အခန်း ၈၀၂
Vol. 58 Ch. 802
အပိုင်း ၈၀၂ - အမြုတေဖွဲ့စည်းခြင်းအဆင့် ရုပ်သေးများ
ချန်ချောင်ထျန်က ချင့်ချင့်ချိန်ချိန်ဖြင့် ပြောလာသည်။
“ကျနော့်ရဲ့ ညီမလေးက အဲ့နှစ်တုန်းက အိမ်ထောင်ပြုဖို့ ပြင်ဆင်ခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ သူမ လက်ထပ်ရမယ့် မိသားစုက မိစ္ဆာတာအိုဘက်ကို ကူးပြောင်းသွားခဲ့တယ်လေ။ ဒါကြောင့် ကျနော်တို့ဘက်က ချောင်ချန်ကို အဲ့မိသားစုထဲ လက်ထပ်ခွင့် မပြုနိုင်တော့တာပေါ့။ အဲ့ဒီနောက်ပိုင်းမှာတော့ ညီမလေးဟာ စကားနည်း၊ အနေစိမ့်၊ ယောက်ျားတွေကို စိတ်ကုန်သလောက် ဖြစ်သွားပြီး သူမရဲ့ လက်ကျန်ဘဝတစ်ခုလုံးကို တစ်ကိုယ်တည်းပဲ ဖြတ်သန်းသွားခဲ့တာပါ”
ထိုစကားကို ကြားသည့်အခါ ဟန်လိ၏မျက်နှာအမူအရာမှာ မသိမသာ ပြောင်းလဲသွားသည်။ ထိုသို့ပြောင်းလဲသွားတာ သူ့ကိုယ်သူပင် မသိလိုက်ပေ။
“သူမက အိမ်ထောင်မပြုခဲ့ဘူးပေါ့လေ...”
ဟန်လိ၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး သူက စကားတစ်လုံးမျှ မဆိုဘဲ ကောင်းကင်ယံသို့ ခေတ္တမျှ ငေးမောကြည့်ရှုနေမိ၏။
အချိန်အတော်ကြာပြီးနောက်မှ ဟန်လိသည် ခေါင်းကို ပြန်ငုံ့လိုက်ပြီး ပြောလာ၏။
“မင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ ကျုပ် ဘယ်သူဘယ်ဝါမှန်း ကောင်းကောင်း သိနေတဲ့ပုံပဲ... ဒါ့ကြောင့် ကျုပ် ကိုယ့်အကြောင်းကိုယ် ထပ်ပြီး ရှင်းပြမနေတော့ပါဘူး။ အခုချိန်မှာ လမ်းမှန်တာအိုရော မိစ္ဆာတာအိုပါ ဒီနေရာမှာ စုဝေးရောက်ရှိနေကြပြီ။ မင်းတို့တွေက နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ရောက်ဖို့ ကြံစည်ထားကြတာဆိုတော့ ကိုယ့်ဘာသာကိုယ်ပဲ သေချာ ဂရုစိုက်ကြပေတော့”
ဟန်လိသည် ဤစကားကို ပြောဆိုပြီးသည်နှင့် ထိုသုံးဦးကို ဆက်လက်အာရုံမစိုက်တော့ဘဲ မိုးပြာရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံသန်းထွက်ခွာသွားတော့သည်။
ထိုအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသုံးဦးမှာ ဟန်လိ၏ပုံရိပ် မျက်စိရှေ့မှ လျင်မြန်စွာ ကွယ်ပျောက်သွားသည်အထိ တရိုတသေဖြင့် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။
ခဏအကြာတွင် အမျိုးသမီးကျင့်ကြံသူက မမေးမိဘဲ မနေနိုင်တော့ချေ။
“အစ်ကိုကြီး... အဲ့စီနီယာက ကျမတို့ကို ဘာကြောင့်များ ကူညီပေးခဲ့တာလဲ။ သူက အစ်ကိုကြီးတို့ ချန်မျိုးနွယ်စုနဲ့ ဆက်ဆံရေးတစ်ခုခု ရှိနေလို့လား”
ဟန်လိ ပျောက်ကွယ်သွားသော လားရာဘက်သို့ လှမ်းကြည့်ရင်း ချန်ချောင်ထျန်က စဉ်းစားမရဟန်ဖြင့် ပြောလာ၏။
“ဆက်ဆံရေး ဟုတ်လား...ကျုပ်တို့ ချန်မျိုးနွယ်စုက အဲ့စီနီယာနဲ့ ဆက်ဆံရေးရှိဖို့ရာအထိ အဆင့်အတန်း မမြင့်မားလှပါဘူး။ ကျုပ် ခန့်မှန်းတာသာ မမှားဘူးဆိုရင် ညီမလည်း သူ့ အမည်နာမကို ကြားဖူးပါလိမ့်မယ်။ အတိတ်တုန်းက သူဟာ ကျုပ်တို့ အဝါရောင်မေပယ်တောင်ကြားရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ သူဟာ မောက်လန်မျိုးနွယ်စုရဲ့ နတ်ဘုရားပညာရှိတစ်ယောက်ရဲ့ လက်ထဲကနေ အထိအခိုက်မရှိ လွတ်မြောက်လာနိုင်ခဲ့တာလေ။ နယ်စပ်စစ်မြေပြင် တိုက်ပွဲတုန်းကလည်း မောက်လန်တွေရဲ့ အထွတ်အမြတ်နတ်ငှက်ကို အနိုင်ယူခဲ့သလို ကျင်းအင်ပါယာရဲ့ ယင်စစ်ထုတ်ခြင်းဂိုဏ်းက အကြီးအကဲကိုပါ သုတ်သင်ခဲ့တာ။ ညီမအနေနဲ့ သူ့နာမည်ကို ကြားဖူးမှာ သေချာပါတယ်။ ဒါပေမဲ့လို့ သူ ပြောခဲ့တဲ့ စကားအသွားအလာအရဆိုရင် ကျုပ်ရဲ့ ကွယ်လွန်သွားတဲ့ ညီမလေးနဲ့ အတော်လေး ရင်းနှီးခဲ့တဲ့ ပုံပဲ... တကယ့်ကို ပဟေဠိဖြစ်စရာပါပဲ”
ထိုစကားကို ကြားသည့်အခါ အမျိုးသမီးဖြစ်သူမှာ တုန်လှုပ်အံ့အားသင့်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။
“ဘယ်လို…သူက လတ်တလော ဟိုးလေးတကြော် ဖြစ်နေတဲ့ အဲ့ပုဂ္ဂိုလ်လား။ ကြားနေရတဲ့ သတင်းစကားတွေအတိုင်း သူက ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတာပါလား။ ကျမတို့ရဲ့ စီနီယာတွေ ပြောပြချက်အရဆိုရင် သူဟာ အတိတ်တုန်းက ကျမတို့ ယွဲ့ဒေသ၊ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးတယ်တဲ့။ အခုလက်ရှိ သူ့စွမ်းရည်တွေက ဒီလောက်အထိ အားကောင်းနေတဲ့အချက်ဟာ တွေးကြည့်ဖို့တောင် ခက်ခဲလှပါတယ်”
ချန်ချောင်ထျန်က သက်ပြင်းချလိုက်ပြီး ပြော၏။
“ဒါပေါ့... မှန်တာပေါ့။ သူ အဝါရောင်မေပယ်တောင်ကြားမှာ ရှိတဲ့အချိန်တုန်းက ကျုပ်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ခါစပေါ့။ နောက်ပိုင်းမှာ သူဟာ ကျုပ်ရယ်၊ ကျုပ်ညီမရယ်နဲ့အတူ သွေးနဲ့မီးစမ်းသပ်ကွင်းထဲကို ဝင်ရောက်ခဲ့ဖူးတယ်။ အဲ့အချိန်ကစလို့ အခြေအနေတွေဟာ စိတ်ကူးလို့ မရနိုင်အောင် ပြောင်းလဲခဲ့ပြီး ခုဆို သူဟာ ကောင်းကင်တောင်ပိုင်းဒေသက မဟာကျင့်ကြံသူသုံးဦးနဲ့ ပုခုံးချင်း ယှဉ်နိုင်နေပြီပေါ့”
ခုထိ စကားဝင်မပြောသေးသော အပြာရောင်အင်္ကျီနှင့်လူက ဝင်မေးလာသည်။
“ကျုပ် ကြားဖူးတာတော့ ဂိုဏ်းဘိုးဘေးလင်းဟူက သူ့ကို ဂိုဏ်းဆီ ပြန်လာခဲ့ဖို့ ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုခဲ့ဖူးပြီး သူက လက်မခံခဲ့ဘူးဆို…ဒါ အမှန်ပဲလား”
ခဏ စဉ်းစားသွားပြီး ချန်ချောင်ထျန်က ဝေဝေဝါးဝါး ပြန်ဖြေလိုက်သည်။
“အဲ့ကိစ္စကိုတော့ ကျုပ်လည်း သေချာ မသိဘူး။ ဖြစ်နိုင်ခြေ ရှိတယ်လို့တော့ ထင်တယ်”
သူတို့သည် သွေးသစ္စာ ကျိန်ဆိုထားကြသည့် ရောင်းရင်းများဖြစ်ကြသော်လည်း ချန်ချောင်ထျန်အနေဖြင့် သည်ကိစ္စကို ဆက်ပြောချင်စိတ် ရှိမနေပေ။ သူ့ရောင်းရင်းများကလည်း အလိုက်သိကြသူများပင်။ သူတို့က သည်ကိစ္စအကြောင်း ဆက်မမေးကြတော့။
အပြာရောင်ဝတ်စုံနှင့်လူက စကားလမ်းကြောင်းလွှဲ၍ တခြားအကြောင်း ပြောလိုက်သည်။
“ကျုပ်တို့ ဒီတစ်ကြိမ် အတော်လေး ကံကောင်းသွားတာလို့ ပြောနိုင်တယ်။ အစ်ကိုကြီးက ရွှေစာလိပ်၊ ငွေစုတ်တံ မှော်လက်နက်တွေကို မကြာသေးခင်က သန့်စင်နိုင်ခဲ့လို့။ မဟုတ်ရင် ပိုးဖလံတွေရဲ့ အဆိပ်မှုန့်တွေကို ကျုပ်တို့ ခုခံနိုင်ခဲ့မှာ မဟုတ်ဘူး။ ဒါတောင် ကျုပ်တို့ဘက်က အရေးနိမ့်နေတယ်ဆိုပေမဲ့ စီနီယာဟန်က ကြားဝင်လာပေးခဲ့လို့ပေါ့။ ဒါကြောင့် ကျုပ်တို့ အန္တရာယ်ကင်းသွားခဲ့တာ။ အစ်ကိုကြီးသာ ရွှေစာလိပ်ကို အပြည့်အဝ သန့်စင်ပြီးပြီဆို ကျုပ်တို့ ဟိုယွမ်ညီအစ်ကိုဆိုတဲ့ကောင်တွေကို လုံးဝ ကြောက်စရာ မလိုတော့ဘူး။”
အမျိုးသမီးကျင့်ကြံသူကလည်း စိတ်အားထက်သန်စွာဖြင့် ဝင်ပြောလာ၏။
“ဒါအမှန်ပဲ... အတိတ်တုန်းက ချန်မျိုးနွယ်စုမှာ အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းလာခဲ့တဲ့ ရွှေစာလိပ်နဲ့ ငွေရောင်စုတ်တံ မှော်ပစ္စည်းတွေ ရှိတယ်လို့ ကျမ ကြားဖူးခဲ့တယ်။ ဒါပေမဲ့ အဲ့အရာတွေကို မှော်ရတနာတစ်ခုအဖြစ် သန့်စင်နိုင်မယ့် နည်းလမ်း ရှိနေလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး။ အရင်တုန်းက အစ်ကိုကြီးက ဓားပျံကိုပဲ အသုံးပြုခဲ့တာ မဟုတ်ဘူးလား”
ချန်ချောင်ထျန်က ကျေနပ်ပျော်ရွှင်စွာဖြင့် ရှင်းပြလိုက်၏။
“ကျုပ်တို့ ချန်မျိုးနွယ်စု တပည့်တွေ အသုံးပြုကြတဲ့ ရွှေစာလိပ်နဲ့ ငွေရောင်စုတ်တံတွေဆိုတာ စစ်မှန်တဲ့ မှော်ရတနာရဲ့ အတုအယောင် ပုံတူပစ္စည်းတွေ သက်သက်ပါပဲ။ အစတည်းက အဲ့မှော်ရတနာတွေကို အစစ်အမှန်ဖြစ်အောင် သန့်စင်ချင်ခဲ့ပေမဲ့ ကုန်ကြမ်းအမယ် မစုံတော့ ဓားပျံတစ်လက်ကိုပဲ သန့်စင်နိုင်ခဲ့တာ။ ဒါပေမဲ့ ကံကောင်းထောက်မပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဒီမှော်ရတနတွေကို သန့်စင်ဖို့ လုံလောက်တဲ့ ကုန်ကြမ်းအမယ်တွေ စုဆောင်းနိုင်ခဲ့တယ်။ ကျုပ်…ဒီမှော်လက်နက်တွေကို နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါးထဲကျမှ အသုံးပြုရလိမ့်မယ်လို့ ထင်ထားခဲ့တာ။”
ထိုသို့ပြောနေရင်းနှင့် သူသည် စကားစရပ်သွား၏။ ပြီးမှ စကားလမ်းကြောင်းလွှဲကာ ဆက်ပြောလာ၏။
“ကဲပါ... တော်လောက်ပါပြီ။ ဘာပဲပြောပြော စီနီယာဟန် သတိပေးသွားခဲ့သလို ကျုပ်တို့ သတိထားတာက အကောင်းဆုံးပါပဲ။ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ရောက်ဝံ့တဲ့ ကျင့်ကြံသူတွေဆိုတာ သာမန်လူတွေ မဟုတ်ကြဘူး။ ကျုပ်တို့ ယွဲ့ဒေသဂိုဏ်းကြီးခြောက်ဂိုဏ်းက တခြား တပည့်တွေနဲ့အတူ လက်တွဲ လိုက်ပါသွားတာကသာ ပိုပြီး ဘေးကင်းလိမ့်မယ်”
ကျန်နှစ်ဦးကလည်း ခေါင်းညိတ်ပြကြ၏။
“အစ်ကိုကြီးရဲ့ စကားက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်”
“ကောင်းပါပြီ... ဒါဆိုရင်တော့ ကျနော်တို့ အစ်ကိုကြီး အကြံပြုတဲ့အတိုင်းပဲ လုပ်ဆောင်ကြတာပေါ့”
ထိုကျင့်ကြံသူ သုံးဦးမှာ ရှေ့ဆက်ရမည့် ကိစ္စရပ်များကို နောက်မှ ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြပြီးနောက် ဤနေရာမှ ပျံသန်း ထွက်ခွာသွားကြတော့သည်။ အတော်လှမ်းလှမ်းသို့ ရောက်လာသည့်အချိန်ထိ ဟန်လိသည် စိတ်ထဲနေလို့ မကောင်းသေးပေ။ သူသည် ချန်ချောင်ချန်အပေါ် ခံစားလိုက်ရသည့် ဝမ်းနည်းကြေကွဲမှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် မြှုပ်နှံလိုက်ကာ ရှေ့ဆက်ရမည့် ခရီးလမ်းဆီသို့သာ အာရုံစိုက် လျှောက်လှမ်းလာခဲ့တော့၏။
လေးနာရီခန့် အချိန်ကြာမြင့်ပြီးနောက်တွင် သူသည် အသင်္ချေတောင်တန်းကို လှမ်းမြင်လိုက်ရသလို ၎င်း၏ ပတ်ပတ်လည်တွင် ရစ်ခွေနေသော ပါးလျလျ မြူထုကြီးကိုပါ တွေ့ရှိလိုက်ရသည်။ စိမ်းလန်းစိုပြေလှသော သစ်တောအုပ်ကြီးများနှင့် မြင့်မားလှသော တောင်ထွတ်ကြီးများကိုပါ ဝိုးတဝါး မြင်တွေ့ရနိုင်သည်။
တောင်တန်း၏ အစွန်းအဖျားဒေသများမှာ အလွန်တရာ ကြီးမားလှသည်ဟု မဆိုသာသော်လည်း ကျယ်ပြောလှသည်။ မျက်စိတစ်ဆုံး လှမ်းကြည့်လိုက်မည် ဆိုပါက ထိုတောင်တန်းကြီးမှာ ဘေးတစ်ဖက်တစ်ချက်စီသို့ အနက်ရောင် မျဉ်းကြောင်းကြီးတစ်ခုအလား အဆုံးမရှိ သွယ်တန်းနေသည်ကို တွေ့မြင်ရပေလိမ့်မည်။
ဟန်လိသည် အနီးဝန်းကျင်သို့ ရောက်ရှိလာခဲ့သည့် အချိန်တွင် သူ၏ ပျံသန်းနှုန်းကို လျှော့ချလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ခတ်ကြည့်ရှုလိုက်၏။ ပတ်ပတ်လည်တစ်ခုလုံးမှာ ငြိမ်သက်တိတ်ဆိတ်နေပြီး အခြားကျင့်ကြံသူများ၏ ခြေရာလက်ရာကို လုံးဝ မတွေ့ရချေ။ သူသည် မထူးခြားနားသော မျက်နှာထားဖြင့် ရှေ့သို့ အနည်းငယ် ဆက်လက် ပျံသန်းလာခဲ့ပြီးနောက် ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သည်။ ရုတ်တရက် သူ၏ ကြီးမားလှသော စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်ပြီး သူ၏ ပတ်ပတ်လည် ကီလိုမီတာ ငါးဆယ် ဧရိယာအတွင်းသို့ မြန်ဆန်စွာ ဖြန့်ကြက်လိုက်သည်။
ခဏအကြာတွင် သူက မျက်မှောင်ကြုတ်လိုက်မိပြီး မျက်လုံးပြန်ပွင့်လာခဲ့၏။ ထို့နောက် မထူးခြားနားသော အမူအရာဖြင့်ပင် အရပ်မျက်နှာတစ်ခုရွေးကာ ကောင်းကင်ယံကို ဖြတ်သန်း၍ တဟုန်ထိုး ပျံသန်းသွားတော့သည်။
ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက်တွင် သူသည် တောင်ငယ်လေးတစ်လုံး ဆီသို့ ရောက်ရှိလာခဲ့၏။ ထိုနေရာ၌ ကျင့်ကြံသူလူအိုကြီးနှင့် လူငယ်တစ်ယောက်တို့သည် မျက်နှာချင်းဆိုင် တင်ပလ္လင်ခွေ ထိုင်နေကြလျက် စကားစမြည် ပြောဆိုနေကြသည်။ ဤအခိုက်အတန့်တွင် သူတို့၏ ဦးခေါင်းထက်၌ မိုးပြာရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး ဟန်လိသည် လေထဲ၌ ပေါ်လာသည်။
သူတို့နှစ်ဦးမှာ ဟန်လိ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြပြီး အလောတကြီး ထရပ်လိုက်ကြရ၏။ ထိုကျင့်ကြံသူအိုကြီးက တည်ငြိမ်မှုကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်သော်လည်း လူငယ်လေး၏ မျက်နှာထက်တွင်မူ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။
ဟန်လိက သူ၏အကြည့်ဖြင့် ထိုနှစ်ဦးကို ဝေ့ခတ်ကြည့်ရှုလိုက်ရာ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်မားလှမှန်း သိရှိလိုက်ရ၏။ ထိုကျင့်ကြံသူအိုကြီးမှာ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်၌ ရှိပြီး လူငယ်လေးမှာမူ ချီစုဆောင်းခြင်းအဆင့် ဆဋ္ဌမအဆင့်မျှသာ ရှိသေးသည်။ သူတို့၏ နိမ့်ကျလှသော ကျင့်ကြံမှုအဆင့်ဖြင့် ဤအသင်္ချေတောင်တန်း အနီးအနားမှာ ဘာလာလုပ်တာလဲဆိုတာကိုတော့ မသိရချေ။
ထိုအခိုက်အတန့်တွင် ကျင့်ကြံသူအိုကြီးသည် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ဟန်လိကို ခိုးကြောင်ခိုးဝှက် စူးစမ်းကြည့်လိုက်ရာ ဟန်လိ၏ ကျင့်ကြံမှုအစွမ်းမှာ သူ မခန့်မှန်းနိုင်သည့်နယ်ပယ်တစ်ခုသို့ ရောက်ရှိနေမှန်း သိလိုက်ရသည်။
သူ၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားရပြီး ဟန်လိကို အရိုအသေပေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ဟန်လိ၏ အေးစက်လှသော စကားသံမှာ လေထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ “ကြောက်နေစရာမလိုဘူး... ကျုပ်ကို ဒီနေရာနဲ့ အနီးဆုံးဈေးမြို့ကို သွားလဲ့လမ်းကြောင်းကိုပဲ ပြောပြပေးဖို့ လိုတယ်”
ဟန်လိ၏ စကားသံမှာ ငြင်းပယ်ရန်မဝံ့သော အရှိန်အဝါ အပြည့် ပါဝင်နေ၏။
ထိုကျင့်ကြံသူအိုကြီးသည် ဤစကားကို ကြားရသည့်အခါ တရိုတသေဖြင့် ခပ်သွက်သွက်ပင် ပြန်လည်ဖြေကြားလိုက်သည်။
“အနောက်ဘက်အတိုင်း ကီလိုမီတာ နှစ်ရာခန့် ဆက်သွားလိုက်ပါ ခင်ဗျာ... အဲ့နေရာမှာ အသစ်ဖွင့်လှစ်ထားတဲ့ ဈေးမြို့တစ်ခု ရှိနေတာမို့ စီနီယာအနေနဲ့ သွားရောက်ကြည့်ရှုနိုင်ပါတယ်”
“အနောက်ဘက် ကီလိုမီတာနှစ်ရာ ဟုတ်လား... ကျုပ် သိပြီ”
ထို့နောက် မိုးပြာရောင်အလင်းတန်းတစ်ခု လင်းလက်သွားခြင်းနှင့်အတူ ဟန်လိသည် မည်သည့်ခြေရာလက်ရာမျှ မချန်ဘဲ ထိုနေရာမှ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ကျင့်ကြံသူအိုကြီးသည် ထိုမိုးပြာရောင်အလင်းတန်း ပျောက်ကွယ်သွားသော လားရာဘက်သို့ မင်သက်စွာ ငေးမောနေမိဆဲမှာပင် ထိုအလင်းတန်းမှာ ကောင်းကင်ယံကို ဖြတ်သန်းကာ အလင်းစက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုအဘိုးအိုနှင့် လူငယ်လေးမှာမူ ဤမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားနှင့် ဖြစ်ကျန်ခဲ့လေ၏။
...
အနောက်ဘက်ကီလိုမီတာနှစ်ရာလောက်တွင် အကြမ်းထည် တည်ဆောက်ထားသော ဈေးမြို့တစ်မြို့ အမှန်တကယ် ရှိနေသည်။ မြို့အတွင်းထဲ၌ သွားလာလှုပ်ရှားနေကြသော ကျင့်ကြံသူ အရေအတွက်မှာ အလွန်တရာ နည်းပါး၏။
ဟန်လိသည် ဤအခြေအနေကို စိတ်ထဲမထားဘဲ ဆိုင်အချို့အတွင်းသို့ ဝင်ရောက်ကာ ရုပ်သေးသန့်စင်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို ဝယ်ယူလိုက်ပြီးနောက် တောင်တန်းကြီးရှိရာဘက်သို့ တိုက်ရိုက် ပျံသန်းထွက်ခွာလာခဲ့တော့သည်။
သူသည် တောင်တန်းအတွင်းသို့ ငါးကီလိုမီတာလောက်ထိ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည့် အချိန်တွင် ပတ်ဝန်းကျင်မှ မြူထုကြီးမှာ ရုတ်တရက် ပိုမိုသိပ်သည်းလာခဲ့သည်။ မကြာမီမှာပင် သူသည် သာမန်အတိုင်း ထင်မှတ်ရသော တောင်ငယ်လေးတစ်လုံး၏ ထိပ်သို့ ရောက်ရှိလာခဲ့တော့၏။
ဟန်လိအဖို့ ဤနေရာ၌ လှိုဏ်ဂူအသစ်တစ်ခုကို တည်ဆောက်ရန်မှာ မခက်ခဲလှသည့် ကိစ္စတစ်ခု ဖြစ်ပေသည်။ သူက ဓားပျံဆယ်စင်း အသုံးပြု၍ ကျောက်သားကို ထွင်းထုကာ လှိုဏ်ဂူတစ်ခုကို ဖန်တီးလိုက်သည်။ ထိုလှိုဏ်ဂူကို ကြည့်ကာ သူ ကျေနပ်သွားပြီး ရိုးစင်းသောမန္တာန်အစီအရင်နှစ်ခုကို နေရာချသည်။
သူသည် လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ငွေရောင်လကို ထွက်လာခိုင်းပြီး ကျင့်ကြံစေသည်။ ထို့နောက် သူသည် မိစ္ဆာအရှင်သခင်အလောင်းကောင်ကို ဘေးခန်းတစ်ခုအတွင်းရှိ မြေအောက်၌ မြှုပ်နှံထားလိုက်သည်။ ထိုသို့လုပ်စရာရှိတာ လုပ်ပြီးမှ ဟန်လိသည် သူ ဝယ်လာသော ရုပ်သေးကုန်ကြမ်းများကို သယ်ဆောင်ကာ လျှို့ဝှက်ခန်းတစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
သူသည် လျှို့ဝှက်အခန်း၏ အလယ်တွင် ထိုင်ချလိုက်ပြီးနောက် ဝိညာဉ်သွေဖယ်ခြင်းအရှင် ပေးခဲ့သော ကျောက်စိမ်းပြားကို ထုတ်ယူကာ ၎င်းအတွင်း၌ ပါဝင်သော အမြုတေဖွဲ့စည်းခြင်းအဆင့် ရုပ်သေးသန့်စင်ခြင်း နည်းလမ်းနှစ်မျိုးကို သေချာ ဖတ်ကြည့်သည်။ ဤရုပ်သေး နှစ်မျိုးစလုံးမှာ အတိတ်တုန်းက သူ သန့်စင်ဖန်တီးခဲ့ဖူးသော အခြေခံတည်ဆောက်ခြင်းအဆင့် မျောက်ဝံရုပ်သေးများနှင့် အရွယ်အစားချင်း တူညီကြသော်လည်း ၎င်းတို့တစ်ခုစီတွင် ကိုယ်ပိုင် အားသာချက်များနှင့် အားနည်းချက်များ အသီးသီး ရှိကြသည်။
ထိုရုပ်သေးများထဲမှ တစ်မျိုးမှာ ကြီးမားလှသော လိပ်ကြီးတစ်ကောင်၏ ပုံသဏ္ဌာန် ရှိပြီး ၎င်း၏ ပြင်ပခန္ဓာကိုယ်မှာ အလွန်တရာ ထူထဲ မာကျောလှသဖြင့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ပြင်းထန်လှသော တိုက်ခိုက်မှု သုံးချက်ထက်မကကိုပင် အသာလေး တောင့်ခံနိုင်စွမ်း ရှိလောက်သည်။ ထို့အပြင် ၎င်းသည် ပါးစပ်မှနေ၍ မိုးကြိုးမီးတောက်လုံးများကို ထွေးထုတ်ကာ တိုက်ခိုက်နိုင်စွမ်း ရှိပြီး ယင်းတိုက်ခိုက်မှုစွမ်းအားမှာ အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနှင့် တန်းတူရှိသည်။ သို့ပေမည့် ၎င်း၏ တစ်ခုတည်းသော အားနည်းချက်မှာ လှုပ်ရှားမှု လွန်စွာ နှေးကွေးပြီး လေးလံလွန်းခြင်းပင် ဖြစ်၏။ အကယ်၍ ကျင့်ကြံသူတစ်ဦးဦးသာ ၎င်းအား အနီးကပ် ချဉ်းကပ် တိုက်ခိုက်လာခဲ့မည် ဆိုလျှင်တော့ ၎င်းသည် ပစ်မှတ်သေ ဖြစ်သွားကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိမှာ မဟုတ်တော့ချေ။
အခြားရတနာရုပ်သေးဒီဇိုင်းတစ်ခုမှာမူ ကျားတစ်ကောင်၏ ပုံသဏ္ဌာန် ရှိပြီး လိပ်ရုပ်သေးနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။ ဤရုပ်သေးတွင် အဝေးတိုက်ခိုက်ခြင်းစွမ်းရည်မျိုး မရှိပေ။ ၎င်း၏စွမ်းရည်မှာ လျှပ်စီးကဲ့သို့ လျှင်မြန်စွာ တိုက်ခိုက်နိုင်ခြင်းပင်။ ၎င်းတွင် လက်မဝက်ခန့် ရှည်လျားသော ကျောက်စိမ်း လက်သည်းခွံများ ရှိကြပြီး ၎င်းလက်သည်းများမှာ သာမန်အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ကာကွယ်ရေးအတားအဆီးများကိုပင် အလွယ်တကူ စုတ်ဖြဲပစ်နိုင်စွမ်း ရှိပေသည်။ ၎င်းကို အနီးကပ်တိုက်ခိုက်မှုအတွက် သီးသန့်ဖန်တီးထားခြင်းပင်။
ဟန်လိသည် ထိုရုပ်သေးနှစ်မျိုးစလုံး၏ ဝိသေသလက္ခဏာများကို ဖတ်ကြည့်ပြီးနောက် ထိုနှစ်မျိုးစလုံးကို အရေအတွက် အနည်းငယ်လောက် ဖန်တီးမည်ဟု ဆုံးဖြတ်လိုက်၏။ သို့မှသာ သူသည် နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါးထဲတွင် မည်သည့်အခြေအနေနှင့်ပင် ကြုံကြုံ အခြေအနေ ပိုကောင်းနိုင်ပါလိမ့်မည်။
ဆုံးဖြတ်ချက်ချပြီးနောက်တွင်မူ ဟန်လိသည် သူ၏ စိတ်ဝိညာဉ်အာရုံကို ထိုကျောက်စိမ်းပြားအတွင်းသို့ အပြည့်အဝ နစ်မြုပ်စေလိုက်ပြီး ၎င်းရုပ်သေးသန့်စင်ခြင်း နည်းလမ်းများကို သူ၏ မှတ်ဉာဏ်ထဲ၌ စွဲထင်းနေအောင် မှတ်သားလိုက်တော့သည်။ ထို့နောက်တွင် ဟန်လိသည် ထိုလျှို့ဝှက်အခန်းအတွင်း၌ သုံးရက်တိုင်တိုင် အချိန်ကုန်လွန်စေခဲ့ပြီး တင်ပလ္လင်ခွေ ထိုင်နေလျက် လုံးဝ မလှုပ်မယှက်ဘဲ ရှိနေခဲ့၏။
သို့သော်လည်း စတုတ္ထမြောက်နေ့သို့ ရောက်ရှိလာခဲ့သည့် အချိန်တွင်မူ ဟန်လိ၏ မျက်နှာအမူအရာမှာ မသိမသာ လှုပ်ရှားသွားပြီး သူ၏ နှုတ်ခမ်းကို မသိမသာ စေ့လိုက်ကာ သူ၏ စိတ်ဝိညာဉ်အာရုံကို ကျောက်စိမ်းပြားအတွင်းမှ ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။ သူက ခေတ္တမျှ ထပ်မံ တွေးတောလိုက်ပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုကျောက်စိမ်းပြားမှာ အဖြူရောင်အလင်းတန်းတစ်ခုနှင့်အတူ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
သူသည် ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အဖြူရောင်အလင်း လင်းလက်သွားခြင်းနှင့်အတူ မရေမတွက်နိုင်သော ရုပ်သေးကုန်ကြမ်းပစ္စည်းများမှာ ကြမ်းပြင်ထက်သို့ ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။ ၎င်းတို့ထဲတွင် ရှားပါးလှသော သစ်သားကုန်ကြမ်းများ၊ သတ္တုအနှစ်သာရများ၊ အရောင်အသွေးစုံလင်လှသော ကျောက်မျက်ရတနာများနှင့် အရွယ်အစားမျိုးစုံရှိသည့် ကျောက်စိမ်းသေတ္တာများပါ အရံသင့် ပါရှိနေကြ၏။
ခဏအကြာတွင် ထိုပစ္စည်းများအားလုံးမှာ ဟန်လိ၏ ရှေ့တွင် အပုံကြီးတစ်ခုအလား စုစည်းသွားကြပြီးနောက် သူသည် သိုလှောင်အိတ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက်တွင် သူက ထိုပစ္စည်းပုံကြီးကို လှမ်းကြည့်၏။ သည်ကုန်ကြမ်းများထဲမှ သံနက်သစ်သားပေါ်သို့ အကြည့်ရောက်သွားချိန်၌ ဟန်လိသည် အသက်ပြင်းပြင်း ရှိုက်သွင်းကာ လက်ညွှန်၍ ၎င်းကို သူ့ထံ ဆင့်ခေါ်လိုက်သည်။