရဲ့ အင်အားစုတွေကိုပါ ရုပ်သိမ်းသွားခဲ့ကြတာပေါ့။ တကယ်လို့ အဲ့သို့သာ မဟုတ်ရင် ကောင်းကင်တောင်ပိုင်းဒေသကြီးရဲ့ ကျင့်ကြံသူတွေက ဒီနေရာကို လာပြီး မကျူးကျော်ဘဲ နေပါ့မလား။ အခု အနောက်ဖျားဒေသက အတိတ်တုန်းကထက်စာရင် ကျင့်ကြံခြင်း ရင်းမြစ်တွေ ပိုပြီး ဆင်းရဲနွမ်းပါးသွားခဲ့ပြီး နိုင်ငံနှစ်ခုစာလောက်ပဲ အခြေခံမြေ ရှိတော့တယ် ဆိုပေမဲ့လည်း ဂိုဏ်းအမြောက်အမြားကို ထောက်ပံ့ပေးနိုင်ဖို့ကတော့ လုံလောက်ပါသေးတယ်”
ဝိညာဉ်သွေဖယ်ခြင်းအရှင်က မာနထောင်လွှားသော လေသံဖြင့် ဆိုလိုက်၏။
“ဒါဆိုရင် အနောက်ဖျားဒေသက ခင်ဗျားကိုယ်တိုင် တိုက်ခိုက်လုယူခဲ့တဲ့အရာပေါ့”
ဟန်လိက မေးလိုက်သည်၊
ထိုအဘိုးအိုက ပိုမို၍ မောက်မာဝင့်ကြွားသော ဟန်ပန်ဖြင့် ဆက်ပြောပြန်၏။
“ဒါတင် မကသေးဘူး... ကျုပ်က လမ်းမှန်တာအိုနဲ့ မိစ္ဆာတာအိုရဲ့ အကြီးအကဲနှစ်ဦးကို ပြင်းထန်လှတဲ့ သွေးကတိသစ္စာ တစ်ခုကိုပါ အတင်းအကျပ် ပြုလုပ်ခိုင်းခဲ့သေးတယ်... နှစ်ပေါင်း တစ်သောင်းအတွင်းမှာ သူတို့ရဲ့ တပည့်တွေနဲ့ ဘိုးဘေးတွေဟာ အနောက်ဖျားဒေသရဲ့ မြေပေါ်ကို ခြေတစ်လှမ်းမှ မနင်းရဘူးဆိုပြီးတော့လေ”
“သူတို့လို အဆင့်အတန်း မြင့်မားလှတဲ့ ပုဂ္ဂိုလ်ကြီးတွေက အဲ့လောက်အခြေအနေအထိ အတင်းအကျပ် အကျပ်ကိုင်တာ ခံခဲ့ရတယ် ဟုတ်လား”
ဟန်လိသည် မယုံကြည်နိုင်ဟန်ဖြင့် နှုတ်ခမ်းကို မသိမသာ တွန့်ကွေးလိုက်မိ၏။
“သူတို့သာ သဘောမတူခဲ့ရင် ကျုပ်က သူတို့ရဲ့ တပည့်တွေနဲ့ မျိုးဆက်တွေကို အစအနမကျန် ရှင်းထုတ်ပစ်မှာပေါ့။ မင်းက ကျုပ်ကို စိတ်နှလုံး နူးညံ့တတ်တဲ့သူလို့ ထင်နေတာလား။ တကယ်လို့ သူတို့က ကျုပ်ကို လူအင်အားနဲ့ ဝိုင်းရံတိုက်ခိုက်ချင်တယ် ဆိုရင်တောင် ကျုပ်ရဲ့ ရုပ်သေးတစ်ထောင်နဲ့ဆိုရင် မျှတတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမှာ သေချာတယ်။ ဒါပေမဲ့လည်း ထူးဆန်းတာက... လမ်းမှန်တာအိုကော၊မိစ္ဆာတာအိုကော ခုထက်ထိ အနောက်ဖျားဒေသကို လာပြီး မကျူးကျော်ကြသေးတာပဲ။ သူတို့က ခုချိန်ထိ သူတို့ ဘိုးဘေးတွေရဲ့ အမိန့်ကို နာခံနေကြတုန်းလား မသိဘူး”
ဝိညာဉ်သွေဖယ်ခြင်းအရှင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားဟန် ရှိပေသည်။
ဟန်လိသည် တိတ်ဆိတ်သွားတော့၏။ ထိုမိစ္ဆာအိုကြီးက အကြောင်းမဲ့ ကြွားလုံးထုတ်နေခြင်း မဟုတ်မှန်း သူ သိပေသည်။ အတိတ်က အဖြစ်အပျက်များကို သူ အနည်းငယ် ပိုပိုသာသာ ပြောခဲ့သည် ဆိုဦးတော့... ဝါးတစ်ထောင်ကျောင်းတော်တွင် ရှိသော ရုပ်သေးတစ်ထောင် စွမ်းအားမှာ အကယ်၍ ၎င်းတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ၌သာ ရှိနေဦးမည် ဆိုလျှင်ပင် အထင်သေး၍ ရသောအရာ မဟုတ်ချေ။ လမ်းမှန်တာအိုနှင့် မိစ္ဆာတာအိုတို့ အနောက်ဖျားဒေသကို မကျူးကျော်ရခြင်း၏ အဓိက အကြောင်းပြချက်မှာ ထိုနေရာနှင့် အကွာအဝေး အလွန် ဝေးကွာလွန်းခြင်း၊ ကျင့်ကြံခြင်းရင်းမြစ်များ အားနည်းသွားခြင်းနှင့် သူတို့ကိုယ်တိုင် စိတ်ဝင်စားမှု မရှိခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပေသည်။ ဟန်လိသည် ဤကိစ္စက သူနှင့် မသက်ဆိုင်သည့်အလား ဆက်လက်၍ တွေးတောမနေတော့ချေ။ ထိုသို့ စဉ်းစားနေစဉ်မှာပင် အဘိုးအို၏ သက်ပြင်းချသံကို ကြားလိုက်ရပြန်သည်။
“ကျုပ် ဒီကိစ္စရပ်တွေကို အောင်မြင်အောင် လုပ်ဆောင်ပြီး ကျုပ်ကိုယ်ကျုပ် ကျင့်ကြံခြင်းလောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်ပြီလို့ ယုံကြည်ခဲ့တဲ့ အချိန်မှာပဲ ကြီးမားလှတဲ့ အမှားတစ်ခုကို လုပ်မိသွားမှန်း သိလိုက်ရတယ်။ ကျုပ်ရဲ့ သက်တမ်းက ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီမို့ ကျုပ်ရဲ့ ကျင့်ကြံမှုကလည်း စဦးစိတ်ဝိညာဉ်အဆင့်နှောင်းပိုင်း မှာတင် ရပ်တန့်နေခဲ့ရတယ်။ ကျုပ်ရဲ့ ပါရမီနဲ့ စွမ်းရည်တွေက ဘယ်လောက်ပဲ ထူးချွန်ပြောင်မြောက်နေပါစေဦးတော့... ကျုပ်မှာ သက်တမ်း နှစ်နှစ်ရာလောက်ပဲ ကျန်တော့တာမို့ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းဖို့အတွက် အချိန်က လုံးဝ မလုံလောက်ခဲ့ဘူး။ တကယ်လို့ ကျုပ်သာ အစကတည်းက ရုပ်သေးပညာရပ်တွေပေါ်မှာ အာရုံမများခဲ့ဘဲ ကိုယ်ပိုင်ရုပ်သေးဒီဇိုင်းတွေကို သုတေသန မပြုခဲ့ဘူးဆိုရင် ကျုပ်အနေနဲ့ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို အမှန်တကယ် ချိုးဖျက်နိုင်ပြီး စိတ်ဝိညာဉ်လောကဆီ တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိမှာ သေချာတယ်။ အဲ့ဒီအစား... အခုတော့ ကျုပ်ဟာ ခံစားမှုကင်းမဲ့တဲ့ ရုပ်သေးခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်း တစ်သောင်းကျော်ကြာအောင် ပိတ်မိနေခဲ့ရပြီး တချိန်လုံးလည်း ထိတ်လန့်ကြောက်ရွံ့စိတ်တွေနဲ့ ရှင်သန်ခဲ့ရတယ်”
ဝိညာဉ်သွေဖယ်ခြင်းအရှင်သခင်က စိတ်ပျက်လက်ပျက်ဖြစ်နေသော လေသံဖြင့် ပြောလာရှာသည်။
ဟန်လိသည် ထိုစကားကို ကြားရသောအခါ နှုတ်ခမ်းကိုစေ့၊ မျက်လုံးကို အပေါ်ပင့်ကြည့်လိုက်မိပြီး သူ၏ ရင်ထဲ၌ မနာလိုအားကျမှု အရိပ်အယောင်လေးတစ်ခုပင် ဖြစ်ပေါ်သွားမိ၏။
သာမန်ကျင့်ကြံသူများအဖို့ အမြုတေဖွဲ့စည်းခြင်းအဆင့် သို့မဟုတ် စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိဖို့ရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။ သို့သော်လည်း ဤအဘိုးအိုအတွက်မူ နတ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ဝင်ရောက်ခြင်းမှာ လုံးဝကို မခက်ခဲလှသည့်အလား ပြောဆိုနေခြင်း မဟုတ်လား။ အကယ်၍ သူ၏ စကားလုံးများသာ အမှန်ဖြစ်ခဲ့လျှင် သူသည် ကောင်းကင်ကို ဖိဆန်သော တည်ရှိမှုတစ်ခု ဖြစ်ပြီး နှစ်ပေါင်းတစ်သောင်းမှ တစ်ကြိမ်သာ ပေါ်ထွက်လာတတ်သည့် ပါရမီရှင်တစ်ဦး ဖြစ်မှာ သေချာပေသည်။
“ကျုပ်မှာ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းဖို့ မျှော်လင့်ချက် မရှိတော့မှန်း သိလိုက်ရတဲ့ အခါမှာတော့ ကျုပ် စိတ်ဓာတ်ကျပြီး သေခြင်းတရားကို ထိုင်စောင့်မနေချင်တော့ဘူး။ လောကမှာ လူတစ်ဦးရဲ့ စိတ်ဝိညာဉ်ဟာ ထာဝရ မသေဆုံးနိုင်ဘဲ အခြားဘဝတစ်ခုကို ပြန်လည်မွေးဖွားတတ်တယ်လို့ ဆိုကြပေမဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေမရှိတော့တဲ့ အဲ့ဒီလူဟာ ကျုပ် ဟုတ်ပါဦးမလား။ ကျုပ်က လုံးဝ တခြားလူတစ်ယောက် ဖြစ်သွားမှာလေ။ နောက်ဘဝမှာ ကျုပ်ဟာ စိတ်ဝိညာဉ်ရင်းမြစ် မပါဝင်တဲ့ သာမန်လူသားတစ်ဦးပဲ ဖြစ်လာနိုင်ပြီး ကျင့်ကြံသူတစ်ဦး ဖြစ်လာဖို့ အခွင့်အရေးကတော့ အလွန်ကို သေးငယ်သွားလိမ့်မယ်။ ကျုပ် ရင်ထဲက အဲ့ဒီ ကြောက်ရွံ့မှုတွေကြောင့်ပဲ ကျန်ရှိနေတဲ့ သက်တမ်း နှစ်နှစ်ရာအတွင်းမှာ ကျုပ်ရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်မယ့် နည်းလမ်း သို့မဟုတ် ပြန်လည်မွေးဖွားပြီးရင် မှတ်ဉာဏ်တွေကို ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းကို အပြင်းအထန် ကြိုးစား ရှာဖွေခဲ့တယ်။ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရပြီးတဲ့နောက်မှာမှ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို အခြေခံပြီး ဝိညာဥ်ပူးကပ်ခြင်းအတတ်ပညာကို နောက်ဆုံးမှာ တီထွင်နိုင်ခဲ့တာပေါ့။ ဒါက အတိတ်တုန်းက ဘယ်သူမှ မရှာဖွေနိုင်ခဲ့ဖူးသေးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အတတ်ပညာတစ်ခုပဲ”
ထိုသို့ ပြောပြီးနောက် အဘိုးအိုက အေးစက်စွာ လှောင်ရယ်လိုက်၏။
ဟန်လိက ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ဆို၏။
“ခင်ဗျားက ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့် အများစုကို စွန့်လွှတ်လိုက်ပြီး ခင်ဗျားရဲ့ အသိစိတ်ကို ရုပ်သေးတစ်ခုထဲ ထည့်သွင်းခဲ့တာပေါ့။ ရလဒ်အနေနဲ့ ခင်ဗျားဟာ နှစ်ပေါင်း တစ်သောင်းလောက်ကြာအောင် အသက်ရှင်နေတဲ့ အလောင်းကောင်ကြီးတစ်ခုအဖြစ် ဖြတ်သန်းခဲ့ရတာပဲ မလား”
“မင်း နားမလည်ဘူးလား... ကျုပ်မှာ အချိန်က မလုံလောက်ခဲ့လို့ ဝိညာဥ်ပူးကပ်ခြင်းအတတ်ပညာကို လမ်းခုလတ်အဆင့်အခြေအနေအထိပဲ ပြီးမြောက်အောင် လုပ်နိုင်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် ရွေးချယ်စရာမရှိတဲ့ အဆုံးမှာ ကျုပ် ဒါကို သုံးခဲ့ရလို့သာ အခုလိုမျိုး အခြေအနေနဲ့ ရင်ဆိုင်နေရတာပေါ့။ ကျုပ်ရဲ့ စိတ်ဝိညာဉ်ကို ဤရုပ်သေးထဲ ပူးကပ်လိုက်ပြီးတဲ့နောက်မှာ ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်တွေ အားလုံး ကွယ်ပျောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ကျုပ်အနေနဲ့ ကျုပ်ရဲ့ စိတ်ဝိညာဉ်အာရုံကိုပဲ မဆိုသလောက် ထုတ်သုံးနိုင်တော့တာ။ စဦးစိတ်ဝိညာဉ်အဆင့် စွမ်းအားတွေကို ထုတ်ဖော်ဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တော့ဘူး။ ကျုပ် ရှိနေခဲ့တဲ့ လျှို့ဝှက်ကျောက်ခန်းမ ပတ်ပတ်လည်မှာလည်း ပြင်းထန်လှတဲ့ အစီအရင်အတားအဆီးတွေအပြင် ရုပ်သေးအစောင့်အကြပ် ပေါင်းတစ်ရာကျော် ရှိနေခဲ့တာလေ။ ကိုယ်ခန္ဓာမရှိ၊ မှော်စွမ်းအားမရှိတဲ့ ကျုပ်က အဲ့ဒီအတားအဆီးတွေကို ဖျက်ဆီးနိုင်ခဲ့ရင်တောင်မှ အပြင်က ရုပ်သေးတွေကို ထိန်းချုပ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ကျုပ်ရဲ့ ရန်သူတွေရဲ့ လက်စားချေတာကို ကြောက်ရွံ့မိလို့လည်း ဒီလျှို့ဝှက်ကျောက်ခန်းမအကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး... ကျုပ်ရဲ့ တပည့်တွေကလည်း အမြုတေဖွဲ့စည်းခြင်းအဆင့်ပဲ ရှိကြတာမို့ ကျုပ်ကို ရှာဖွေနိုင်စွမ်း မရှိခဲ့ကြဘဲ ကျုပ် အဲ့နေရာမှာ နှစ်ပေါင်း တစ်သောင်းလောက် ပိတ်မိနေခဲ့ရတာပေါ့။ ကျုပ်ရဲ့ ဒီရုပ်သေးခန္ဓာကိုယ်အပြင် အဲ့ကျောက်ခန်းမထဲမှာ ကြိုတင် စုဆောင်းထားခဲ့တဲ့ ဝိညာဉ်ကျောက်တုံး အမြောက်အမြားသာ မရှိခဲ့ဘူးဆိုရင် ကျုပ်ရဲ့ စိတ်ဝိညာဉ်ဟာ ပျက်သုဉ်းသွားခဲ့တာ ကြာပါပြီ”
စကားအဆုံးသပ်ခါနီးတွင် အဘိုးအို၏လေသံမှာ သေလောက်အောင် အေးစက်သွားသည်။
ဟန်လိသည် မျက်မှောင်ကြုတ်လျက် တွေးတောနေမိ၏။ သို့သော်လည်း မကြာမီ သူ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မေးလိုက်သည်။
“မိစ္ဆာအိုကြီး... ခင်ဗျားက ဘာလို့ ဒီနေ့မှ စကားတွေ ဒီလောက်ထိ များနေရတာလဲ။ အရင်တုန်းက ကျုပ် အတိတ်က အကြောင်းအရာတွေကို မေးမြန်းခဲ့တုန်းကတော့ ခင်ဗျားက အမြဲတမ်း ငြိမ်သက်နေပြီး ပျင်းရိ ငြီးငွေ့နေတဲ့ ပုံစံပဲ ပြသခဲ့တာကို... အခုကျမှ အသေးစိတ်အချက်အလက်တွေကို ဘာလို့ ရှင်းပြနေရတာလဲ”
အဘိုးအိုက နှာမှုတ်လိုက်ပြီး ဒေါသတကြီး ပြောလာ၏။
“ကျုပ်က မင်းကို မပြောပြဘူးလို့ ဘယ်သူပြောလဲ။ မင်းက မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံထားတာဆိုတော့ ကျုပ်ရဲ့ တပည့်တစ်ယောက်လို့ သတ်မှတ်လို့ ရတာပေါ့။ ဒါ့အပြင်... မင်းသာ ဝါးတစ်ထောင်ကျောင်းတော် ရဲ့ လျှို့ဝှက်ကျောက်ခန်းမကို ခုလောက်ထိ မြန်မြန်ဆန်ဆန် ရှာမတွေ့ခဲ့ဘူးဆိုရင် ကျုပ်ရဲ့ စိတ်ဝိညာဉ်ဟာ မကြာခင်မှာပဲ လုံးဝ ပြန့်ကြဲ ပျက်သုဉ်းသွားတော့မှာလေ။ ဘာပဲဖြစ်ဖြစ် ဝိညာဥ်ပူးကပ်ခြင်းအတတ်ပညာက လူတစ်ဦးရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်မယ့် စစ်မှန်တဲ့ နည်းလမ်းတစ်ခု မဟုတ်ဘူးလေ။ ဒီရုပ်သေးခန္ဓာကိုယ်က နှစ်ပေါင်း တစ်သောင်းကျော်ကြာအောင် တောင့်ခံနိုင်ခဲ့တယ် ဆိုဦးတော့... စစ်မှန်တဲ့ ကိုယ်ခန္ဓာတစ်ခုရဲ့ အာဟာရမွေးမြူမှုကို အချိန်အကြာကြီး မရရှိခဲ့တဲ့ ကျုပ်ရဲ့ စိတ်ဝိညာဉ်ဟာ တဖြည်းဖြည်း လောင်ကျွမ်း ကုန်ခမ်းနေခဲ့ပြီ ဖြစ်လို့ လုံးဝ ပျက်စီးတော့မှာ။ ကျုပ် လုံးဝ မမျှော်လင့်ထားတာကတော့ မင်းက ပါးနပ်လွန်းလှပြီး ကျုပ်ရဲ့ ရုပ်သေးခန္ဓာကိုယ်က တခြားရတနာတွေနဲ့ မတူတာကို သတိပြုမိသွားပြီး ကျုပ်ကို အရင်ဆုံး လက်ဦးမှုယူ တိုက်ခိုက်ခဲ့တာပဲ။ မင်းက ကျုပ်ကို သတ်ပစ်မိလုနီးပါး ဖြစ်ခဲ့တာလေ”
“ကျုပ်က လက်ဦးမှုယူ တိုက်ခိုက်ခဲ့တယ် ဟုတ်လား။ ခင်ဗျားသာ ခင်ဗျားရဲ့ အသုံးမကျတဲ့ ခံစားချက်ခုနစ်ပါးအတတ်ပညာကို သုံးပြီး ကျုပ်ကို အလစ်အငိုက် လာမတိုက်ခိုက်ခဲ့ဘူးဆိုရင် ခင်ဗျားရဲ့ ခန္ဓာကိုယ်က ထူးခြားနေတာကို သတိထားမိခဲ့ရင်တောင် ကျုပ်က ခင်ဗျားကို သည်အတိုင်းပဲ ထားခဲ့မှာ။ ရလဒ်အနေနဲ့ ခင်ဗျားဟာ ကျုပ်ရဲ့ ဒုတိယစဦးစိတ်ဝိညာဉ်နဲ့ စိတ်ချင်း ချိတ်ဆက်မိသွားပြီး ကံဆိုးမှုတွေ ကြုံရမှာ ကြောက်လို့ ထပ်ပြီး မလှုပ်ရှားရဲတော့တာ မလား။ ခင်ဗျားက ခံစားချက်ခုနစ်ပါးအတတ်ပညာကို သုံးပြီး ကျုပ်ရဲ့ ဒုတိယစဦးစိတ်ဝိညာဉ်ကို ရူးသွပ်သွားအောင် လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ အမှန်ပဲ ဆိုပေမဲ့ ကျုပ်ဘက်ကလည်း ပင်မစဦးစိတ်ဝိညာဉ်ရဲ့ ဝိညာဥ်ဝါးမြိုခြင်းအတတ်ပညာ ကို သုံးပြီး ခင်ဗျားရဲ့ တည်ရှိမှုကို အခက်အခဲမရှိ ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကိုတော့ မမေ့နဲ့”
“ကျုပ်က မင်းလိုမျိုး ထူးဆန်းလှတဲ့ လူငယ်လေးတစ်ဦးမှာ ဒုတိယစဦးစိတ်ဝိညာဉ် တစ်ခုကို ဖွဲ့စည်းထားနိုင်လိမ့်မယ်လို့ ဘယ်လိုလုပ် ကြိုသိပါ့မလဲ။ မင်း သိထားသင့်တာက အဲ့အချိန်တုန်းက ကျုပ်ဟာ ကျုပ်ရဲ့ စိတ်ဝိညာဉ်အာရုံကိုပဲ သုံးနိုင်တာဖြစ်ပြီး မှော်စွမ်းအားတွေကိုတော့ လုံးဝ သုံးနိုင်စွမ်း မရှိခဲ့ဘူး ဆိုတာပဲ။ ဒါ့အပြင် ကျုပ် မင်းကို တိုက်ခိုက်ခဲ့တာကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ ဖြစ်တယ်”
မိမိဘက်က ဘာမှ မမှားယွင်းခဲ့ဟန်ဖြင့် ထိုအဘိုးအိုသည် တရားမျှတလှသည်ဟူသော လေသံဖြင့် ပြန်လည် ပြောဆိုလိုက်၏။
ထိုအခိုက်အတန့်တွင် ဟန်လိသည် တိတ်ဆိတ်သွားပြီး ဤကိစ္စနှင့် ပတ်သတ်၍ ဆက်လက် ငြင်းခုံနေရန် ဆန္ဒမရှိတော့ချေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အဘိုးအိုက သူ့ကိုယ်သူ လှောင်ပြောင်သလို လေသံဖြင့် ပြောလာသည်။
“ကဲပါ... အတိတ်က အကြောင်းအရာတွေကို ဘေးဖယ်ထားလိုက်ကြရအောင်။ မင်းဆီမှာ စိတ်ဝိညာဉ်မွေးမြူခြင်းသစ်သားနဲ့ ပြုလုပ်ထားတဲ့ ရတနာတစ်ခု ရှိနေလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့မိဘူး။ အဲ့ဒီလိုသာ မဟုတ်ရင် ကျုပ် မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့ရင်တောင်မှ အများဆုံး တစ်နှစ်အတွင်းမှာပဲ ပျက်သုဉ်းသွားမှာ သေချာတယ်။ ဒါက တကယ့်ကို ကံကောင်းခြင်းတစ်ခုပါပဲ”
ဟန်လိက ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ ဆို၏။
“ကျုပ် ခင်ဗျားကို စိတ်ဝိညာဉ်မွေးမြူခြင်းသစ်သားကို အသုံးပြုခွင့် ပေးခဲ့တာက ခင်ဗျားဘက်က မဟာဖွံ့ဖြိုးခြင်းပညာရပ်ရဲ့ နောက်ဆုံး အဆင့်သုံးဆင့်ကို သင်ကြားပေးဖို့ သဘောတူခဲ့လို့သာ ဖြစ်သလို ခင်ဗျားရဲ့ ရုပ်သေးဒီဇိုင်းတွေကိုပါ ကျုပ် စိတ်ဝင်စားလို့ပဲ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလုံးလုံး လျှို့ဝှက်ကျောက်ခန်းမထဲမှာ ပိတ်မိနေရင်း ရုပ်သေးဒီဇိုင်းတွေကိုပဲ သုတေသနပြုခဲ့တာ မလား။ ကျုပ်က ခင်ဗျားရဲ့ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံထားတာဆိုတော့ ဒီရုပ်သေးဒီဇိုင်းတွေကို အလကားတော့ အဖြစ်မခံနိုင်ဘူး။ ဒါက ကျုပ်တို့နှစ်ဦးကြားက မျှတတဲ့ အရောင်းအဝယ်တစ်ခု သက်သက်ပါပဲ”
ထိုအဘိုးအိုသည် ဟန်လိ၏ စိတ်ထဲမှနေ၍ အားပါးတရ ရယ်မောလိုက်တော့သည်။ “ကောင်လေးဟန်လိ... မင်းက ကျုပ်အတွက် ပိုပြီးတော့ သဘောကျစရာ ကောင်းလာပြီပဲ။ အတိတ်တုန်းကလည်း ကျုပ်က လိမ်ညာလှည့်ဖြားတာတွေကို လုံးဝ စက်ဆုပ်ရွံရှာခဲ့တာ။ တကယ်လို့ မင်းရဲ့ ပါရမီကသာ ဆိုးဝါးမနေဘဲ ကျုပ်ရဲ့ ပညာရပ်တွေကို ကျင့်ကြံနိုင်စွမ်း ရှိခဲ့မယ်ဆိုရင် ကျုပ် မင်းကို ကျုပ်ရဲ့ တပည့်အဖြစ် သေချာပေါက် လက်ခံပြီး ကျုပ် တတ်စွမ်းသမျှ ပညာရပ်တွေကို လက်ဆင့်ကမ်းပေးခဲ့မှာ သေချာတယ်”
ဟန်လိသည် ခဏမျှ မှင်သက်သွားပြီးနောက် မျက်တောင်ခတ်လျက် ခပ်ရေးရေး ပြုံးလိုက်မိ၏။ “ကျုပ်ဆီမှာ အခု လက်ရှိ ကျင့်ကြံနေတဲ့ လျှို့ဝှက်အတတ်ပညာတွေ အများကြီး ရှိနေပြီးသားပါ... ဒါပေမဲ့ ကျုပ်ရဲ့ စိတ်ဆန္ဒက ဘယ်လောက်ပဲ ပြင်းပြနေပါစေ ပါရမီက ခေါင်းပါးနေတာမို့ ခင်ဗျားက ကျုပ်ဆီမှာ ရှိတာထက် အဆပေါင်း ရာချီ ကောင်းမွန်တဲ့ ကျင့်စဉ်တစ်ခုကို ပေးခဲ့ရင်တောင်မှ ကျုပ်ဘက်က အာရုံစိုက်ပြီး ကျင့်ကြံနိုင်ဖို့ အချိန် မရှိပါဘူး။ ဒါပေမဲ့လို့ ခင်ဗျားရဲ့ တခြား လျှို့ဝှက်ဆန်းကြယ်တဲ့ အတတ်ပညာတွေကိုတော့ ကျုပ် တကယ်ပဲ စိတ်ဝင်စားမိပါတယ်”
အဘိုးအိုက ပြောလိုက်သည်။
“လျှို့ဝှက်အတတ်ပညာတွေ ဟုတ်လား... မင်း စိတ်ပျက်သွားရလိမ့်မယ်။ ကျုပ်ရဲ့ လျှို့ဝှက်အတတ်ပညာတွေ အားလုံးက ကျုပ်ရဲ့ ပင်မကျင့်စဉ်နဲ့ ဆက်နွှယ်နေတာလေ။ မင်းက အဲ့ကျင့်စဉ်ကို မကျင့်ကြံထားမှတော့ ကျုပ်ရဲ့ လျှို့ဝှက်အတတ်ပညာ တစ်ခုကိုမှ ထုတ်ဖော်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး”
ဟန်လိသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း စကားလမ်းကြောင်းကို ပြောင်းလဲကာ ပြော၏။
“ဒါဆိုရင်လည်း ဒီကိစ္စကို ထားလိုက်ပါတော့။ ကျုပ်အနေနဲ့ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံခွင့်ရပြီး ရုပ်သေးဒီဇိုင်းတွေကို ရရှိခဲ့တာနဲ့တင် အတော်လေး ကျေနပ်လှပါပြီ။ ကျုပ်ရဲ့ ခရီးစဉ်က အလကား သက်သက် မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လို့ ကျုပ် စဉ်းစားမရ ဖြစ်နေတာကတော့ ခင်ဗျားက ဘာကြောင့်များ မဟာဖွံ့ဖြိုးခြင်းပညာရပ်ရဲ့ စစ်မှန်တဲ့ နောက်ဆုံး အဆင့်သုံးဆင့်ကို ခင်ဗျားရဲ့ ကိုယ်ပိုင်တပည့်တွေကို လက်ဆင့်ကမ်းမပေးခဲ့ဘဲ အပြင်ပန်းမှာ အမှန်လိုလို ထင်ရပေမဲ့ တကယ်တမ်း၌ အတုအယောင်ဖြစ်နေတဲ့ ဂါထာမန္တာန်တွေကိုပဲ သူတို့ကို ပေးခဲ့ရတာလဲ ဆိုတာကိုပဲ”
ထိုအဘိုးအိုက လျှာသပ်လိုက်ပြီး ပြော၏။
“ကျုပ်ရဲ့ တပည့်တွေ ဟုတ်လား... လွန်ခဲ့တဲ့ နှစ်ပေါင်း ရာဂဏန်းအတွင်းမှာ သူတို့ထဲက တစ်ယောက်မှ စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်အောင် မကျင့်ကြံနိုင်ခဲ့ကြဘဲ ကျုပ်ရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းမယူနိုင်ခဲ့ကြဘူး။ တကယ်လို့ ကျုပ်သာ သူတို့ကို မဟာဖွံ့ဖြိုးခြင်းပညာရပ်ရဲ့ စစ်မှန်တဲ့ နောက်ဆုံး အဆင့်သုံးဆင့်ကို ပေးခဲ့မယ်ဆိုရင် သူတို့အတွက် ဘေးဒုက္ခတွေကို မီးထွန်းရှာပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ တကယ်တမ်းတော့ မင်းက ဝါးတစ်ထောင်ကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်ပါဘဲနဲ့ မဟာဖွံ့ဖြိုးခြင်းပညာရပ်ရဲ့ ပထမအဆင့်တွေကို ရရှိနိုင်ခဲ့တာကို ကြည့်ရင် ကျုပ်ရဲ့ အတိတ်က ဒီအတွေးအမြင်တွေဟာ လုံးဝ မှန်ကန်နေခဲ့တာပဲ မလား”