အခန်း ၈၀၆
Vol. 58 Ch. 806
အပိုင်း ၈၀၆ - တစ်လမ်းသွား တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်
တစ္ဆေဝိညာဉ်ဂိုဏ်းမှ တာအိုရသေ့ဝိညာဉ်ကြွေ ရောက်မလာခဲ့ခြင်းမှာ ဟန်လိအတွက် အတော်လေး အံ့အားသင့်စရာ ဖြစ်သွားရသည်။ သူ့အစား ဤမရင်းနှီးသော အဘိုးအိုတစ်ဦးက အစားထိုး ရောက်ရှိလာခြင်းပင် ဖြစ်၏။
သို့သော်လည်း တစ္ဆေဝိညာဉ်ဂိုဏ်းကဲ့သို့ ကြီးမားလှသော ဂိုဏ်းကြီးတစ်ဂိုဏ်းထံမှ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ သုံးဦးအထိ လှုပ်ရှားလာခြင်းမှာ အင်အားကောင်းကြောင်း ထုတ်ပြခြင်းပင်။။ သို့ပေမည့် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ကဲ့သို့ အန္တရာယ်ကြီးမားလှသော နေရာတစ်ခုကို စောင့်ကြပ်ရန်အတွက်မူ ဤအင်အားမှာ နည်းပါးနေသေးသည်ဟု ဆိုရမည်။ တစ္ဆေဝိညာဉ်ဂိုဏ်းအနေဖြင့် အခြားသော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင်းများ ရှိနေမလား။
ဟန်လိ ဤကိစ္စကို အတွေးများနေစဥ်မှာပင် တစ္ဆေဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူများသည် တောင်ကြား ဝင်ပေါက်၏ ပတ်ပတ်လည်တွင် အလျင်အစလို ပြန့်ကျဲနေရာယူလိုက်ကြပြီး ကြီးမားလှသော မန္တာန်အစီအရင်တစ်ခုကို စတင်ချခင်းနေကြသည်။ အနီးဝန်းကျင်ရှိ ကျင့်ကြံသူများမှာလည်း သူတို့ကို ဝင်ရောက်နှောင့်ယှက်ခြင်း မပြုကြဘဲ ဘေးကနေ၍သာ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။ မောက်လန်မန္တာန်စစ်သည်များသည်လည်း တစ်နေရာတည်းတွင် စုဝေးနေကြသည်။ သူတို့၏ ခေါင်းဆောင်များဖြစ်ကြသော ပညာရှိဟန်ပန်ရှိသည့် မျိုးရိုးအမည်ကျုံးနှင့် မန္တာန်စစ်သည်လဲ့ တို့သည် လက်ရှိတွင် တိုးညင်းသော လေသံဖြင့် တစ်စုံတစ်ခုကို တိုင်ပင်ဆွေးနွေးနေကြ၏။
ဟန်လိသည် ကြည်လင်ပြတ်သားသော မျက်ဝန်းအစုံ၊ တည်ငြိမ်လှသော မျက်နှာအမူအရာဖြင့် ထိုမန္တာန်အစီအရင်ကို စိုက်ကြည့်နေသည်။ သို့သော် ခဏအကြာတွင် ဟန်လိ၏ မျက်နှာအမူအရာမှာ မသိမသာ လှုပ်ရှားသွားပြီး ဇဝေဇဝါဖြစ်ဟန်ဖြင့် ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်မိသည်။
ထိုအခိုက်အတန့်တွင် အဝေးဆီမှ အလင်းတန်းတစ်ခု ဝုန်းခနဲ လင်းလက်လာခဲ့ပြီး စူးရှတောက်ပလှသော အဖြူရောင်အလင်းတန်းတစ်ခုမှာ လျှပ်စီးကြောင်းတစ်ခုအလား ကောင်းကင်ယံကို ဖြတ်သန်း၍ တဟုန်ထိုး ပျံသန်းလာခဲ့ကာ လမ်းခရီးတလျှောက်ရှိ တိမ်တိုက်များအားလုံးကို ကြီးကျယ်ခမ်းနားလှသော အရှိန်အဟုန်ဖြင့် ပြန့်ကြဲသွားစေတော့သည်။ ဤအချိန်တွင် အခြားကျင့်ကြံသူများသည်လည်း ဤတုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရပြီ ဖြစ်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဖြူရောင်အလင်းတန်းမှာ တောင်ကြားဝင်ပေါက်၏ အထက်ကောင်းကင်ယံသို့ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး အလင်းတန်းများ လွင့်ပြယ်သွားခဲ့ပြီးနောက် မိုးပြာရောင်ဝတ်စုံနှင့် အမူအရာကင်းမဲ့သော အဘိုးအိုတစ်ဦး ပေါ်ထွက်လာခဲ့သည်။
“ဝေဝူယာ ပေါ့...”
“သူလည်း ရောက်လာတာပဲလား”
“ကိုးပြည်ထောင်စုကလည်း နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲက ရတနာတွေကို ရယူဖို့ အသည်းအသန် ဖြစ်နေတာများလား”
အနီးဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိုအဘိုးအို၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည့်အခါ ဆူညံပွက်လောရိုက်သွားကြတော့သည်။ သို့သော်လည်း သူတို့ကို ပိုမို၍ အံ့အားသင့်သွားစေသည့် အချက်မှာ ဝေဝူယာသည် တစ္ဆေဝိညာဉ်ဂိုဏ်းသားများ၏ ရှေ့မှောက်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်ခြင်းပင် ဖြစ်၏။
မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာရှိသည့် တစ္ဆေဝိညာဉ်ဂိုဏ်း၏ သက်လတ်ပိုင်းအကြီးအကဲသည် ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ ပြုံးလိုက်ပြီး ဝေဝူယာကို ဂါဝရပြု နှုတ်ဆက်လိုက်ပေသည်။
“ညီအစ်ကိုဝေ... ခင်ဗျား နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့။ ကျုပ် ခင်ဗျားကို တခြား အရေးကြီးတဲ့ ကိစ္စရပ်တွေကြောင့် နှောင့်နှေးနေခဲ့တာလို့ ထင်နေတာ။ အကယ်လို့ အဲ့လိုသာဆို ကျုပ်တို့ ချောက်ကမ်းပါးထဲ ဝင်ရောက်မယ့် အချိန်ကို ရွှေ့ဆိုင်းရုံကလွဲလို့ အခြားရွေးချယ်စရာ ရှိမှာ မဟုတ်ဘူး”
“ကျုပ် တာအိုရောင်းရင်းဝမ်နဲ့ ကတိကဝတ်ပြုထားပြီးမှတော့ ကျုပ်စိတ်ကို လွယ်လင့်တကူ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတာက ပိုကောင်းလိမ့်မယ်။ တကယ်လို့ ချောက်ကမ်းပါးကြီးထဲမှာ ခင်ဗျားပြောခဲ့တဲ့ အရာတွေသာ မရှိနေဘူးဆိုရင်တော့ ကျုပ် သောင်ကြမ်းတဲ့အခါ အပြစ်မတင်လေနဲ့”
ဝေဝူယာသည် ထိုသက်လတ်ပိုင်းလူ၏ အပြုံးကို လုံးဝ လစ်လျူရှုထားသည်။ ဤသည်မှာ အံ့ဩစရာ မဟုတ်ချေ၊ ဘာပဲပြောပြော ကိုးပြည်ထောင်စုသည် မိစ္ဆာတာအိုနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ရှိမနေခဲ့ပေ။
“တာအိုရောင်းရင်း စိတ်အေးအေးထားပါ... ကျုပ် ခင်ဗျားကို လှည့်ဖြားဝံ့စရာ အကြောင်းမရှိပါဘူး” ထိုသက်လတ်ပိုင်းလူသည် ဝေဝူယာ၏ ရဲတင်းလှသော စကားလုံးများကို ဂရုမစိုက်ဟန်ပြုလျက် သူ့အား လှိုက်လှိုက်လှဲလှဲ ဆက်လက်ကြိုဆိုလိုက်ပေသည်။
ဤမြင်ကွင်းကြောင့် အနီးဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးမှာ အကြီးအကျယ် မှင်သက်သွားကြရတော့၏။ ဝေဝူယာသည် ကိုးပြည်ထောင်စု၏ ဘိုးဘေးကြီးတစ်ဦး ဖြစ်သော်လည်း ယခုအခါ မိစ္ဆာတာအိုနှင့် ပူးပေါင်းဆောင်ရွက်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဤသည်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရဘူးဆိုလျှင် မည်သူကများ ယုံကြည်နိုင်ပါ့မည်နည်း။
ဟန်လိသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိ၏။ အကယ်၍ သူသည် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးအတွင်း၌ တစ္ဆေဝိညာဉ်ဂိုဏ်းနှင့် ပဋိပက္ခဖြစ်ပွားခဲ့မည် ဆိုပါက ဝေဝူယာသည် သူတို့ဘက်ကနေ ရပ်တည်နေခြင်းဖြစ်၍ ထွက်ပြေးရန်သာ အကောင်းဆုံး ရွေးချယ်စရာ ရှိတော့ပေမည်။ ဤအချက်မှာ သူ၏ တွက်ချက်မှုများထဲမှ ကျော်လွန်နေသော အရာတစ်ခုပင် ဖြစ်၏။
ဟန်လိ ဤကိစ္စကို အတွေးပွားနေရင်း သူသည် မျိုးရိုးအမည်ကျုံးနှင့် နတ်ဘုရားပညာရှိကို မသိမသာ လှမ်း၍ အကဲခတ်ကြည့်ရှုလိုက်မိသည်။ အကယ်၍သာ အခြားသော စဦးစိတ်ဝိညာဉ်အဆင့်နှောင်းပိုင်း ကျင့်ကြံသူကြီးများ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ရောက်လာခြင်း မရှိဘူးဆိုပါက ဤနှစ်ဦးမှာ ကျင့်ကြံမှုအစွမ်း အမြင့်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပေလိမ့်မည်။
ထိုမောက်လန်နတ်ဘုရားပညာရှိသည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် ဝေဝူယာကို တည်ငြိမ်စွာဖြင့်သာ စိုက်ကြည့်နေပြီး သူ မည်သည်ကို တွေးတောနေမှန်း ခန့်မှန်းရန် ခက်ခဲလှပါဘိ။ မန္တာန်စစ်သည်လဲ့ကမူ ဤနေရာ၌ ဝေဝူယာ ပေါ်ထွက်လာမှုအပေါ် အနည်းငယ် အံ့အားသင့်သွားပုံ ပေါ်၏။
ဝေဝူယာ၏ ရောက်ရှိလာမှုမှာ လူအများအတွက် တုန်လှုပ်စရာ ဖြစ်ခဲ့ရသော်လည်း လက်ရှိရောက်ရှိနေကြသော ကျင့်ကြံသူများသည် တစ္ဆေဝိညာဉ်ဂိုဏ်းသားများ မန္တာန်အစီအရင် ချခင်းခြင်း ပြီးဆုံးသွားသည်အထိ ဆက်လက်၍ စောင့်ကြည့်နေကြသည်။
နေ့တစ်ဝက်ခန့် အချိန်ကုန်လွန်သွားပြီးနောက်တွင်မူ ထိုမန္တာန်အစီအရင်မှာ မီတာသုံးရာကျော်ခန့်အထိ ကြီးမားလာပြီး အတိုင်းအတာတစ်ခုအထိ ချခင်းပြီးစီးသွားခဲ့ပြီ ဖြစ်၏။ ဟန်လိသည် ၎င်းမန္တာန်အစီအရင်ကို သေချာစွာ စူးစမ်းကြည့်ရှုလိုက်ပြီးနောက် သူ့စိတ်ထဲ၌ စဉ်းစားမရ ဖြစ်နေ၏။
ထိုမန္တာန်အစီအရင်မှာ အတိတ်တုန်းက သူ သေသေချာချာ လေ့လာဖတ်ရှုဖူးခဲ့သည့် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရသော်လည်း အချို့သော နယ်ပယ်များတွင်မူ ရိုးစင်းအောင် ပြုလုပ်ထားခြင်း သို့မဟုတ် ပိုမိုရှုပ်ထွေးအောင် ပြုလုပ်ထားခြင်းမျိုး ကွဲပြားခြားနားချက် အနည်းငယ် ရှိနေပေသည်။ ၎င်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲထားမှန်း သိသာလှသည်။
ဟန်လိသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး ထိုမန္တာန်အစီအရင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိ၏။ သူ၏ မန္တာန်အစီအရင် အတတ်ပညာမှာ မြင့်မားလှသည် ဆိုသော်ငြားလည်း ဤမျှတိုတောင်းလှသော အချိန်ကာလအတွင်းမှာတော့ ၎င်း၏ လျှို့ဝှက်ချက်များကို အပြည့်အဝ ဖော်ထုတ်နိုင်စွမ်း မရှိသဖြင့် မျက်မှောင်ကြုတ်လျက်သာ အတွေးပွားနေမိတော့သည်။
နှစ်နာရီခန့် အချိန်ထပ်မံ ကုန်လွန်သွားပြီးနောက်တွင်မူ ထိုမန္တာန်အစီအရင်မှာ နောက်ဆုံး၌ အပြီးသတ် ချခင်းပြီးစီးသွားခဲ့ပြီဖြစ်ရာ တစ္ဆေဝိညာဉ်ဂိုဏ်းသားများသည် ၎င်း၏ ပတ်ပတ်လည်တွင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ကို စတင်၍ နေရာချနေကြပေသည်။ ဘေးတွင် ရပ်နေခဲ့သော ဝမ်ထျန်းကူသည် ရုတ်တရက် ဝေဝါးသွားခဲ့ပြီး မန္တာန်အစီအရင်၏ ဗဟိုချက်တည့်တည့်တွင် ပေါ်ထွက်လာခဲ့၏။ သည့်နောက် သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်ပေသည်။
ကျန်ရှိနေသော တစ္ဆေဝိညာဉ်ဂိုဏ်း၏ အကြီးအကဲ နှစ်ဦးမှာမူ ဝမ်ထျန်းကူ၏ ဤအပြုအမူအပေါ် နည်းနည်းလေးမျှ အံ့အားသင့်သွားဟန် မပြကြချေ။
ဝမ်ထျန်းကူသည် ထိုကျောက်စိမ်းသေတ္တာကို ဖွင့်လှစ်လိုက်ရာ အတွင်းမှ ရွှေဝါရောင် တောက်ပနေသော စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး ပေါ်ထွက်လာခဲ့၏။ ထိုစိတ်ဝိညာဉ်ကျောက်တုံးထံမှ ခမ်းနားထည်ဝါလှသော အလင်းတန်းများ ဖြာထွက်နေလျက်ရှိပြီး သေတ္တာအတွင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မယုံကြည်နိုင်လောက်အောင် အားကောင်းလှသော စိတ်ဝိညာဉ်ချီလှိုင်းများ လေထုထဲ၌ ပေါက်ကွဲထွက်လာ၏။
“အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးပဲ...”
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား ထအော်လိုက်သဖြင့် ကျင့်ကြံသူအားလုံးမှာ အံ့အားသင့်ကုန်ကြသည်။ ဟန်လိ၏ မျက်နှာအမူအရာမှာလည်း ဤသည်ကို ကြားလိုက်ရသည့်အခါ ချက်ခြင်းပင် ပြောင်းလဲသွားတော့၏။
သာမန်အားဖြင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး၏ ဝိညာဉ်စွမ်းအားမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာခန့်နှင့် ညီမျှပေသည်။ သို့သော်လည်း လက်တွေ့တွင်မူ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာခန့်၏ တန်ဖိုးမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး၏ တန်ဖိုးကို ဘယ်လိုမှ မယှဉ်နိုင်ချေ။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရရှိနိုင်ရန် အနည်းဆုံး အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် ပေးချေရမည်ဖြစ်ပြီး လောက၌ ရှားပါးလှ၍ ဝယ်ယူရန်လည်း ခက်သည်။
ဤသည်မှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တွင်းများမှာ အလွယ်တကူ ထောက်လှမ်းသိရှိနိုင်ခြင်းကြောင့်ပင် ဖြစ်၏။ ထိုသို့ သိရှိနိုင်ခြင်းကြောင့် လောက၌ အနှီကျောက်တွင်းများမှာ လုံးဝနီးပါး ကွယ်ပျောက်ကုန်ကြပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် ဤကျောက်တုံးမျိုးကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တွင်းများ၏ အနက်ရှိုင်းဆုံး နေရာများတွင်သာ ကြုံတောင့်ကြုံခဲ ရှာတွေ့နိုင်တော့သည်။
ကံဆိုးချင်တော့ ရှေးဟောင်းခေတ်မှ အစွမ်းထက်လှသော မန္တာန်အစီအရင်များနှင့် အတားအဆီးများစွာကို အသက်သွင်းရန်အတွက်မူ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို မရှိမဖြစ် အသုံးပြုရန် လိုအပ်ပေသည်။ သာမန်မန္တာန်အစီအရင်များပင်လျှင် ဤကျောက်တုံးများ၏ စွမ်းအားဖြင့် အသက်သွင်းမည် ဆိုပါက ၎င်းတို့၏ အစွမ်းမှာ ဆထက်တိုး၍ အားကောင်းသွားနိုင်သည်။ သည့်အပြင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် ကြီးမားလှသော ဝိညာဉ်စွမ်းအားများကိုပါ ထောက်ပံ့ပေးနိုင်စွမ်း ရှိပေသည်။ ရလဒ်အနေဖြင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများ၏ တန်ကြေးမှာ အလွန်တရာ မြင့်မားပြီး အချိန်ကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်တောင်ပိုင်းဒေသမှ လုံးဝနီးပါး ပြတ်လပ်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဒဏ္ဍာရီထဲက အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ အတွက်မူ ၎င်းတို့မှာ ရှေးဟောင်းခေတ်ကာလ မကုန်ဆုံးမီကတည်းက လောကမှ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ ယခုအခါ ပုံပြင်များထဲ၌သာ ကျန်ရှိပါတော့သည်။
ဟန်လိသည် ဝမ်ထျန်းကူက ထိုရွှေဓာတ်သဘာဝရှိ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးကို မန္တာန်အစီအရင်၏ ဗဟိုချက်တည့်တည့်တွင် သေချာ နေရာချနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ ရင်ထဲ၌ စိတ်အားထက်သန်မှုများ ဖြစ်ပေါ်လာမိသည်။ ဟန်လိသည် အတိတ်တုန်းက ကျင့်ကြံသူ အမြောက်အမြားကို ကွပ်မျက်ခဲ့ဖူးသော်လည်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးလောက်ပင် မရခဲ့ဖူးပေ။
သူသည် ဤကျောက်တုံးမျိုးကို ဈေးမြို့များ၌ ရှာဖွေရန် ကြိုးစားခဲ့လျှင်ပင် အချည်းနှီးသာ ဖြစ်လိမ့်မည်။ ဘာပဲပြောပြော အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ဂိုဏ်းကြီးအနည်းငယ်ကသာ အရေးကြုံလာပါက အသုံးပြုနိုင်ရန်အတွက် လျှို့ဝှက်စွာသိုလှောင်ထားကြတာ မဟုတ်လား။
ယခုအခါ တစ္ဆေဝိညာဉ်ဂိုဏ်းက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူအသုံးပြုလာခဲ့ပြီ ဖြစ်ရာ သူတို့သည် ဤကိစ္စကို အလွန်အရေးကြီးသည်ဟု သတ်မှတ်ထားမှန်း သိသာသည်။ သေချာတာကတော့ သည့်အတွက်ကြောင့်လည်း သူတို့သည် နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြားကို ဤမျှ ကြီးမားလှသော တန်ကြေးဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ရပေမည်။
ဝမ်ထျန်းကူသည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးကို သင့်တော်သော နေရာ၌ ချထားပြီးနောက်တွင် သက်လတ်ပိုင်းအကြီးအကဲ၏ ဘေးနားသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး တိုးညင်းသော လေသံဖြင့် စကားအနည်းငယ် ဆိုလိုက်ပေသည်။ ထိုသက်လတ်ပိုင်းကျင့်ကြံသူက ခေါင်းညိတ်ပြလိုက်ပြီးနောက် တစ္ဆေဝိညာဉ်ဂိုဏ်းသားများအားလုံးကို မန္တာန်အစီအရင်အတွင်းမှ နောက်ဆုတ်ကြရန် အမိန့်ပေးလိုက်တော့၏။ ထိုတပည့်များသည် အစီအရင်အတွင်းမှ ဆုတ်ခွာလာခဲ့ကြပြီးနောက် အစီအရင်အလံငယ်တစ်ခုစီကို အသီးသီး ထုတ်ယူလိုက်ကြပေသည်။
သူတို့သည် ကျွမ်းကျင်လှသည့်ဟန်ဖြင့် ထိုအလံများကို လေထဲသို့ ချက်ခြင်း မြှောက်တင်လိုက်ကြပြီး ထူးဆန်းလှသော အခင်းအကျင်းတစ်ခုအဖြစ် နေရာယူလိုက်ကြ၏။ ထိုအခိုက်အတန့်တွင် မန္တာန်အစီအရင်ကြီးမှာ စွမ်းအားများ စတင်စုဆောင်းနေသည့်အလား လင်းလက်တောက်ပလာတော့သည်။
'ဒီပုဂ္ဂိုလ်က တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ အစစ်အမှန်ဂိုဏ်းချုပ်များလား... မဟုတ်ရင် ဝမ်ထျန်းကူက ကျင့်ကြံမှုအဆင့် တူတူချင်းဖြစ်ပါလျက် သူ့အပေါ်ကို ဘာလို့ ဒီလောက်အထိ တလေးတစား ဖြစ်နေရတာလဲ'
ဟန်လိသည် ထိုသက်လတ်ပိုင်းကျင့်ကြံသူကို စိုက်ကြည့်နေမိရင်း စိတ်ထဲ၌ တွေးကြည့်နေ၏။
ထိုအခိုက်တွင် သက်လတ်ပိုင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်၌ အနက်ရောင်ချီထုများ ဝုန်းခနဲ ရစ်ခွေလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံသန်းတက်သွားခဲ့ပြီ ဖြစ်၏။ သူသည် မြေပြင်ပေါ်ရှိ ကျင့်ကြံသူများအားလုံးကို ဝေ့ခတ်ကြည့်ရှုလိုက်ပြီးနောက် ပြောဆိုသည်။ “ကျုပ်က တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ထျန်းရှန်း ပါ... ကျုပ် အပိုစကားတွေ အများကြီး မပြောတော့ပါဘူး။ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ရောက်နိုင်မယ့် လမ်းကြောင်းကို ကျုပ်တို့ အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါပြီ။ ဟင်းလင်းပြင်အက်ကြောင်းတွေက ကျုံ့ဝင်သွားခဲ့ပြီး တည်ငြိမ်နေတဲ့အတွက် ကျုပ်တို့ အခု ချောက်ကမ်းပါးထဲ ဝင်ရောက်နိုင်ပြီ။ ကျုပ်တို့ဂိုဏ်းက မန္တာန်အစီအရင်ဆရာသခင်များစွာဟာ ချောက်ကမ်းပါးကြီးထဲကို လွယ်လင့်တကူ ဝင်ရောက်နိုင်မယ့် သီးခြားတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို အချိန်အတော်ကြာအောင် ခေါင်းစားပြီး ဖန်တီးခဲ့ကြရတာ ဖြစ်တယ်”
“ဒါပေမဲ့လည်း ဤတည်နေရာရွှေ့ပြောင်းခြင်းဟာ အနည်းငယ်တော့ ထူးခြားမှု ရှိနေပါတယ်။ ဒါကို အသက်သွင်းဖို့အတွက် ရွှေဓာတ်သဘာဝရှိတဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို အသုံးပြုရတယ်။ ကျုပ်တို့ဂိုဏ်းအနေနဲ့ စေတနာရှေ့ထားခဲ့ပြီး နှမြောတသစွာနဲ့ ဒီကျောက်တုံးမျိုးကို ထုတ်ယူအသုံးပြုခဲ့တာ ဖြစ်ပေမဲ့ ကျုပ်တို့ ခေါ်ဆောင်သွားနိုင်မယ့် လူအရေအတွက်အပေါ်မှာတော့ ကန့်သတ်ချက် ရှိနေပါတယ်။ ခင်ဗျားတို့ ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြား ရှိနေသရွေ့ ဒီမန္တာန်အစီအရင်ကို အသုံးပြုပြီး ချောက်ကမ်းပါးထဲ ဝင်ရောက်ခွင့် ရှိပါတယ်... ဒါ့ကြောင့် တာအိုရောင်းရင်းတို့အနေနဲ့ ကျုပ်အပေါ်ကို အပြစ်မတင်ကြဖို့ မျှော်လင့်ပါတယ်”
“ကျုပ် အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောပြရမယ့် အခြားအကြောင်းအရာတွေလည်း ကျန်သေးတယ်။ ဒါဟာ တစ်လမ်းသွားတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ တည်နေရာရွှေ့ပြောင်းမယ့် နေရာအတိအကျကို သတ်မှတ်ထားလို့ မရတာကြောင့် ကျင့်ကြံသူတွေအနေနဲ့ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုထဲကို မတော်တဆ ရောက်ရှိသွားနိုင်မယ့် အခွင့်အရေး အနည်းငယ်တော့ ရှိနေပါတယ်။ တကယ်လို့ အဲ့လိုမျိုး ဖြစ်လာခဲ့ရင် ခင်ဗျားတို့ကံဆိုးလို့သာ မှတ်ပါ။ ကျုပ်တို့ဂိုဏ်းအနေနဲ့ တာဝန်ယူပေးနိုင်မှာ မဟုတ်ပါဘူး။ ဘာပဲပြောပြော ဒီတည်နေရာရွှေ့ပြောင်းခြင်း နည်းလမ်းဟာ ပြီးပြည့်စုံအောင် သုတေသနပြုထားတာ မဟုတ်ဘဲ အလျင်စလို ဖန်တီးခဲ့ရတာဖြစ်လို့ ဘာပဲဖြစ်ဖြစ် အန္တရာယ်ကတော့ ရှိနေဦးမှာပါ။ ဒီအန္တရာယ်ကို မစွန့်စားဝံ့တဲ့သူတွေအနေနဲ့ ကျုပ်တို့ဂိုဏ်းရဲ့ အစီအရင်ကို အသုံးမပြုကြပါနဲ့။ ဒါ့အပြင် ခင်ဗျားတို့ဆီမှာ နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြား မရှိဘူးဆိုရင်တော့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ဖို့ မကြံစည်ကြပါနဲ့။ တံဆိပ်ပြားရှိတဲ့သူတွေအားလုံး တည်နေရာရွှေ့ပြောင်းပြီးတာနဲ့ ဒီမန္တာန်အစီအရင်ကို ချက်ခြင်း ဖျက်ဆီးပစ်မှာ ဖြစ်လို့ပါ”
ထိုသက်လတ်ပိုင်းကျင့်ကြံသူသည် ဤစကားများကို ကျယ်လောင်စွာ ပြောဆိုခြင်းမရှိသော်လည်း တောင်ကြားဝင်ပေါက်ရှိ လူတိုင်းမှာမူ ရှင်းလင်းစွာ ကြားရသည်။ ထိုအခိုက်တွင် ကျင့်ကြံသူအားလုံးမှာ တီးတိုးပြောကြဆိုကြ၏။ သူတို့က ဤကိစ္စရပ်ကို အသံလွှင့်မန္တာန်များ အသုံးပြု၍ အသည်းအသန် ဆွေးနွေးတိုင်ပင်လိုက်ကြသည်။
လူအုပ်ထဲမှ လူငယ်တစ်ဦး၏အသံ ရုတ်တရက် ထွက်ပေါ်လာ၏။
“ကျုပ်တို့ အထဲကို ဝင်ဖို့ ဒီအစီအရင်ကို အသုံးပြုတာကတော့ ဟုတ်ပါပြီ။ ပြန်ထွက်ဖို့ကျတော့ကော။ ခင်ဗျားတို့ဂိုဏ်းအနေနဲ့ အတွင်းပိုင်းထဲမှာ အခြားမန္တာန်အစီအရင်တစ်ခုကို ထပ်ပြီးတော့ ချခင်းပေးထားဦးမှာလား”
ဤမေးခွန်းကို မေးမြန်းလိုက်သည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူ အမြောက်အမြားမှာ ခေါင်းညိတ်ပြကာ ထောက်ခံလိုက်ကြသည်။ ဟန်လိကမူ ဤမေးခွန်းကို ကြားရသည့်အခါ အေးစက်စွာသာ ပြုံးလိုက်မိ၏။
ဝမ်ထျန်းရှန်းက အမူအရာကင်းမဲ့စွာဖြင့်ပင် ပြန်ဖြေကြားလိုက်သည်။
“ဒါကို တာအိုရောင်းရင်းတို့အနေနဲ့ စိုးရိမ်ပူပန်နေဖို့ မလိုအပ်ပါဘူး။ ကျုပ် သိရှိထားသလောက်ဆိုရင်တော့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီးထဲမှာ ရှေးဟောင်းအတားအဆီးတွေ အမြောက်အမြား တည်ရှိနေတာဖြစ်လို့ အတွင်းထဲ ဝင်ရောက်ဖို့ကသာ ခက်ခဲတာဖြစ်ပြီး အပြင်ကို ပြန်လည်ထွက်ခွာဖို့အတွက်ကတော့ ဘာအတားအဆီးမှ ရှိနေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ချောက်ကမ်းပါးကြီးရဲ့ အတွင်းထဲမှာ ကောင်းမွန်စွာ ကျန်ရှိနေသေးတဲ့ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် အပြင် ပြန်ထွက်လာဖို့ဆိုတာ အလွန်တရာ ရိုးစင်းလှတဲ့ ကိစ္စတစ်ခုပါပဲ”