← Chapters

အခန်း ၈၀၇

Vol. 58 Ch. 807

အခန်း ၈၀၇

Vol. 58 Ch. 807

အပိုင်း ၈၀၇ - ချောက်ကမ်းပါးထဲသို့ ဝင်ရောက်ခြင်း

တစ္ဆေဝိညာဉ်ဂိုဏ်းဂိုဏ်းချုပ်ကြီး၏ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များနှင့် ပတ်သက်သော စကားများကို ကြားသိလိုက်ရပြီးနောက်တွင်မူ ကျင့်ကြံသူ အနည်းငယ်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသော်လည်း ကျန်ရှိသောသူများကမူ ခုထက်ထိ သံသယဝင်နေကြဆဲ ဖြစ်သည်။ ဘာပဲပြောပြော နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီး၏ အတွင်းပိုင်း အခြေအနေအမှန်ကို သေသေချာချာ သိရှိနားလည်ကြသူဟူ၍ လောက၌ အလွန်တရာ ရှားပါးလှသည် မဟုတ်လား။

“လူတိုင်း စိတ်အေးလက်အေး ရှိစေဖို့အတွက်... ကျုပ်က ချန်အာနဲ့ယန်ရုယန်တို့ကို အရင်ဆုံး ဖြတ်သန်းသွားခိုင်းလိုက်ပါ့မယ်။ အဲ့နောက်မှ ကျန်တဲ့သူတွေအားလုံး လိုက်လာနိုင်ပါတယ်” ဝမ်ထျန်းရှန်းသည် စကားကို အဆုံးသတ်လိုက်ပြီးနောက် လက်ဝှေ့ယမ်းလျက် ဝမ်ချန်နှင့်ယန်ရုယန် တို့အား အချက်လှမ်းပြသည်။

ငွေရောင်မျက်နှာဖုံးဝတ်ထားသည့် ဝမ်ချန်နှင့် ယန်ရုယန် တို့သည် မန္တာန်အစီအရင်၏ ဗဟိုချက်ဆီသို့ လျှောက်လှမ်းသွားခဲ့ကြပြီး စဦးစိတ်ဝိညာဉ်အလယ်အလတ်အဆင့်ရှိသော အဘိုးအို၏ ဘေးနားတွင် ယှဉ်တွဲ၍ မတ်တပ်ရပ်လိုက်ကြသည်။

ဝမ်ထျန်းရှန်းက အမိန့်ပေးလိုက်ပြီးသည်နှင့် မနှေးမနှောင်းမှာပင် ကျင့်ကြံသူများသည် အစီအရင်အလံများကို မြေပြင်သို့ တစ်ပြိုင်နက်တည်း ညွှန်ပြ၏။ လက်မောင်းခန့် တုတ်ခိုင်လှသော သက်တံရောင် အလင်းတန်းကြီးတစ်ခုမှာ မန္တာန်အစီအရင်၏ နေရာအနှံ့အပြားသို့ တဟုန်ထိုး တိုးဝင်သွားတော့သည်။ ရုတ်တရက်ဆိုသလို မန္တာန်အစီအရင်တစ်ခုလုံးသည် တဝီဝီ မြည်ဟီးလာပြီး ၎င်း၏ ပတ်ပတ်လည်တွင် ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံးများမှာလည်း စူးရှတောက်ပစွာ လင်းလက်လာခဲ့ပြီ ဖြစ်၏။

ဤမြင်ကွင်းကြောင့် အနီးဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ရင်ထဲ၌ ထိတ်ခနဲ လှုပ်ရှားသွားကြသော်လည်း ဝမ်ထျန်းရှန်းကမူ သူတို့ကို နည်းနည်းလေးမျှ အာရုံစိုက်ခြင်း မပြုချေ။ သည့်နောက် ဝမ်ထျန်းကူသည် သူနှင့်အတူ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ရှစ်ဦးကို ခေါ်ဆောင်ကာ မန္တာန်အစီအရင်ရှိရာဘက်သို့ လျှောက်လှမ်းလာခဲ့သည်။

ထိုအခိုက်အတန့်တွင် အခြားကျင့်ကြံသူများသည် ဤမန္တာန်အစီအရင်ကြီးမှာ အလွန်တရာ ကြီးမားခမ်းနားလှသည်ဟု ထင်မှတ်ရသော်လည်း လက်တွေ့၌မူ တစ်ကြိမ်လျှင် လူသုံးဦးကိုသာ သယ်ဆောင်နိုင်ပြီး တည်နေရာရွှေ့ပြောင်းပေးနိုင်စွမ်း ရှိမှန်း ရှင်းလင်းစွာ မြင်တွေ့ရသည်။ ရလဒ်အနေဖြင့် တစ္ဆေဝိညာဉ်ဂိုဏ်းသားများသည် ဤချောက်ကမ်းပါးထဲသို့ အသုတ်လိုက် ခွဲခြား၍သာ တည်နေရာရွှေ့ပြောင်း ဝင်ရောက်ကြရမည် ဖြစ်၏။

တစ္ဆေဝိညာဉ်ဂိုဏ်းသားများ အရင်စလှုပ်ရှားတာ မြင်သည့်အခါ အခြားကျင့်ကြံသူများသည်လည်း သူတို့နောက်သို့ လိုက်ပါရန် စိတ်အားထက်သန်လာသည်။ သို့သော်လည်း ကျင့်ကြံသူများ၏ သဘာဝအရ သူတို့သည် ကောက်ကျစ်ပြီး သတိကြီးကြသူများ ဖြစ်၏။ အချိန်တစ်ခုကြာသည်အထိ မည်သူမျှ ရှေ့သို့ ရဲရဲဝံ့ဝံ့ လှမ်းမထွက်ဝံ့ကြသေးဘဲ အခြားသူများ အရင်ဦးစွာ စမ်းသပ်ဝင်ရောက်တာကို စောင့်ကြည့်ချင်ကြသည်။ မည်သို့ပင်ဖြစ်စေ တစ္ဆေဝိညာဉ်ဂိုဏ်း၏ ဂုဏ်သတင်းမှာ လောက၌ သိပ်ပြီး ကောင်းမွန်လှသည်မဟုတ်ရာ အနည်းငယ်မျှ ပေါ့ဆမိရုံနှင့်ပင် အသက်ဆုံးရှုံးသွားနိုင်သည် မဟုတ်လား။

ဟန်လိသည် တောင်ပူစာလေးပေါ်မှ ထရပ်လိုက်ပြီး ဤမြင်ကွင်းကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ရန် အကဲခတ်ကြည့်ရှုလိုက်၏။

ဝမ်ထျန်းရှန်းသည် ကျင့်ကြံသူများ၏ တုံ့ပြန်မှုများကို မြင်တွေ့လိုက်ရသည့်အခါ အေးစက်စွာ လှောင်ရယ်လိုက်ပြီး သူ၏ လက်မောင်းနှစ်ဖက်ကို ကောင်းကင်ယံသို့ ပင့်မြှောက်လိုက်သည်။ သူ၏ အထက်ကောင်းကင်ယံမှာ စတင်၍ လှုပ်ခတ်လာခဲ့ပြီး တောင်ကြားတစ်ခုလုံး၏ ပတ်ဝန်းကျင်မှာလည်း တဖြည်းဖြည်းချင်း ပိုမို၍ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ဤကဲ့သို့သော အနေရခက်လှသည့် အခြေအနေအောက်၌ပင် မောက်လန်မျိုးနွယ်စုဝင်များသည် စတင်၍ လှုပ်ရှားလာခဲ့ကြပြီ ဖြစ်၏။ မောက်လန်မန္တာန်စစ်သည် ဆယ်ဦးကျော်ခန့်မှာ ပညာရှိဟန်ပန်ရှိသည့် မျိုးရိုးအမည်ကျုံးနှင့် အမျိုးသမီးလဲ့တို့၏ အနောက်မှနေ၍ ကြီးမားလှသော မန္တာန်အစီအရင်ကြီးရှိရာသို့ တိတ်ဆိတ်စွာ လျှောက်လှမ်းလာသည်။

ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ထျန်းရှန်း၏ မျက်နှာထက်တွင် အနက်ရောင်ချီထုတစ်ခု ဖျတ်ခနဲ လှုပ်ခတ်သွားခဲ့သော်လည်း လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားသည်။ နှုတ်နည်းသောဝေဝူယာကတော့ အကြီးအကဲကျုံးကို တည်ငြိမ်စွာဖြင့် စိုက်ကြည့်နေသည်။

မောက်လန်မန္တာန်စစ်သည်များ မန္တာန်အစီအရင်အတွင်းသို့ မဝင်ရောက်မီမှာပင် အကြီးအကဲကျုံးသည် သူ၏ အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ၎င်းအတွင်းမှ မိုးပြာရောင် အလင်းတန်း ဆယ်ခုကျော်မှာ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံသန်းတက်သွား၏။

ထိုအခါ ဝမ်ထျန်းရှန်းသည် အမူအရာကင်းမဲ့စွာဖြင့်ပင် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုအလင်းတန်းများကို ဖမ်းယူ၏။ ၎င်းတို့မှာ နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြားများပင်။

ဝမ်ထျန်းရှန်းသည် အတိတ်တုန်းက နယ်စပ်စစ်မြေပြင်တိုက်ပွဲ၌ ပါဝင်ဆင်နွှဲခဲ့ခြင်း မရှိသော်လည်း ဤမောက်လန်မဟာပညာရှိကြီး၏ အဆင့်အတန်းအမှန်ကို ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ သို့ဖြစ်၍ သူက သက်ပြင်းတစ်ချက်ကို အသာလေးချလိုက်ပြီး ခပ်ဖြည်းဖြေး ပြောလိုက်၏။ “ကောင်းပါပြီ... အရေအတွက်ကတော့ လုံလောက်ပါတယ်။ ကျေးဇူးပြုပြီး အတွင်းထဲ ဝင်ရောက်နိုင်ပါပြီ”

နတ်ဘုရားပညာရှိကျုံးက ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင်မူ သူ၏အနောက်မှ မန္တာန်စစ်သည်အချို့မှာ လှုပ်ရှားလာခဲ့ကြပြီး မန္တာန်အစီအရင်အတွင်းသို့ ဝင်ရောက်သွားတော့သည်။ ရုတ်တရက်ဆိုသလို ကောင်းကင်ယံ၌ ပျံဝဲနေကြသော တစ္ဆေဝိညာဉ်ဂိုဏ်းတပည့်များသည် အစီအရင်ကို အသက်သွင်းလိုက်ကြပြီး မောက်လန်မန္တာန်စစ်သည်များကို သုံးဦးတစ်သုတ်နှုန်းဖြင့် တောင်ကြားအတွင်းသို့ တည်နေရာရွှေ့ပြောင်း ပို့ဆောင်ပေးကြသည်။

အကြီးအကဲကျုံးသည် မန္တာန်အစီအရင်အတွင်းသို့ လှောက်လှမ်းဝင်ရောက်သွားချိန်တွင် ဝေဝူယာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“တကယ်လို့ ဒီတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရဲ့ ပစ်မှတ်နေရာဟာ တကယ့်ကိုပဲ ကျပန်းဖြစ်နေမယ်ဆိုရင်တော့... ခင်ဗျားတို့ဂိုဏ်းရဲ့ တပည့်တွေဟာ ကျုပ်တို့နဲ့ လမ်းခရီးမှာ မဆုံတွေ့မိကြဖို့ ဆုတောင်းထားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်”

ဝေဝူယာသည် နည်းနည်းလေးမျှ ကြောက်လန့်ဟန်မပြဘဲ မောက်လန်ပညာရှိကြီးကို စိုက်ကြည့်ကာ ပြန်တုံ့ပြန်၏။

“လောကကြီးမှာ အဘက်ဘက်က အဆင်ပြေချောမွေ့တယ်ဆိုတာ ဘယ်ရှိပါ့မလဲ။ အဲ့လိုမျိုး တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင်လည်း ကောင်းကင်ဘုံရဲ့အလိုတော်အတိုင်းပေါ့လေ”

“ကောင်းကင်ဘုံရဲ့ အလိုတော် ဟုတ်လား... ဟားဟား၊ ဟုတ်ပါပြီ…အဲ့လိုပဲ ထားလိုက်ပါတော့” နတ်ဘုရားပညာရှိကျုံးသည် အေးစက်စွာ လှောင်ရယ်လိုက်ပြီးနောက် သူ၏ သိုင်းဂျူနီယာ နှစ်ဦးနှင့်အတူ အဖြူရောင်အလင်းတန်းတစ်ခုအတွင်း ပျောက်ကွယ်သွားလေ၏။

ထိုပုဂ္ဂိုလ်များ ထွက်ခွာသွားပြီးနောက်တွင် ဝမ်ထျန်းရှန်းသည် ဗလာဖြစ်ကျန်နေခဲ့သော မန္တာန်အစီအရင်ကို မျက်မှောင်ကြုတ်လျက် တစ်ချက်လှမ်းကြည့်လိုက်မိ၏။

အခြားကျင့်ကြံသူများသည် မောက်လန်မျိုးနွယ်စုဝင်များ ဤတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဘေးကင်းလုံခြုံစွာ အသုံးပြုသွားနိုင်သည်ကို မြင်တွေ့လိုက်ကြရသည့်အခါ သူတို့၏ တည်ငြိမ်မှုများကို ဆက်လက်မထိန်းထားနိုင်ကြတော့ချေ။ ကျင့်ကြံသူ အမြောက်အမြားသည် သူတို့၏ နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြားများကို အလျင်အမြန် ထုတ်ယူလိုက်ကြပြီး မန္တာန်အစီအရင်ရှိရာဘက်သို့ လှောက်လှမ်းလာသည်။

မိနစ်အနည်းငယ်အတွင်း ထိုမန္တာန်အစီအရင်ကြီးထံမှ အလင်းတန်းများ အကြိမ်ကြိမ် လင်းလက်သွားခဲ့ပြီး ကျင့်ကြံသူပေါင်း သုံးရာကျော်ခန့်ကို နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီးအတွင်းသို့ အောင်မြင်စွာ တည်နေရာရွှေ့ပြောင်း ပို့ဆောင်ပေးလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းပမာဏမှာ နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြား စုစုပေါင်းအရေအတွက်၏ လေးပုံတစ်ပုံခန့် ရှိသည်။ မန္တာန်အစီအရင်၏ ဗဟိုချက်တွင် ရှိနေသော အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး အတွက်မူ ၎င်းထံမှ အလင်းရောင်များမှာ စတင်၍ မှေးမှိန်လာခဲ့ပြီဖြစ်ပြီး ဝိညာဉ်စွမ်းအားများလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေချေပြီ။

ဟန်လိသည် တောင်ပူစာလေးပေါ်တွင် မတ်တပ်ရပ်နေရင်းကနေ ဤမြင်ကွင်းတစ်ခုလုံးကို မထူးခြားနားသော မျက်နှာထားဖြင့် စောင့်ကြည့်နေခဲ့ပြီး ချောက်ကမ်းပါးထဲ ဝင်ရောက်သွားကြသော ကျင့်ကြံသူများအားလုံးကို စိတ်ထဲကနေ မှတ်သားထားလိုက်သည်။

ဟန်လိ၏ အကြည့်မှာ မန္တာန်အစီအရင်ဆီသို့ ချဉ်းကပ်လာနေကြသော အစိမ်းရောင်ဝတ်စုံနှင့်ကျင့်ကြံသူ ခြောက်ဦးထံသို့ ရုတ်တရက် ကျရောက်သွားသည်။ သူတို့ကို ဦးဆောင်လာသူမှာမူ ဟန်လိအနေဖြင့် အမြင်ကောင်းမရှိသည့် သားရဲဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သူ တုန်းမန်ထူပင်။ သူတို့နှစ်ဦးစလုံးသည် အတိတ်တုန်းက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူးခြင်းမျိုး မရှိခဲ့ကြသော်လည်း ဟန်လိသည် မောက်လန်သူလျှိုဖြစ်သူ ကူးရွှမ်းဖူ ၏ ကိစ္စရပ်တွင် ဤပုဂ္ဂိုလ် ပါဝင်ပတ်သက်ခဲ့ဖူးမှန်း သိရှိထားသဖြင့် သူ့ကို အထူးသတိထားရမည်ဟု ခံစားနေရခြင်းပင်။ သို့သော်လည်း လက်ရှိတွင် သူ့အနေအထားဖြင့် ထိုသူ့ကို သိပ်ဂရုစိုက်နေရန် မလိုတော့ပေ။

ထိုအခိုက်အတန့်တွင် တုန်းမန်ထူ၏ဘေးမှ ကျင့်ကြံသူငါးဦးက ဟန်လိထံ လှမ်းကြည့်လာကြသည်။

တစ်ချိန်တည်းမှာပင် ဟန်လိ၏ ခန္ဓာကိုယ်အတွင်း၌ ပေါင်းစပ်ထားဆဲဖြစ်သော ဒုတိယစဦးစိတ်ဝိညာဉ်မှာ ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားရုန်းကန်လာ၏။ ဟန်လိသာ အချိန်မီ သတိမထားမိဘဲ သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အတင်းအကျပ် ဖိနှိပ်မပစ်ခဲ့ဘူးဆိုပါက ၎င်းမှာ သူ၏ခန္ဓာကိုယ်ပြင်ပသို့ အလိုအလျောက် ပေါ်ထွက်လာနိုင်ချေ ရှိနေသဖြင့် သူ၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရတော့သည်။

ထိုအခိုက်အတန့်မှာပင် ဟန်လိသည် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ထိုကျင့်ကြံသူငါးဦးကို သေသေချာချာ အကဲခတ် ကြည့်ရှုသည်။

“ဓာတ်သဘာဝ ဝိညာဉ်သန္ဓေသားတွေပါလား...”

ဤစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ငါးဦးတို့သည် သူ့ဒုတိယစဦးစိတ်ဝိညာဉ်နှင့် တူညီလှသည်ဟူသော ထူးဆန်းလှသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ ထိုသူများ ဘယ်ကဘယ်လို ထွက်ပေါ်လာမှန်း မသိရသောကြောင့် ဟန်လိသည် သူတို့ကို မျက်လုံးမှေးစင်း၍ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

တုန်းမန်ထူသည်လည်း သူ၏ အစောင့်အကြပ်များ ထူးဆန်းစွာ ပြုမူနေကြသည်ကို သတိပြုမိသွားခဲ့ပြီး ဟန်လိထံ အလျင်အမြန် လှည့်ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်ချင်းမှာ လေထုထဲ၌ ဆုံစည်းသွားကြသည်။

တုန်းမန်ထူ၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်သွားသော အမူအရာတစ်ခု ဖျတ်ခနဲ ဖြစ်ပေါ်သွားသော်လည်း သူသည် ဘာမှမဖြစ်ခဲ့သည့်အလား ခေါင်းကို ချက်ခြင်းပြန်လှည့်လိုက်ပြီး မန္တာန်အစီအရင်အတွင်းသို့ လျှောက်လှမ်းလာသည်။ ဝမ်ထျန်းကူက တုန်းမန်ထူ၏ ဘေးပတ်လည်တွင် အခြားသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ငါးဦးအထိ လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ တုန်လှုပ်သွားမိ၏။

ဝေဝူယာသည်လည်း ထိုငါးဦးကို သေချာအကဲခတ် ကြည့်ရှုလိုက်ပြီး စဉ်းစားကြည့်နေသည်။

ထိုစဉ် ဝမ်ထျန်းရှန်းက လေးနက်လှသော လေသံဖြင့် လှမ်းမေးလိုက်တာကို ဟန်လိ ကြားလိုက်ရ၏။ “ညီအစ်ကိုတုန်းမန်... ဒီတာအိုရောင်းရင်းများက ကျုပ် အရင်က မမြင်ဖူးခဲ့ပါလား။ ကျုပ်ကို သူတို့နဲ့ မိတ်ဆက်ပေးလို့ ရနိုင်မလား”

တုန်းမန်ထူသည် ပါးနပ်လှသူပီပီ ပေါ့ပေါ့ပါးပါးပင် ပြန်လည်တုံ့ပြန်လိုက်ပေသည်။ “နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီးရဲ့ အရေးကိစ္စတွေ ပြီးဆုံးသွားတဲ့အခါကျရင်တော့ ကျုပ် ဒီကိစ္စကို အားတက်သရော ပြောပြပေးပါ့မယ်”

ဝမ်ထျန်းရှန်းသည် စိတ်ထဲကနေ သူ့ကို ကျိန်ဆဲလိုက်၏။ တုန်းမန်ထူ အမှန်အတိုင်း ပြောပြလိမ့်မည်မဟုတ်မှန်း သူ သေချာသိသည်။ သူသည် ဤကိစ္စကို ဇာထပ်ချဲ့မနေတော့ဘဲ သူ၏ တပည့်များအား ထိုစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူခြောက်ဦးကို နှစ်သုတ်ခွဲ၍ တည်နေရာရွှေ့ပြောင်း ပို့ဆောင်ပေးရန် အမိန့်ပေးလိုက်တော့သည်။ တုန်းမန်ထူသည် တည်နေရာရွှေ့ပြောင်းခါနီးတွင် ဟန်လိ ရှိရာဘက်သို့ ကောက်ကျစ်သည့်အကြည့်ဖြင့် မသိမသာ လှမ်းကြည့်ခဲ့သေးသည်။

ထိုသူ၏အပြုအမူမှာ လျှို့ဝှက်လွန်းသော်ငြား ဟန်လိသည် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ရှင်းလင်းစွာ သိမြင်၏။ ကြည့်ရသည်မှာ တုန်းမန်ထူသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော ဝိညာဉ်သန္ဓေသား ဝါ ဒုတိယမြောက်စဦးစိတ်ဝိညာဉ်ကို အာရုံခံမိသွားပုံရသည်။ ဤအချက်မှာ အတော်လေး ဒုက္ခများလှပေသည်။ ထိုဓာတ်သဘာဝ ဝိညာဉ်သန္ဓေသားများသာ သူ့နောက်သို့ လိုက်ပါလာခဲ့မည် ဆိုပါက သူ့အတွက်ခက်ခဲနိုင်သည်။ ကံဆိုးတာက သူ၏ သစ်သားဝိညာဉ်သန္ဓေသားမှာ ခုထက်ထိ သူနှင့် အပြည့်အဝ မပေါင်းစပ်ရသေးခြင်းပင်။ ကြည့်ရသည်မှာ ဟန်လိအနေဖြင့် ချောက်ကမ်းပါးထဲ ရောက်ရှိသွားသည့်အခါ ပိုမို၍ သတိထားရတော့မည်။

တုန်းမန်ထူ တည်နေရာရွှေ့ပြောင်းသွားပြီးပြီးချင်းမှာပင် သူတို့၏ နောက်ကွယ်၌ အခြားသော ကျင့်ကြံသူ သုံးဦး ပေါ်ထွက်လာပြန်သည်။ ဟန်လိသည် သူတို့ကို မြင်သည်နှင့် စိတ်မကောင်းစွာ မချိပြုံးပြုံးမိ၏။ ထိုသူတို့မှာ သူ့စီနီယာအစ်ကိုချန်းနှင့် သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေကြသော အခြားစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦး ဖြစ်နေကြသောကြောင့်ပင်။

ဟန်လိသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိပြီး ထိုသုံးဦး တောင်ကြားအတွင်းသို့ တည်နေရာရွှေ့ပြောင်းသွားသည်ကို စောင့်ကြည့်နေလိုက်မိ၏။ သည့်နောက် သူ၏ အာရုံစိုက်မှုမှာ မန္တာန်အစီအရင်၏ ဗဟိုချက်တွင် ရှိနေသော အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးထံသို့ ရောက်ရှိသွားသည်။ ၎င်းထံမှ အလင်းရောင်များမှာ လုံးဝနီးပါး ပျောက်ကွယ်လို့နေခဲ့ပြီ ဖြစ်သည်။

ဟန်လိသည် ဆက်ပြီး စောင့်ကြည့်မနေတော့ဘဲ မန္တာန်အစီအရင်ထံ ဦးတည်ပျံသန်းလာတော့၏။

သူသည် မန္တာန်အစီအရင်၏ ရှေ့မှောက်သို့ ဆင်းသက်မိသည်နှင့်တစ်ပြိုင်နက် သူ၏ နတ်ဆိုးကျဆုံးခန်းတံဆိပ်ပြားကို ဝမ်ထျန်းရှန်း ထံသို့ လှမ်းပစ်ပေးသည်။

ထိုအခိုက်အတန့်တွင် ဝေဝူယာ၏ ပုံရိပ်မှာ ဝေဝါးသွားခဲ့ပြီး ဟန်လိနှင့် မီတာတစ်ရာခန့်အကွာ နေရာတွင် ပြန်လည်ပေါ်ထွက်လာခဲ့၏။

“တာအိုရောင်းရင်းဟန်... ခင်ဗျားလည်း ရောက်လာခဲ့ပြီပေါ့။ ခင်ဗျားရဲ့ ခုလိုမျိုး ငယ်ရွယ်နုပျိုလှတဲ့ အသက်အရွယ်နဲ့ဆိုရင် အနာဂတ်က အကန့်အသတ်မဲ့လှပါတယ်...ဒီလိုအန္တရာယ်ကြီးမားလှတဲ့ ခရီးစဥ်မျိုးကို စွန့်စားဖို့ မလိုအပ်ပါဘူး”

ဟန်လိက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“ခုလို စေတနာနဲ့ သတိပေးတြ့အတွက် ကျေးဇူးတင်ပါတယ်…အစ်ကိုဝေ။ ဒါပေမဲ့ ကျုပ် နတ်ဆိုးချောက်ကမ်းပါးထဲ မဖြစ်မနေ ဝင်ရောက်ရမဲ့ အကြောင်းရင်းတစ်ခု ရှိနေလို့ပါ”

ဝေဝူယာသည် မျက်မှောင်ကြုတ်သွား၏။ သူက ဟန်လိကို စိုက်ကြည့်ကာ ပြောလာပြန်သည်။

“ရောင်းရင်း ဆုံးဖြတ်ပြီးပြီဆိုတော့လည်း ရှိစေတော့။ ဒါပေမဲ့ ကျုပ်တို့ပန်းတိုင်ချင်း မတူဖို့ မျှော်လင့်မိတယ်”

ဤသို့ပြောဆိုပြီးသည်နှင့် ဝေဝူယာ၏ ပုံရိပ်မှာ ထပ်မံဝေဝါးသွားခဲ့ပြီး သူ၏ မူလနေရာမှာ ပြန်လည်ပေါ်ထွက်လာသည်။

ဝေဝူယာသည် ဤမျှလောက်ထိ လေးနက်လှသော လေသံမျိုးဖြင့် ဤလူငယ်အား စကားဆိုနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ထျန်းရှန်းသည် ဟန်လိ မည်သူမည်ဝါမှန်းကို ဘယ်လိုလုပ်ပြီး မသိဘဲ နေပါတော့မည်နည်း။ သူသည် တည်ငြိမ်လှသော မျက်နှာထားဖြင့် ဟန်လိကို သေသေချာချာ အကဲခတ်ကြည့်ရှု၏။ သူ၏ ရင်ထဲ၌မူ အံ့ဩမှုများ ပြည့်နှက်သွား၏။

သူသည် ဟန်လိ၏ နာမည်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကြားသိခဲ့ဖူးခြင်း ဖြစ်သည်။ ထိုစဥ်တုန်းက ဝမ်ချန်သည် ကြီးမားလှသော ရှုံးနိမ့်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီးမှ ဟန်လိကို လွှတ်ပေးခဲ့ရဖူး၏။ ထိုစဥ်က သူတို့နှစ်ဦးစလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် မျှသာ ရှိနေကြသေးသည် မဟုတ်လား။ အချိန်ကာလများစွာ ကုန်လွန်သွားခဲ့ပြီးနောက်တွင်မူ သူသည် ကောင်းကင်တောင်ပိုင်းဒေသတွင် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် ပြန်ပေါ်လာခဲ့လေပြီ။ သည့်အပြင် ဤလူငယ်သည် တစ်ချိန်တုန်းက တစ္ဆေဝိညာဉ်ဂိုဏ်းအပေါ် အမုန်းတရား ရှိခဲ့ဖူးကာ သူ့လက်မှလည်း လွတ်မြောက်ခဲ့ဖူးသည်။

မောက်လန်လွင့်ပြင် စစ်ပွဲပြီးတာ လေးငါးဆယ်နှစ် ရှိလာခဲ့လေပြီ။ သည်စစ်ပွဲက ဟန်လိကို မဟာကျင့်ကြံသူသုံးဦးနှင့် ရင်ပေါင်တန်းနိုင်သူ ဟူသည့် ဂုဏ်သတင်းကို ရရှိစေခဲ့သည်။ ဝမ်ထျန်းရှန်းသည် ဤအကြောင်းကို ကြားရချိန်၌ သူတို့အတွက် မကောင်းလှဟု ခံစားမိပြီး ဟန်လိ၏အမည်ကို စိတ်ထဲမှာ တေးမှတ်ထားခဲ့ပေသည်။ ယခုအခါ ဟန်လိသည် သူတို့၏ ရှေ့မှောက်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ဤပုဂ္ဂိုလ်၏ အစွမ်းအမှန်ကို သူ သိချင်နေမိသည်။

ကံဆိုးချင်တော့ ဟန်လိသည် မန္တာန်အစီအရင်၏ ဗဟိုချက်တွင် မျက်လုံးများကို မှိတ်ထားလျက် တည်ငြိမ်စွာ ရပ်နေခဲ့ပြီ ဖြစ်ရာ မည်သူ့ကိုမျှ သူ့အနားသို့ ချဉ်းကပ်ခွင့်ပြုမည့် အရိပ်အယောင်မျိုးလည်း မရှိချေ။

ဤသည်က ဝမ်ထျန်းရှန်းကို ကြောက်ရွှံ့စိတ် မသိမသာ ဖြစ်မိစေသည်။ မည်သို့ပင်ဖြစ်စေ သူက သူ၏လက်ကို ဝှေ့ယမ်းလျက် ပေါ့ပေါ့ပါးပါးပင် အမိန့်ပေးလိုက်ရာ ကောင်းကင်ယံရှိ တပည့်များသည် မန္တာန်အစီအရင်ကို အသက်သွင်းလိုက်ကြပြီး တဝီဝီ မြည်ဟီးသံများနှင့်အတူ ဟန်လိကိုပါ ချောက်ကမ်းပါးထဲသို့ တည်နေရာရွှေ့ပြောင်း ပို့ဆောင်ပေးလိုက်ကြသည်။

တည်နေရာရွှေ့ပြောင်းခြင်း လှိုင်းလုံးများစွာကို ဖြတ်ကျော်ပြီးနောက်တွင်မူ ဟန်လိသည် ရင်ထဲ၌ အနည်းငယ် မသက်မသာ ဖြစ်သွားရသော်လည်း သူ၏ တည်ငြိမ်မှုများကို လျင်မြန်စွာ ပြန်လည်ရရှိသွားခဲ့ပြီး သူ၏ ပတ်ဝန်းကျင်ကို စတင်အကဲခတ်ကြည့်သည်။

သူသည် ပြိုလဲလုနီးပါးဖြစ်နေသော ကျောက်သားချောက်ကမ်းပါးကြီးတစ်ခု၏ အနီးအနားတွင် ရောက်ရှိနေခြင်းဖြစ်ပြီး သူ၏ ဘေးပတ်လည်တွင်မူ လူတစ်ဝက်ခန့် မြင့်မားလှသော ထူထပ်လှသည့် မြက်ရိုင်းပင်များက ဖုံးလွှမ်းလျက် ရှိသည်။ အဝေးတစ်နေရာတွင်မူ မနိမ့်မမြင့် သွယ်တန်းနေကြသော တောင်ကုန်းငယ်များကို ရှင်းလင်းစွာ လှမ်းမြင်နေရသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး၌ လူသားတစ်ဦးတစ်ယောက်မျှ ရှိမနေချေ။ သို့သော်လည်း ဤမြင်ကွင်းမှာ မထူးဆန်းပါ။ မည်သို့ဆိုစေ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကြီးသည် ကီလိုမီတာ သိန်းချီ၍ ကျယ်ပြောလှသည် မဟုတ်လား။ အကယ်လို့ လူနှစ်ဦးသာ တစ်နေရာတည်းသို့ တူညီစွာ တည်နေရာရွှေ့ပြောင်းမလာခဲ့ဘူးဆိုလျှင် တစ်ဦးကိုတစ်ဦး ပြန်လည်တွေ့ရှိနိုင်ရန်မှာ မယုံကြည်နိုင်လောက်အောင် ခက်ခဲပါလိမ့်မည်။ ဟန်လိသည် ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်ပြီး အံ့အားသင့်တုန်လှုပ်ဟန် ဖြစ်ပေါ်မိလာ၏။

All Chapters