← Chapters

အခန်း ၈၀၁

Vol. 58 Ch. 801

အခန်း ၈၀၁

Vol. 58 Ch. 801

အပိုင်း ၈၀၁ - ချန်ချောင်ထျန်

သစ်တောအုပ်အတွင်း၌ တစ်ညတာ ကုန်လွန်စေခဲ့ပြီးနောက် ဟန်လိသည် မိစ္ဆာအရှင်သခင်အလောင်းကောင်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အသင်္ချေတောင်တန်းဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။

လွန်ခဲ့သောရက်က သူသည် နတ်သမီးခရမ်းဝိညာဉ်နှင့် အခြားသူများကို သွားမတွေ့ခင်က အထွဍ်အထိပ်ကောင်းကင်ဂိုဏ်း တပည့်များ၏ ခြေရာလက်ရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ ရလဒ်အနေဖြင့် သူသည် ထိုဂိုဏ်းမှအကြီးအကဲ ပေးအပ်ခဲ့သော တံဆိပ်ပြားကို ဆက်လက်ကိုင်ဆောင်ထားဆဲ ဖြစ်သော်လည်း ၎င်းကို အသုံးပြုရန် အခွင့်အရေး မရသေးချေ။ မြို့စားကြီးနန်းလုံ ကို သွားရောက်ရှာဖွေဖို့ရန်မှာလည်း လုံးဝ မဖြစ်နိုင်သေးပေ။ အထွဍ်အထိပ်ကောင်းကင်ဂိုဏ်းသည် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့နေထိုင်သွားခြင်း သို့မဟုတ် ထိုနေရာသို့ ခုထက်ထိ ရောက်မလာသေးခြင်းလည်း ဖြစ်နိုင်ပေသည်။

ဟန်လိသည် ဤကိစ္စအတွက် စိုးရိမ်ပူပန်ခြင်းမရှိဘဲ တောင်တန်းအနီးဝန်းကျင်တွင် ယာယီနေထိုင်ရန် နေရာတစ်ခုကို ပြင်ဆင်လိုက်ပြီး အားလပ်ချိန်များ၌ အမြုတေဖွဲ့စည်းခြင်းအဆင့် ရုပ်သေးအချို့ကို သန့်စင်ရန် ကြံရွယ်လိုက်၏။ သူ၏လက်ထဲတွင် ယင်ယန်လက်စွပ် ရှိနေသရွေ့ မြို့စားကြီးနန်းလုံသည် သူ့ကို ကိုယ်တိုင်ကိုယ်ကျ အရင် လာရောက်ရှာဖွေလိမ့်မည်ဟု သူ တွက်ချက်ထားပေသည်။

ယခုအချိန်တွင် ဟန်လိသည် မဟာမြောက်ပိုင်းအနှစ်သာရအလင်း တည်ရှိနေခြင်းမှာ ချောက်ကမ်းပါး၏ ဝင်ပေါက်အပြင်ဘက်တွင် ရှိနေခြင်းမဟုတ်ကြောင်း ဝိုးတဝါး သိရှိနားလည်ထားပြီး ဖြစ်၏။ ၎င်းအလင်းအများစုမှာ ချောက်ကမ်းပါးဝင်ပေါက်၌သာ ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။ ထိုသို့သာ မဟုတ်လျှင် တစ္ဆေဝိညာဉ်ဂိုဏ်း အနေဖြင့် မည်မျှပင် အရည်အချင်းရှိပါစေဦးတော့ ကျင့်ကြံသူ ရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း ချောက်ကမ်းပါးထဲသို့ ခေါ်ဆောင်သွားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

ထိုအတွေးများ ဟန်လိ၏ စိတ်ထဲ၌ ပေါ်လာသည်နှင့် သူသည် မိုးပြာရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တည်ငြိမ်စွာဖြင့် ရှေ့သို့ ပျံသန်းသွားတော့၏။ သူ၏ အံ့မခန်းလှသော အမြန်နှုန်းကြောင့် ခဏချင်းအတွင်းမှာပင် လီတစ်ရာလောက် ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ နေ့တစ်ဝက်မပြည့်မီ အချိန်အတွင်းမှာပင် သူသည် အသင်္ချေတောင်တန်း အနီးသို့ ရောက်ရှိလာခဲ့တော့၏။

အသင်္ချေတောင်တန်း အနီးဝန်းကျင်တွင် မကြာသေးမီက စျေးမြို့အချို့ အသစ်ဖွင့်လှစ်ထားကြောင်း သူ ကြားသိခဲ့ဖူးသဖြင့် လမ်းခရီးတွင် ထိုနေရာများသို့ ဝင်ရောက်ကာ ရုပ်သေးသန့်စင်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းအချို့ကို စုဆောင်းရန် ဆုံးဖြတ်လိုက်၏။ ထို့အပြင် ဟန်လိသည် မောက်လန်မျိုးနွယ်စုများနှင့် စစ်ပွဲဖြစ်ပွားစဥ်က သူ လုယူခဲ့သော အထွတ်အမြတ်နတ်မီးအိမ်ရတနာကို လဲလှယ်ခဲ့ပြီးနောက် ရှားပါးလှသော အမယ်ပစ္စည်း အမြောက်အမြားကို ရရှိထားခဲ့သေးသည် မဟုတ်လား။

ထိုအမယ်ပစ္စည်းများမှာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားလှပြီး ဟန်လိကို အဆင့်မြင့်ရုပ်သေး အမြောက်အမြားကို သန့်စင်ဖန်တီးနိုင်ခွင့် ပေးနိုင်ပေသည်။ သို့ဖြစ်၍ သူသည် စျေးမြို့အတွင်း၌ အခြေခံရုပ်သေးကုန်ကြမ်းအချို့ကိုသာ ဝယ်ယူရန် လိုအပ်တော့မည် ဖြစ်၏။

ရှေးဟောင်း စဦးစိတ်ဝိညာဉ်အဆင့် ရုပ်သေးများကို သန့်စင်ရန် လိုအပ်သော အမယ်ပစ္စည်းများအတွက်မူ အနောက်ဖျားဒေသရှိ ဝါးတစ်ထောင်ကျောင်းတော်မှ ထိုအမယ်ပစ္စည်း သုံးမျိုးကို စုဆောင်းပေးနိုင်ခဲ့သော်လည်း သူတို့ထံတွင် သွေးဖီးနစ်သစ်သားဟု ခေါ်သော အမယ်ပစ္စည်းတစ်ခု လိုအပ်နေသေးသည်။

ထိုအမယ်ပစ္စည်းမှာ မြင်ရခဲလှသော ထိပ်တန်းအဆင့် ရတနာသန့်စင်ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ၎င်းကို ရရှိရန်မှာ ရွှေအနှစ်သာရလောက် မခက်ခဲလှဟု ဆိုနိုင်သော်လည်း သာမန်စျေးကွက်များတွင် ရှာဖွေရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ ကံတရား ကောင်းမွန်မှသာ ၎င်းကို မတော်တဆ ကြုံတွေ့နိုင်ခြင်း ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ဟန်လိသည် မျောလွင့်တိမ်တိုက်ဂိုဏ်းကို ထိုအမယ်ပစ္စည်း ပေါ်ထွက်လာခြင်း ရှိ၊ မရှိ သေချာစွာ စောင့်ကြည့်ရန် ကြိုတင်မှာကြားထားခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူတို့ သတင်းတစ်ခုခု ရရှိခဲ့ပါက သူ့ထံသို့ တိုက်ရိုက် အကြောင်းကြားရမည် ဖြစ်ရာ သူ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ မဝင်ရောက်မီ အချိန်တစ်ခုအတွင်း ၎င်းကို ရရှိရန်မှာ ဖြစ်နိုင်ခြေ ရှိပေသည်။

ရုတ်တရက် ဟန်လိ၏ မျက်နှာအမူအရာမှာ မသိမသာ လှုပ်ရှားသွားပြီး သူက ချက်ခြင်း ရပ်တန့်လိုက်၏။ သူနှင့် မဝေးလှသော နေရာ၌ ပြင်းထန်လှသော ဝိညာဉ်ချီလှိုင်းဂယက်များနှင့်အတူ အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်နေပြီး ကျင့်ကြံသူအချို့ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။ ဟန်လိက မျက်မှောင်ကြုတ်လိုက်မိသော်လည်း သိပ်ပြီး ဂရုမစိုက်တော့ချေ။ ယခုအချိန်တွင် ဤနေရာ၌ လူမျိုးစုံ ရောက်ရှိနေကြသဖြင့် ရန်သူချင်း မတော်တဆ ဆုံတွေ့ကာ တိုက်ခိုက်ကြခြင်းမှာ ဆန်းပြားသော ကိစ္စတစ်ခု မဟုတ်တော့ပေ။

ဟန်လိသည် သူ၏ နက်နဲလှသော ကျင့်ကြံမှုအစွမ်းဖြင့် ကီလိုမီတာတစ်သောင်းခန့် အကွာအဝေးမှနေ၍ သူတို့ထံသို့ ချဉ်းကပ်လာခဲ့၏။ ထိုအတောအတွင်း ကျင့်ကြံသူများသည် သူ ရောက်ရှိလာသည်ကို သတိမပြုမိကြဘဲ ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ အဖွဲ့နှစ်ဖွဲ့ ခွဲကာ တိုက်ခိုက်နေကြသူများမှာ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်နေသည်။

ဟန်လိက သူတို့ကို ဝေ့ခတ်ကြည့်ရှုလိုက်ရာ သူတို့အားလုံးမှာ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းနှင့် အလယ်အလတ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြမှန်း တွေ့ရှိလိုက်ရ၏။ သို့သော်လည်း နှစ်ဖက်စလုံးကြားမှ အမုန်းတရားများမှာ အလွန်တရာ ပြင်းထန်လှပေသည်။ ကောင်းကင်ယံတွင် မှော်ရတနာများ ပျံသန်းကာ တိုက်ခိုက်နေကြရုံတင်မကဘဲ သူတို့၏ ပတ်ပတ်လည်တွင် အဆောင်လက်ဖွဲ့မျိုးစုံမှာလည်း အဆက်မပြတ် ပေါက်ကွဲနေကြ၏။

သို့ပေမည့် အမျိုးသမီး ပါဝင်သော သုံးဦးပါအဖွဲ့မှာ အခြားကျင့်ကြံသူ နှစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် လုံးဝ ဖိနှိပ်ခြင်း ခံထားရသည်တည်း။ ဤသည်မှာ တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားနေခြင်းကြောင့် မဟုတ်ဘဲ ထိုကျင့်ကြံသူ နှစ်ဦးက သုံးဦးပါအဖွဲ့ကို ကြီးမားလှသော ပိုးဖလံ ရာပေါင်းများစွာဖြင့် ဝန်းရံ ပိတ်ဆို့ထားသောကြောင့် ဖြစ်ပေသည်။

ထိုကြောက်မက်ဖွယ်ကောင်းသော ပိုးဖလံများမှာ လက်ဝါးအရွယ်အစား ရှိကြပြီး ၎င်းတို့၏ အတောင်ပံများထံမှ အဆိပ်အတောက် ဖြစ်စေသော ရောင်စုံအမှုန့်များကို ထုတ်လွှတ်နေကြ၏။ ရလဒ်အနေဖြင့် ထိုကျင့်ကြံသူ သုံးဦးမှာ ၎င်းအဆိပ်အမှုန့်များ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ မကျရောက်စေရန်အတွက် သူတို့၏ စွမ်းအင်အများစုကို သုံးစွဲကာ ကာကွယ်နေကြရသည်။ ထို့အပြင် ထိုကျင့်ကြံသူ နှစ်ဦး၏ မှော်ရတနာ တိုက်ခိုက်မှုများပါ ထပ်မံ ကြုံတွေ့နေရသဖြင့် ထိုသုံးဦးမှာ အချိန်ကြာမြင့်စွာ တောင့်ခံနိုင်ရန် ခက်ခဲနေတော့သည်တည်း။

ထိုကျင့်ကြံသူသုံးဦးမှာ အားနည်းသော အခြေအနေသို့ ရောက်ရှိနေသော်လည်း တိုက်ပွဲကတော့ အဆုံးသတ်သွားခြင်း မရှိသေးချေ။ ထိုအဆိပ်ပိုးဖလံများနှင့် ပညာရှိဟန်ပန်ရှိသော အမျိုးသား ကိုင်ဆောင်ထားသည့် ငွေရောင်စုတ်တံနှင့် ရွှေရောင်စာလိပ် မှော်ရတနာများမှလွဲ၍ ဟန်လိအဖို့ သူတို့၏ ကျင့်ကြံမှုအရ ဤတိုက်ပွဲမှာ အထူးတဆန်း စိတ်ဝင်စားစရာ မရှိချေ။

သူသည် ထိုကျင့်ကြံသူများ မည်သည့်ဂိုဏ်းကမှန်း မသိသော်လည်း သူတစ်ပါး၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် စိတ်ဝင်စားမှု လုံးဝ မရှိချေ။ သူ ပျံသန်းထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် ပညာရှိဟန်ပန်နှင့် အမျိုးသား၏ ဝတ်ရုံပေါ်တွင် အဝါရောင်မေပယ်တောင်ကြား ၏ ဂိုဏ်းတံဆိပ်အမှတ်အသားကို ရုတ်တရက် သတိပြုမိလိုက်တော့သည်။

“အဝါရောင်မေပယ်တောင်ကြားက လူတွေပါလား...”

ဟန်လိက ထိုပညာရှိအမျိုးသား၏ မျက်နှာကို အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်မိ၏။ ဟန်လိ ခေတ္တမျှ ရပ်တန့်လိုက်သည့် အချိန်အတွင်းမှာပင် တိုက်ပွဲအခြေအနေမှာ ပိုးဖလံများကို ထိန်းချုပ်ထားသော ကျင့်ကြံသူ နှစ်ဦးဘက်သို့ လျင်မြန်စွာ အသာစီး ရရှိသွားတော့သည်။

ဟန်လိ ချဉ်းကပ်လာခဲ့သည့် အချိန်တွင် ထိုကျင့်ကြံသူ နှစ်ဦးသည် ထိတ်လန့်တကြားဖြစ်ကာ သူတို့၏ စိတ်ဝိညာဉ်အာရုံကို အလျင်အမြန် ဖြန့်ကြက်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ အကြီးအကျယ် ပျက်ယွင်းသွားကြတော့၏။

ထိုကျင့်ကြံသူ နှစ်ဦးမှာ သူတို့၏ မှော်ရတနာများကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်ကြသော်လည်း အဆိပ်ပိုးဖလံများကိုမူ ကျန်ကျင့်ကြံသူ သုံးဦးအား ဆက်လက်တိုက်ခိုက်ရန် ထားရှိခဲ့ကြသည်။ သူတို့သည် အဝေးတစ်နေရာသို့ ပျံသန်း နောက်ဆုတ်သွားကြပြီး ဟန်လိကို အရိုအသေပေးကာ လှမ်းပြောလိုက်၏။

“ကျုပ်တို့ဆီ ရောက်လာတဲ့ စီနီယာကြီးရဲ့ ကြီးမြတ်လှတဲ့ အမည်နာမကို သိခွင့်ရမလား ခင်ဗျာ... ကျုပ်တို့က ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း က တပည့်တွေပါ”

“ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက ဟုတ်လား... မင်းတို့ နှစ်ယောက်က မိစ္ဆာတာအိုကျင့်ကြံသူတွေပေါ့”

ဟန်လိက ဤစကားကို ကြားရသည့်အခါ ပျံသန်းနေတာကို ရပ်တန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အလင်းတန်းများကို ဖယ်ရှားလိုက်ရာ သူ၏ ရုပ်သွင်အစစ် ပေါ်ထွက်လာတော့သည်။

“ခင်ဗျားက... မျောလွင့်တိမ်တိုက်ဂိုဏ်းက စီနီယာဟန်ပဲ...”

သူတို့ထဲမှ အရပ်မြင့်မြင့်နှင့် ကျင့်ကြံသူက ဟန်လိကို ချက်ခြင်း မှတ်မိသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။

ဟန်လိက သူ့ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး မထူးခြားနားသော လေသံဖြင့် မေးလိုက်၏။

“မင်း ကျုပ်ကို သိနေတာလား”

ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း တပည့်များမှာ စိုးရိမ်ထိတ်လန့်သွားကြသော်လည်း ရိုသေသမှုရှိသော အမူအရာကို ဆက်လက်ထိန်းသိမ်းထားကြပြီး သူတို့ထဲမှ တစ်ဦးက ပြန်ဖြေလိုက်သည်။

“စီနီယာ နယ်စပ်စစ်မြေပြင်မှာ တိုက်ခိုက်ခဲ့တုန်းက ဂျူနီယာအနေနဲ့ စီနီယာဟန်ရဲ့ ကြီးမားလှတဲ့ စွမ်းရည်တွေကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ဖူးလို့ပါ”

“ဒါဆိုရင်တော့ ကောင်းပြီ။ ကျုပ်က ဂျူနီယာတွေရဲ့ အရေးကိစ္စမှာ ဝင်မပါချင်ပေမဲ့ ကျုပ်နဲ့ အဝါရောင်မေပယ်တောင်ကြားကြားမှာ ပတ်သက်မှုတချို့ ရှိနေတယ်။ အဲ့ဒီ ဝိညာဉ်အင်းဆက်တွေကို ချက်ခြင်း ပြန်ရုပ်သိမ်းလိုက်ကြပြီး ဒီနေ့အတွက် တိုက်ပွဲကို ဒီတင်ပဲ ရပ်တန့်လိုက်ကြပါ”

ဟန်လိက သူ၏ မျက်ဝန်းများအတွင်း၌ အေးစက်စက် အလင်းတစ်ခု လင်းလက်စေလျက် ပြတ်သားစွာ ပြောဆိုလိုက်၏။

သူတို့သည် ဟန်လိ၏ စကားကို ကြားရသည့်အခါ တစ်ဦးကိုတစ်ဦး အကူအညီမဲ့စွာဖြင့် ကြည့်လိုက်မိကြတော့သည်။

“ဘာလဲ... မင်းတို့နှစ်ယောက်က ဒီလိုလုပ်ပေးရမှာ အခက်တွေ့နေတာလား”

ဟန်လိ၏ မျက်နှာအမူအရာမှာ သုန်မှုန်သွားပြီး သူ၏ လေသံမှာလည်း ခက်ထန်သွားတော့၏။

အရပ်မြင့်မြင့်နှင့်ကျင့်ကြံသူသည် ဟန်လိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ နှလုံးသားထဲတွင် ထိတ်လန့်သွားပြီး စိတ်ထဲကနေ ကြိတ်၍ ဆဲရေးလိုက်မိ၏။ ဟန်လိက ဤကိစ္စထဲ ဝင်ပါရန် ဆုံးဖြတ်ပြီးမှတော့ သူတို့အတွက် လွတ်လမ်း မရှိတော့ချေ။ သူက ခပ်သွက်သွက်ပင် ပြန်ဖြေလိုက်သည်။

“စီနီယာရဲ့ အမိန့်ဖြစ်တဲ့အတွက် ကျုပ်တို့ တပည့်တွေအနေနဲ့ နာခံရမှာ သဘာဝပါပဲ…”

သူက အခြားကျင့်ကြံသူကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူတို့နှစ်ဦးစလုံးသည် လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်ကြ၏။ ထို့နောက် ပိုးဖလံထုကြီးထံသို့ မန္တာန်တံဆိပ်တစ်ခုကို အလျင်အမြန် ပစ်လွှတ်လိုက်ပြီး သူတို့၏ ဝိညာဉ်သားရဲအိတ်များကို လေထဲသို့ ဆင့်ခေါ်လိုက်ကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်ကျင့်ကြံသူ သုံးဦးကို ဝန်းရံထားသော ပိုးဖလံများမှာ ပြန့်ကြဲသွားကြပြီး သူတို့သိုလှောင်အိတ်များအတွင်းသို့ တဟုန်ထိုး ပျံသန်းဝင်ရောက်သွားကြတော့၏။

ထိုကျင့်ကြံသူသုံးဦးမှာ ဟန်လိကို မြင်တွေ့ခဲ့ကြရပြီး ဖြစ်သော်လည်း ပိုးဖလံများ၏ တိုက်ခိုက်မှုကြောင့် ဟန်လိနှင့် ထိုနှစ်ဦးကြားမှ စကားပြောသံများကိုမူ ရှင်းလင်းစွာ မကြားခဲ့ရချေ။ သို့သော်လည်း ယခုအခါ မထင်မှတ်ဘဲ ထိုပိုးဖလံများ၏ ဘေးဒုက္ခမှ လွတ်မြောက်သွားခဲ့ကြပြီ ဖြစ်သဖြင့် ဤသည်မှာ ဟန်လိကြောင့် ဖြစ်ရမည်မှန်း သူတို့ သဘောပေါက်လိုက်ကြသည်။ သူတို့သည် ဝမ်းမြောက်ဝမ်းသာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဟန်လိရှိရာဘက်သို့ အလျင်အမြန် ပျံသန်းလာခဲ့ကြတော့၏။

ထိုအခိုက်အတန့်တွင် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း ကျင့်ကြံသူ နှစ်ဦးမှာ ဆက်လက်နေထိုင်ရန် ဆန္ဒမရှိကြတော့ချေ။ သူတို့ထဲမှ တစ်ဦးက သတိထားလျက် မေးလိုက်သည်။

“စီနီယာအနေနဲ့ ကျုပ်တို့ကို အခြားခိုင်းစရာ အမိန့်များ ရှိသေးလား ခင်ဗျာ... ကျုပ်တို့ တတ်နိုင်သရွေ့ အစွမ်းကုန် လိုက်နာပါ့မယ်”

ဟန်လိသည် သူတို့၏ အကြံအစည်ကို ခန့်မှန်းမိသဖြင့် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး ဆို၏။ “တခြား ဘာမှ မရှိတော့ဘူး... မင်းတို့ နှစ်ယောက် ထွက်သွားနိုင်ပြီ”

“ဒါဆိုရင်တော့ ဒီဂျူနီယာတွေက စီနီယာကို နှုတ်ဆက်ခဲ့ပါတယ်ဗျ”

သူတို့နှစ်ဦးမှာ ဟန်လိ၏ စကားကို ကြားရသည့်အခါ အလျင်အမြန် အရိုအသေပေးလိုက်ကြပြီး မိုးပြာရောင်အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲကာ ချက်ခြင်း ထွက်ပြေးသွားကြတော့သည်။

ထိုအချိန်တွင် အခြားကျင့်ကြံသူ သုံးဦးမှာ ပျံသန်းရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း ကျင့်ကြံသူများ ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ ထိုသုံးဦးမှာ အံ့ဩမှင်သက်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။ သူတို့၏ ခေါင်းဆောင်ဖြစ်သူ အသက်လေးဆယ်ဝန်းကျင်ခန့်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် ပညာရှိအမျိုးသားမှာ ရှေ့သို့ လှမ်းထွက်လိုက်ပြီး ဟန်လိကို အရိုအသေပေးလိုက်သည်။ သူသည် ရိုသေသမှုရှိသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။

“စီနီယာရဲ့ ကယ်တင်ပေးမှုအတွက် ကျေးဇူးအထူး တင်ပါတယ်…ခင်ဗျ။ စီနီယာရဲ့ ကြင်နာမှုကို ဘယ်လို ပြန်ပေးဆပ်ရမလဲတောင် မသိတော့ပါဘူး။ စီနီယာ့ရဲ့ ကြီးမြတ်လှတဲ့ အမည်နာမကို သိခွင့်ရမလား”

ထိုပညာရှိအမျိုးသားသည် ဟန်လိ၏ရုပ်သွင်မှာ အလွန်တရာ ငယ်ရွယ်လွန်းနေသည်ကို မြင်တွေ့ရသဖြင့် အံ့ဩနေမိသော်လည်း တစ်နေရာရာ၌ ရင်းနှီးနေသလို ခံစားနေရသည်။

ဟန်လိက သူ၏ မေးခွန်းကို ပြန်လည်ဖြေကြားခြင်းမပြုဘဲ ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် မေးလိုက်၏။

“မင်းတို့က အဝါရောင်မေပယ်တောင်ကြားက ကျင့်ကြံသူတွေလား”

“ဂျူနီယာကတော့ အဝါရောင်မေပယ်တောင်ကြားက ချန်ချောင်ထျန်ပါ။ သူတို့တွေကတော့ ကျနော့်ရဲ့ သွေးသောက်ညီအစ်ကိုမောင်နှမတွေ ဖြစ်ကြပြီး ဓားဆိပ်ကမ်းက တပည့်တွေပါ။ စီနီယာဟာ ကျုပ်တို့ဂိုဏ်းရဲ့ ဘိုးဘေးလင်းဟူနဲ့ အသိအကျွမ်းတွေလား”

ဟန်လိသည် ယွဲ့ဒေသ၏ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှ မဟုတ်ပါဘဲ သူတို့ကို ကူညီပေးခဲ့သည်ကို မြင်တွေ့ရသည့်အခါ ဤစဦးစိတ်ဝိညာဉ်အဆင့် စီနီယာကြီးသည် သူတို့၏ ဘိုးဘေးလင်းဟူနှင့် ဆက်ဆံရေးတစ်ခုခု ရှိနေလိမ့်မည်ဟု သူ ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

“ချန်ချောင်ထျန်ဟုတ်လား... မင်းက ချန်မျိုးနွယ်စုကလား”

ဟန်လိ၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်သွားတော့၏။

ထိုပညာရှိအမျိုးသားမှာ မှင်သက်သွားသော မျက်နှာထားဖြင့် မေးလိုက်၏။

“စီနီယာက ကျနော်တို့ မျိုးနွယ်စုအကြောင်းကို သိနေတာလား ခင်ဗျာ”

ဟန်လိသည် တိတ်ဆိတ်သွားပြီး ထိုပညာရှိအမျိုးသား၏ ရုပ်သွင်ကို သေချာစွာ စိုက်ကြည့်နေမိရာ ထိုအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦးမှာ စိုးရိမ်ထိတ်လန့်လာကြတော့သည်။

ဟန်လိက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ဖြည်းညင်းစွာ ဆိုလိုက်၏။

“ချန်မျိုးနွယ်စုဆိုတာ အဝါရောင်မေပယ်တောင်ကြားရဲ့ မဟာမျိုးနွယ်စုကြီး သုံးစုထဲက တစ်ခုပဲလေ... ကျုပ် ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။ မင်းနဲ့ ချန်ချောင်ချန် ကြားမှာ ဘာဆက်စပ်မှု ရှိလဲ”

“စီနီယာက ကျနော့်ရဲ့ ညီမလေးကို သိနေတာလား”

ထိုပညာရှိအမျိုးသားက ထိတ်လန့်တကြား မေးလိုက်မိ၏။

“ချန်ချောင်ချန်က မင်းရဲ့ ညီမလေး ဟုတ်လား...”

ဟန်လိသည် ဤသည်မှာ အမှန်တကယ် ဖြစ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း သူ၏ မျက်ဝန်းများအတွင်း၌ အံ့ဩမှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်သွားဆဲပင်။ ထိုပညာရှိအမျိုးသားအတွက်မူ ဤမျှအစွမ်းထက်လှသော ကျွမ်းကျင်သူကြီးတစ်ဦးသည် သူ၏ ညီမလေးနှင့် မည်သို့သော ဆက်ဆံရေးမျိုး ရှိနေသလဲဆိုတာကို လုံးဝ စဉ်းစားမရ ဖြစ်နေတော့သည်။

ဟန်လိ၏ မျက်နှာအမူအရာမှာ ခဏမျှ မတည်မငြိမ် ဖြစ်သွားပြီးနောက် ဖြည်းညင်းစွာ မေးလိုက်၏။ “သူမ... အခုလက်ရှိ နေကောင်းရဲ့လား”

ချန်ချောင်ထျန်သည် ထူးဆန်းသော မျက်နှာပေးဖြင့် ပြန်လည်ဖြေကြားလိုက်၏။

“ကျနော့်ရဲ့ ညီမလေးကတော့ အမြုတေမဖွဲ့စည်းနိုင်ခဲ့ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက ရောဂါဝေဒနာတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပါပြီ ခင်ဗျာ”

“သူမ သေဆုံးသွားခဲ့ပြီ ဟုတ်လား...”

ဟန်လိသည် ဤစကားကို ကြားရရုံမျှဖြင့် သူ့ဘာသာတီးတိုး ရေရွတ်လိုက်မိပြီး သူ၏ စိတ်ထဲတွင် သူမ၏ လှပနူးညံ့လှသော ရုပ်သွင်လေးမှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ သူသည် အတိတ်တုန်းက တောင်တန်းများဆီသို့ ခရီးနှင်စဥ်က သူမနှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးသည်ကို ရုတ်တရက် ပြန်လည် သတိရမိသွားကာ ထိုစဥ်က ချန်ချောင်ချန်သည် သူမ၏ ရင်ထဲက ခံစားချက်များကို သူ့ထံသို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည် မဟုတ်လား။ ထိုစဉ်တုန်းက ဟန်လိသည် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေသည့်အလား နေရာမှာတင် ငြိမ်သက်စွာ ရပ်နေမိသည့်အဖြစ်မျိုး ရှိခဲ့ဖူးပါသည်။

ဟန်လိသည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် တိတ်ဆိတ်နေသည်ကို မြင်တွေ့ရသည့်အခါ ချန်ချောင်ထျန်က မမေးမိဘဲ မနေနိုင်တော့ချေ။

“စီနီယာက ကျနော့်ရဲ့ ညီမလေးနဲ့ သိကျွမ်းခဲ့ဖူးတာလား”

ဟန်လိသည် သူ၏ နှလုံးသားထဲက ဝမ်းနည်းကြေကွဲမှုများကို အတင်းအကြပ် ဖိနှိပ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြန်လည် ပြောဆိုလိုက်၏။

“ဒါပေါ့... ကျုပ် သူမနဲ့ သိကျွမ်းခဲ့တာပေါ့။ ကျုပ် မင်းရဲ့ ညီမလေးကို နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းက သူမက အိမ်ထောင်ပြုတော့မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကိစ္စက မိစ္ဆာတာအိုတွေ မကျူးကျော်ခင်အချိန်တုန်းကလေ... အဲ့ဒီ အိမ်ထောင်ရေးကိစ္စက တကယ်ပဲ အထမြောက်သွားခဲ့လား၊ အထမမြောက်ခဲ့လား ဆိုတာကိုတော့ ကျုပ်လည်း မသိဘူး”

(ဘာသာပြန်သူမှတ်ချက်။ ။ ချန်ချောင်ချန်နဲ့ဟန်လိတို့ ဘယ်လိုအနေအထားလောက်ထိ ပတ်သက်မိသလို ဖြစ်သွားလဲဆိုတာ သိချင်ရင် အပိုင်း(၁၇၀) မှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်…ရောင်းရင်းတို့…)

All Chapters