အခန်း ၈၀၀
Vol. 58 Ch. 800
အပိုင်း ၈၀၀ - ရှေးဟောင်းမိစ္ဆာနယ်မြေ
ဟန်လိက မျက်လုံးအရောင်တောက်သွားပြီး မထူးခြားနားသော လေသံဖြင့် ပြောလိုက်၏။
“ကျုပ် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ရရှိခဲ့တာက အနောက်ဖျားဒေသမှာ လုယူခဲ့တာ မဟုတ်ပါဘူး... တစ်စုံတစ်ယောက်က ကျုပ်လက်ထဲ အရောက်လာပြီး ပေးအပ်ခဲ့တာပါ”
ဝိညာဉ်သွေဖယ်ခြင်းအရှင်က ပေါ့ပေါ့ပါးပါးပင် ပြန်လည် တုံ့ပြန်လာ၏။
“စိတ်အေးအေးထားပါ... အခုလက်ရှိ ဝါးတစ်ထောင်ကျောင်းတော်ဟာ ကျုပ်ရဲ့ ကိုယ်ပိုင်တပည့်တွေရဲ့ သွေးသားမျိုးဆက်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့တာ ကြာပါပြီ။ မင်းက အဲ့ဂိုဏ်းကို တကယ်ပဲ ဓားပြတိုက်ပြီး လုယူခဲ့တာ ဆိုဦးတော့ ကျုပ်အနေနဲ့ ဘာမှ စိတ်ထဲ ထားနေမှာ မဟုတ်ဘူး”
ထို့နောက်တွင် ဟန်လိသည် တွေဝေသွားသော မျက်နှာအမူအရာဖြင့် မေးလိုက်၏။
“ဒါပေမဲ့လို့ ကျုပ် ခင်ဗျားကို တစ်ခုတော့ သေချာပေါက် မေးရလိမ့်မယ်... ခင်ဗျားအနေနဲ့ ဝိညာဉ်ချိပ်ပိတ်ခြင်းကျိန်စာကို ဖြေဖျက်ပေးဖို့ တကယ်ပဲ မတတ်နိုင်တာလား”
“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ကျုပ်ရဲ့ လက်ကျန်သက်တမ်း ကန့်သတ်ချက်တွေကြောင့် အခုချိန်မှာ ကျုပ် ဒါကို မလုပ်ဆောင်ပေးနိုင်တာပါ။ အဲ့ဒီလိုသာ မဟုတ်ရင် ဘယ်လောက်ပဲ ဆန်းကြယ်တဲ့ ကျိန်စာပညာရပ် ဖြစ်ပါစေဦးတော့ ကျုပ်ရဲ့ မျက်လုံးအောက်ကနေ ဖုံးကွယ်လို့ ရမှာ မဟုတ်ဘူး”
ထိုအဘိုးအိုက လွန်စွာ မောက်မာဝင့်ကြွားသော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။ ဟန်လိသည် ဤအဖြေကို ကြိုတင်ခန့်မှန်းထားခဲ့ပြီး ဖြစ်သော်လည်း သူ၏ နှလုံးသားထဲတွင်မူ စိတ်ပျက်အားလျော့မှုကို ပြင်းထန်စွာ ခံစားလိုက်ရဆဲပင်။
ဟန်လိသည် သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ မထူးခြားနားသော အမူအရာဖြင့် ပြန်ပြောလိုက်၏။
“ကောင်းပါပြီ... ခင်ဗျားက ဒီကျိန်စာကို မဖြေဖျက်ပေးနိုင်မှတော့ ကျုပ်အနေနဲ့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးဆီ ခရီးနှင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူးပေါ့”
မမျှော်လင့်ထားစွာပင် အဘိုးအိုက ခဏတိတ်သွားပြီးမှ ဆက်ပြောလာသည်။
“ကောင်လေးဟန်လိ... နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ရောက်ဖို့ ဆုံးဖြတ်တာက ဉာဏ်ရှိတဲ့ အပြုအမူတစ်ခု မဟုတ်ဘူး။ အတိတ်တုန်းက ကျုပ်ရဲ့ သက်တမ်း ကုန်ဆုံးခါနီးအချိန်မှာ အဲ့နေရာထဲ ဝင်ဖို့ ကြံစည်ခဲ့ဖူးသေးတယ်... ဒါပေမဲ့ ကျုပ် ဝိညာဥ်ပူးကပ်ခြင်းအတတ်ပညာကို တီထွင်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ အဲ့ဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့တာလေ။ ဒါပေမဲ့လည်း ငါ့အနေနဲ့ အဲ့နေရာအကြောင်း သုတေသနပြုလုပ်ပြီး စုံစမ်းခဲ့ဖူးတယ်။ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တဲ့ အရူးတစ်ယောက်၊ နှစ်ယောက်လောက် ရှိခဲ့တာတင်နဲ့တင် မင်းက ချောက်ကမ်းပါးထဲကနေ ဘေးကင်းကင်း ပြန်ထွက်လာနိုင်မယ်လို့ တကယ်ပဲ ယုံကြည်နေတာလား။ အဲ့မှာရှိနေတဲ့ ရှေးဟောင်းအတားအဆီးတွေကို ထည့်မပြောနဲ့ဦး... အတွင်းထဲမှာ ရှိတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေရဲ့ ကြောက်မက်ဖွယ်ကောင်းပုံက မင်း စိတ်ကူးနိုင်တာထက် ပိုလွန်တယ်။ တစ်ခါတလေကျ ဒီအက်ကြောင်းတွေဟာ...”
ထိုအဘိုးအို၏ စကားသံမှာ လမ်းခုလတ်၌တင် ရုတ်တရက် ရပ်တန့်သွားချေသည်။
ဟန်လိ၏ နှလုံးသားထဲတွင် ထိတ်လန့်သွားပြီး အလျင်အမြန် မေးလိုက်၏။ “အဲ့ဟင်းလင်းပြင်အက်ကြောင်းတွေက..ဘာဖြစ်တတ်လို့လဲ”
“အဲ့ဒီဟင်းလင်းပြင်အက်ကြောင်းတွေဟာ အမြဲလိုလို မဟုတ်ပေမဲ့ တစ်ခါတလေကျ တခြား ကမ္ဘာတွေဆီ ဝင်ရောက်နိုင်မယ့် လမ်းကြောင်းတွေကို ပွင့်ဟသွားစေတတ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးတွေနဲ့ ရှေးဟောင်းမိစ္ဆာကောင်တွေကိုပါ လွှတ်ထုတ်ပေးတတ်တာလေ။ တကယ်လို့ မင်းသာ သူတို့ထဲက တစ်ကောင်ကောင်နဲ့ မတော်တဆ တွေ့ဆုံခဲ့မယ်ဆိုရင်တော့ မင်းရဲ့ ကံတရားကိုသာ အားကိုးဖို့ ဆုတောင်းလိုက်တော့”
“တခြား ကမ္ဘာတွေဆီ လမ်းကြောင်း ပွင့်သွားစေတတ်တယ် ဟုတ်လား... ဒါက ဘာကို ဆိုလိုတာလဲ” ဟန်လိက ထိတ်လန့်တကြား ထပ်မေးလိုက်၏။
“ဝိညာဉ်နယ်မြေ၊ အင်မောတယ်နယ်မြေနဲ့ မြေအောက်လောကတို့အပြင် တခြားလောကတွေလည်း ရှိသေးတယ်လား”
ထိုအဘိုးအိုက တည်ငြိမ်စွာပင် ရှင်းပြလာသည်။
“အတိတ်တုန်းက ကျုပ် ရှေးဟောင်းကျမ်းစာတစ်အုပ်ကို ရရှိခဲ့ဖူးတယ်... ၎င်းထဲမှာ တခြားကမ္ဘာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အနည်းငယ်ကို မှတ်တမ်းတင်ထားတာလေ။ အင်မောတယ်ဘုံဆိုတာ ကျုပ်တို့ သေမျိုးလောကနဲ့ ဘာဆက်နွှယ်မှုမှ မရှိတဲ့ နေရာပဲ။ ဝိညာဉ်နယ်မြေနဲ့ မြေအောက်လောက တွေကတော့ ကျုပ်တို့ထက် ပိုပြီး မြင့်မားတဲ့ အဆင့်အတန်းရှိတဲ့ အထက်ဘုံတွေ ဆိုပေမဲ့လည်း လွယ်လွယ်ကူကူ ဖြတ်သန်းသွားလာလို့ ရတာမျိုး မဟုတ်ဘူး။ အဲ့နေရာတွေမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးတွေနဲ့ တစ္ဆေသရဲတွေ ပြည့်နှက်နေပေမဲ့ သူတို့ဆန္ဒရှိသလိုမျိုး ကျုပ်တို့ ကမ္ဘာဆီ လာရောက်ဖို့ကတော့ လုံးဝ မဖြစ်နိုင်ပါဘူး”
“သဘောပြောရရင်တော့ သူတို့ဟာ ကျုပ်တို့ကမ္ဘာရဲ့ ရှေးဟောင်းခေတ်က မိစ္ဆာကြီးတွေနဲ့ အလားသဏ္ဌာန်တူလိမ့်မယ်။ အကယ်လို့ သူတို့အနေနဲ့ ကျုပ်တို့ ကမ္ဘာဆီ ဖြတ်သန်း ဝင်ရောက်လာနိုင်မယ့် အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် ကျိန်းသေပေါက် လက်လွှတ်ခံမှာ မဟုတ်ဘူး။ အဲ့ရှေးဟောင်းမိစ္ဆာကြီးတွေထဲက အချို့ဆိုရင် ကိုယ်ပိုင်အမည်နာမတွေနဲ့ ကျော်ကြားပြီးသား။ သူတို့ရဲ့ ကိုယ်ပွားခန္ဓာကိုယ် အနည်းငယ်လောက်ကို ကျုပ်တို့ ကမ္ဘာဆီ စေလွှတ်လိုက်မယ် ဆိုရင်တောင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်လာမှာ ဖြစ်သလို အခုလက်ရှိ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင်တော့ သူတို့ကို နည်းနည်းလေးတောင် ခုခံနိုင်စွမ်း ရှိမှာ မဟုတ်ဘူး”
“ရှေးဟောင်းမိစ္ဆာကြီးတွေ ဟုတ်လား... ကျုပ် ဒီအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ပါဘူး”
ဟန်လိက အံ့ဩမှင်သက်သွားသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။
“မင်း မကြားဖူးတာ မဆန်းပါဘူး။ သူတို့က ကျုပ်တို့ လူသားတွေ ဒါမှမဟုတ် နတ်ဆိုးသားရဲတွေနဲ့ လုံးဝ မတူညီတဲ့ တည်ရှိမှုတွေ ဖြစ်သလို ပုံစံအမျိုးမျိုးကိုလည်း ပြောင်းလဲနိုင်စွမ်း ရှိကြတယ်။ ရှေးဟောင်းခေတ်တုန်းက ရှေးဟောင်းမိစ္ဆာနယ်မြေနဲ့ ကျုပ်တို့ ကမ္ဘာကြားမှာ လမ်းကြောင်းတစ်ခု ရှိခဲ့ဖူးတယ်လို့ ကျမ်းစာတွေမှာ ဆိုကြတယ်။ ရလဒ်အနေနဲ့ အဲ့ဒီရှေးဟောင်းမိစ္ဆာကြီးတွေဟာ လူသားလောကထဲကို ဝင်ရောက်ပြီး အကြီးအကျယ် သောင်းကျန်းဖျက်ဆီးခဲ့ကြတာပေါ့။ ဒါကြောင့် ရှေးဟောင်းကျင့်ကြံသူကြီးတွေဟာ သူတို့ကို နှစ်ပေါင်း များစွာကြာအောင် အသက်ရင်းပြီး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရတယ်။ အဆုံးမှာတော့ ကျင့်ကြံသူတွေက လူအင်အား အသာစီးယူပြီး သူတို့ကို တစ်ကောင်ပြီးတစ်ကောင် သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြတာပေါ့”
“ရှေးဟောင်းကျင့်ကြံသူကြီးတွေက ရှေးဟောင်းမိစ္ဆာကြီးတွေနဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ် ဟုတ်လား”
ဟန်လိ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားတော့၏။ သူတို့ ချန်ထားရစ်ခဲ့တဲ့ ဆန်းကြယ်လှတဲ့ အတတ်ပညာတွေနဲ့ ရတနာမှော်ပစ္စည်းတွေကို ကြည့်ပြီး ရှေးဟောင်းကျင့်ကြံသူကြီးတွေ မည်မျှအထိ အစွမ်းထက်လှကြောင်း ဟန်လိ ကောင်းစွာ သိရှိထားပေသည်။ သည်မိစ္ဆာအိုကြီး၏ လေသံအရဆိုလျှင် ထိုရှေးဟောင်းမိစ္ဆာကြီးများ၏ အစွမ်းမှာ ရှေးဟောင်းကျင့်ကြံသူကြီးများထက်ပင် တစ်ဆင့် ပိုမို မြင့်မားနေပုံရသဖြင့် ဟန်လိမှာ အကြီးအကျယ် ထိတ်လန့်သွားမိခြင်းပင်။
“ဒါတင်တင် မကသေးဘူး... အဲ့စစ်ပွဲအတွင်းမှာ ရရှိခဲ့တဲ့ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ သေဆုံးမှုတွေက မရေမတွက်နိုင်အောင် များပြားလှတာမို့ ရှေးဟောင်းအတတ်ပညာရပ် အမြောက်အမြားနဲ့ ဝိညာဉ်သားရဲတွေဟာလည်း လုံးဝ မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့ရတယ်။ ဒါဟာ ရှေးဟောင်းကျင့်ကြံသူကြီးတွေ ယုတ်လျော့ ကျဆင်းသွားရခြင်းရဲ့ အဓိက အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့တာပေါ့”
ဝိညာဉ်သွေဖယ်ခြင်းအရှင်က လေးနက်တည်ကြည်သော လေသံဖြင့် ဆိုလိုက်၏။
“မဟုတ်မှလွဲရော... နောက်ပိုင်းမှာ မိစ္ဆာတာအိုကျင့်ကြံသူအချို့က အဲ့ဒီရှေးဟောင်းမိစ္ဆာအတတ်ပညာတွေကို ကျင့်ကြံရင်းနဲ့မှ ရှေးဟောင်းမိစ္ဆာနယ်မြေ တည်ရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ရမယ်။ သူတို့ဟာ ရှေးဟောင်းမိစ္ဆာကြီးတွေရဲ့ စွမ်းရည်တွေနဲ့ ဆင်တူတဲ့ လျှို့ဝှက်အတတ်ပညာတွေကို တီထွင်ခဲ့ကြပြီး လျှို့ဝှက်နည်းလမ်းတွေ သုံးပြီးတော့ လောကအတားအဆီးတွေကို ချိုးဖျက်ပြီး အဲ့ဒီနာမည်ကျော် ရှေးဟောင်းမိစ္ဆာကြီးတွေရဲ့ မိစ္ဆာချီစွမ်းအင်တွေကို စုပ်ယူပြီး သူတို့ရဲ့ စွမ်းရည်တွေကို ဆထက်တိုးအောင် လုပ်ဆောင်ခဲ့ကြတာပေါ့။ မိစ္ဆာအတတ်ပညာတွေက မယုံနိုင်လောက်အောင် အစွမ်းထက်လှတာ အမှန်ပဲ ဆိုပေမဲ့ ဒီပညာရပ်တွေကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံပြီးသွားတဲ့ အခါကျရင်တော့ သူတို့ဟာ ဝိညာဉ်နယ်မြေဆီ တက်လှမ်းခွင့်ရမှာ မဟုတ်တော့ဘဲ ရှေးဟောင်းမိစ္ဆာနယ်မြေဆီ ပို့ဆောင်ခံရပြီး သူတို့ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရမှာလေ။ ဒါကတော့ ဒဏ္ဍာရီမှတ်တမ်းတွေအဖြစ်ပဲ တည်ရှိနေတာမို့ အမှန်တကယ် ဟုတ်၊ မဟုတ်ကိုတော့ ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမဲ့လည်း မိစ္ဆာကျင့်ကြံသူ အမြောက်အမြားက အဲ့ဒီကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေကို တပ်မက်ကြတာမို့ အသက်အန္တရာယ်ကို ရင်းပြီး မိစ္ဆာအတတ်ပညာတွေကို ကျင့်ကြံဖို့ စွန့်စားခဲ့ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ရှေးဟောင်းမိစ္ဆာနယ်မြေထဲ ဝင်ရောက်ဖို့ဆိုတာ ကျင့်ကြံသူတစ်ဦးအနေနဲ့ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိမှသာ စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုမို့ သာမန်ကျင့်ကြံသူတွေအတွက်တော့ တွေးနေဖို့တောင် မလိုအပ်ပါဘူး။ ဒါ့အပြင် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးအတွင်းမှာ ရှိတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေကနေ တခြားကမ္ဘာဆီ လမ်းကြောင်းပွင့်သွားဖို့ ဖြစ်နိုင်ချေက အလွန်ကို သေးငယ်လှတာမို့ မင်းအနေနဲ့ ဘာဘေးဒုက္ခမှမရှိဘဲ ဖြတ်ကျော်သွားနိုင်တာလည်း ဖြစ်နိုင်ပါတယ်... ဒါက ကျုပ်ရဲ့ အခြေအမြစ်မရှိတဲ့ စိုးရိမ်ပူပန်မှု သက်သက်လည်း ဖြစ်နိုင်တာပေါ့”
ဟန်လိသည် အတိတ်တုန်းက သူ မြင်တွေ့ခဲ့ဖူးသော မိစ္ဆာအသွင်ပြောင်းလဲခြင်း အတတ်ပညာအချို့နှင့် ထူးဆန်းလှသော ပုံရိပ်ယောင်အချို့ကို ရုတ်တရက် ပြန်လည် အမှတ်ရသွားမိ၏။ သည့်အတွက်ကြောင့် သူ၏ သွေးများ အေးစက်သွားသလို ခံစားလိုက်ရပြီး ထိုအဘိုးအို၏ စကားလုံးများမှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေများကြောင်း လက်ခံလိုက်တော့သည်။
အချိန်အတော်ကြာအောင် လေးနက်စွာ တွေးတောနေပြီးနောက်တွင် ဟန်လိက ဇဝေဇဝါဖြင့် မေးလိုက်၏။
“အကယ်လို့ ရှေးဟောင်းမိစ္ဆာတစ်ကောင်က နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးရဲ့ ဟင်းလင်းပြင်အက်ကြောင်းကနေ တကယ်ပဲ ကျုပ်တို့ ကမ္ဘာဆီ ဖြတ်သန်း ဝင်ရောက်လာနိုင်တယ် ဆိုဦးတော့... ဘာကြောင့်များ အတိတ်တုန်းက ကောင်းကင်တောင်ပိုင်းဒေသမှာ ကြီးမားတဲ့ ပရမ်းပတာ ဖြစ်ရပ်မျိုး တစ်ခါမျှ မဖြစ်ပွားခဲ့ရတာလဲ”
ထိုအဘိုးအိုက အေးစက်စွာ လှောင်ရယ်လိုက်ပြီး ဆို၏။
“မင်းက ဘာကို ဆိုလိုတာလဲ။ အဲ့ဟင်းလင်းပြင်အက်ကြောင်းတွေဆိုတာ တခြားကမ္ဘာဆီ သွားနိုင်တဲ့ စစ်မှန်တဲ့ လမ်းကြောင်းအစစ်တွေ မဟုတ်ဘူးလေ။ အဲ့အက်ကြောင်းကနေ အဆင့်နိမ့်မိစ္ဆာကောင်တွေ ဒါမှမဟုတ် ကိုယ်ပွားခန္ဓာကိုယ်အချို့လောက်ပဲ ဖြတ်သန်း ဝင်ရောက်လာနိုင်တာ။ ဒါပေမဲ့လို့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်မားလှတာကြောင့် ကျုပ်တို့ ကမ္ဘာရဲ့ လောကအတားအဆီးတွေရဲ့ ဖိအားကို အချိန်အကြာကြီး မတောင့်ခံနိုင်ကြဘဲ ချက်ခြင်း ပြန်ဆုတ်သွားကြရတာလေ။ ဒါပေမဲ့လည်း သူတို့ ပြန်မထွက်ခွာခင် အချိန်အတောအတွင်းမှာတော့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ရောက်လာတဲ့ ကျင့်ကြံသူတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပစ်ဖို့အတွက်တော့ အချိန်က လုံလောက်တာထက် ပိုပါတယ်”
“ဒါဆိုရင်တော့ အဆင့်နိမ့်မိစ္ဆာကောင်တွေလောက်ပဲ ဝင်လာနိုင်တာဖြစ်ပြီး အချိန်အတိုလေးအတွင်းမှာပဲ နေထိုင်နိုင်တာပေါ့”
ဟန်လိ၏ တင်းမာခက်ထန်နေသော မျက်နှာအမူအရာမှာ ပျော့ပြောင်းသွားပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိ၏။ ဤအခြေအနေမှာ အတိတ်တုန်းက မောက်လန် မျိုးနွယ်စုတွေက ရှေးဟောင်းမီးအိမ်ရတနာကို သုံးပြီး သူတို့ရဲ့ အထွတ်အမြတ်နတ်ငှက်ကို ပင့်ဖိတ်ခဲ့စဥ်က အခြေအနေမျိုးနှင့် ဆင်တူလှပေသည်။
“ကောင်လေးဟန်လိ... မင်း ခုလောက်ထိ ဝမ်းသာစောမနေနဲ့ဦး။ ဒါက ကျုပ်ရဲ့ ခန့်မှန်းချက် သက်သက်ပဲ ဆိုဦးတော့... ချောက်ကမ်းပါးအတွင်းမှာ အမှန်တကယ် ပေါ်လာတတ်တဲ့ ရှေးဟောင်းမိစ္ဆာတွေဟာ ဟင်းလင်းပြင်အက်ကြောင်းကို ဖြတ်သန်းနိုင်ဖို့အတွက် သူတို့ရဲ့ စွမ်းရည်တွေကို အားနည်းအောင် လုပ်ထားခဲ့ကြတာ ဆိုပေမဲ့လည်း သူတို့ရဲ့ အတတ်ပညာရပ်တွေနဲ့ စွမ်းရည်တွေက မယုံနိုင်လောက်အောင် ဆန်းကြယ်လှတယ်။ လူသားကျင့်ကြံသူတစ်ဦးအနေနဲ့ ကျင့်ကြံမှုအဆင့် တန်းတူရှိနေခဲ့ရင်တောင်မှ သူတို့နဲ့ ရင်ဆိုင်ရရင် သေဆုံးသွားဖို့ရာကတော့ သေချာသလောက်ပဲ”
ဟန်လိသည် မျက်မှောင်ကြုတ်လျက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိပြီး ခံစားချက်ကင်းမဲ့သော လေသံဖြင့် မေးလိုက်၏။
“စီနီယာအနေနဲ့ ဒီချောက်ကမ်းပါးထဲကို ကိုယ်တိုင် မဝင်ရောက်ဖူးဘဲနဲ့ ဒါကို ဘယ်လိုနည်းနဲ့ သိနေရတာလဲ။ မဟုတ်မှလွဲရော... ခင်ဗျား ကျုပ်ကို မသွားဝံ့အောင် တမင်သက်သက် ခြောက်လှန့်နေတာတော့ မဟုတ်ပါဘူးနော်”
“ကျုပ်ကိုယ်တိုင် မဝင်ဖူးခဲ့တာ မှန်ပေမဲ့ ကျုပ်ရဲ့ ရင်းနှီးလှတဲ့ မိတ်ဆွေကောင်း အချို့ကတော့ အဲ့နေရာထဲ ဝင်ရောက်ခဲ့ဖူးတယ်။ သူတို့ ချောက်ကမ်းပါးထဲ ဝင်ပြီးတာနဲ့ ကံဆိုးစွာနဲ့ပဲ ရှေးဟောင်းမိစ္ဆာတစ်ကောင်နဲ့ တည့်တည့် တိုးခဲ့ကြတာလေ... အဆုံးမှာတော့ သတင်းစကား ပြန်ပြောပြနိုင်ဖို့အတွက် သူတို့ထဲက တစ်ယောက်ပဲ အသက်ရှင်လျက် လွတ်မြောက်လာခဲ့တာ။ သူတို့တွေဟာလည်း ကျုပ်လိုပဲ လောကမှာ ဂိုဏ်းဂဏမရှိ၊ ဂုဏ်သတင်းမကျော်ကြားတဲ့ လေလွင့်ကျင့်ကြံသူကြီးတွေ ဖြစ်ကြတာမို့ ကောင်းကင်တောင်ပိုင်းဒေသမှာ သူတို့ရဲ့အကြောင်းကို သိတဲ့သူ အလွန်နည်းပါးတာပေါ့။ ကဲပါ... ကျုပ် ဒီနေ့အတွက် စကားပြောရတာ အတော်လေး ပင်ပန်းနေပြီ။ မင်းအနေနဲ့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို တကယ်ပဲ ဝင်ချင်သေးတယ် ဆိုရင်တော့ ကိုယ့်ဘာသာကိုယ်ပဲ သေချာ ပြင်ဆင်ထားပေတော့။ ရော့... ဒါက မဟာဖွံ့ဖြိုးခြင်းပညာရပ်ရဲ့ ပဉ္စမမြောက်အဆင့် ဂါထာမန္တာန်တွေနဲ့အတူ အမြုတေဖွဲ့စည်းခြင်းအဆင့် ရုပ်သေးဒီဇိုင်း နှစ်ခုပဲ... ဒါက ကျုပ်တို့ အရင်က သဘောတူညီမှုကြောင့် မင်းရမဲ့ဆုလဒ်ရဲ့ အစိတ်အပိုင်းတစ်ခုပေါ့”
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝါးကျည်တောက်အတွင်းမှ အဖြူရောင် ကျောက်စိမ်းပြားတစ်ခုသည် ဝုန်းခနဲ ပျံသန်းထွက်ပေါ်လာပြီး ဟန်လိ၏ ဦးခေါင်းထက်တွင် တပတ် လှည့်ပတ်ပျံသန်းပြီးနောက် သူ၏ လက်ထဲသို့ တိုက်ရိုက် ကျရောက်လာတော့သည်။
“ကျုပ်က စီနီယာ ဒီကိစ္စကို မေ့နေလောက်ပြီလို့ ထင်ထားမိတာ”
ဟန်လိသည် သူ၏ စိတ်ထဲတွင် ထိုရှေးဟောင်းမိစ္ဆာကြီးများအကြောင်းကို ဆက်လက် တွေးတောနေမိဆဲ ဖြစ်သော်လည်း ဤပစ္စည်းကို မြင်ရသည့်အခါတွင်မူ သူ၏ မျက်နှာထက်၌ ဝမ်းမြောက်သွားသော အမူအရာတစ်ခု ပေါ်လွင်လာတော့သည်။ သူသည် ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံကို ၎င်းအတွင်းသို့ သွန်းလောင်းကာ အလျင်အမြန် ဖတ်ရှုစစ်ဆေးကြည့်လိုက်၏။
“ကျုပ် အခုချိန်မှာ ကျုပ်ရဲ့ စိတ်ဝိညာဉ်ကို ပြန်လည်မွေးမြူ ထိန်းသိမ်းဖို့ လိုအပ်နေပြီ။ ကံကောင်းထောက်မစွာနဲ့ ကောင်းကင်ကံကြမ္မာကျည်တောက် အတွင်းမှာ ကျုပ်ရဲ့ ရုပ်သေးဒီဇိုင်းတွေ ရှိနေသေးလို့သာပေါ့။ မင်းမှာ တခြား အရေးကြီးတဲ့ ကိစ္စရပ်တွေ မရှိတော့ဘူးဆိုရင် ကျုပ်ကို လာပြီး မနှောက်ယှက်ပါနဲ့တော့”
ထိုအဘိုးအိုသည် ပျင်းရိ ငြီးငွေ့နေသော လေသံဖြင့် ဆိုလိုက်ပြီးနောက် သူ၏ စကားသံမှာ ရုတ်တရက် ကွယ်ပျောက်သွားတော့သည်။
ဟန်လိသည် ကျောက်စိမ်းပြားအတွင်းမှ အချက်အလက်များကို ဖတ်ရှုပြီးသွားသည့်နောက်တွင် သူ၏ နောက်ကျောတွင် လွယ်ထားသော ဝါးကျည်တောက်ရှိရာဘက်သို့ ခေတ္တမျှ လှည့်ကြည့်လိုက်ပြီး သူ၏ မျက်နှာထက်တွင် မရေမရာဖြစ်နေသော အမူအရာတစ်ခု ဖြစ်ပေါ်လာ၏။ ထိုအဘိုးအိုသည် တစ်ခုခုကို လျှို့ဝှက်ချက်အဖြစ် ဖုံးကွယ်ထားဆဲ ဖြစ်မှန်း သူ သိရှိသော်လည်း မည်သို့မျှ မတတ်သာတော့ချေ။ ကောင်းကင်ကံကြမ္မာကျည်တောက် ဆိုသည်မှာ သူ၏ နောက်ကျောတွင် လွယ်ထားသော ထိုဝါးကျည်တောက်ရတနာ၏ အမည်နာမပင်။
ဤဝါးကျည်တောက်လေးမှာ အပြင်ပန်းတွင် သာမန်အတိုင်း ထင်မှတ်ရသော်လည်း ၎င်းသည် အမှန်တကယ်၌ ဟင်းလင်းပြင်စွမ်းအား ပါဝင်သော စစ်မှန်သည့် ဟင်းလင်းပြင်ရတနာတစ်ခု ဖြစ်ပြီး အတွင်းထဲ၌ ဝိညာဉ်သွေဖယ်ခြင်းအရှင်၏ ရုပ်သေးခန္ဓာကိုယ်ကို သိုဝှက် သိမ်းဆည်းထားခြင်း ဖြစ်ပေသည်။ ထိုသို့သာ မဟုတ်လျှင် ဟန်လိသည် ဤပစ္စည်းကို သူ၏ နောက်ကျောတွင် လွယ်ထားမည့်အစား သိုလှောင်အိတ်အတွင်း၌သာ ထည့်သွင်း သိမ်းဆည်းထားခဲ့ပြီးသား ဖြစ်မှာ မြေကြီးလက်ခတ် မလွဲပေ။
အချိန်အတော်ကြာပြီးနောက် ဟန်လိသည် ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ခတ်ကြည့်ရှုကာ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ မိုးပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာစေပြီး မြို့တော်ပြင်ပရှိရာဘက်သို့ တဟုန်ထိုး ပျံသန်း ထွက်ခွာသွားတော့သည်။
ထိုအချိန်တွင် မိုးချုပ်နေခဲ့ပြီ ဖြစ်ရာ ဟန်လိသည် မြို့တော်နှင့် မနီးမဝေးတွင် ရှိသော သစ်တောအုပ်တစ်ခု၏ ကောင်းကင်ယံတွင် ရပ်တန့်လိုက်ပြီး ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်၏ ဘေးနားသို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်၏။ ထိုနေရာ၏ အနီးအနားတွင် ဝေဝါးလှသော အရာတစ်ခု ရှိနေပုံရပေသည်။
၎င်းမှာ ဖရိုဖရဲဖြစ်နေသော ဆံပင်ရှည်ကြီးများနှင့် ကြီးမားလှသော ဦးခေါင်းခွံကြီးတစ်ခုပင် ဖြစ်၏။ အကယ်၍ သာမန် သေမျိုးတစ်ဦးဦးသာ ဤမြင်ကွင်းကို မတော်တဆ မြင်တွေ့ခဲ့ရလျှင် ကြောက်လန့်တကြားဖြင့် ချက်ခြင်း ထွက်ပြေးကြမှာ သေချာလှပေသည်။ သို့သော်လည်း အနီးကပ် သေချာစွာ စစ်ဆေးကြည့်ရှုလိုက်မည် ဆိုလျှင်တော့ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မြေကြီးအတွင်း၌ မြှုပ်နှံခြင်း ခံထားရမှန်း ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။
ထိုဦးခေါင်းခွံကြီးတွင် စိမ်းနက်ရောင် ဆံပင်ရှည်ကြီးများ ရှိနေပြီး ၎င်း၏ မျက်နှာမှာ ထိုဆံပင်အုံကြီး၏ နောက်ကွယ်၌ ဖုံးကွယ်နေခဲ့ခြင်း ဖြစ်ပေသည်။ ဟန်လိ ချဉ်းကပ်လာခဲ့သည့် အချိန်တွင် ထိုအစိမ်းရောင်ဘီလူးကြီးသည် တစ်ခုခုကို အာရုံခံမိသွားပုံရပြီး စတင်လှုပ်ရှားလာကာ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်မျက်လုံးကြီးများကို ဖြည်းညင်းစွာ ဖွင့်ဟလာတော့၏။ ၎င်းသည် ဟန်လိကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည့် အခါတွင်မူ မျက်ဝန်းများအတွင်းမှ တောက်ပနေသော အလင်းရောင်များမှာ ချက်ခြင်း ကွယ်ပျောက်သွားပြီး နာခံကျိုးနွံလှသော အမူအရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဟန်လိက ခပ်ရေးရေး ပြုံးလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ စိတ်ဝင်တစားဖြင့် ၎င်း၏ ပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်ရှုလိုက်၏။
“မဆိုးဘူး... ဒီကောင်က သာမန် ရိုးရှင်းတဲ့ ကိုယ်ပိုင်အသိစိတ်တစ်ခုကို စတင်မွေးမြူနိုင်နေပြီပဲ။ ကြည့်ရတာ ကျုပ် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ရောက်တဲ့ အခါကျရင် ဒီကောင်ကို ကောင်းကောင်း အသုံးချနိုင်လိမ့်မယ်”
ဟန်လိက ကျေနပ်သွားသော လေသံဖြင့် သူ့ဘာသာ တီးတိုးရေရွတ်လိုက်မိ၏။
သိပ်မကြာခင်မှာပင် ဟန်လိသည် မိမိပတ်ဝန်းကျင်တစ်ခုလုံးတွင် ကာကွယ်ရေးအတားအဆီးအစီအရင် အချို့ကို ချခင်းလိုက်ပြီးနောက် တင်ပလ္လင်ခွေ ထိုင်ချလိုက်တော့သည်။ သူသည် ချက်ခြင်း ကျင့်ကြံခြင်း မပြုသေးဘဲ သူ၏သိုလှောင်အိတ်အတွင်းမှ ဝါကျင့်ကျင့် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ လက်ထဲ၌ လှည့်ပတ်ကစားနေမိ၏။ ၎င်းတံဆိပ်ပြားပေါ်တွင် “အထွဋ်အမြတ်ကောင်းကင်ဂိုဏ်း” ဟူသော စာလုံးများကို ရေးထွင်းထားပေသည်။
ဟန်လိသည် ထိုတံဆိပ်ပြားကို မျက်လုံးမှေးစင်းလျက် စိုက်ကြည့်နေမိစဥ် သူ၏ မျက်ဝန်းများအတွင်း၌ တောက်ပနေသော အလင်းရောင်များမှာ အမှောင်ထုအတွင်း၌ လင်းလက်လျက် ရှိသည်။