အခန်း ၈၀၃
Vol. 58 Ch. 803
အပိုင်း ၈၀၃ - ရှာဖွေခြင်း
ဟန်လိ၏ လျှို့ဝှက်အခန်းတံခါးမှာ လပေါင်းများစွာကြာအောင် ပွင့်ဟလာခြင်း မရှိခဲ့ပေ။ ဤအချိန်အတောအတွင်း ငွေရောင်လသည် ပြင်ပလောကတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို သေသေချာချာ မှတ်သားထားခဲ့ပြီး ဟန်လိအနေဖြင့် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ထဲသို့ ဝင်ရောက်မည့် အခွင့်အရေးကို လွဲချော်မသွားစေရန် စောင့်ကြည့်ပေးနေခဲ့သည်။
တစ်နေ့ပြီးတစ်နေ့ ကုန်လွန်လာရင်း တောင်တန်းတစ်ခွင်မှ မြူထုကြီးမှာ တဖြည်းဖြည်း ပါးလျလာခဲ့ပြီး အသင်္ချေတောင်တန်း အနီးဝန်းကျင်သို့ ရောက်ရှိလာကြသော ကျင့်ကြံသူ အရေအတွက်မှာလည်း ပိုမိုများပြားလာခဲ့သည်။ ထို့အပြင် ၎င်းတို့အနက် အများစုမှာ သစ်ရွက်ကြွေမြို့၏ တစ်နေရာရာတွင် စုဝေးနေကြခြင်း ဖြစ်၏။ အကြောင်းမှာ ထိုမြို့သည် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးနှင့် အနီးဆုံးမြို့ ဖြစ်နေသောကြောင့်ပင်။
နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြားကို ရရှိပိုင်ဆိုင်ထားကြသော လေလွင့်ကျင့်ကြံသူများကလည်း ဤနေရာသို့ ရောက်နေကြကာ လူစုံတက်စုံ ဖြစ်နေလေပြီ။ သူတို့ထဲမှ အများစုမှာ အနီးဝန်းကျင်၌ ယာယီလှိုဏ်ဂူများကို တည်ဆောက်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။
ဟန်လိသည် လှိုဏ်ဂူ၏ပြင်ပတွင် ချခင်းထားခဲ့သော မန္တာန်အစီအရင်အတားအဆီးမှာ ထိပ်တန်းအဆင့် အတားအဆီးတစ်ခု မဟုတ်ချေ။ သည့်အတွက်ကြောင့် အနီးအနားမှ ကျင့်ကြံသူအမြောက်အမြားက ဟန်လိ၏ လှိုဏ်ဂူ တည်ရှိနေခြင်းကို ရိပ်မိသွားခဲ့ကြပြီး အချို့ဆိုလျှင် သူ့ထံသို့ လာရောက်လည်ပတ်ရန်ပင် ဆန္ဒရှိနေကြသေးသည်။ သို့ပေမည့် သူ၏ လှိုဏ်ဂူပြင်ပအတားအဆီးများထံသို့ အသံလွှင့်အဆောင်လက်ဖွဲ့များ မည်မျှပင် ရောက်ရှိလာခဲ့ပါစေဦးတော့ ၎င်းတို့ထဲမှ တစ်ခုကိုမျှ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ချေ။
ကျင့်ကြံသူအချို့မှာ ထိုလှိုဏ်ဂူ၏သခင်သည် ဧည့်တွေ့ရန် ဆန္ဒမရှိသည့် အချက်အပေါ် မကျေမနပ် ဖြစ်သွားကြသော်လည်း ဤနေရာ၏ ပိုင်ရှင်မှာ မည်သူမှန်း သေချာစွာ မသိရှိကြသဖြင့် မည်သို့မျှ မတတ်နိုင်ကြချေ။ အကယ်လို့ သူတို့ မဆင်မခြင် ပြုမူမိပါက ကြောက်စရာကောင်းသည့် ရန်သူတစ်ဦး ရသွားလိမ့်မည် မဟုတ်လား။
ဟန်လိ၏ထိုသို့သော အပြုအမူသည် ဤနေရာနှင့် မအပ်စပ်နေပေ။ ဤနေရာသို့ လာရောက်ကြသော ကျင့်ကြံသူများမှာ မာနတစ်ခွဲသား ရှိကြသူများပင်။ သို့သော် ကောင်းကင်တောင်ပိုင်းဒေသ၏အန္တရာယ်အများဆုံးဖြစ်သော ဤနေရာတွင်မူ သူတို့အားလုံး သတိထားရန် လိုအပ်၏။ ထို့ကြောင့် သူတို့သည် လူငါးဦးခန့်ပါဝင်သော အဖွဲ့ငယ်လေးများ ဖွဲ့စည်းခြင်း သို့မဟုတ် သူတို့၏ မိတ်ဆွေကောင်းများနှင့် လက်တွဲ၍သာ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲသို့ ဝင်ရောက်ရန် ပြင်ဆင်ကြတော့သည်။
အခြားသူများနှင့် လက်တွဲခြင်းသည် ရတနာဝေစုကို ခွဲပေးရမည် ဖြစ်သော်လည်း အန္တရာယ်ကြုံလာခဲ့ပါက တစ်ကိုယ်တော်သမားများထက် အသက်ရှင်နိုင်ခြေ ပိုများနိုင်သည်။ ထိုအတွေးကြောင့် တစ်ကိုယ်တော်နေတတ်သော ကျင့်ကြံသူများပင် မိတ်ဆွေဖွဲ့ရန် အင်တိုက်အားတိုက် ကြိုးစားလာကြသည်။
ဤအချိန်အတောအတွင်း မြူထုကြီးမှာ လုံးဝ ပြန့်ကြဲပျောက်ကွယ်သွားတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ငွေရောင်လသည် ဟန်လိအား လျှို့ဝှက်အခန်းအတွင်းမှ ထွက်ခွာလာရန် လှမ်း၍ ခေါ်သင့်၊ မခေါ်သင့်ကို ချီတုံချတုံ စဉ်းစားနေမိ၏။ သို့သော် သူမ ဆုံးဖြတ်ချက် မချနိုင်သေးမီမှာပင် တံခါးမှာ ပွင့်ဟသွားခဲ့ပြီး ဟန်လိသည် တည်ငြိမ်သော အမူအရာဖြင့် ဖြည်းညင်းစွာ လှမ်းထွက်လာခဲ့ပြီ ဖြစ်သည်။
သူ တံခါးပိတ်ကျင့်ကြံနေခဲ့သည့် ဤလပေါင်းများစွာအတွင်း ဟန်လိသည် စုစုပေါင်း ရုပ်သေးရုပ် သုံးဆယ်ကျော်ကို အောင်မြင်စွာ သန့်စင်ဖန်တီးနိုင်ခဲ့ပြီး လိပ်ရုပ်သေးနှင့် ကျားရုပ်သေး အရေအတွက်မှာ ညီတူညီမျှ ပါရှိနေကြ၏။ ကံကောင်းထောက်မစွာဖြင့် ဟန်လိသည် အတိတ်တုန်းက ပြန့်ကျဲကြယ်ပင်လယ်ပြင်၌ ရှိနေခဲ့စဥ်က အဆင့်မြင့်နတ်ဆိုးသားရဲများ၏ ဝိညာဉ်အမြောက်အမြားကို အမိအရ စုဆောင်းနိုင်ခဲ့ခြင်းပင်။ မဟုတ်ပါက သူ၏ လက်ထဲတွင် တခြားကုန်ကြမ်းပစ္စည်းများ မည်မျှပင် ပေါများနေပါစေဦးတော့ ဤရှားပါးဝိညာဉ်များ မပါရှိဘဲနှင့် မည်သည့်ရုပ်သေးကိုမျှ သန့်စင်ဖန်တီးနိုင်စွမ်း ရှိမှာ မဟုတ်ချေ။
ဝိညာဉ်သွေဖယ်ခြင်းအရှင်သည် ဟန်လိက အဆင့်မြင့်နတ်ဆိုးသားရဲဝိညာဉ်များကို လွယ်လင့်တကူ ထုတ်ယူကာ ရုပ်သေးများကို နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်ဖန်တီးနေတာ မြင်ရသည့်အခါတွင် စိတ်မထိန်းနိုင်တော့ဘဲ ‘လူလွန်မသား’ ဟု ဆဲမိလေတော့၏။ သို့သော် သူသည် ထိုသို့ဆဲပြီးနောက် ပြန်နှုတ်ဆိတ်သွား၏။
ဟန်လိသည် အပြင်သို့ လှမ်းထွက်လာခဲ့သည့် အချိန်တွင် သူ၏ လက်ထဲ၌ ရုပ်သေးအချို့ကို ထပ်မံသန့်စင်ရန်အတွက် လုံလောက်သော ကုန်ကြမ်းပစ္စည်းများ ကျန်ရှိနေသေးသော်လည်း သူ့ထံတွင် အချိန်များစွာ မရှိတော့ကြောင်း တွက်ချက်ထားပေသည်။ ထို့အပြင် ရုပ်သေးအနည်းငယ် ပိုမိုများပြားလာခြင်းမှာလည်း လက်ရှိအခြေအနေအပေါ် ကြီးမားလှသော ကွာခြားချက်တစ်ခု ဖြစ်ပေါ်လာစေလိမ့်မည် မဟုတ်ချေ။
သူ ရုပ်သေးများ သန့်စင်နေစဥ် အချိန်အတွင်း ငွေရောင်လက ပြင်ပလောကမှ သတင်းအချက်အလက်များကို အဆက်မပြတ် တင်ပြပေးခဲ့ဖူးခြင်းကြောင့် သူက သူမကို တစ်ချက်သာ ခေါင်းညိတ်ပြလိုက်ပြီး အခြားအပိုစကားများ ဆက်မပြောတော့ချေ။
သူသည် မကြာမီမှာပင် မှောင်မိုက်သော ကျောက်ခန်းတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့ပြီး မိစ္ဆာအရှင်သခင်အလောင်းကောင်၏ အခြေအနေကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ရာ အရာရာတိုင်းမှာ အစီအစဉ်တကျ ရှိနေဆဲဖြစ်မှန်း တွေ့ရှိလိုက်ရသဖြင့် များစွာ ကျေနပ်သွားမိသည်။ သည့်နောက်တွင်မူ သူက ထိုအလောင်းကောင်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ငွေရောင်လကိုလည်း သူ၏ အင်္ကျီလက်အိုးအတွင်းသို့ ဝင်ရောက်စေခဲ့ကာ သူ၏ လှိုဏ်ဂူပြင်ပသို့ ဖြည်းညင်းစွာ လှမ်းထွက်လာခဲ့တော့၏။
ဟန်လိသည် ကောင်းကင်ယံသို့ ချက်ခြင်း ပျံသန်းတက်လိုက်ပြီး သူ၏ လှိုဏ်ဂူတည်ရှိရာ တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ပေသည်။ သူသည် ထိုနေရာ၌ တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်အာရုံကို ဖြည်းညင်းစွာ ဖြန့်ကြက်လိုက်ပြီး အနီးအနားဝန်းကျင်ရှိ ကျင့်ကြံသူများ၏ လှိုဏ်ဂူများဆီသို့ ဖြည်းညင်းစွာဖြင့် စူးစမ်းကြည့်ရှုလိုက်၏။ သူ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံ၏ စွမ်းအားကြောင့် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် အထူးတလည် အာရုံစိုက်၍ မစစ်ဆေးဘူးဆိုပါက ဟန်လိ၏ စူးစမ်းမှုကို ရိပ်မိနိုင်စွမ်း ရှိကြမှာ မဟုတ်ပေ။ ရလဒ်အနေဖြင့် ဟန်လိသည် သူ၏ ပတ်ပတ်လည် ကီလိုမီတာ ငါးဆယ် ဧရိယာအတွင်းရှိ အရာရာတိုင်းကို ရှင်းလင်းစွာ အာရုံခံသိမြင်နိုင်စွမ်း ရှိပေသည်။ သို့သော်လည်း အလွန်တရာ ပြင်းထန်လှသော အော်ရာများနှင့် အတားအဆီးများ ချခင်းထားသော နေရာအနည်းငယ်ကိုမူ သူလည်း ထိုးဖောက်မြင်နိုင်စွမ်း မရှိချေ။
သို့ပေမည့် ခဏအကြာတွင် ဟန်လိသည် မျက်လုံးပြန်ပွင့်လာခဲ့ပြီး မျက်မှောင်ကြုတ်လျက် ခေါင်းကို ယမ်းလိုက်မိ၏။ သူ ရှာဖွေလိုသော ပုဂ္ဂိုလ်၏ ခြေရာလက်ရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသောကြောင့်ပင်။ သူက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ အလင်းတန်းများကို လင်းလက်စေလျက် အနီးရှိ ဈေးမြို့ရှိရာဘက်သို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။ လက်ရှိအခြေအနေအရ ထိုဈေးမြို့အတွင်း၌ အကျိုးအမြတ် အမြောက်အမြား စုဆောင်းရရှိနေလောက်ပြီ မဟုတ်လား။
ဟန်လိ၏ လှိုဏ်ဂူနှင့် အနီးဆုံးတွင် ရှိသော ထိုဈေးမြို့ကို ဒုန်းယွီနိုင်ငံမှ ကျင့်ကြံသူမျိုးနွယ်စုကြီးတစ်ခုက တည်ဆောက်ဖွင့်လှစ်ထားခြင်း ဖြစ်ပေသည်။ ထိုမျိုးနွယ်စုသည် ဤကဲ့သို့သော စီးပွားရေးလုပ်ငန်းများကို နှစ်ပေါင်းများစွာကြာအောင် လုပ်ဆောင်ခဲ့ဖူးပြီးဖြစ်၏။ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ ရတနာရှာဖွေခြင်း သတင်းစကားများ ထွက်ပေါ်နေခဲ့သော်လည်း မထူးခြားနားသော အမူအရာဖြင့်ပင် သူတို့၏ ဈေးမြို့ကို တည်ငြိမ်စွာ ဖွင့်လှစ်ထားခဲ့ကြခြင်း ဖြစ်၏။
ရလဒ်အနေဖြင့် အဆင့်မြင့်ကျင့်ကြံသူ အမြောက်အမြား ရောက်ရှိလာမှုကြောင့် သူတို့၏ စီးပွားရေးမှာ အလွန်တရာ စည်ကားလို့နေတော့သည်။ သာမန်ကျင့်ကြံသူအချို့ပင်လျှင် ပါးလျလှသော မြူထုကြီး၏ အခြေအနေကို အခွင့်ကောင်းယူကာ သည်နယ်မြေအတွင်းမှ ပေါ်ထွက်လာသော ကုန်ကြမ်းအမယ်ပစ္စည်းများကို ရှာဖွေစုဆောင်းနေကြပြီး နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲသို့ ဝင်ရောက်ရန် ဆန္ဒမရှိကြသော်လည်း ဤနည်းလမ်းဖြင့် အကျိုးအမြတ် ကောင်းကောင်း ရရှိနေကြပေသည်။
ဈေးမြို့အတွင်းရှိ ရိုးစင်းလှသော ဆေးဝါးဆိုင်တစ်ဆိုင်အတွင်း၌ ဝတ်စုံဖြူဝတ်ဆင်ထားသော ကျင့်ကြံသူအတွဲတစ်တွဲသည် ဆေးဖက်ဝင်အပင်တစ်ပင်ထံသို့ လက်ညွှန်ပြနေကြလျက် ဆိုင်ရှင်နှင့် စကားစမြည် ပြောဆိုနေကြ၏။ ခဏအကြာတွင် သူတို့သုံးဦးမှာ သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ကြပြီး ထိုကျင့်ကြံသူအတွဲက စိတ်ဝိညာဉ်ကျောက်တုံးများ ထုတ်ယူကာ ပေးအပ်လိုက်သဖြင့် ဆိုင်ရှင်မှာ အတော်လေး ကျေနပ်သွား၏။
ထိုအခိုက်အတန့်တွင် လမ်းမထက်၌ ထိုကျင့်ကြံသူ နှစ်ဦးသာလျှင် လမ်းလျှောက်လာနေကြခြင်း ဖြစ်၏။ ပညာရှိဟန်ပန်ရှိသော လူငယ်လေးသည် သူ၏ဘေးမှ အမျိုးသမီးအား လှမ်း၍ ပြုံးပြလိုက်ပြီး ဆိုလိုက်သည်။
“ဂျူနီယာညီမယွမ်... ကျုပ်တို့ရဲ့ ကံတရားက တကယ်ပဲ မဆိုးလှဘူးပဲ။ ဒီဈေးမြို့အတွင်းမှာ ခဏလောက်အချိန်အတောအတွင်း ရွှေဝိညာဉ်သစ်ကိုင်း တစ်ခုကို အမိအရ ဝယ်ယူနိုင်ခဲ့တယ်... ညီမ ဒီဆေးပင်ကို ရှာဖွေနေခဲ့တာ အတော်လေး ကြာနေပြီ မဟုတ်လား။ အခုဆိုရင် ညီမအနေနဲ့ ချီသန့်စင်ခြင်းဆေးလုံးကို စတင်သန့်စင်ဖော်စပ်နိုင်ပြီပေါ့”
“ဒါက စီနီယာအစ်ကိုကြီးပိုင် ကျမကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ချေးငှားပေးခဲ့လို့သာပေါ့... မဟုတ်ရင် ကျမ ဒီလိုအခွင့်အရေးကို ကျိန်းသေပေါက် လွဲချော်သွားခဲ့ရမှာ” ထိုဝတ်စုံဖြူဝတ်ဆင်ထားသော အမျိုးသမီး၏ ရုပ်သွင်မှာ သာမန်အတိုင်းသာ ထင်မှတ်ရသော်လည်း သူမ၏ မျက်ဝန်းအစုံမှာမူ အလွန်တရာ တောက်ပလင်းလက်နေပြီး စွဲမက်ဖွယ်ကောင်းလှသော ဆွဲဆောင်မှု အရိပ်အယောင်တစ်ခုကိုပါ ထုတ်ဖော်ပြသနေပေသည်။
“ဂျူနီယာညီမရဲ့ အရေးကိစ္စဆိုတာ ကျုပ် ကိစ္စပါပဲ... ဒါ့ကြောင့် ဒီစိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်လောက်ကတော့ ဘာမှ ထည့်တွက်နေဖို့ မလိုအပ်ပါဘူး”
ထိုဝတ်စုံဖြူလူငယ်သည် ဤဝယ်ယူမှုကြောင့် သူ၏ နှလုံးသားထဲတွင် အနည်းငယ် နှမြောတသဖြစ်နေမိသော်လည်း သူ၏မျက်နှာထက်တွင်မူ သူ၏ဘေးမှ အမျိုးသမီးအပေါ် လုံးဝ မြတ်နိုးတွယ်တာလှသော အမူအရာကိုသာ ထုတ်ဖော်ပြသထားပေသည်။
ထိုဝတ်စုံဖြူအမျိုးသမီးက နှုတ်ခမ်းလေးကို စေ့လိုက်ကာ ပြုံးပြလိုက်ပြီး တစုံတခုကို ပြန်လည်ပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် လူတစ်ဦးသည် သူတို့၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ သူသည် တုံ့နှေးခြင်းမရှိဘဲ လက်ကို မြှောက်လိုက်ကာ သူတို့ရှိရာဘက်သို့ ဝါကျင့်ကျင့် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်တော့သည်။ ဝတ်စုံဖြူလူငယ်သည် ထိတ်လန့်တကြားဖြစ်သွားရပြီး သူ၏လက်မှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာစေလျက် ထိုဝါကျင့်ကျင့် အလင်းတန်းကို မသိစိတ်အရ အမိအရ ဖမ်းယူလိုက်မိရာ ၎င်းမှာ တောက်ပလင်းလက်နေသော ဝါကျင့်ကျင့် အမိန့်ပေးတံဆိပ်ပြားတစ်ခု ဖြစ်မှန်း ရှာဖွေတွေ့ရှိလိုက်ရ၏။
ထိုလူငယ်သည် ဤတံဆိပ်ပြားကို ချက်ခြင်း မှတ်မိသွားခဲ့ပြီး ခေါင်းကို အလောတကြီး မော့ကြည့်ကာ ဟန်လိကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်မိတော့သည်။
“အထွဍ်အထိပ်ကောင်းကင်အမိန့်စာချွန် ပါလား... ခင်ဗျားက စီနီယာဟန်လား”
ဤလူငယ်လေးမှာ အတိတ်တုန်းက မူပိုင်လင်း မှတစ်ဆင့် ဟန်လိ၏ အာရုံစိုက်မှုကို ရရှိလာစေရန် အစွမ်းကုန် ကြိုးစားခဲ့ဖူးသော အထွဍ်အထိပ်ကောင်းကင်ဂိုဏ်း တပည့် ပိုင်ရှူကျွင်းပင်။ ဟန်လိသည် ဤဈေးမြို့အတွင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် သူ့ကို ချက်ခြင်း ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ကျေနပ်သွားမိ၏။ အကြောင်းမှာ ထိုလူငယ်လေးမှတစ်ဆင့် ဟန်လိသည် သူ၏ဆရာဖြစ်သူ အထွဍ်အထိပ်ကောင်းကင်ဂိုဏ်း၏ လုဝေယင်ကို ကျိန်းသေပေါက် ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်လား။ သို့ပေမည့် ဟန်လိသည် ဤပုဂ္ဂိုလ်အပေါ်၌ ကောင်းမွန်သော ထင်မြင်ချက်မျိုး မရှိလှသဖြင့် သူ့ကို မထူးခြားနားသော အမူအရာဖြင့်ပင် ဆက်ဆံလိုက်ပေသည်။
သူသည် နည်းနည်းလေးမျှ ယဉ်ကျေးမနေတော့ဘဲ လွှမ်းမိုးနိုင်စွမ်းရှိသော လေသံဖြင့် ဆိုလိုက်၏။ “ကျုပ် မင်းရဲ့ ဆရာကို တွေ့ဖို့ လိုအပ်တယ်... ကျုပ်ကို သူ့ဆီ ခေါ်ဆောင်သွားပေးစမ်းပါ၊ တာအိုရောင်းရင်းပိုင်”
“စီနီယာဟန်... ခင်ဗျား ကျနော့်ရဲ့ ဆရာကို တွေ့ချင်တယ် ဟုတ်လား... ကျနော်...” သူသည် လက်ထဲက တံဆိပ်ပြားကို သေသေချာချာ စစ်ဆေးကြည့်ရှုပြီးနောက် တရိုတသေဖြင့် ပြန်လည်ဖြေကြားလိုက်ပေသည်။ “ဟုတ်ကဲ့ပါ ခင်ဗျာ... ကျနော် ခင်ဗျားကို သူ့ဆီ ခေါ်ဆောင်သွားပေးပါ့မယ်”
ယခုအချိန်တွင် ဟန်လိသည် စဦးစိတ်ဝိညာဉ်အဆင့်သို့ စတင်တက်လှမ်းနိုင်ခဲ့ခါစ ကျင့်ကြံသူတစ်ဦး မဟုတ်တော့ချေ။ သူသည် ကောင်းကင်တောင်ပိုင်းဒေသ၏ မဟာကျင့်ကြံသူသုံးဦးနှင့်ပင် ရင်ပေါင်တန်းနိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပြီ မဟုတ်လား။ ဤအချက်ကြောင့် ပိုင်ရှူကျွင်းသည် အတိတ်တုန်းက သူ၏ မောက်မာရဲတင်းခဲ့သော လုပ်ရပ်များအတွက် သူ၏ ရင်ထဲ၌ အကြီးအကျယ် နောင်တရနေမိတော့သည်။ ယခုအခါ ဤအမိန့်ပေးတံဆိပ်ပြားကို အတည်ပြုပြီးမှတော့ စီနီယာဟန်၏ သူ့အပေါ် ကောင်းမွန်သော အမြင်များ ရှိလာစေရန် မျှော်လင့်ချက်ဖြင့် ချက်ခြင်းပင် သဘောတူလိုက်တော့သည်။
သူ့ဘေးနားတွင် ရှိနေသော အမျိုးသမီးအတွက်မူ သူမသည် ဟန်လိကို အနည်းငယ် အံ့အားသင့်သော မျက်နှာထားဖြင့် စူးစမ်းကြည့်ရှုနေပြီး သူမ၏ မျက်ဝန်းများအတွင်းမှ အလင်းရောင်များ တဖျတ်ဖျတ် လင်းလက်နေလျက် တိတ်ဆိတ်စွာပင် ရှိနေခဲ့၏။
ပိုင်ရှူကျွင်း၏ လမ်းပြမှုအောက်တွင် သူတို့သုံးဦးမှာ ဈေးမြို့အတွင်းမှ ထွက်ခွာလာခဲ့ကြပြီး အရှေ့ဘက် အရပ်ဆီသို့ ပျံသန်းလာခဲ့ကြသည်။ တစ်နာရီ၏ လေးပုံတစ်ပုံခန့် အချိန်ကြာအောင် ပျံသန်းပြီးနောက်တွင် ပိုင်ရှူကျွင်းသည် ဟန်လိကို အသင်္ချေတောင်တန်း ဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့၏။ တောင်တန်းအတွင်းသို့ ကီလိုမီတာ ဆယ်ဂဏန်းခန့် နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ပြီးနောက် သူတို့သည် တောင်ငယ်လေးတစ်လုံး ဆီသို့ ရောက်ရှိလာခဲ့ကြတော့သည်။
ဟန်လိသည် သူ၏အကြည့်ဖြင့် ထိုတောင်ငယ်လေးကို ဝေ့ခတ်ကြည့်ရှုလိုက်ရာ ၎င်းတောင်မှာ သေးငယ်လှသော်လည်း အနီးဝန်းကျင်ရှိ မြင့်မားလှသော တောင်ထွတ်ကြီးများ၏ နောက်ကွယ်၌ လုံးဝ သေသေချာချာ ဖုံးကွယ်နေမှန်း သတိပြုမိလိုက်၏။ သူသည် ကြည်လင်အမြင်ပညာရပ်ကို အသက်သွင်းလိုက်ပြီးနောက် တောင်ကျောက်သားအတွင်းပိုင်းကို ထိုးဖောက်ကြည့်ရှုလိုက်ရာ သူ၏ မျက်နှာထက်တွင် တွေးတောဆင်ခြင်နေသော အမူအရာတစ်ခု ဖြစ်ပေါ်လာတော့သည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှူကျွင်းသည် သူ၏ ဝတ်ရုံအောက်မှ အသံလွှင့်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်ပြီး လေထဲသို့ ပစ်တင်လိုက်၏။ ၎င်းအဆောင်မှာ မီးတောက်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တောင်ကျောက်သားနံရံအတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့ပြီး နံရံတစ်ခုလုံးကို လှိုင်းတွန့်များစွာ ထွက်ပေါ်လာစေပြီးနောက် မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဟန်လိ၏ ဘေးနားတွင် ရပ်နေရင်း ထိုလူငယ်လေးက အလျင်အမြန်ပင် ရှင်းပြလာ၏။
“ဒီနေရာက ကျနော့်ဆရာရဲ့ ယာယီလှိုဏ်ဂူပါ... ဒါကို ပုံမှန်အားဖြင့် အငယ်စားရူမီအတားအဆီး တွေနဲ့ ဖုံးကွယ်ထားတာပါ။ ဆရာက ကျနော်တို့ တပည့်တွေကို အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုခု မရှိဘူးဆိုရင် လာပြီး မနှောက်ယှက်ဖို့ အမိန့်ပေးထားတာပါ... ဒီအချိန်အတောအတွင်းမှာ ဂျူနီယာညီမလုတောင်မှ ဆရာ့ဆီကို အလွယ်တကူ လာရောက်လည်ပတ်ခွင့် မရှိပါဘူး။ ဒါပေမဲ့ စီနီယာဟန်က ကိုယ်တိုင်လာရောက်ရှာဖွေတာဆိုတော့ သေချာပေါက် အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်ပါလိမ့်မယ်... ကျနော့်ဆရာအနေနဲ့ ကျနော့်ကို အပြစ်တင်ကြိမ်းမောင်းမှာ မဟုတ်ပါဘူး”
ဘေးနားမှ အမျိုးသမီးသည် ထိုလူငယ်က သူမ၏အကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်သည်ကို ကြားရသည့်အခါ နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ်ဖြစ်သွားသော မျက်နှာအမူအရာတစ်ခု ဖြစ်ပေါ်လာသော်လည်း ဟန်လိ၏ ရှေ့မှောက်တွင်မူ တိတ်ဆိတ်စွာပင် ဆက်လက်ရှိနေခဲ့၏။ သူမသည် ဟန်လိမှာ မည်သူမှန်း စိတ်ထဲကနေ ခန့်မှန်းမိပြီး ဖြစ်ပေသည်။ လုဝေယင်၏ မျိုးဆက်တစ်ယောက်အနေဖြင့် သူမသည် ဟန်လိ၏ ရှေ့မှောက်တွင် မလေးမစား ပြုမူဝံ့ခြင်း မရှိချေ။
ဟန်လိက သူ၏ဘေးမှ အမျိုးသမီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။ “အိုး... မင်းရဲ့ မျိုးရိုးကလည်းလု ပဲလား... မဟုတ်မှလွဲရော မင်းက တာအိုရောင်းရင်းလု ရဲ့ သွေးသားမျိုးဆက်များလား”
ထိုအမျိုးသမီးက ချိုသာစွာ ပြုံးပြလိုက်ပြီး ဆို၏။
“အကြီးအကဲလုက ကျမရဲ့ ဘိုးဘိုးအရင်းပါ... ကျမအနေနဲ့ စီနီယာရဲ့ ဂုဏ်သတင်းကို ကြားသိဖူးပါတယ်…ရှင့်”
ဟန်လိက ခပ်ရေးရေး ပြုံးပြလိုက်သော်လည်း အခြားစကားများ ဆက်မပြောတော့ချေ။ ထိုအခိုက်တွင် သူတို့၏ ရှေ့မှောက်ရှိ ကျောက်နံရံထံမှ မိုးပြာရောင်အလင်းတန်းတစ်ခု ဝုန်းခနဲ လင်းလက်လာခဲ့ပြီးနောက် ခြောက်မီတာခန့် ကျယ်ပြောလှသော ကျောက်သားတံခါးကြီးတစ်ခု ရုတ်တရက် ပွင့်ဟလာတော့သည်။ အတွင်းထဲမှနေ၍ အေးဆေးသက်သာလှသော စကားသံတစ်ခု ထွက်ပေါ်လာ၏။
“ဟားဟား... တာအိုရောင်းရင်းဟန်... ခင်ဗျား နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့... အကယ်လို့ ခင်ဗျားသာ ရောက်မလာဘူးဆိုရင် ကျုပ်ကိုယ်တိုင် ခင်ဗျားကို လိုက်လံရှာဖွေရတော့မှာ... ကျေးဇူးပြုပြီး အတွင်းထဲ ဝင်လာခဲ့ပါဦး၊ ကျုပ် ပင်မခန်းမဆောင်အတွင်းကနေ ခင်ဗျားကို စောင့်ဆိုင်းနေပါတယ်”
ဟန်လိက ပြုံးလိုက်ပြီး စကားတစ်လုံးမျှ မဆိုဘဲ အတွင်းသို့ ဖြည်းညင်းစွာ လှမ်းဝင်ခဲ့တော့သည်။ ပိုင်ရှူကျွင်းနှင့် လုမျိုးနွယ်စု အမျိုးသမီးတို့မှာ ခဏမျှ ချီတုံချတုံ ဖြစ်သွားကြပြီး အတွင်းသို့ လိုက်ပါဝင်ရောက်ရန် ပြင်လိုက်စဥ်မှာပင် သူတို့၏ဆရာဖြစ်သူက လှမ်း၍ အော်ဟစ်လိုက်၏။
“မင်းတို့ နှစ်ယောက်စလုံး အတွင်းထဲ ဝင်လာဖို့ မလိုအပ်ဘူး... ကျုပ် တာအိုရောင်းရင်းဟန်နဲ့ ဆွေးနွေးစရာ ကိစ္စအချို့ ရှိနေတယ်... မင်းတို့ ကိုယ့်အလုပ်ကိုယ်ပဲ သွားရောက်လုပ်ဆောင်ကြတော့”
ထိုနှစ်ဦးမှာ ဤအမိန့်ကို ကြားရသည့်အခါ အနည်းငယ် အံ့အားသင့်သွားသော်လည်း မနာခံဝံ့ဘဲ မနေရဲသဖြင့် တရိုတသေ ဦးညွှတ်လိုက်ကြပြီးနောက် ထိုနေရာမှ အသီးသီး ပျံသန်းထွက်ခွာသွားကြတော့သည်။
ဟန်လိသည် ကျောက်သားတံခါးအတွင်းသို့ လှမ်းဝင်ပြီးသည်နှင့် ထိုတံခါးကြီးမှာ မိုးပြာရောင်အလင်းတန်းတစ်ခုနှင့်အတူ ချက်ခြင်း ကွယ်ပျောက်သွားခဲ့ပြီး မူလအတိုင်း သာမန်ကျောက်နံရံတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားတော့သည်။