← Chapters

အခန်း ၈၀၅

Vol. 58 Ch. 805

အခန်း ၈၀၅

Vol. 58 Ch. 805

အပိုင်း ၈၀၅ - ကျင့်ကြံသူများ စုဝေးခြင်း

ခပ်ကျဉ်းကျဉ်း တောင်ကြားဝန်းကျင်တစ်ခုလုံးမှာ နွယ်ပင်များဖြင့် သိပ်သည်းစွာ ဖုံးလွှမ်းလျက် ရှိနေပြီး ထိုနေရာဆီသို့ အဖြူရောင်အလင်းလုံးတစ်လုံး တဟုန်ထိုး ပျံသန်းကျရောက်လာခဲ့၏။ ထိုအဖြူရောင်အလင်းတန်းအတွင်း၌မူ ဆီးနှင်းကဲ့သို့ ဖြူဖွေးလှသော ဝိညာဉ်ငှက်ကြီးတစ်ကောင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်လိုက်လာသည့် မိုးပြာရောင်ဝတ်စုံနှင့် မိန်းမလှတစ်ဦး ရှိနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဝိညာဉ်ငှက်ကြီးမှာ တောင်ကြားငယ်၏ အထက်သို့ ရောက်ရှိလာခဲ့ပြီး အတောင်ပံများကို ရုပ်သိမ်းကာ အောက်ဘက်ရှိ ထူထပ်လှသော နွယ်ပင်များရှိရာသို့ ထိုးဆင်းသွားတော့သည်။ ထိုအမျိုးသမီးက လက်မြှောက်လိုက်ပြီး အောက်ဘက်သို့ မန္တာန်ချိပ်ဟန်တစ်ခု ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်နယ်ပယ်တစ်ခုလုံးမှာ အစိမ်းရောင်အလင်းတန်းများနှင့်အတူ တုန်ခါသွားတော့၏။ ထိုနွယ်ပင်များမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး မိုးပြာရောင် အလင်းအတားအဆီးတစ်ခု ထွက်ပေါ်လာသည်။ အမျိုးသမီးသည် ဝိညာဉ်ငှက်ပေါ်မှ ဆင်းသက်လိုက်ပြီးနောက် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားခြင်းနှင့်အတူ ထိုအတားအဆီးကို ဖြတ်ကျော်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

အတားအဆီးမှာ ပြန်လည်ပျောက်ကွယ်သွားပြီးနောက် ထိုနေရာ၌ အစိမ်းရောင်ဝတ်စုံများနှင့် ကျင့်ကြံသူခြောက်ဦး ပေါ်ထွက်လာသည်။ သူတို့သည် တောင်ကြားငယ်၏ ဝင်ပေါက်တွင် မီတာနှစ်ဆယ်ခန့် ကျယ်ဝန်းလှသော ပဥ္စဂံမန္တာန်အစီအရင်တစ်ခု၏ ပတ်ပတ်လည်တွင် ထိုင်နေကြခြင်း ဖြစ်ပေသည်။ ထိုမန္တာန်အစီအရင်၏ ထောင့်စွန်းတစ်ခုစီတွင် ကျင့်ကြံသူတစ်ဦးစီ တင်ပလ္လင်ခွေ ထိုင်နေကြလျက်ရှိပြီး ၎င်းထံမှ ဝိညာဉ်အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်နေတော့သည်။ ကျန်ရှိနေသော ကျင့်ကြံသူတစ်ဦးမှာမူ မုတ်ဆိတ်ရှည်ကြီး ရှိသည့် အဘိုးအိုတစ်ဦးဖြစ်ပြီး မန္တာန်အစီအရင်၏ ဗဟိုချက်တည့်တည့်တွင် မျက်လုံးမှိတ်၍ ထိုင်နေ၏။

ရုတ်တရက် ထိုအဘိုးအိုသည် မျက်လုံးပွင့်လာခဲ့ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ အဖြူရောင်အလင်းတန်းတစ်ခုမှာ သူတို့ရှိရာသို့ ဖြည်းညင်းစွာ ဆင်းသက်လာနေသည်ကို တွေ့မြင်လိုက်ရ၏။ ခဏအကြာတွင် မိုးပြာရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ထိုအဘိုးအို၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့ပြီး မြေပြင်ပေါ်သို့ ဆင်းသက်မိသည်နှင့်တစ်ပြိုင်နက် သူ့အား အရိုအသေပေးလိုက်တော့သည်။

ထိုမိုးပြာရောင်ဝတ်စုံနှင့် အမျိုးသမီးက တရိုတသေ ခေါင်းငုံ့ကာ ပြောလိုက်သည်။

“တပည့်က သိုင်းစီနီယာကြီးကို ဂါဝရပြုပါတယ်... တောင်တန်းတစ်ခွင်က မြူထုကြီးဟာ လုံးဝ ပြန့်ကြဲပျောက်ကွယ်သွားခဲ့ပါပြီ။ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီးရဲ့ ရှေ့မှောက်မှာ ကျင့်ကြံသူအမြောက်အမြား စုဝေးရောက်ရှိနေကြပါပြီ”

မုတ်ဆိတ်ရှည်နှင့် အဘိုးအိုသည် သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်ရင်း ဖြည်းဖြည်းချင်း မေးလိုက်၏။ “တစ္ဆေဝိညာဉ်ဂိုဏ်း က လူတွေကော ပေါ်လာကြပြီလား”

ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ထိုအမျိုးသမီးက ဂရုတစိုက်ပင် ပြန်လည်ဖြေကြားလိုက်သည်။ “အနည်းငယ်လောက်ကလွဲလို့ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ အဓိကအင်အားစုကတော့ ခုထိ မလှုပ်ရှားကြသေးပါဘူး”

မုတ်ဆိတ်ရှည်နှင့် အဘိုးအိုက မာမာတင်းတင်း ပြောလိုက်၏။

“တစ္ဆေဝိညာဉ်ဂိုဏ်းက ခုထိ လှုပ်ရှားမှု မရှိသေးမှတော့ ငါတို့လည်း အလောတကြီး မပြုမူသင့်သေးဘူး... ငါတို့ သူတို့ရဲ့ အကြီးအကဲတွေကို သေသေချာချာ အာရုံစိုက်ထားသရွေ့ ဘာမတော်တဆမှုမျိုးနဲ့မှ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ သိုင်းတူမလေးဟန်... သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီးတော့ စောင့်ကြည့်နေပါ၊ အခြေအနေ ပြောင်းလဲသွားတာနဲ့ ချက်ခြင်း သတင်းပို့ပါ”

“ဟုတ်ကဲ့ပါ... တပည့်မ ခုပဲ သွားလိုက်ပါမယ်”

သူမက အထွန့်တက်ခြင်းမရှိဘဲ အမိန့်နာခံ၏။ သူမသည် ထိုအဘိုးအိုကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြီးနောက် ဝိညာဉ်ငှက်ကြီးကို စီးနင်းကာ ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားတော့သည်။

ထိုအဘိုးအိုသည် မိုးပြာရောင်ဝတ်စုံနှင့် အမျိုးသမီး ထွက်ခွာသွားသော လားရာဘက်သို့ သူမ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်အထိ လှမ်းကြည့်နေသေး၏။ ထို့နောက် သူ၏ မျက်ဝန်းအစုံအတွင်းမှ စူးရှသော အလင်းတန်းများ လင်းလက်သွားခြင်းနှင့်အတူ အတွေးကမ္ဘာထဲသို့ ခေတ္တမျှ နစ်မြောသွားတော့သည်။ မန္တာန်အစီအရင်၏ ပတ်ပတ်လည်တွင် ထိုင်နေကြသော ကျင့်ကြံသူ ငါးဦးမှာမူ ဟန်မျိုးရိုးနှင့် အမျိုးသမီး ပေါ်ထွက်လာမှုအပေါ် နည်းနည်းလေးမျှ လှုပ်ခတ်သွားခြင်းမရှိဘဲ သစ်သားရုပ်တုကြီးများအလား လုံးဝ ငြိမ်သက်စွာဖြင့်ပင် ဆက်လက်ရှိနေကြသည်။

မုတ်ဆိတ်ရှည်နှင့် အဘိုးအိုသည်လည်း ဤအခြေအနေအပေါ် ထူးဆန်းသည်ဟု မထင်မှတ်ဘဲ သူ၏ မျက်လုံးများကို ပြန်လည်မှိတ်လိုက်သည်။

...

ခပ်မြင့်မြင့် တောင်ထွတ်တစ်ခုပေါ်တွင် ကျောက်တုံးကြီးပေါ်၌ မတ်တပ်ရပ်နေသော သက်လတ်ပိုင်းအရွယ် မိုးပြာရောင်ဝတ်စုံနှင့် တာအိုရသေ့တစ်ဦး ရှိနေသည်။ သူသည် ပြင်းထန်လှသော လေပြင်းများ၏ တိုက်ခတ်မှုအောက်၌ပင် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီး တည်ရှိရာဘက်သို့ မျက်လုံးမှေးစင်းလျက် စိုက်ကြည့်နေ၏။

ထိုတာအိုရသေ့သည် ခေါင်းလှည့်ကာ သူ့ဘေးရှိ မကောင်းဆိုးဝါးအသွင်နှင့် ရုပ်သေး နှစ်ရုပ်ထံသို့ ကျေနပ်အားရသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်ကာ တကိုယ်တည်း တီးတိုးရေရွတ်လိုက်မိသည်။

“စဦးစိတ်ဝိညာဉ်အဆင့်ရှိတဲ့ ဒီရှေးဟောင်းရတနာရုပ်သေးနှစ်ရုပ်နဲ့ဆိုရင်တော့ ငါ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ခရီးစဥ်ကနေ ကြီးမားတဲ့ အကျိုးအမြတ်တွေကို ကျိန်းသေပေါက် ရိတ်သိမ်းနိုင်မှာ သေချာတယ်”

ထိုသို့ ပြောဆိုပြီးသည်နှင့် တာအိုရသေ့သည် လက်ပင့်မြှောက်ကာ ထိုရုပ်သေးများထံသို့ မန္တာန်ချိပ်ဟန်တစ်ခု ပစ်လွှတ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုရုပ်သေးများမှာ လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့ကြပြီး သူ၏ အင်္ကျီလက်အိုးအတွင်းသို့ တဟုန်ထိုး ပျံဝင်သွားကြသည်။ မကြာမီမှာပင် ထိုတာအိုရသေ့သည် နီရဲသော အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲကာ ကောင်းကင်ယံကို ဖြတ်သန်းလျက် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီး ရှိရာဘက်သို့ တဟုန်ထိုး ပျံသန်းထွက်ခွာလာသည်။

ကောင်းကင်ယံ၏ အခြားတစ်နေရာတွင်မူ အလင်းတန်း သုံးခုသည် အတန်းလိုက် တည်ရှိလျက် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီး တည်ရှိရာဘက်သို့ တဟုန်ထိုး ပျံသန်းလာနေကြသည်။

အကယ်၍ ဟန်လိသာ ဤကျင့်ကြံသူ သုံးဦးကို မြင်တွေ့မည် ဆိုပါက အံ့အားသင့်သွားလောက်မည်။ အကြောင်းမှာ သူသည် သူတို့ထဲမှ နှစ်ဦးကို ကောင်းကောင်း သိရှိနေသောကြောင့်ပင် ဖြစ်၏။ တစ်ဦးမှာ အဝါရောင်ဝတ်စုံနှင့် မျက်နှာညိုညို အဘိုးအိုဖြစ်သည့် အဝါရောင်မေပယ်တောင်ကြား ၏ ဘိုးဘေးလင်းဟူ ဖြစ်၏။ သူ၏ ဘေးနားတွင်မူ ဖြူဖပ်ဖြူရော မျက်နှာနှင့် အေးစက်စက် အမူအရာရှိသည့် ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမမှာ လမျက်နှာဖုံးဂိုဏ်း၏ဂိုဏ်းချုပ်ကြီးဖြစ်သလို နန်ကုန်းဝမ်၏ စီနီယာအစ်မ ဖြစ်ခဲ့သူဆိုလည်း ဟုတ်၏။

ဟန်လိ မသိသည့်နောက်တစ်ယောက်ကမူ မျက်ခုံးကောင်းကောင်းနှင့် အဘိုးအိုတစ်ယောက်ပင်။

ထိုသုံးဦးလုံးမှာ ခရီးလမ်းတလျှောက်တွင် အလျင်အစလို ပျံသန်းလာခဲ့ကြခြင်းဖြစ်ပြီး မကြာမီမှာ ကောင်းကင်ယံ၌ အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားကာ မည်သည့်ခြေရာလက်ရာမျှမချန်ဘဲ သဲလွန်စမရှိ ပျောက်ကွယ်သွားကြပြန်သည်။

တစ်ချိန်တည်းမှာပင် အသင်္ချေတောင်တန်းအနီးဝန်းကျင်၌ ကိုယ်ပိုင်စွမ်းရည်များအပေါ် လုံးဝ ယုံကြည်မှု ပြည့်နှက်နေကြသော ကျင့်ကြံသူ အမြောက်အမြားမှာလည်း စတင်ပေါ်ထွက်လာခဲ့ကြပြီ ဖြစ်၏။

ယခုအချိန်တွင် ဟန်လိသည် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ အနီးဝန်းကျင်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ၎င်း၏ ဝင်ပေါက်နှင့် ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးသော တောင်ပူစာလေးတစ်ခုပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေလျက် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး တည်ရှိရာဘက်သို့ တွေးတောဆင်ခြင်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် ဟန်လိသည် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ အနီးဝန်းကျင် ဧရိယာကို စူးစမ်းရှာဖွေကြည့်သည်။ ထိုနေရာ၌ ကျင့်ကြံသူပေါင်း တစ်ထောင်ကျော်ခန့် စုဝေးရောက်ရှိနေကြပြီဖြစ်ပြီး သူတို့ထဲ၌ ပုန်းကွယ်နေကြသော စဦးစိတ်ဝိညာဉ်အဆင့် ထူးဆန်းလှသည့် ကျင့်ကြံသူကြီး အမြောက်အမြားပင် ပါဝင်နေမှန်း ရှာဖွေတွေ့ရှိလိုက်ရ၏။ ဤကျင့်ကြံသူများသည် ကောင်းကင်တောင်ပိုင်းဒေသကြီး၏ မဟာကျင့်ကြံသူသုံးဦးနှင့် ရင်ပေါင်တန်းနိုင်သော ပုဂ္ဂိုလ်များ မဟုတ်ကြသော်လည်း သူတို့အားလုံးမှာ ရင်ဆိုင်ရ ခက်လှပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များကို ကိုယ်စီပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။

ဟန်လိသည် ထိုကျင့်ကြံသူများမှာ ကောင်းကင်တာအိုမဟာမိတ်မှ မဟာကျင့်ကြံသူကြီး သုံးဦး သို့မဟုတ် မောက်လန်မျိုးနွယ်စု၏ နတ်ဘုရားပညာရှိများထက် ကျင့်ကြံမှုအဆင့် နိမ့်ကျသော်ငြား သူ့အနေဖြင့် အထင်သေးဝံ့ခြင်း မရှိပေ။ မဆင်မခြင် အမှားတစ်ခုလောက် ပြုလုပ်မိရုံမျှဖြင့်ပင် သူသည် ဤချောက်ကမ်းပါးကြီးအတွင်း၌ အသက်ဆုံးရှုံးသွားနိုင်သည် မဟုတ်လား။

ဟန်လိသည် အတွေးထဲ နစ်မြောနေရင်းကနေ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ ဝင်ပေါက်လမ်းကြောင်းကိုပါ မကြာခဏ လှမ်း၍ အကဲခတ်ကြည့်ရှုနေ၏။ အကယ်၍ ထိုနေရာ၌ ကျင့်ကြံသူများစွာသာ စုဝေးရောက်ရှိမနေခဲ့ကြဘူးဆိုပါက ဟန်လိအနေဖြင့် ဤမျှ သာမန်အတိုင်း ထင်မှတ်ရသော တောင်ကြားဝင်ပေါက်လေးသည် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ ဝင်ပေါက် ဖြစ်လိမ့်မည်ဟု လုံးဝ ယုံကြည်နိုင်စရာ အကြောင်းရှိမှာ မဟုတ်ချေ။ သို့သော်လည်း ထိုဝင်ပေါက်၏ အထက်ကောင်းကင်ယံတွင်မူ ဝုန်းဝုန်းတောက် လည်ပတ်နေသော မီးခိုးရောင်တိမ်တိုက်ကြီးများ ရှိနေကြလျက် စိတ်ဝိညာဉ်ချီများ ကြီးကျယ်ခမ်းနားစွာ စီးဆင်းနေပေသည်။ ၎င်းမြင်ကွင်းမှာ တွေ့မြင်ရသူတိုင်းကို ရင်ထဲ၌ စိမ့်ခနဲ အေးစက်သွားစေမည့် ထူးဆန်းလှသော နိမိတ်လက္ခဏာတစ်ခုအလား ဖြစ်နေ၏။

ပြင်ပမှ လှမ်းကြည့်မည် ဆိုပါက ထိုဝင်ပေါက်လမ်းကြောင်းမှာ မီတာသုံးဆယ်ခန့်သာ ကျယ်ဝန်းသော်လည်း သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ထိုးဖောက်စူးစမ်းကြည့်လိုက်သည့် အခါတွင်မူ ထိုတောင်ကြားအတွင်းပိုင်း မီတာသုံးရာခန့် အကွာအဝေးအထိသာ ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ ချောက်ကမ်းပါးကြီး၏ ပြင်းထန်လှသော အတားအဆီးတစ်ခုက သူ့အား ရှေ့ဆက်၍ စူးစမ်းခွင့်မပြုဘဲ ဟန့်တားထားခြင်းဖြစ်ရာ သူသည် ဟင်းလင်းပြင်အက်ကြောင်းများဟု ခေါ်ဆိုကြသော အရာများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့် မရရှိခဲ့ချေ။

ဟန်လိသည် သူ၏ စိတ်ဝိညာဉ်အာရုံကို အတင်းအကျပ် အသုံးပြု၍ ထိုအတားအဆီးကို အသာလေး ထိုးဖောက်ဖျက်ဆီးပစ်နိုင်စွမ်း ရှိသော်လည်း နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကဲ့သို့ အန္တရာယ်ကြီးမားလှသော နေရာတစ်ခု၌ ထိုသို့ပြုလုပ်ရန် တွန့်ဆုတ်နေခဲ့မိသဖြင့် သူ၏ စိတ်ဝိညာဉ်အာရုံကို သတိထားလျက် ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။ မကြာမီမှာပင် ဟန်လိသည် ထိုတောင်ပူစာလေးပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး မျက်လုံးပြန်မှိတ်ထား၏။

အချိန်က တရွေ့ရွေ့ ကုန်လွန်လာခဲ့ပြီး နေ့တစ်ဝက်ခန့် ကြာမြင့်ပြီးနောက်တွင်မူ ဟန်လိသည် ထိုနေရာ၌ ပိုမိုစုဝေးရောက်ရှိလာကြသော ကျင့်ကြံသူများ၏ အုပ်စုအတွင်းမှ ရင်းနှီးလှသော အော်ရာတစ်ခုကို ရုတ်တရက် အာရုံခံမိသွားသည်။

သူက စိတ်ထဲကနေ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ထိုသူတို့မှာ မည်သူမှန်း သိရှိသွားခဲ့သဖြင့် မျက်မှောင်ကြုတ်လိုက်မိတော့သည်။

ထိုအခိုက်အတန့်တွင် အနီးအနားမှ ကျင့်ကြံသူတစ်ဦး၏ ထိတ်လန့်တကြား အော်ဟစ်လိုက်သံမှာ ပဲ့တင်ထပ်သွား၏။ “မောက်လန်မျိုးနွယ်စုတွေ ရောက်လာကြပြီဟေ့... မောက်လန်မန္တာန်စစ်သည် တွေကလည်း နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲမှာ ရတနာတွေ လိုက်လံရှာဖွေချင်ကြတာပဲ”

ထိုအော်ဟစ်သံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝင်ပေါက်လမ်းကြောင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့ပြီး ဟန်လိသည်လည်း သူ၏ ရင်ထဲ၌ ထိတ်ခနဲ့ ဖြစ်သွားသေး၏။ သူ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့် အခါတွင်မူ သူတို့ရှိရာဘက်သို့ တဟုန်ထိုး ပျံသန်းလာနေသော ထူးဆန်းလှသည့် ပျံသန်းခြင်းရထားလုံးကြီးတစ်စင်းကို လှမ်းမြင်လိုက်ရသည်။ ထိုရထားလုံး၏ ကိုယ်ထည်မှာ လုံးဝန်းသော ပုံသဏ္ဌာန်ရှိပြီး မီတာခြောက်ဆယ်ကျော်ခန့် ရှည်လျားလှသည်။ ၎င်းထံမှ ငွေရောင်အလင်းတန်းများ လင်းလက်တောက်ပနေလျက် ရှိပြီး ၎င်း၏ ကိုယ်ထည်တစ်ခုလုံးတွင်လည်း မန္တာန်စာလုံး အမြောက်အမြားကို ရေးထွင်းထားပေသည်။ ထိုရထားလုံးပေါ်တွင် မောက်လန်ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် ကျင့်ကြံသူဆယ်ဦးကျော်ခန့် မတ်တပ်ရပ်နေကြလျက်ရှိပြီး သူတို့အားလုံးမှာ မောက်လန်မန္တာန်စစ်သည်များ ဖြစ်ကြမှန်း သံသယဖြစ်ဖွယ်မရှိ ရှင်းလင်းလှသည်။

ဟန်လိသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်သွားသော အမူအရာတစ်ခု ဖြစ်ပေါ်လာတော့သည်။ အတိတ်တုန်းက မောက်လန်မျိုးနွယ်စုဝင်များ ရောက်ရှိလာကြလိမ့်မည်ဟူသော ကောလဟလသတင်းများကို သူ ကြားသိခဲ့ဖူးသော်လည်း ၎င်းမှာ အမှန်တရား ဖြစ်လာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

ဘာပဲပြောပြော ကောင်းကင်တောင်ပိုင်းဒေသကြီးသည် မောက်လန်မျိုးနွယ်စုနှင့် ငြိမ်းချမ်းရေးစာချုပ် ပြုလုပ်ခဲ့ကြပြီ ဖြစ်သော်လည်း နယ်စပ်စစ်မြေပြင်တိုက်ပွဲတုန်းက နှစ်ဖက်စလုံး၌ ကြီးမားလှသော ထိခိုက်သေဆုံးမှုများ ရှိခဲ့ဖူးသည် မဟုတ်လား။ မောက်လန်မျိုးနွယ်စုသည် ဂိုဏ်းအမြောက်အမြားနှင့် နက်နဲလှသော အမုန်းတရားများကို ဖန်တီးခဲ့ဖူးပြီး ဤအမုန်းတရားများမှာ နှစ်ပေါင်းရာနှင့်ချီ၍ အချိန်မကုန်လွန်ဘဲနှင့်တော့ လွယ်လင့်တကူ ပြန့်ကြဲပျောက်ကွယ်သွားနိုင်စရာ အကြောင်းမရှိချေ။ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် မောက်လန်မျိုးနွယ်စုဝင်များသည် ကောင်းကင်တောင်ပိုင်းဒေသကြီး၏ အလယ်ဗဟိုချက်တည့်တည့်သို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်လာခဲ့ကြပြီး နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးအတွင်း၌ ရတနာရှာဖွေရန် ကြံစည်ဝံ့ကြခြင်းမှာ လုံးဝ စဉ်းစားရခက်လှသော အရာတစ်ခုပင် ဖြစ်၏။ သူတို့အနေဖြင့် နာကျည်းနေကြသော ကျင့်ကြံသူများက နောက်ကွယ်ကနေ လျှို့ဝှက်၍ လုပ်ကြံတိုက်ခိုက်ကြမှာကို နည်းနည်းလေးမျှ ကြောက်လန့်ခြင်း မရှိကြတာများလား။

ဟန်လိ ထိုသို့ တွေးတောနေဆဲမှာပင် ကြီးမားလှသော ရထားလုံးကြီးသည် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ ဝင်ပေါက်အထက်ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး အတွင်း၌ ပါလာကြသော မန္တာန်စစ်သည်များ၏ မျက်နှာများကိုပါ ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

ဟန်လိသည် ရှေ့ဆုံးမှ ဦးဆောင်လာကြသော ပုဂ္ဂိုလ်နှစ်ဦးကို လှမ်းကြည့်လိုက်မိပြီးမှ အရာရာကို သဘောပေါက်သွားတော့သည်။ ထိုကျွမ်းကျင်သူကြီး နှစ်ဦး ဦးဆောင်ပါလာခဲ့မှတော့ သူတို့အနေဖြင့် သာမန်ကျင့်ကြံသူများ၏ လက်စားချေလုပ်ကြံမှုများကို ကြောက်လန့်နေစရာ အကြောင်းမရှိတော့ချေ။ သို့သော်လည်း ဟန်လိ စဉ်းစားရခက်နေသည့် အချက်တစ်ခုမှာ ကောင်းကင်တောင်ပိုင်းဒေသကြီး၏ မဟာကျင့်ကြံသူကြီး သုံးဦးသည် သူတို့ကို ဤနေရာသို့ ဘာကြောင့်များ လွယ်လင့်တကူ ဝင်ရောက်ခွင့်ပြုခဲ့ကြသလဲ ဆိုသည့်အချက်ပင်။

သည်မန္တာန်စစ်သည်များကို ဦးဆောင်လာကြသော သူနှစ်ဦးမှာ ပညာရှိဟန်ပန်ရှိသည့် နတ်ဘုရားပညာရှိကျုံး နှင့် ရှေးဟောင်းမီးအိမ်ကို အမြဲတမ်း စောင့်ကြပ်လေ့ရှိသော မန္တာန်စစ်သည် သူတော်စင်မလဲ့ တို့ဖြစ်နေလေ၏။

သူတို့၏ပျံသန်းခြင်းရထားလုံးကြီးမှာ ဟန်လိနှင့် မလှမ်းမကမ်းတွင် ရှိသော တောင်ငယ်လေးတစ်လုံးပေါ်သို့ ဆင်းသက်လိုက်၏။ မန္တာန်စစ်သည်များအားလုံး ရထားလုံးအတွင်းမှ လှမ်းထွက်လာကြပြီးနောက်တွင် မန္တန်စစ်သည်လဲ့က ၎င်းရထားလုံးထံသို့ မန္တာန်ချိပ်ဟန်တစ်ခု ပစ်လွှတ်လိုက်ရာ ၎င်းမှာ အရွယ်အစား လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့ပြီ ဖြစ်သည်။

နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ ဝင်ပေါက်တွင် ရှိနေကြသော အခြားကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ကြရသည့်အခါ တုန်လှုပ်အံ့အားသင့်သွားကြရပြီး ဟန်လိကဲ့သို့ပင် ရင်ထဲ၌ အံ့ဩမှင်သက် သွားကြ၏။

ကျင့်ကြံသူအားလုံးမှာ ထိုမောက်လန်မျိုးနွယ်စုဝင်များ ရောက်ရှိလာမှုကို အေးစက်စက်နှင့် ရန်လိုသောအကြည့်များဖြင့် စိုက်ကြည့်နေကြစဥ်မှာပင် မိုးကုပ်စက်ဝိုင်းဆီမှ အလင်းတန်းများ ရုတ်တရက် ဝုန်းခနဲ လင်းလက်လာခဲ့ပြီး ကျင့်ကြံသူပေါင်း တစ်ရာကျော်ခန့် ပါဝင်သော အလင်းတန်းများမှာ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီး တည်ရှိရာဘက်သို့ တဟုန်ထိုး ပျံသန်းလာကြသည်။

“တစ္ဆေဝိညာဉ်ဂိုဏ်းက လူတွေပဲ...”

ခုရောက်လာသူများမှာ မည်သူမည်ဝါမှန်း သိကြသော ကျင့်ကြံသူများထံမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ကြပြီး မောက်လန်မျိုးနွယ်စုအပေါ်သို့ ကျရောက်နေခဲ့သော အာရုံစိုက်မှုများအားလုံးမှာ အပေါ်ဘက် ကောင်းကင်ယံထံ ချက်ခြင်း ပြောင်းလဲသွားတော့သည်။ ဟန်လိလည်း အများနည်းတူပင် အပေါ်သို့ မော့ကြည့်ပြီး အေးစက်စက်နှာမှုတ်လိုက်၏။

ထိုပျံသန်းလာကြသော အလင်းတန်းများ၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လှသည်ဟု မဆိုသာချေ။ သူတို့သည် တောင်ကြားဝင်ပေါက်၏ အထက်ကောင်းကင်ယံသို့ တည်ငြိမ်စွာ ရောက်ရှိလာခဲ့ကြပြီးနောက် ဝင်ပေါက်နှင့် မီတာသုံးရာခန့်အကွာ နေရာတစ်ခုသို့ ဆင်းသက်လိုက်ကြပသည်။

ယင်းအလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ထိုနေရာ၌ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် ကျင့်ကြံသူတစ်ရာကျော် ပေါ်ထွက်လာခဲ့ပြီး သူတို့အားလုံးမှာ တစ္ဆေဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြပေသည်။ သူတို့ကို ဦးဆောင်လာကြသော ရှေ့ဆုံးမှ ပုဂ္ဂိုလ်သုံးဦးမှာ ဟန်လိ၏ အာရုံကို ချက်ခြင်း ဖမ်းစားသွား၏။ သူသည် ဘယ်ဘက်ခြမ်းတွင် ရပ်နေသော ပုဂ္ဂိုလ်ကို ကောင်းကောင်း မှတ်မိနေခြင်းဖြစ်ပြီး ၎င်းမှာ တစ္ဆေဝိညာဉ်ဂိုဏ်း၏ ဒုဂိုဏ်းချုပ် ဝမ်ထျန်းကူပင်။ သူ့ရင်ထဲ ထိတ်ခနဲ့တော့ ဖြစ်သွား၏။ အခြား ဘယ်သူဘယ်ဝါ ပါသေးလဲကိုလည်း လူအုပ်ထဲ၌ သူ ရှာကြည့်၏။ ဝမ်ချန်နှင့်ယန်ရုယန်တို့ကိုလည်း သူ မြင်လိုက်ရသည်။

ဝမ်ချန်သည် လုံးဝ ကျန်းကျန်းမာမာ ရှိနေဆဲပုံရ၏။ သူ၏ ခြေလက်အင်္ဂါများအားလုံးမှာလည်း စုံလင်စွာ ရှိနေဆဲပင်။ ယန်ရုယန်၏ မျက်နှာထက်တွင်မူ အနည်းငယ် ဖြူဖပ်ဖြူရော ဖြစ်နေသော အမူအရာကို တွေ့မြင်နေရ၏။

'သူ့အနေနဲ့ ငါ့ရဲ့ ယင်မိစ္ဆာကွပ်မျက်ခြင်း တိုက်ကွက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့တာများလား... ဒါမှမဟုတ်ရင်လည်း သူ ပြတ်တောက်သွားတဲ့ ခြေလက်တွေကို ပြန်လည်ကုသပြီး ဖုံးကွယ်ထားတာ ဖြစ်မလား'

ဤကဲ့သို့သော အတွေးများမှာ ဟန်လိ၏ စိတ်အစဉ်အတွင်း လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သော်လည်း သူ့တွင် တိကျသောအဖြေတော့ ရှိမနေပေ။ သို့သော်လည်း ဟန်လိ၏ ခုလက်ရှိ စွမ်းရည်များနှင့် ဂုဏ်သတင်းအရဆိုလျှင် ဝမ်ချန်မှာ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ရန်ပင် မထိုက်တန်တော့ချေ။ ထို့ကြောင့် သူက ရှေ့ဆုံးမှ ဦးဆောင်လာသူနှစ်ယောက်ထံသို့သာ အာရုံစိုက်လိုက်၏။

ထိုကျင့်ကြံသူများ၏ အလယ်တွင် ရပ်နေသော ပုဂ္ဂိုလ်မှာ ခပ်ဖားဖား ဝတ်ရုံကြီးတစ်ခုကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ဦး ဖြစ်ပြီး သူ၏ ခက်ထန်လှသော မျက်နှာအမူအရာထက်တွင် သာမန်ထက် ထူးကဲလှသော အာဏာစက် အရှိန်အဝါ အပြည့် ထွက်ပေါ်နေသည်။ တချက်ကြည့်လိုက်ရုံမျှဖြင့်ပင် သူသည် ဤအဖွဲ့တစ်ခုလုံး၏ ခေါင်းဆောင် ဖြစ်မှန်း ပြောနိုင်သည်။ သူ၏ ညာဘက်ခြမ်းတွင်မူ ဖြူဖပ်ဖြူရော မျက်နှာနှင့် အဘိုးအိုတစ်ဦး ရပ်နေသည်။ ထိုသူတွင် စူးရှလှသော မျက်ဝန်းအစုံကိုလည်း ပိုင်ဆိုင်ထားပြီး သူ့ထံမှ ရက်စက်ဆိုးယုတ်လှသော အော်ရာတစ်ခု ထွက်ပေါ်လို့နေ၏။

သူတို့နှစ်ဦးစလုံးမှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ဟန်လိအနေဖြင့် သူတို့ကို မမြင်ဖူးထားပေ။ အတိတ်တုန်းက နယ်စပ်စစ်မြေပြင်တိုက်ပွဲတုန်းကလည်း ပါဝင်ခဲ့ကြဟန် မရချေ။ သို့ပေမည့် ထိုအဘိုးအို၏စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံမှုက ဟန်လိ၏အာရုံကို ဖမ်းစားနိုင်သည်သာ။

All Chapters