← Chapters

အခန်း ၈၀၄

Vol. 58 Ch. 804

အခန်း ၈၀၄

Vol. 58 Ch. 804

အပိုင်း ၈၀၄ - ချောက်ကမ်းပါးကြီး၏ ပုံရိပ်

ဟန်လိသည် ကိုယ်ပိုင်လှိုဏ်ဂူတစ်ခုကို ဖန်တီးခဲ့သကဲ့သို့ပင် အထွဍ်အထိပ်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲလု၏ လှိုဏ်ဂူမှာလည်း ထိုနည်းတူပင်။

ဟန်လိသည် မီတာခြောက်ဆယ်ခန့် ရှည်လျားလှသော လမ်းကြောင်းကျဉ်းလေးအတိုင်း လျှောက်လှမ်းလာခဲ့ပြီးနောက်တွင် မီတာနှစ်ဆယ်ကျော် ကျယ်ပြောလှသော ကျောက်ခန်းမဆောင်တစ်ခုဖြစ်သည့် လှိုဏ်ဂူ၏ ပင်မခန်းမကြီးသို့ ရောက်ရှိလာခဲ့တော့၏။ ထိုနေရာ၌ ဖော်ရွေသော မျက်နှာအမူအရာရှိသည့် မိုးပြာရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ဦးနှင့် ခမောက်ရှည်တစ်ခုကို ဆောင်းထားသော သက်လတ်ပိုင်းလူတစ်ဦးတို့သည် သူ့အား ကြိုတင်၍ စောင့်ဆိုင်းနေကြသည်။

ထိုမိုးပြာရောင်ဝတ်စုံနှင့် အဘိုးအိုက လှမ်း၍ ပြုံးပြလိုက်ပြီး နှုတ်ဆက်၏။

“တာအိုရောင်းရင်းဟန်... ခင်ဗျား နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့”

“ညီအစ်ကိုဟန်က ကျုပ်တို့ကို တော်တော်လေး အချိန်ကြာအောင် စောင့်ခိုင်းလိုက်တာပဲ။ ကျုပ်တို့ ခင်ဗျားကို လိုက်လံရှာဖွေဖို့ လူတွေစေလွှတ်ခဲ့တာ တစ်လတောင် ရှိနေပြီလေ။ ကံဆိုးချင်တော့ ခင်ဗျားက အတော်လေးကို သေသေချာချာ ပုန်းကွယ်နေခဲ့တာကိုး။ ကျုပ်တို့ ခင်ဗျားရဲ့ သဲလွန်စတစ်စွန်းတစလောက်တောင် ရှာမတွေ့ခဲ့တဲ့အတွက် ညီအစ်ကိုဟန် စိတ်ပြောင်းသွားပြီလို့တောင် ထင်နေမိတာ”

မြို့စားကြီးနန်းလုံသည် ခါးသီးစွာ ပြုံးလိုက်သော်လည်း သူ၏ မျက်နှာထက်တွင်မူ ကျေနပ်ဝမ်းမြောက်သွားဟန် အရိပ်အယောင်တစ်ခုကို တွေ့မြင်နိုင်ပေသည်။

“ခင်ဗျားတို့ရဲ့ လှိုဏ်ဂူကလည်း လျှို့ဝှက်လွန်းလှတာကြောင့် ကျုပ်အတွက်လည်း ရှာဖွေဖို့ရာ မလွယ်ကူခဲ့ပါဘူး”

ဟန်လိကလည်း ပြန်ရှင်းပြ၏။

“လွန်ခဲ့တဲ့ ရက်ပိုင်းအနည်းငယ်ကမှ ကျုပ် တရားထိုင်ပြီး တံခါးပိတ်ကျင့်ကြံနေခဲ့တာ ဖြစ်လို့ ခင်ဗျားတို့ ကျုပ်ကို ရှာမတွေ့တာမျိုးပါ”

ဟန်လိ နေရာတွင် ဝင်ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် မြို့စားကြီးနန်းလုံ၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး ဆိုလိုက်၏။

“ညီအစ်ကိုဟန်ရဲ့ ဂုဏ်သတင်းကတော့ ကောင်းကင်ယံက နေမင်းကြီးလိုပဲ တောက်ပလင်းလက်လို့နေတာပဲ။ နယ်စပ်စစ်မြေပြင်တိုက်ပွဲတုန်းက ထူးကဲလှတဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြသနိုင်ခဲ့ရုံတင်မကဘူး ကျင်းအင်ပါယာရဲ့ မိစ္ဆာဂိုဏ်းက စဦးစိတ်ဝိညာဉ်အလယ်အလတ်အဆင့် အကြီးအကဲတစ်ယောက်ကိုပါ သုတ်သင်ခဲ့တယ်လို့ ကျုပ် ကြားသိခဲ့ရတယ်။ ခင်ဗျားအနေနဲ့ ကိုယ့်ရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားဖို့အတွက် အတော်လေးကို အားစိုက်ထုတ်ခဲ့ရမှာပဲ”

ဟန်လိသည် အဖြစ်မှန်တစ်ခုလုံးကို အပ်ကြောင်းထပ်အောင် ထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိသဖြင့် ခေါင်းကို ယမ်းလိုက်ပြီး မရေမရာ လေသံဖြင့် ပြောလိုက်၏။

“ညီအစ်ကိုနန်းလုံလည်း အတိတ်တုန်းက ကျုပ်ရဲ့ စွမ်းရည်တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးထားတာပဲ မလား။ အကယ်လို့ ကျုပ်မှာသာ အဲ့ဒီလို မယုံကြည်နိုင်လောက်အောင် ကြီးမားလှတဲ့ စွမ်းပကားတွေ ရှိနေခဲ့မယ်ဆိုရင် မောက်လန်လွင်ပြင်ကနေ ဒီလောက်အထိ ကယောက်ကယက်နဲ့ ထွက်ပြေးလာစရာ အကြောင်းရှိခဲ့မှာ မဟုတ်ဘူး။ ကျုပ်ရဲ့ လက်ရှိဂုဏ်သတင်းတွေဆိုတာ ကံကောင်းထောက်မလို့ပါ။ ကံကောင်းလို့သာ ကျုပ် ဒီကနေ့ ခင်ဗျားတို့ရဲ့ ရှေ့မှောက်မှာ ပြန်လည်ပေါ်ထွက်လာနိုင်ခဲ့တာပေါ့”

အကြီးအကဲလုနှင့် မြို့စားကြီးနန်းလုံတို့သည် ဟန်လိ၏ စကားကို ကြားရသည့်အခါတွင် တစ်ဦးကိုတစ်ဦး သံသယအပြည့်ဖြင့် လှမ်းကြည့်မိကြတော့သည်။ သူတို့၏ စိတ်ဝိညာဉ်အာရုံအရ ဟန်လိ၏ ကျင့်ကြံမှုနယ်ပယ်မှာ စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်၌သာ ရှိနေသေးမှန်း ရှင်းလင်းစွာ အာရုံခံနိုင်ပေသည်။ ထပ်တူပင် ဟန်လိမှာ သာမန်လူမဟုတ်ကြောင်း သိရှိထားကြသော်လည်း သူသည် စဦးစိတ်ဝိညာဉ်အလယ်အလတ်အဆင့်၏ အထွက်အထိပ်၌ ရှိသော မိစ္ဆာကျင့်ကြံသူတစ်ဦးကို ကွပ်မျက်နိုင်ခဲ့သည်ဟူသော အချက်ကိုမူ သူတို့နှစ်ဦးစလုံး ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်၏။ သို့သော်လည်း ဟန်လိနှင့် ပတ်သက်သည့် ကောလဟလသတင်းများမှာ လောကအနှံ့ ပြန့်နှံ့နေခဲ့ပြီး ဖြစ်ရာ ဤစဦးစိတ်ဝိညာဉ်အလယ်အလတ်အဆင့် ကျင့်ကြံသူကြီး နှစ်ဦးမှာ အကြီးအကဲဟန်အပေါ် ဇဝေဇဝါ ဖြစ်မိရုံမှတစ်ပါး အခြားမရှိတော့ချေ။

မြို့စားကြီးနန်းလုံက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီးနောက် ထေ့လှောင်သည့်သဘောစွက်ကာ ပြောလာ၏။

“ဟားဟား... တာအိုရောင်းရင်းဟန်ကတော့ နှိမ့်ချလွန်းနေပါပြီ။ အမှန်တိုင်း ပြောရမယ်ဆိုရင်တော့ ခင်ဗျားရဲ့ စွမ်းရည်တွေ ပိုမိုကြီးမားလေလေ ကျုပ်တို့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ရောက်တဲ့အခါကျရင် ပိုပြီးတော့ အဆင်ပြေလေလေပါပဲ။ ကျုပ်တို့အနေနဲ့ ကောင်းကင်တောင်ပိုင်းဒေသကြီးရဲ့ မဟာကျင့်ကြံသူကြီး သုံးဦးနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ကျင့်ကြံသူတစ်ဦးရဲ့ စွမ်းပကားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်”

ဟန်လိသည် ဤစကားကို ကြားရသည့်အခါတွင် တိတ်တဆိတ်ပြုံး၍သာ ပြန်တုံ့ပြန်သည်။ သူက ဤအကြောင်းအရာကို ဆက်လက်၍ မပြောဆိုတော့ဘဲ စကားလမ်းကြောင်းကို ဖြတ်တောက်လိုက်တော့သည်။

ထိုအခိုက်တွင် အကြီးအကဲလုက လေးနက်သော လေသံဖြင့် ဝင်ပြောလာ၏။

“ညီအစ်ကိုဟန်... ခင်ဗျား ကျုပ်တို့ကို ကိုယ်တိုင်လာရောက်ရှာဖွေတာဆိုတော့ ကျုပ်တို့ရဲ့ ကမ်းလှမ်းချက်အပေါ်ကို သေသေချာချာ စဉ်းစားပြီးပြီ ဖြစ်ရမယ်။ ခင်ဗျား ကျုပ်တို့နဲ့အတူ ချောက်ကမ်းပါးကြီးထဲကို လိုက်ပါဝင်ရောက်ပြီး ရှေးဟောင်းမီးတောက်ဖားပြုတ်ကြီးကို အတူတူ သုတ်သင်ဖို့ ဆန္ဒရှိရဲ့လား” ထိုအဘိုးအို စကားပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် မြို့စားကြီးနန်းလုံကလည်း ဟန်လိကို လေးနက်သော မျက်နှာထားဖြင့် စူးစိုက်ကြည့်ရှုလိုက်သည်။

“ကျုပ်လည်း ဒီလို ကြုံတောင့်ကြုံခဲ အခွင့်အရေးကောင်းကြီးကို လက်လွတ်မခံချင်ပါဘူး... ဒါပေမဲ့ ကျုပ် ဆုံးဖြတ်ချက်မချခင်မှာ မေးမြန်းစရာ ကိစ္စတစ်ခုတော့ ရှိနေပါတယ်”

ဟန်လိက တည်ငြိမ်အေးဆေးစွာဖြင့်ပင် ပြန်လည်ဖြေကြားလိုက်၏။ “ကျုပ်တို့ ရှေးဟောင်းကျင့်ကြံသူတွေရဲ့ အပျက်အစီးတွေထဲကနေ ရရှိလာမယ့် ရတနာတွေကို ဘယ်လိုမျိုး ဝေစုခွဲကြမှာလဲ။ အကယ်လို့ ခင်ဗျားတို့ရဲ့ အဖြေက ကျုပ်အတွက် လက်ခံနိုင်စရာ ရှိမယ်ဆိုရင်တော့ ကျုပ် ဒီခရီးစဥ်ကို စွန့်စားပြီး လိုက်ပါဖို့ သဘောတူပါ့မယ်”

သူသည် မည်သို့ပင်ဖြစ်စေ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲသို့ အခြားနည်းလမ်းတစ်ခုခုဖြင့် ဝင်ရောက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း သူ၏ ဆန္ဒအစစ်အမှန်ကို ထုတ်ဖော်ပြသရန် ဆန္ဒမရှိဘဲ သူတို့အား အခြေအနေများကို စိတ်ကြိုက်ညှိနှိုင်းခွင့် မပြုဝံ့ချေ။

ထိုကျင့်ကြံသူကြီး နှစ်ဦးသည် ဤကိစ္စရပ်နှင့် ပတ်သက်ပြီး အတိတ်တုန်းက မည်မျှအထိ ကြိုတင်ညှိနှိုင်းထားခဲ့ကြသည်ကို မသိရသော်လည်း ထိုအဘိုးအိုက တုံ့နှေးခြင်းမရှိဘဲ ချက်ခြင်းပင် ပြန်လည်ဖြေကြားလိုက်ပေသည်။

“အကယ်လို့ ကျုပ်တို့ ရတနာတွေကို ချောချောမွေ့မွေ့ ရရှိခဲ့မယ်ဆိုရင် အညီအမျှ ဝေစုခွဲကြတာပေါ့ ဗျာ... ဘယ်လိုလဲ”

ဟန်လိသည် ချက်ခြင်းလက်ငင်း ပြန်လည်ဖြေကြားခြင်း မပြုသလို မကျေမနပ်ဖြစ်သွားသော အမူအရာကိုလည်း ထုတ်ဖော်မပြသချေ။ ထိုအစား သူသည် စိတ်ထဲကနေ ခေတ္တမျှ တွေးတောလိုက်ပြီးနောက်မှ ဆိုလိုက်၏။ “ဒါက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ ဘာပဲပြောပြော ခင်ဗျားတို့ နှစ်ယောက် လမ်းမပြဘူးဆိုရင် ကျုပ်လည်း ချောက်ကမ်းပါးကြီးရဲ့ အတွင်းပိုင်းထဲအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်မှာ မဟုတ်သလို ရှေးဟောင်းမီးတောက်ဖားပြုတ်ကြီးကိုလည်း ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့လည်း ကျုပ်ဆီမှာ ခင်ဗျားတို့ သဘောတူပေးဖို့ မျှော်လင့်ရတဲ့ နောက်ထပ် အခြေအနေတစ်ခုတော့ ရှိနေသေးတယ်”

“တာအိုရောင်းရင်းဟန်... ခင်ဗျားရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ”

အကြီးအကဲလုက တွေဝေနှောင့်နှေးခြင်းမရှိဘဲ ပြောလိုက်၏။ မြို့စားကြီးနန်းလုံ၏ မျက်နှာအမူအရာမှာမူ မသိမသာ လှုပ်ရှားသွားပြီး ဟန်လိကို တိတ်ဆိတ်စွာဖြင့်သာ စူးစိုက်ကြည့်ရှုနေသည်။

“ကျုပ် ဒီရှေးဟောင်းမီးတောက်ဖားပြုတ်ကြီးရဲ့ အတွင်းအမြုတေကို လိုအပ်တယ်... ဒါက ကျုပ်အတွက် အသုံးဝင်လို့ပါ”

ဟန်လိသည် ဤစကားကို ပြောဆိုလိုက်သည့် အချိန်တွင် အလွန်တရာ အဖိုးမတန်လှသော ပစ္စည်းတစ်ခုအကြောင်းကို ပြောဆိုနေသည့်အလား ပေါ့ပေါ့ပါးပါး လေသံဖြင့်သာ ဆိုလိုက်ခြင်း ဖြစ်၏။

အကြီးအကဲလုသည် သူ၏စကားကို ကြားရသည့်အခါတွင် ချက်ခြင်း သဘောတူလိုက်သည်။

“ဒါက ဘာပြဿနာမှ မရှိပါဘူး... ကျုပ်တို့ အဲ့သားရဲကြီးကို ကွပ်မျက်ဖို့အတွက် ခင်ဗျားရဲ့ စွမ်းရည်တွေကို အဓိကအားကိုးရမှာ ဖြစ်လို့ ခင်ဗျားအနေနဲ့ ၎င်းရဲ့ အတွင်းအမြုတေကို ရရှိပိုင်ဆိုင်တာက သဘာဝကျပါတယ်”

မြို့စားကြီးနန်းလုံသည်လည်း ဟန်လိ၏ တောင်းဆိုချက်ကို ကြားရပြီးနောက်တွင် သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြေလျော့သွားပြီး ဆိုလိုက်၏။ “ဟုတ်ပါတယ်... အကယ်လို့ တာအိုရောင်းရင်းက ဒီအကြောင်းကို ထုတ်ဖော်မပြောခဲ့ရင်တောင် ကျုပ်တို့က ၎င်းအမြုတေကို ခင်ဗျားကိုပဲ ပေးအပ်ဖို့ စိတ်ကူးထားပြီးသားပါ”

ဟန်လိက ထိုသူတို့၏ စကားကို ကြားရသည့်အခါ ပြုံးလိုက်ပြီး ပြော၏။

“ခင်ဗျားတို့ နှစ်ယောက်စလုံးက သဘောတူညီခဲ့ကြပြီဆိုမှတော့ ကျုပ်လည်း အလောတကြီးနဲ့ လောဘကြီးမနေတော့ပါဘူး။ ကျုပ် ခင်ဗျားတို့ တာအိုရောင်းရင်း နှစ်ဦးနဲ့အတူ ချောက်ကမ်းပါးကြီးထဲကို လိုက်ပါဝင်ရောက်ဖို့ သဘောတူပါတယ်”

“တာအိုရောင်းရင်းဟန်သာ ကျုပ်တို့ရဲ့ ဘေးနားမှာ ရှိနေမယ်ဆိုရင် ရတနာတွေကို ချောချောမွေ့မွေ့ ရရှိနိုင်မှာ သေချာပါတယ်”

“ကျုပ်တို့ ညီအစ်ကိုဟန်ကို အဓိက အားကိုးရတော့မှာပေါ့”

ဟန်လိ သဘောတူလိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ မြို့စားကြီးနန်းလုံနှင့် အကြီးအကဲလုတို့သည် သူတို့၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်စွမ်း မရှိကြတော့ဘဲ ဆက်တိုက်ပင် ပြောဆိုလိုက်ကြတော့သည်။

ဟန်လိသည် ထိုသူတို့၏ ချီးမွမ်းစကားများကြောင့် လမ်းပျောက်မသွားဘဲ ပြုံး၍ ပြောလိုက်၏။ “ခင်ဗျားတို့ နှစ်ယောက်စလုံး ကျုပ်ကို အထင်ကြီးလွန်းနေပါပြီ။ ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်အရ ချောက်ကမ်းပါးကြီးထဲမှာ ခင်ဗျားတို့ နှစ်ယောက်ကသာ ဦးစီးဦးဆောင် ပြုလုပ်ရမှာဖြစ်ပြီး ကျုပ်ကတော့ ဘေးကနေ ကူညီပေးရမယ့်သူသာ ဖြစ်မှန်း ကောင်းကောင်း နားလည်ထားပါတယ်။ ဒါ့အပြင် ကျုပ်တို့ အားလုံးရဲ့ စုပေါင်းအင်အားနဲ့ လက်တွဲလုပ်ဆောင်မှသာ ဘေးအန္တရာယ်ကနေ အထိအခိုက်မရှိ လွတ်မြောက်လာနိုင်မှာပါ”

“ဒါက သဘာဝကျပါတယ်။ ကျုပ်တို့ တာအိုရောင်းရင်းဟန်ကို ရှာဖွေပြီး လက်တွဲဖို့ ဆုံးဖြတ်ခဲ့တည်းက ခင်ဗျားအပေါ်ကို လုံးဝ ယုံကြည်မှု ရှိပြီးသားပါ။ အကယ်လို့ တစ္ဆေဝိညာဉ်ဂိုဏ်းက ကောက်ကျစ်လှတဲ့ လူယုတ်မာတွေသာ ယင်ယန်လက်စွပ်ကို အမိအရ ရရှိသွားခဲ့မယ်ဆိုရင် ကျုပ် သူတို့ကို တိုက်ရိုက် ကွပ်မျက်ပစ်ရလိမ့်မယ်”

မြို့စားကြီးနန်းလုံသည် တစ္ဆေဝိညာဉ်ဂိုဏ်းအကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်သည့် အခိုက်အတန့်တွင် အံတင်းတင်းကြိတ်ထားလေသည်။ ကြည့်ရသည်မှာ အတိတ်တုန်းက ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် သူ ရရှိခဲ့သော ထိခိုက်ဒဏ်ရာများမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းခဲ့ပုံပင်။

ဟန်လိသည် ဤစကားကို ကြားရသည့်အခါတွင် မြို့စားကြီးနန်းလုံကို မသိမသာ ထပ်မံ၍ အကဲခတ်ကြည့်ရှုလိုက်မိ၏။ သူသည် အပြင်ပန်းတွင်မူ ဘာမှမဖြစ်သယောင် ရှိနေသော်လည်း သူ၏ အသက်ဓာတ် အနှစ်သာရ မည်မျှအထိ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်မှန်းမူ ခန့်မှန်းရန် ခက်ခဲလှသည်။

“တစ္ဆေဝိညာဉ်ဂိုဏ်းအကြောင်း ပြောရမယ်ဆိုရင်တော့... အဲ့ဂိုဏ်းက ချောက်ကမ်းပါးကြီးထဲ ဝင်ရောက်ဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုနေလဲဆိုတာ ခင်ဗျားတို့ တာအိုရောင်းရင်း နှစ်ဦး သိရှိထားကြတာ ရှိလား။ ခင်ဗျားတို့ အဲ့ကိစ္စအပေါ် ဘယ်လို အမြင်ရှိကြလဲ” ဟန်လိက မေးမြန်းလိုက်၏။

မြို့စားကြီးနန်းလုံက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ သူက ပြောလိုက်၏။

“ဒါက ပြောနေဖို့ လိုသေးလို့လား။ ကျုပ်တို့က သူတို့ ရတနာတွေကို မောင်ပိုင်စီးမယ့် အစီအစဥ်ကို ကြားဖြတ်နှောင့်ယှက်လိုက်ရုံပါပဲ။ အခြားကျင့်ကြံသူတွေပါ ချောက်ကမ်းပါးကြီးထဲ ဝင်ရောက်လာမှသာ ကျုပ်တို့ရဲ့ ခြေရာလက်ရာတွေကို ဖုံးကွယ်ထားနိုင်မှာဖြစ်သလို တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ ဝိုင်းရံပိတ်ဆို့ခြင်းကိုလည်း ကာကွယ်နိုင်မှာလေ”

ဟန်လိသည် အနည်းငယ် အံ့အားသင့်သွားရပြီး ပြောလိုက်၏။

“ခင်ဗျား ပြောတဲ့ စကားအရဆိုရင် တစ္ဆေဝိညာဉ်ဂိုဏ်းမှာ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ရောက်နိုင်မယ့် နည်းလမ်းရှိတယ်ဆိုတဲ့ သတင်းကို ခင်ဗျားတို့ နှစ်ယောက်ကပဲ တမင်သက်သက် ဖြန့်ဝေခဲ့တာပေါ့ ဟုတ်လား”

မြို့စားကြီးနန်းလုံ၏ မျက်နှာအမူအရာမှာ ချက်ခြင်းပင် သုန်မှုန်မာထန်သွားပြီး ဆို၏။ “ဟုတ်ပါတယ်... ကျုပ်တို့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ရှိနေခဲ့တာ အမှန်ပါပဲ။ ကျုပ်တို့ မောက်လန်လွင်ပြင်ကို မသွားခင်တည်းက တစ္ဆေဝိညာဉ်ဂိုဏ်းဟာ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ရောက်နိုင်မယ့် နည်းလမ်းကို သုတေသနပြု ရှာဖွေနေမှန်း ကျုပ် သိရှိထားခဲ့တာ။ အခု သူတို့က ကျုပ်အပေါ်ကို ရန်လိုပြီး ရက်စက်ပြလာမှတော့ ကျုပ်ကလည်း ယဉ်ကျေးနေစရာ အကြောင်းမရှိတော့ပါဘူး”

ဟန်လိသည် ဤအခြေအနေအပေါ် ကိုယ်ပိုင်ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်ပြီး သူ၏ စိတ်အာရုံများမှာ အတွေးကမ္ဘာထဲသို့ ရောက်ရှိသွားတော့သည်။

အကြီးအကဲလုကမူ မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလာ၏။

“ဒါပေမဲ့လည်း ကျုပ် မျှော်လင့်မထားခဲ့မိတာကတော့ တစ္ဆေဝိညာဉ်ဂိုဏ်းဟာ နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြားတွေကို ဗြောင်ကျကျ ထုတ်ပေးခဲ့ပြီး တခြားဂိုဏ်းအသီးသီးကို အရေအတွက် ကန့်သတ်ချက်နဲ့ ရောင်းချလိမ့်မယ်ဆိုတာပါပဲ။ ရလဒ်အနေနဲ့ သူတို့ဟာ ချောက်ကမ်းပါးကြီးထဲ ဝင်ရောက်မယ့် အင်အားအကြီးဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် ကိုယ့်ကိုယ်ကိုယ် အာမခံချက် ပေးနိုင်သွားခဲ့ပြီလေ။ ကျုပ် စိုးရိမ်မိတာကတော့ တစ္ဆေဝိညာဉ်ဂိုဏ်းဟာ အဲ့ကျင့်ကြံသူတွေကို သူတို့အတွက် လမ်းပြကင်းထောက်တွေအဖြစ် အသုံးချဖို့ ကြံစည်နေတာကိုပါပဲ။ ဒါကြောင့် ချောက်ကမ်းပါးကြီးထဲက ရတနာတွေကို သူတို့တစ်ဦးတည်း မောင်ပိုင်စီးနိုင်မှာ မဟုတ်တော့ပေမဲ့ ဘေးအန္တရာယ်ကတော့ အများကြီး လျော့ကျသွားမှာ သေချာတယ်”

ဟန်လိက သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ရင်း ပြုံး၍ ဆိုလိုက်၏။ “လောကမှာ ပြီးပြည်စုံတဲ့ အခြေအနေဆိုတာ မရှိပါဘူးဗျာ။ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေက ကျုပ်တို့အတွက်တော့ ဆိုးကျိုးထက်စာရင် အကျိုးမြတ်တွေ ပိုမိုများပြားစေပါတယ်။ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ အကြီးအကဲတွေဆိုရင် အခုချိန်မှာ အံတင်းတင်းကြိတ်ပြီး နာကြည်းနေကြမှာ သေချာပါတယ်”

မြို့စားကြီးနန်းလုံသည် စိတ်အားတက်ကြွလာဟန်ဖြင့် ပြောလိုက်၏။

“တာအိုရောင်းရင်းဟန်ရဲ့ စကားက တကယ့်ကို မှန်ကန်ပါတယ်။ ဒါက တစ္ဆေဝိညာဉ်ဂိုဏ်းကို လောလောဆယ် ဒုက္ခရောက်စေခဲ့ပြီလေ။ ကျုပ်ရဲ့ လက်ကျန်အမုန်းတရားတွေနဲ့ ပတ်သက်လို့ကတော့ ကျုပ် ချောက်ကမ်းပါးကြီးထဲကနေ ပြန်လည်ထွက်ခွာလာပြီးမှပဲ သေသေချာချာ စာရင်းရှင်းရတော့မှာပေါ့”

ထို့နောက်တွင်မူ ထိုသုံးဦးမှာ တစ္ဆေဝိညာဉ်ဂိုဏ်း၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး စတင်ဆွေးနွေးကြတော့သည်။ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲသို့ ဝင်ရောက်မည့် အစီအစဥ်များနှင့် အသေးစိတ်အချက်အလက်များကိုပါ အသေးစိတ် တိုင်ပင်ကြလေ၏။

...

ခုနစ်ရက် ကုန်လွန်သွားပြီးနောက်တွင်မူ အသင်္ချေတောင်တန်းကို ဝန်းရံထားသော မြူထုကြီးမှာ လုံးဝနီးပါး ပြန့်ကြဲပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ထိုဧရိယာအနီးဝန်းကျင်၌ တိတ်ဆိတ်စွာ ပုန်းကွယ်နေခဲ့ကြသော ကျင့်ကြံသူ အမြောက်အမြားမှာ ရုတ်တရက် အုပ်စုလိုက် ပေါ်ထွက်လာကြပြီး တစ်ဦးပြီးတစ်ဦး နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး တည်ရှိရာဘက်သို့ ဦးတည်၍ ခရီးနှင်လာကြတော့သည်။ ထို့အပြင် ကျင့်ကြံမှုနယ်ပယ် နိမ့်ကျလှသော ကျင့်ကြံသူအချို့နှင့် ချောက်ကမ်းပါးကြီးထဲသို့ ဝင်ရောက်ရန် ဆန္ဒမရှိကြသော သူများသည်လည်း ပါးလျလှသော ဤမြူထုအခြေအနေကို အခွင့်ကောင်းယူကာ တောင်တန်းအတွင်းမှ ဝိညာဉ်သားရဲများနှင့် ဆေးဖက်ဝင်အပင်များကိုသာ လိုက်လံရှာဖွေနေကြပေသည်။

နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီးမှာ အသင်္ချေတောင်တန်း၏ အနောက်မြောက်ဘက်ခြမ်းတွင် တည်ရှိခြင်းဖြစ်ပြီး ကီလိုမီတာ သောင်းနှင့်ချီ၍ ကျယ်ပြောလှပေသည်။ သို့ပေမည့် အတိတ်တုန်းက ရှေးဟောင်းမိစ္ဆာကျင့်ကြံသူများ၏ ပြင်းထန်လှသော တိုက်ပွဲကြီးကြောင့် ချောက်ကမ်းပါးကြီး၏ ပတ်ပတ်လည်နှင့် ကောင်းကင်ယံတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းလှသော ရှေးဟောင်းအတားအဆီး အစီအရင်များ အထပ်ထပ် တည်ရှိနေခြင်း ဖြစ်၏။ ၎င်းတို့အားလုံးမှာ ကိုင်တွယ်ဖြေရှင်းရန် အလွန်တရာ ခက်ခဲလှပြီး တစ်ခုနှင့်တစ်ခု အထပ်ထပ် ဆက်နွှယ်နေကြလျက် မည်သူမျှ မထိုးဖောက်နိုင်သော အကာအကွယ် အရံအတားကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားပေသည်။

ထိုအတားအဆီးများ ကင်းမဲ့နေသော တစ်ခုတည်းသော နယ်ပယ်မှာ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ ဝင်ပေါက် လမ်းကြောင်းသာ ဖြစ်ပေသည်။ ၎င်းမှာ မီတာသုံးရာခန့် ကျယ်ဝန်းပြီး အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ပိုမိုကျဉ်းမြောင်းသွားလေလေ ဖြစ်သည်။ ဤလမ်းကြောင်းမှာ မူလက ဖြတ်သန်းသွားလာရန် လွယ်ကူလှသော်လည်း ရှေးဟောင်းတိုက်ပွဲများ၏ အကျိုးသက်ရောက်မှုများကြောင့် ဤနေရာတစ်ခုလုံး ပျက်စီးယိုယွင်းခဲ့ရပြီး ဟင်းလင်းပြင်အက်ကြောင်းများဖြင့် သိပ်သည်းစွာ ပြည့်နှက်လျက် ရှိသည်။

ထိုဟင်းလင်းပြင်အက်ကြောင်းအချို့ထံမှ စူးရှတောက်ပလှသော အဖြူရောင်အလင်းတန်းများ ဖြာထွက်နေသော်လည်း အချို့မှာမူ မှိန်ဖျော့နေကြလျက် သာမန်မျက်စိဖြင့် လုံးဝ မမြင်တွေ့နိုင်ဘဲ ရှိနေကြ၏။

၎င်းအက်ကြောင်းများ၏ အရွယ်အစားမှာ လက်မအနည်းငယ်ခန့်မှသည် မီတာဆယ်ဂဏန်းခန့်အထိ ကွဲပြားခြားနားကြပြီး လူဆယ်ယောက်လောက်ကို ဘာပြဿနာမှမရှိဘဲ အသာလေး ဝါးမြိုပစ်နိုင်စွမ်း ရှိပေသည်။ သေးငယ်လှသော အက်ကြောင်းများမှာမူ ကောင်းကင်ယံတွင် တွဲလောင်းကျနေသည့် မယုံနိုင်လောက်အောင် သေစေနိုင်စွမ်းရှိသော ဓားသွားများကဲ့သို့ပင် ဖြစ်၏။ အဆိုးရွားဆုံးအချက်မှာ အချိန်ကြာလာသည်နှင့်အမျှ ဤဟင်းလင်းပြင်အက်ကြောင်းများသည် ကောင်းကင်ယံ၌ ရွေ့လျားနေကြလျက် ရှိပြီး အချိန်မရွေး ပွင့်ဟလာခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းမျိုး ဖြစ်ပေါ်တတ်ခြင်းပင်။ ၎င်းတို့က ပေါ်ထွက်ချင်သလို ပေါ်ထွက်လာတာမျိုး ဖြစ်ပြီး ပုံသေကားချပ်ဟူ၍ မရှိနေပေ။

ဤကြောက်မက်ဖွယ်ကောင်းလှသော ဟင်းလင်းပြင်အက်ကြောင်းများကြောင့် အတိတ်တုန်းက မည်သည့်ကျင့်ကြံသူမျှ ဤချောက်ကမ်းပါးကြီးထဲမှ အသက်ရှင်လျက် ပြန်လည်ထွက်ခွာလာနိုင်ခြင်း မရှိခဲ့ဘဲ စဦးစိတ်ဝိညာဉ်အဆင့် ထူးဆန်းလှသော ကျင့်ကြံသူကြီး အမြောက်အမြားပင်လျှင် ဤနေရာ၌ ဘဝဆုံးခဲ့ရဖူးသည်။ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီးသည် ကောင်းကင်တောင်ပိုင်းဒေသကြီး၏ အန္တရာယ်အရှိဆုံးသော နယ်ပယ်တစ်ခုအဖြစ် ကျော်ကြားလာခဲ့ရခြင်းမှာလည်း ဤဟင်းလင်းပြင်အက်ကြောင်းများကြောင့် ဖြစ်လေ၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ တစ္ဆေဝိညာဉ်ဂိုဏ်း၏ ပြောဆိုချက်အရဆိုလျှင် ကျင့်ကြံသူများသည် ဤချောက်ကမ်းပါးကြီးအတွင်းသို့ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ရာ ကောင်းကင်တောင်ပိုင်းဒေသကြီး တစ်ခွင်လုံးကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့သည်။ ရုတ်တရက်ဆိုသလို ကျင့်ကြံသူများအားလုံးမှာ ချောက်ကမ်းပါးကြီးအတွင်းရှိ ရတနာများအပေါ် လောဘဇောတက်လာကြပြီး နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြား ရာဂဏန်းခန့်မှာလည်း လျင်မြန်စွာပင် ဝေစုခွဲခြင်း ခံလိုက်ရတော့သည်။

ထို့အပြင် နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြားကို မရရှိနိုင်ခဲ့ကြသော ကျင့်ကြံသူအချို့သည်လည်း ဤနေရာအနီးဝန်းကျင်တွင် စုဝေးရောက်ရှိနေကြဆဲဖြစ်ပြီး သူတို့သည် မည်သည့်နည်းလမ်းဖြင့်မဆို ချောက်ကမ်းပါးကြီးအတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်နိုင်ရန်အတွက် မျှော်လင့်နေကြသူများ ဖြစ်၏။

All Chapters