အခန်း ၂၃၂
Vol. 24 Ch. 232
အပိုင်း ၂၃၂
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ကျန်းချီ၏ စွမ်းအားသည် လင်းချန် ထင်မှတ်ထားသည်ထက် များစွာ ပိုမိုအားကောင်းလှ၏။
လင်းချန်၏ အမြင်၌ ကျန်းချီသည် မျိုးနွယ်စုခွဲ၏ မျိုးဆက်သစ်လူငယ်များထဲ၌ အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်နေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။ အမှန်တကယ်ပင် လေးစားဖွယ် ကောင်းလှသည်။ သို့သော် လင်းချန်သည် အချက်တစ်ချက်ကို လုံးဝ မေ့လျော့သွား၏။
ထိုသည်မှာ ကောင်းကင်နယ်ပယ် ပထမအဆင့်သာ ရှိသေးသည့် သူက သေခြင်းရှင်ခြင်းနယ်ပယ် ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကျန်းချီကို အနိုင်ယူလိုက်နိုင်ခြင်းပင် ဖြစ်၏။
သူ၏ရှေ့၌ ရှိနေသည့် လင်းချန်ကို ကြည့်ရင်း ကျန်းချီမှာ ပြောစရာစကားများပင် ဆွံ့အသွား၏။ ဟွာရှာအင်ပါယာ ဧကရာဇ်၏ စွမ်းအားသည် သူ၏ မျှော်လင့်ချက်များကို များစွာ ကျော်လွန်နေလေပြီ။
ကောင်းကင်နယ်ပယ် ဆိုသော်ငြား စိတ်ဝိညာဉ်စွမ်းအား ဖြစ်စေ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ဖြစ်စေ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။ သူနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရာ၌ လင်းချန်သည် အသာစီးမရလျှင်တောင် လုံးဝ အရေးနိမ့်သွားခြင်း မရှိချေ။ ထို့အပြင် လင်းချန်၌ မိုးကြိုးနှင့် ရေခဲဟူသည့် သိုင်းဝိညာဉ်စွမ်းရည် နှစ်မျိုး ရှိနေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုစွမ်းအားနှစ်မျိုးစလုံးသည် ရေထဲ၌ အလွန်ထိရောက်မှုရှိပြီး ရေ၏ ဟန့်တားမှုကို မခံရသည့်အပြင် စွမ်းအားကိုပင် ပိုမို တိုးပွားစေ၏။
ကျန်းချီလည်း လင်းချန်က ပင်လယ်ရေကို ဖယ်ရှားစရာမလိုဟု အဘယ်ကြောင့် ပြောခဲ့သည်ကို နားလည်သွားသည်။ လင်းချန်၏ တိုက်ခိုက်နိုင်စွမ်းမှာ ရေကြောင့် လျော့ကျသွားခြင်း မရှိဘဲ ပို၍ပင် အားကောင်းလာနိုင်သောကြောင့်ပင်။
ကျန်းချီကို အံ့ဩမှင်သက်ဆုံး ဖြစ်စေသည့် အရာမှာ လင်းချန်၏ တိုက်ခိုက်ရေး အတွေ့အကြုံများပင် ဖြစ်၏။ ထိုအတွေ့အကြုံများသည် သူ့ထက်ပင် များစွာ ကြွယ်ဝနေသေး၏။ လင်းချန်၏ ရှေ့မှောက်၌ ဘာမှမသိနားမလည်သည့် ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေပြီး သူ၏ လှုပ်ရှားမှုမှန်သမျှကို တစ်ဖက်လူက အလွယ်တကူ ကြိုတင်ခန့်မှန်းနိုင်သည်။
အစောပိုင်းက လင်းချန်အား သင်ကြားပြသပေးမည်ဟု ပြောခဲ့မိခြင်းမှာ မည်မျှ ရယ်စရာကောင်းလိုက်သနည်း။ ယခုမူ သူကသာ လင်းချန်ထံမှ သင်ကြားပြသမှုကို ခံယူရန် လိုအပ်နေသူ ဖြစ်၏။
ကျန်းနျန်ရှင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း မယုံနိုင်စွာ ရေရွတ်လိုက်သည်။ "အရမ်းသန်မာတာပဲ။ ဒါက ကောင်းကင်နယ်ပယ် အဆင့်ပဲ ရှိသေးတာနော်။ တကယ်လို့သာ ဧကရာဇ်လင်း သေခြင်းရှင်ခြင်းနယ်ပယ်ကို ရောက်သွားရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။"
လင်းချန်၏ ကိုယ်ပေါ်ရှိ ကိုးထပ်မြောက် စိတ်ဝိညာဉ်အလင်းတန်းကို ကြည့်ရင်း ယီစင်းက ခပ်ဖွဖွ ရယ်မောကာ ခေါင်းရမ်းလိုက်သည်။ "ချန်လေးက အကုန်ထုတ်မသုံးသေးဘူး။"
ဘေးနားရှိ ကျန်းနျန်ရီက ယီစင်း၏ စကားကို ကြားသည့်အခါ အလျင်အမြန်ပင် ခေါင်းရမ်းလိုက်သည်။ "မဖြစ်နိုင်တာ မိန်းကလေးယီ။ ဧကရာဇ်လင်းက ကောင်းကင်နယ်ပယ်နဲ့ ဒီလောက် တိုက်ခိုက်နိုင်စွမ်း ရှိနေတာတောင် အံ့မခန်း ဖြစ်နေပြီ။ ဒါကို အကုန်ထုတ်မသုံးသေးဘူး ဆိုတာက..."
ယီစင်းကမူ ခေါင်းကိုသာ အသာညိတ်ပြလိုက်ပြီး ထပ်မံ ရှင်းပြမနေတော့ချေ။
လင်းချန်သည် နိဗ္ဗာန်ကိုးသွယ် မဟုတ်ဘဲ နိဗ္ဗာန် ၁၂ သွယ်ကို ဖြတ်ကျော်လာသူ ဖြစ်ရာ ယခု ကိုးထပ်မြောက် စိတ်ဝိညာဉ်အလင်းတန်းကိုသာ ထုတ်ဖော်ပြသခြင်းသည် သူ့စွမ်းအားကို ဖုံးကွယ်ထားခြင်းသာ ဖြစ်၏။ ထို့အပြင် သူသည် အမြွှာသိုင်းဝိညာဉ်၏ သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကိုပင် ထုတ်သုံးခြင်း မရှိသေးပေ။
ကျန်းချီကို အနိုင်ယူလိုက်သည့် လင်းချန်၏ ယခုစွမ်းအားမှာ သူ၏ စွမ်းအားအစစ်အမှန် ၅၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု ဆိုနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ သေခြင်းရှင်ခြင်း တိုက်ပွဲမဟုတ်ချေ။
အကယ်၍သာ ကျန်းချီကို အပြီးတိုင် ချေမှုန်းသတ်ဖြတ်လိုလျှင် လင်းချန်အနေဖြင့် အနည်းဆုံး စွမ်းအား ၇၀ ရာခိုင်နှုန်းခန့် ထုတ်သုံးမှ ရပေလိမ့်မည်။
လေ့ကျင့်ရေးကွင်းမှ ထွက်ခွာလာပြီးနောက် ကျန်းနျန်ရှင်းသည် လင်းချန်အား ပြုံးရွှင်စွာ ဆီးကြိုနှုတ်ဆက်လိုက်၏။ သူ အလွန်ပင် ပျော်ရွှင်နေသည်။ လင်းချန် ဤမျှအထိ စွမ်းအားကြီးမားလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့မိပေ။
ဤအခြေအနေအတိုင်းဆိုလျှင် လာမည့် မျိုးနွယ်စုအစည်းအဝေး၌ သူတို့မျိုးနွယ်ခွဲသည် ရလဒ်ကောင်းများ မလွဲမသွေ ရရှိနိုင်ပေလိမ့်မည်။ ထိုအချိန်၌ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်မှ အကြီးအကဲများသည် လင်းချန်၏ ကြီးမားသည့် စွမ်းအားကို ကိုယ်တွေ့ မျက်ဝါးထင်ထင် တွေ့လိုက်ရသဖြင့် သူ့အား ယခင်ကထက် ပိုမို လေးစားသော အကြည့်များဖြင့် ကြည့်ရှုလာကြ၏။
လင်းချန်က ကျန်းနျန်ရှင်းအနားသို့ လျှောက်သွားလိုက်သည်။ "ခေါင်းဆောင်ကျန်း။ မျိုးနွယ်စုအစည်းအဝေးကို ဘယ်အချိန်လောက် သွားဖို့ စိတ်ကူးထားလဲ။"
ကျန်းနျန်ရှင်းက ပြုံးလျက် လက်ကာပြလိုက်သည်။ "ဧကရာဇ်လင်းရဲ့ စစ်သင်္ဘောတွေနဲ့ဆိုရင် နှစ်လအတွင်း ရောက်နိုင်ပါတယ်။ မျိုးနွယ်စုအစည်းအဝေး ကျင်းပဖို့ ခြောက်လ လိုသေးတော့ နောက်ထပ် နှစ်လခွဲလောက်နေမှ ထွက်ခွာကြတာပေါ့။"
လင်းချန်လည်း ခေါင်းညိတ်လိုက်သည်။ "အင်း။ ကောင်းသားပဲ။ ဒါဆို ကမ်းရိုးတန်းပြည်နယ်က ကိစ္စတွေကို ဖြေရှင်းဖို့နဲ့ သံတမန်ရုံးဆောက်ဖို့အတွက် အချိန်ရတာပေါ့။"
လင်းချန်၏ စကားကို ကြားသည့်အခါ ယီစင်းက နားမလည်နိုင်စွာ မေးလိုက်သည်။ "နှစ်လလောက် အချိန်ရတာ လုံလောက်ပါ့မလား။ ရှန်ထျန်ဂိုဏ်းက နတ်ဓားဂိုဏ်းကို ချေမှုန်းပြီး တခြားအင်အားစုတွေကိုပါ တိုက်ခိုက်ဖို့ ဒီလောက်တောင် စိတ်မရှည် ဖြစ်နေပြီလား။ နှစ်လလောက်အတွင်းမှာ လှုပ်ရှားပါ့မလား။"
ထိုအကြောင်းကို ပြောလိုက်သည့်အခါ လင်းချန်၏ မျက်လုံးများထဲ၌ ဒေါသအရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ "လှုပ်ရှားမှာပေါ့။ သူတို့ရဲ့ စရိုက်က အဲဒီလောက် ယုတ်မာကောက်ကျစ်တာလေ။"
အဘယ်ကြောင့်ဆိုသော် သူ့ထံ လိုက်ပါလာသည့် ကျောက်ဝေသည် ဘိုးဘေးဖြစ်သူ၏ သိုလှောင်လက်စွပ်ကို လိမ်လည်ယူဆောင်သွားသူ၏ ပုံတူပန်းချီကားကို ဝေဝူရွှမ်အား ပြသခဲ့ပြီး ဖြစ်၏။ ဆရာဖြစ်သူ ကြည့်ရှုပြီးသည့်နောက် ပုံတူပန်းချီကားထဲမှ လူသည် ရှန်ထျန်ဂိုဏ်းမှ ယွမ်ဝူကျီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
ယီစင်းမှာမူ ထိုကိစ္စကို မသိရှိသေးပေ။ မူလပြည်နယ်မှ လူသားမျိုးနွယ်များ ရက်ရက်စက်စက် လိမ်လည်လှည့်ဖြားခံရပြီး မျှော်လင့်ချက်များ ရိုက်ချိုးခံလိုက်ရကြောင်းကိုသာ သူမ သိထားခဲ့ခြင်း ဖြစ်၏။ ထိုသို့ လိမ်လည်သွားသူမှာ ရှန်ထျန်ဂိုဏ်းမှ ယွမ်ဝူကျီ ဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။
အတည်ပြုထားသည့် သတင်းကို သိရှိလိုက်ရပြီးနောက် ယီစင်း၏ မျက်လုံးများထဲ၌လည်း ရွံရှာစက်ဆုပ်မှုများ ပြည့်နှက်သွားသည်။
ယီစင်းက မျက်မှောင်ကြုတ်လိုက်သည်။ "အဲဒီတုန်းက အခြေအနေမျိုးမှာတောင် ကိုယ့်မျိုးနွယ်ဝင်ချင်း သေဆုံးနေတာကို အေးအေးဆေးဆေး ထိုင်ကြည့်ပြီး ကိုယ့်အကျိုးစီးပွားအတွက်ပဲ ကြည့်ခဲ့တဲ့လူလေ။ အခု တခြားအင်အားစုတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားတာကလည်း သူ့အတွက်တော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။"
ထိုစကားများကို နားထောင်နေရင်း ကျန်းနျန်ရှင်းလည်း စိတ်ဝင်စားသွားကာ ဝင်ရောက်မေးမြန်းလိုက်၏။ ဤကိစ္စမှာ လျှို့ဝှက်ချက် မဟုတ်သဖြင့် လင်းချန်သည် မူလပြည်နယ်မှ လူသားများ ခံစားခဲ့ရသည့် ဒုက္ခများနှင့် ရှန်ထျန်ဂိုဏ်းမှ လူတစ်ဦး၏ လိမ်လည်လှည့်ဖြားမှုကို ခံခဲ့ရပုံများကို ပြောပြလိုက်သည်။
ထိုအကြောင်းကို ကြားသိရပြီးနောက် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်များသည်လည်း ပုံမှန်မဟုတ်သော ဒေါသကို ခံစားလိုက်ကြရပြီး ထိုမျှလောက် စိတ်သဘောထား ယုတ်ညံ့သည့်လူ ရှိနေသည်ကို အံ့ဩတကြီး ဖြစ်ကုန်ကြ၏။ မိမိမျိုးနွယ်ဝင်ချင်း ဒုက္ခရောက်နေချိန်၌ ကူညီရမည့်အစား အခွင့်ကောင်းယူကာ ပစ္စည်းဥစ္စာများကို လိမ်လည်ယူဆောင်သွားခြင်းမှာ ယုတ်မာလွန်းလှ၏။
ကျန်းနျန်ရှင်းက လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်အနေဖြင့် ကူညီပေးနိုင်ကြောင်း ကမ်းလှမ်းခဲ့သော်လည်း လင်းချန်က ခေါင်းရမ်းကာ ငြင်းပယ်လိုက်သည်။ "ဒီကိစ္စကို ကျုပ် ကိုယ်တိုင်ပဲ ဖြေရှင်းပါ့မယ်။ အားလုံးပြီးရင် ချိန်းထားတဲ့အတိုင်း ပြန်လာခဲ့မယ်။"
လင်းချန်က ကျန်းချီကို လှမ်းကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။ "ဒါနဲ့ ကျုပ်ဆီမှာ မရိုးသားတဲ့ တောင်းဆိုမှုလေး တစ်ခုရှိတယ်။ ကျန်းချီကို ခဏလောက် ငှားလို့ရမလား။"
လင်းချန်၏ စကားကြောင့် ကျန်းချီမှာ အလွန် ဇဝေဇဝါ ဖြစ်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။ "အင်း။ ပြဿနာ မရှိပါဘူး။"
ထို့နောက် လင်းချန်သည် ပင်လယ်နယ်မြေမှ ထွက်ခွာကာ နတ်ဓားဂိုဏ်းနှင့် အခြားသူများ နေထိုင်ရာ စစ်သင်္ဘောပေါ်သို့ ပြန်လာခဲ့၏။ မကြာမီအချိန်အတွင်းမှာပင် လင်းချန် သူ့ကို ခေါ်ဆောင်လာရသည့် ရည်ရွယ်ချက်ကို ကျန်းချီ သဘောပေါက်သွားသည်။
လက်ရည်စမ်းရန် ဖြစ်၏။
အမှန်တော့ ဧကရာဇ်လင်း၏ ဘေးနား၌ လေချန်အမည်ရှိသည့် နောက်လိုက်တစ်ယောက် ရှိနေပြီး နောက်ပိုင်းရက်များ၌ ကျန်းချီသည် ထိုသူနှင့် နေ့စဉ်ရက်ဆက် လေ့ကျင့်ပေးနေရခြင်း ဖြစ်၏။
လေချန်ဆိုသည့် လူသားသည်လည်း ကောင်းကင်နယ်ပယ် အဆင့်သာ ရှိသော်လည်း သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံများမှာ အလွန် ကြွယ်ဝလှပြီး လင်းချန်ထက် အနည်းငယ်သာ လျော့နည်း၏။
သို့သော်လည်း သူနှင့် တိုက်ခိုက်ရင်း ကျန်းချီသည် ပညာရပ်များစွာကို သင်ယူရရှိနေသည်ဟု ခံစားမိလာသည်။ လေချန်၏ တိုက်ခိုက်နိုင်စွမ်းမှာ လင်းချန်ထက် များစွာ အားနည်းသော်လည်း တိုက်ပွဲအတွင်း သင်ယူလေ့လာစရာ အခွင့်အလမ်းများ ပိုမို ပေးစွမ်းနိုင်သောကြောင့်ပင်။
ကျန်းချီ လင်းချန်နှင့်အတူ လိုက်ပါလာပြီး လဝက်ခန့် အကြာ၌ ကမ်းရိုးတန်းပြည်နယ်၌ လှုပ်ရှားမှုများ စတင်လာ၏။
ရှန်ထျန်ဂိုဏ်း စတင်လှုပ်ရှားလာခြင်းပင်။
လင်းချန် ခန့်မှန်းထားသည့်အတိုင်း ရှန်ထျန်ဂိုဏ်းသည် သည်းမခံနိုင်တော့ဘဲ အခြားအင်အားစုများကို စတင် ပစ်မှတ်ထားလာ၏။
ပထမဆုံး ပစ်မှတ်ထားခံရသည်မှာ ဆေးပညာ၌ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည့် ဂမ္ဘီရနတ်ဆေးဂိုဏ်းနှင့် လက်နက်သွန်းလုပ်ခြင်း၌ ဆရာကျသော ပန်းပဲမီးလျှံဂိုဏ်းတို့ ဖြစ်ကြသည်။
ထိုအင်အားစုနှစ်ခုစလုံးသည် အရှိန်အဟုန်ဖြင့် ကြီးထွားလာသည့် ရှန်ထျန်ဂိုဏ်းကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။
ရှန်ထျန်ဂိုဏ်းက လက်တွေ့ မတိုက်ခိုက်ရသေးခင် သူတို့၏ ရည်ရွယ်ချက်ကို ကြားသိလိုက်ရုံဖြင့် ထိုဂိုဏ်းနှစ်ခုစလုံးသည် မကျေမနပ်ဖြင့် အညံ့ခံကာ ရှန်ထျန်ဂိုဏ်း၏ ဆေးဝါးဌာနနှင့် လက်နက်သွန်းလုပ်ရေးဌာနအဖြစ်သို့ ကူးပြောင်းသွားကြရ၏။
ထိုအင်အားစုနှစ်ခုကို သိမ်းပိုက်ပြီးနောက် ရှန်ထျန်ဂိုဏ်း၏ နောက်ထပ်ပစ်မှတ်မှာ မည်သူမျှ မျှော်လင့်မထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်နေသည်။
ရှန်ထျန်ဂိုဏ်း၏ သစ္စာအရှိဆုံး လက်ပါးစေဖြစ်သည့် မဟာလှံတံဂိုဏ်းမှာမူ ရယ်စရာကောင်းစွာဖြင့် ရှန်ထျန်ဂိုဏ်း၏ ပထမဆုံး ရှင်းထုတ်ခံလိုက်ရသည့် ဂိုဏ်း ဖြစ်လာ၏။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၃၂ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။