← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အပိုင်း ၂၃၁

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

လင်းချန်က သူ၏ကမ်းလှမ်းမှုကို လက်ခံလိုက်သည်ကို မြင်သည့်အခါ ကျန်းနျန်ရှင်းသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်နိုင်ပြီး လွန်စွာ ဝမ်းသာပီတိ ဖြစ်သွားရ၏။

ကျန်းနျန်ရှင်းက ရှင်းပြသည်။

"ကျွန်တော်တို့ မျိုးနွယ်စုဆီက ရတဲ့သတင်းအရဆို အဲဒီရှေးဟောင်းလူသား အမွေအနှစ်နယ်မြေကို ဝင်ဖို့ အသက် ၆၀ အောက် မျိုးဆက်သစ်လူငယ် ဖြစ်ဖို့လိုပြီး အနည်းဆုံး ကျင့်ကြံမှုအဆင့်က သေခြင်းရှင်ခြင်းနယ်ပယ် ရှိရမယ်။"

"ဧကရာဇ်လင်းက ဒီလောက် ငယ်ရွယ်ပြီး ကောင်းကင်နယ်ပယ်ကို ရောက်နေပြီဆိုတော့ ခင်ဗျားရဲ့ ပါရမီက အရမ်းထူးခြားပြီး ကမ်းရိုးတန်းပြည်နယ်ရဲ့ အစွမ်းအထက်ဆုံး လူသားပါရမီရှင်တစ်ယောက် ဖြစ်နေမှာ သေချာတယ်... ဒီတာဝန်အတွက် ဧကရာဇ်လင်းက အသင့်တော်ဆုံးပဲ။"

ကျန်းနျန်ရှင်း ပြောပြီးသွားသည့်အခါ သူ၏မျက်လုံးများထဲ၌ မူမမှန်သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ လင်းချန်သည် ရယ်စရာကောင်းသည်ဟု ထင်မှတ်ကာ ခေါင်းခါလိုက်သည်။

"ကျုပ်အမြင်ကတော့ ခေါင်းဆောင်ကျန်း ဒီလိုပြောတာ ကျုပ် ဟွာရှာအင်ပါယာရဲ့ ဧကရာဇ် ဖြစ်နေလို့ မဟုတ်ဘူးလား။"

"တကယ်တော့ ခင်ဗျား လွှတ်သင့်တာ အကြီးအကဲကျန်းရဲ့ မြေး ကျန်းချီပဲ ဖြစ်သင့်တာ... သူက အသက် ၂၅ နှစ်နဲ့တင် သေခြင်းရှင်ခြင်းနယ်ပယ်ကို ရောက်နေပြီလေ... သူနဲ့ယှဉ်ရင် ကောင်းကင်နယ်ပယ်ပဲ ရှိသေးတဲ့ ကျုပ်အဆင့်က ဘာမှမဟုတ်ပါဘူး။"

"ကျုပ် ထင်တာကတော့... ကျုပ်ကို ဒီခရီးစဉ်မှာ ပါဝင်ခွင့်ပေးပြီး အမွေအနှစ်နယ်မြေမှာ သွားလေ့ကျင့်ခွင့် ပေးလိုက်တာက အကြီးအကဲကျန်းရဲ့ ကျေးဇူးဆပ်ချင်တဲ့ သဘောပဲ ဖြစ်လိမ့်မယ်။"

လင်းချန် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်ကို ကြားသည့်အခါ ကျန်းနျန်ရှင်း၏ မျက်နှာ၌ အနေခက်သည့် အရိပ်အယောင်များ ပေါ်လာပြီး လက်ကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။

"မဟုတ်ရပါဘူး။ ဧကရာဇ်လင်းက ဘာလို့ အဲဒီလို ပြောရတာလဲ... ခင်ဗျားက အင်ပါယာတစ်ခုရဲ့ အရှင်သခင်ဆိုတော့ စီမံခန့်ခွဲစရာကိစ္စတွေ များလွန်းလို့ ကျင့်ကြံမှုအပိုင်းမှာ နောက်ကျကျန်နေတာ ဖြစ်သင့်တဲ့ ကိစ္စပါ။"

ထိုအချိန်၌ လင်းချန်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။

"ကျုပ် ဒီနှစ်မှ အသက် ၂၀ ပြည့်တာ... ပြီးတော့ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လာတာ ၅ နှစ်ပဲ ရှိသေးတယ်။"

လင်းချန်၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းနျန်ရှင်း၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွား၏။

သူ့ညီ၏ မြေးဖြစ်သူ ကျန်းချီသည် သူတို့မျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး အသက် ၅ နှစ်အရွယ်ကတည်းက စတင်ကျင့်ကြံခဲ့ကာ သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့သည်။

၅ နှစ်တည်းတဲ့လား။

ကျန်းချီ အသက် ၁၀ နှစ်အရွယ်တုန်းကမှ နေယွမ်နယ်ပယ်ကို ရောက်ရှိခဲ့ပြီး အသက် ၂၀ အရွယ်၌ ကောင်းကင်နယ်ပယ်၏ ကောင်းကင်ပျံလွှား အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ရုံသာ ရှိသေး၏။

ကျန်းချီက လင်းချန်ထက် ပို၍ အစွမ်းထက်သည် ဆိုလျှင်ပင် သူသည် ၁၅ နှစ်ကြာ ကျင့်ကြံအားထုတ်ခဲ့ရသည် မဟုတ်ပါလော။

လင်းချန်၏ ကျင့်ကြံမှု တိုးတက်နှုန်းကို ကြည့်ခြင်းအားဖြင့် နောက်ထပ် ၂ နှစ်လောက်ဆိုလျှင် လင်းချန်သည် သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားနိုင်ချေ ရှိသည်။

ကျန်းနျန်ရှင်းသည် သက်ပြင်းလေးလေး ချလိုက်သည်။

"ဧကရာဇ်လင်း... ခင်ဗျားရဲ့ သဘာဝပါရမီက ဒီလောက်ထိ ထူးခြားမယ်လို့ ကျွန်တော် တကယ် မထင်ထားမိဘူး။"

"ကျွန်တော် စောစောက စိတ်မပါဘဲ ပြောတဲ့ စကားတွေက ခင်ဗျားကို စော်ကားသလို ဖြစ်သွားတယ်။"

လင်းချန်က ဂရုမစိုက်ဟန်ဖြင့် လက်ကာပြလိုက်သည်။

"ကိစ္စမရှိပါဘူး... ခင်ဗျားမှ မသိတာပဲ။"

ကျန်းနျန်ရှင်းက ဝမ်းနည်းပက်လက် ရေရွတ်လိုက်သည်။

"နှမြောစရာပဲ... တကယ်လို့ ဧကရာဇ်လင်းသာ နောက်ထပ် ၅ နှစ်လောက် အချိန်ရမယ်ဆိုရင် ကျွန်တော်တို့ မျိုးနွယ်ခွဲရဲ့ အောင်မြင်မှုတွေက အံ့မခန်း ဖြစ်လာမှာ သေချာတယ်။"

သူ၏ အဆိုအရ ထိုမျိုးနွယ်ခွဲသည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ် ပင်မမျိုးနွယ်စုကြီးသို့ သွားရောက်သည့်အခါ ပုံမှန်ပြုလုပ်နေကျ မျိုးနွယ်စုအစည်းအဝေးများ ကျင်းပလေ့ရှိပြီး ထိုအထဲ၌ အတွင်းစည်း ပြိုင်ပွဲများလည်း ပါဝင်ကြောင်း သိရ၏။

ထိုအချိန်ကျလျှင် မျိုးနွယ်ခွဲအသီးသီးမှ အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ပင်မမျိုးနွယ်စုကြီးက ဆုလာဘ်များ ချီးမြှင့်လေ့ရှိသည်။ ယခုတစ်ကြိမ်၌ ရှေးဟောင်းလူသားမျိုးနွယ် အမွေအနှစ်နယ်မြေ ကိစ္စကြောင့် ဖိတ်ခေါ်ထားသည့် လူသားမဟာမိတ်သည်လည်း ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိပြီး စွမ်းဆောင်ရည်ရမှတ်များကို ထည့်သွင်းစဉ်းစားမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဖိတ်ခေါ်ထားသည့် လူသားမိတ်ဖက်သည် ထိုမျိုးနွယ်ခွဲ၏ မိတ်ဆွေမဟာမိတ် ဖြစ်သောကြောင့်ပင်။

မဟာမိတ်၏ အင်အားသည် မျိုးနွယ်ခွဲ၏ အင်အားနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ထို့ကြောင့် လင်းချန်သာ နောက်ထပ် ၅ နှစ်ခန့် အချိန်ရပြီး သူ၏ စွမ်းအားကို မြှင့်တင်နိုင်မည်ဆိုလျှင် သူတို့မျိုးနွယ်ခွဲ၏ စွမ်းဆောင်ရည်မှာ များစွာ ပိုကောင်းလာနိုင်သည်ဟု ကျန်းနျန်ရှင်းက ညည်းတွားမိခြင်း ဖြစ်၏။

နောက်ဆုံး၌ ကျန်းနျန်ရှင်းသည် မျိုးနွယ်ခွဲ အစည်းအဝေးတစ်ခု ခေါ်ယူကာ ဆုံးဖြတ်ချက်ကို ကြေညာလိုက်ပြီး အကြီးအကဲများအားလုံး ရှင်းရှင်းလင်းလင်း သိစေရန် ဆောင်ရွက်ခဲ့၏။

ကျန်းနျန်ရှင်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အခြားအကြီးအကဲများ၌ ကန့်ကွက်စရာ မရှိကြပေ။

ယခင်ကလည်း သူတို့မျိုးနွယ်ခွဲ၏ စွမ်းဆောင်ရည်သည် မျိုးနွယ်စုအစည်းအဝေးများ၌ အမြဲလိုလို နောက်ကောက်ကျနေခဲ့သည်သာ။ လင်းချန် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ကြီးကြီးမားမား သက်ရောက်မှု ရှိမည် မဟုတ်ချေ။ ဤအခွင့်အရေးကို အသုံးပြု၍ လင်းချန်၏ ကျေးဇူးကို ဆပ်လိုက်ခြင်းကသာ ပို၍ သင့်လျော်ပေလိမ့်မည်။

အစည်းအဝေး ပြီးဆုံးသွားသည့်နောက်၌ ကျန်းချီက လင်းချန်နှင့် လက်ရည်စမ်းလိုကြောင်း အကြံပြုလာသည်။

ကျန်းချီ၏ အဆိုအရ ယခုအချိန်မှစ၍ လင်းချန်သည် သူ၏ မဟာမိတ်ဖြစ်လာမည် ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး အင်အားချင်း နားလည်ထားရန် အလွန်လိုအပ်သည်။

ကျန်းချီသည် မောက်မာခြင်းမရှိဘဲ ရိုးသားသည့် မျက်နှာထားဖြင့် လင်းချန်၏ စွမ်းအား တိုးတက်လာစေရန် စေတနာဖြင့် ပြောလိုက်ခြင်း ဖြစ်၏။

"ကျွန်တော်က လူသား မဟုတ်ပေမဲ့ တိုက်ခိုက်ရေး အတွေ့အကြုံပိုင်းမှာတော့ ဧကရာဇ်လင်းကို သင်ပေးစရာတွေ အများကြီး ရှိနေဦးမှာပါ။"

ကျန်းချီ၏ စကားကို ကြားပြီးသည့်နောက် လင်းချန်၏ မျက်နှာ၌ မည်သည့် ခံစားမှုမှ ပေါ်မလာသော်လည်း ဘေးနားရှိ ယီစင်းကမူ ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်နေ၏။

နောက်ဆုံး၌ အားလုံးသည် ပင်လယ်အလယ်ပိုင်း မျိုးနွယ်စုများ ကျင့်ကြံအားထုတ်ရာ သူတော်စင်မြို့တော်ရှိ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာကြသည်။

ကျန်းနျန်ရှင်း၊ ကျန်းနျန်ရီနှင့် အခြား လက်ရှစ်ဖက်ပင်လယ်မျိုးနွယ် မျိုးနွယ်ခွဲမှ အကြီးတန်းအကြီးအကဲများလည်း ပါဝင်ကြ၏။

သူတို့သည်လည်း ဟွာရှာအင်ပါယာ ဧကရာဇ်၏ အစစ်အမှန် စွမ်းအားကို သိချင်နေကြသည်။

လင်းချန်၏ ကျင့်ကြံမှုအဆင့်မှာ ကောင်းကင်နယ်ပယ် ပထမအဆင့် ဖြစ်ကြောင်း အားလုံး မြင်တွေ့နိုင်သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းရည် မည်မျှရှိသည်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်ကြချေ။

ဘေးမှ ကြည့်ရှုနေသူများက လက်ရည်စမ်းပွဲကို စောင့်ကြည့်ရင်း ဝေဖန်ဆွေးနွေးနေကြသည်။

"လူသားတွေ နေယွမ်နယ်ပယ်ကနေ သေခြင်းရှင်ခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်တဲ့အခါ နိဗ္ဗာန်ကိုးသွယ် ကျင့်စဥ်ဆိုတာ ရှိတယ်လို့ ပြောကြတယ်... ဧကရာဇ်လင်းက ဘယ်နှစ်ဆင့်လောက် ဖြတ်ကျော်ခဲ့တယ်လို့ ထင်လဲ။"

"အနည်းဆုံးတော့ ရှစ်ဆင့်လောက် ရှိမှာပေါ့။"

"ကျွန်တော် ထင်တာတော့ ကိုးဆင့်ဗျ။"

ရေအောက်လေ့ကျင့်ရေးကွင်း၌ နေရာယူပြီးနောက် ကျန်းချီက ပင်လယ်ရေကို ဖယ်ရှားပေးရန်နှင့် လူသားပုံစံအတိုင်း လက်သုံးဖက်ကို နောက်ပစ်ကာ တိုက်ခိုက်ရန် အကြံပြုလာ၏။

ထိုအချိန်၌ လင်းချန်က လှမ်းအော်လိုက်သည်။

"ပင်လယ်ရေကို ဖယ်စရာ မလိုပါဘူး... ပြီးတော့ ကျန်းချီ... ခင်ဗျား အင်အားအပြည့် သုံး... ကျုပ်ကို အလျော့ပေးစရာ မလိုဘူး။"

လင်းချန်၏ တောင်းဆိုမှုကို ကြားလိုက်ရသော် ကျန်းချီတစ်ယောက် အနည်းငယ် အံ့အားသင့်သွား၏။

ပင်လယ်ရေကို မဖယ်ရှားလျှင် သူ၏ အင်အား လျော့ကျသွားမည် မဟုတ်ပေ။ အကယ်၍ သူသာ အင်အားအပြည့် သုံးလိုက်ပါက လက်ရှစ်ဖက်လုံး လှုပ်ရှားလာမည်ဖြစ်ပြီး ပင်လယ်မျိုးနွယ်၏ မူလဇာတိရုပ် အသွင်သဏ္ဌာန်သို့ ပြောင်းလဲသွားပေလိမ့်မည်။

လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်သည် လူသားပုံစံနှင့် တူနေသည့်အချိန်၌ စုပ်ခွက်များ ပါရှိသည့် နောက်ထပ် လက်ခြောက်ချောင်း ပိုနေသည်မှလွဲ၍ လူသားများနှင့် သိပ်မကွာခြားလှချေ။

သို့သော် ပင်လယ်မျိုးနွယ်၏ မူလဇာတိရုပ် အသွင်သဏ္ဌာန်သို့ ပြောင်းလဲလိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ပန်းနုရောင်ဖျော့ဖျော့ ပြောင်းသွားကာ နူးညံ့ချောမွေ့ပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း မြင့်မားလာသဖြင့် ရေထဲ၌ လျင်မြန်သွက်လက်စွာ လှုပ်ရှားနိုင်၏။

ကျန်းချီ၏ အမြင်၌ သူသည် သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေသူဖြစ်ရာ အကယ်၍ သူသာ အင်အားအပြည့် သုံးလိုက်ပါက လင်းချန်မှာ သူ၏ ပြိုင်ဘက် မဖြစ်နိုင်ဟု ယူဆထားသည်။

ရုတ်တရက် ကျန်းနျန်ရှင်း ဘေးနား၌ ရပ်ကြည့်နေသည့် ယီစင်းက ဝင်ပြောလိုက်သည်။

"ချန်လေး ပြောတဲ့အတိုင်းသာ လုပ်လိုက်ပါ... ဒါမှမဟုတ်ရင် ရှင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ပြန်တိုက်နိုင်တဲ့ အင်အားတောင် ရှိမှာ မဟုတ်ဘူး။"

"သူက အင်ပါယာတစ်ခုရဲ့ ဧကရာဇ်လေ... သူ့ကို ကျင့်ကြံမှုအဆင့် တစ်ခုတည်းနဲ့ ဘယ်လိုလုပ် ဆုံးဖြတ်လို့ ရမလဲ။"

ယီစင်း၏ စကားကို ကြားလိုက်ရသည့်အခါ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ် အများအပြားမှာလည်း ယုတ္တိရှိသည်ဟု ခံစားလိုက်ရ၏။

သို့သော်လည်း ကျန်းချီက အင်အားအပြည့်ဖြင့် တိုက်ခိုက်လျှင် လင်းချန် ယှဉ်နိုင်မည် မဟုတ်ဟု သူတို့ ယုံကြည်နေဆဲပင်။

ကောင်းကင်နယ်ပယ် ပထမအဆင့်နှင့် သေခြင်းရှင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ သေခြင်းရှင်ခြင်း ခန္ဓာနယ်ပယ်တို့ကြား ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။

သို့သော် လင်းချန်၏ ဆန္ဒကို လေးစားသောအားဖြင့် ကျန်းချီသည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ မူလဇာတိရုပ် အသွင်သဏ္ဌာန်သို့ စတင် ပြောင်းလဲလိုက်၏။

ဝုန်းးးးး

ရေစီးကြောင်းများ လှုပ်ခတ်သွားပြီး သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာကာ အင်အားအပြည့်ဖြင့် တိုက်ရန် ပြင်ဆင်လိုက်သည်။

ကျန်းချီက အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်သည့်အခါ လင်းချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ဒါမှ ဟုတ်တာပေါ့... ကဲ... ကျုပ် ခင်ဗျားကို သင်ပေးဖို့ အရည်အချင်း ရှိမရှိ ကြည့်ကြတာပေါ့။"

ကျန်းချီက ရေရွတ်လိုက်၏။

"သင်ပေးမယ်"

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းချီ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဟွာရှာအင်ပါယာ ဧကရာဇ် နောက်ပြောင်နေသည်ဟု ထင်မြင်လိုက်ခြင်းပင်။

သို့သော် မကြာမီအတွင်းမှာပင် ဟွာရှာအင်ပါယာ ဧကရာဇ်သည် သူ့အား သင်ပေးရန် အမှန်တကယ် အရည်အချင်းပြည့်မီကြောင်း ကျန်းချီ အတိအကျ သိရှိသွား၏။

အချိန်တိုလေး အတွင်းမှာပင် ကျန်းချီ၏ မျက်နှာ၌ အံ့ဩမှင်သက်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်မိသည်။

"ဧကရာဇ်လင်း... ခင်ဗျားက လူမှ ဟုတ်ရဲ့လား..."

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၃၁ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters