← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အပိုင်း ၂၃၃

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

မဟာလှံတံဂိုဏ်းသည် ရှန်ထျန်ဂိုဏ်းက ဤသို့ ရုတ်တရက် ရန်သူအသွင်ပြောင်းကာ တိုက်ခိုက်လာလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှပင် တွေးထင်ထားခြင်း မရှိချေ။

ကာလရှည်ကြာစွာပင် မဟာလှံတံဂိုဏ်းသည် သူတို့ကိုယ်သူတို့ ရှန်ထျန်ဂိုဏ်း၏ အခိုင်မာဆုံးသည့် မဟာမိတ်ဟု မှတ်ယူကာ ဒုက္ခသုက္ခမှန်သမျှကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြသူများ ဖြစ်၏။ ထို့အပြင် ရှန်ထျန်ဂိုဏ်းက ကမ်းရိုးတန်းပြည်နယ်ကို ထိန်းချုပ်နိုင်ပြီးနောက်၌ မဟာလှံတံဂိုဏ်းဝင်များသည် ထိုပြည်နယ်၌ ရှန်ထျန်ဂိုဏ်းပြီးလျှင် ဒုတိယမြောက် အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာမည်ဟု ဝမ်းမြောက်ဝမ်းသာ မျှော်လင့်နေကြသည်။

အဘယ်ကြောင့်ဆိုသော် တစ်ချိန်က နတ်ဓားဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းပြီးပါက နတ်ဓားဂိုဏ်း၏ နယ်မြေများကို ခွဲဝေပေးမည်ဟု ရှန်ထျန်ဂိုဏ်းက ကတိပြုဖူးသည့်အတွက်ပင် ဖြစ်၏။ မဟာလှံတံဂိုဏ်းသည် ရှန်ထျန်ဂိုဏ်းနောက်သို့ အမြဲတစေ သစ္စာရှိစွာ လိုက်ပါသဖြင့် နယ်မြေခွဲဝေရာ၌ ကြီးမားသည့် ဆုလာဘ်များကို ရရှိမည်ဟု အခိုင်အမာ ယုံကြည်နေကြသည်။ ထိုဆုလာဘ်များကို အသုံးချ၍ သူတို့၏ အင်အားကို မြှင့်တင်ရန်လည်း ကြံရွယ်ထားကြ၏။

စိတ်ကူးယဉ်အိပ်မက်များသည် အမြဲတမ်း သာယာလှပနေတတ်သော်လည်း နတ်ဓားဂိုဏ်းကို မောင်းထုတ်ပြီး မကြာမီမှာပင် ရှန်ထျန်ဂိုဏ်းက သူတို့၏ ကတိကဝတ်များကို ဆွဲဖြဲပစ်လိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြချေ။ ရှန်ထျန်ဂိုဏ်း၏ လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် သူတို့၏ အတောမသတ်နိုင်သည့် လောဘရမ္မက်နှင့် ရည်မှန်းချက်များကို မည်သူမဆို မြင်တွေ့နိုင်သည်။

သူတို့သည် နတ်ဓားဂိုဏ်း၏ နယ်မြေများကို ခွဲဝေပေးရန် အစီအစဉ် လုံးဝမရှိဘဲ တစ်ဦးတည်း လက်ဝါးကြီးအုပ် ချုပ်ကိုင်လိုခြင်း ဖြစ်သည် ဆိုလျှင် ပို၍ တိကျပေလိမ့်မည်။ ထိုမျှသာမက ရှန်ထျန်ဂိုဏ်းသည် ကမ်းရိုးတန်းပြည်နယ်တစ်ခုလုံးကိုပါ လွှမ်းမိုးချုပ်ကိုင်ရန် ကြံစည်နေခြင်း ဖြစ်၏။

ရှန်ထျန်ဂိုဏ်း၏ လုပ်ရပ်များကြောင့် အခြားဂိုဏ်းများသည်လည်း ပြန်လည်ခုခံရန် ပြင်ဆင်လာကြသည်။ သို့သော်လည်း ရှန်ထျန်ဂိုဏ်းက အလွန်လျင်မြန်စွာ လှုပ်ရှားသဖြင့် မဟာလှံတံဂိုဏ်းမှာ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိဘဲ သူတို့၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲ အတော်များများမှာ အသတ်ခံလိုက်ရ၏။

ထို့ကြောင့် သေသည်အထိ ခုခံကြသည့် မဟာလှံတံဂိုဏ်းသား အချို့မှလွဲ၍ ကျန်ရှိသည့် အကြီးအကဲများနှင့် တပည့်များမှာ ရှန်ထျန်ဂိုဏ်းထံ လက်နက်ချ အညံ့ခံလိုက်ကြရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

အခြားအင်အားစုများ သတိပြုမိချိန်၌ ရှန်ထျန်ဂိုဏ်းသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအင်အားတောင့်တင်းနေပြီ ဖြစ်သည်။ ယခုအခါ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ရှန်ထျန်ဂိုဏ်း၊ မဟာလှံတံဂိုဏ်း၊ ဂမ္ဘီရနတ်ဆေးဂိုဏ်းနှင့် ပန်းပဲမီးလျှံဂိုဏ်းတို့၏ စွမ်းရည်များကို ပေါင်းစပ်ထားသည်နှင့် ညီမျှနေပြီ ဖြစ်၏။ ကျန်ရှိနေသည့် ကမ်းရိုးတန်းဂိုဏ်း၊ သားရဲသခင်ဂိုဏ်းနှင့် ဓားနတ်ဘုရားဂိုဏ်းတို့မှာ သူတို့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။

အထူးသဖြင့် ဓားသူတော်စင်မယ် ဝေချင်းချင်း မရှိတော့သည့် ဓားနတ်ဘုရားဂိုဏ်းမှာ ရှန်ထျန်ဂိုဏ်းကို ခုခံရန် အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအား ကင်းမဲ့နေသည်။

သာ၍ဆိုးသည်မှာ ရှန်ထျန်ဂိုဏ်းသည် ပြင်ပမျိုးနွယ်စုတစ်ခု၏ အကူအညီကိုပါ ရရှိထားခြင်းပင် ဖြစ်၏။ ပေါက်ကြားလာသည့် သတင်းများအရ ထိုမျိုးနွယ်စုသည် စေးကပ်သည့် အရေပြားရှိပြီး ဖားကဲ့သို့ ဆက်နေသည့် ခြေချောင်းများဖြင့် ခြေဗလာ လျှောက်လှမ်းကြကာ လက်မောင်းများ၌ အရိုးဓားများ ရှိပြီး လည်ပင်း၌လည်း ပါးဟက်များ ပါရှိသည်ဟု သိရသည်။

ကျန်းချီက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်၏။ "ဒါက အရိုးဓားငါးမျိုးနွယ်စုပဲ။"

ကျန်းချီ၏ ရှင်းပြချက်အရ ဤအရိုးဓားငါးမျိုးနွယ်စုသည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ အစွန်အဖျား၌ ရှိသည့် မျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့သည် ပျင်းရိကြပြီး ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေးကို မစဉ်းစားဘဲ ပင်လယ်မျိုးနွယ်စုငယ်များကို လုယက်တိုက်ခိုက်ခြင်းဖြင့်သာ အသက်မွေးကြသူများ ဖြစ်၏။

သူတို့သည် ပင်လယ်မျိုးနွယ်များကြားရှိ ဓားပြများနှင့် တူ၏။ ဤအရိုးဓားငါးမျိုးနွယ်စုသည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုများကို မကြာခဏ ရန်မူတတ်သဖြင့် အလွန်တရာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အုပ်စုလည်း ဖြစ်သည်။

လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျုပ်တို့ လေဟုန်စစ်သည်တွေ ပေးပို့လာတဲ့ သတင်းအရဆိုရင် အရိုးဓားငါးမျိုးနွယ်စုမှာ တောင့်တင်းတဲ့ အင်အားရှိတယ်။ သေခြင်းရှင်ခြင်း နယ်ပယ်အဆင့်ရှိသူ လေးယောက်၊ ကောင်းကင်နယ်ပယ်ရှစ်ထောင်ခန့်နဲ့ နိဗ္ဗာန်နယ်ပယ်အနည်းဆုံး သုံးသောင်းလောက် ရှိတယ်လို့ သိရတယ်။ ဒီလောက် ဆိုးသွမ်းတဲ့ မျိုးနွယ်စုကို ခင်ဗျားတို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်က တစ်ခါမှ မချေမှုန်းဖူးဘူးလား။"

ကျန်းချီက ခါးသက်သက် ပြုံးလိုက်သည်။ "ချေမှုန်းဖို့လား။ ကျွန်တော်တို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်က အဲဒီလိုလုပ်ဖို့ အကြိမ်ကြိမ် ကြံစည်ပေမဲ့ သူတို့ကို ဘယ်လိုမှရှာမတွေ့ဘူး။"

လင်းချန်သည် ကျန်းချီ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားကာ မေးလိုက်သည်။ "ရှာမတွေ့ဘူး ဟုတ်လား။ ဘာကို ဆိုလိုတာလဲ။ အနည်းဆုံး နှစ်သိန်း၊ သုံးသိန်းလောက် ရှိတဲ့ မျိုးနွယ်စုတစ်ခုရဲ့ နေထိုင်ရာအရပ်ကို ဘယ်လိုလုပ် ရှာမတွေ့ဘဲ ရှိနိုင်မှာလဲ။"

စစ်သင်္ဘောပေါ်ရှိ အစည်းအဝေးခန်းမအတွင်း ရောက်ရှိနေကြသည့် ယီစင်းနှင့် လေချန်တို့မှာလည်း အံ့အားသင့်စွာ နားထောင်နေကြသည်။ လင်းချန် ပြောသကဲ့သို့ပင် ဤမျှ များပြားသည့် အုပ်စုကြီးမှာ မည်သို့လျှင် မသိဘဲ ပုန်းကွယ်နေနိုင်ပါမည်နည်း။

ကျန်းချီက ရှင်းပြလိုက်သည်။ "သူတို့က ပင်လယ်အောက်ခြေက ဂူတွေမှာပဲ ဖြစ်သလို နေကြတယ်။ ဒါမှမဟုတ် တခြားပင်လယ်မျိုးနွယ်စုတွေရဲ့ နေရာတွေကို လုယက်ပြီး နေထိုင်ကြတာ။ အဲဒါကြောင့် အရိုးဓားငါးမျိုးနွယ်စုမှာ ပုံသေ နေထိုင်ရာအရပ်ဆိုတာ မရှိဘူး။ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေက ခန့်မှန်းရ အရမ်းခက်တယ်။ ကျွန်တော်တို့ ပင်လယ်မျိုးနွယ်တွေက သူတို့ကို သူခိုးငါးလို့ ခေါ်ကြတယ်။ သူတို့ရဲ့ နာမည်ဆိုးက အလောင်းခိုးတတ်တဲ့ သွေးနက်မျိုးနွယ်တွေလိုပဲ ကျော်ကြားနေတာ။"

"ကျွန်တော့်အထင်တော့ အရိုးဓားငါးမျိုးနွယ်စုက ရှန်ထျန်ဂိုဏ်းနဲ့ ပူးပေါင်းလိုက်ပြီ ထင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ မျိုးနွယ်စုက ဘိုးဘေးတွေက သူတို့ရဲ့ ခြေရာလက်ရာအချို့ကို ရှာတွေ့ပြီး မျိုးနွယ်ဝင် အတော်များများကို သတ်ပစ်ဖူးတယ်။ ကျွန်တော် ခန့်မှန်းတာကတော့ အခု သူတို့ နေထိုင်နေတဲ့ ပင်လယ်ပြင်က ကျွန်တော်တို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ နယ်မြေနဲ့ ကမ်းရိုးတန်းပြည်နယ် ကြားမှာ ရှိနေတာပဲ။"

"ရှန်ထျန်ဂိုဏ်းမှာ သေခြင်းရှင်ခြင်းနယ်ပယ်ကို မအောင်မြင်ဘဲ ကျရှုံးတဲ့ တစ်ယောက် ရှိနေတယ် မဟုတ်လား။ အရိုးဓားငါးမျိုးနွယ်က အဲဒီလူကို ကြောက်ပြီး ရှန်ထျန်ဂိုဏ်းနဲ့ သဘောတူညီချက် လုပ်လိုက်တာ ဖြစ်လိမ့်မယ်။ အဲဒီအတွက် ရှန်ထျန်ဂိုဏ်းက သူတို့ကို ကမ်းရိုးတန်းပြည်နယ် အနီးက ပင်လယ်ပြင်မှာ နေထိုင်ခွင့် ပေးထားတာ ဖြစ်နိုင်တယ်။ အရိုးဓားငါးမျိုးနွယ်စုရဲ့ သဘာဝအရဆိုရင် ရှန်ထျန်ဂိုဏ်းက သူတို့ရဲ့ အကူအညီအတွက် အစားအစာတွေ ပေးမယ်လို့ ကတိပေးထားတာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ရဲ့ ဖိအားတွေအောက်မှာ ဒါက သူတို့အတွက် အကောင်းဆုံး ထွက်ပေါက် ဖြစ်နေမှာပဲ။"

လင်းချန်က ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် ကျူးကော့မင် ပြောတဲ့ ရှန်ထျန်ဂိုဏ်းမှာ အကူအညီ ရှိနေတယ်ဆိုတာ ဒီအရိုးဓားငါးမျိုးနွယ်စုကို ဆိုလိုတာ ဖြစ်ရမယ်။"

ကျန်းချီက ဝင်ပြော၏။ "အရှင်မင်းကြီး လင်းချန်။ ခုကိစ္စက ဟွာရှာအင်ပါယာ တစ်ခုတည်းနဲ့ မဆိုင်တော့ဘူး။ အရိုးဓားငါးမျိုးနွယ်စု ပါဝင်ပတ်သက်လာပြီ ဆိုတော့ ကျွန်တော်တို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ကလည်း တစ်ခုခု လုပ်သင့်တယ်လို့ ထင်တယ်။"

ကျန်းချီ၏ စကားမဆုံးမီမှာပင် လင်းချန်က လက်ကာပြ၍ တားဆီးလိုက်၏။ သူက ကျန်းချီကို ကြည့်ကာ ပြုံးလိုက်သည်။ "မလိုဘူး။ ဒီကိစ္စကို ဟွာရှာအင်ပါယာကပဲ ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ ခင်ဗျားရဲ့ ဘိုးဘေးတွေကို သတင်းပို့ဖို့ မလိုသေးဘူး။ ဒါပေမဲ့ ခင်ဗျားကိုယ်တိုင် ပါဝင်ချင်တယ်ဆိုရင်တော့ ခွင့်ပြုတယ်။ ခင်ဗျားလည်း အရိုးဓားငါးမျိုးနွယ်စုကို လက်စားချေချင်နေတာ မဟုတ်လား။"

ကျန်းချီက တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။ "မှန်ပါတယ်။ အရိုးဓားငါးမျိုးနွယ်က တကယ်ကို စက်ဆုပ်ဖို့ ကောင်းတယ်။ အဲဒီလို အမှိုက်တွေကို ကိုယ်တိုင် သုတ်သင်ခွင့်ရမယ်ဆိုရင် ကျေနပ်စရာ ကောင်းမှာပါ။"

လင်းချန်က ဆို၏။ "ဒါဆိုရင်တော့ ရှန်ထျန်ဂိုဏ်းက ဓားနတ်ဘုရားဂိုဏ်း၊ သားရဲသခင်ဂိုဏ်းနဲ့ ဂမ္ဘီရနတ်ဆေးဂိုဏ်းတို့ကို အနိုင်ယူပြီး ကမ်းရိုးတန်းပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီ ဆိုတာနဲ့ ငါတို့က စတင် တိုက်စစ်ဆင်ပြီး ကမ်းရိုးတန်းပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ရမယ်။"

လေချန်သည် အံ့အားသင့်သွားပြီး အလျင်အမြန် ထရပ်လိုက်သည်။ "ခေါင်းဆောင်။ ဒီအစီအစဉ်ကို တခြားလူတွေကို မပြောသင့်ဘူးလား။ ဥပမာ ဂိုဏ်းချုပ် ချင်တို့၊ ဂိုဏ်းချုပ် မေတို့လို လူမျိုးတွေကိုလေ။"

လင်းချန်က အေးစက်စွာ ပြောလိုက်သည်။ "ဘာလို့ သူတို့ကို ပြောရမှာလဲ။ ဒါက ဟွာရှာအင်ပါယာရဲ့ ကိစ္စပဲ။ ဘာလို့ သူတို့နဲ့ ဆွေးနွေးနေရမှာလဲ။ ကျန်းချီက ကျုပ်တို့ မဟာမိတ် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ရဲ့ တတိယအကြီးအကဲရဲ့ မြေးဖြစ်တယ်။ ရှင်းရှင်းက ငါ့ရဲ့ ဧကရီ၊ မင်းကတော့ ငါ့ရဲ့ ညီအစ်ကို ဖြစ်သလို အင်ပါယာရဲ့ တော်ဝင်တပ်မတော် တပ်မှူးတစ်ယောက်ပဲ။ အဲဒါကြောင့် ငါတို့ ဒီမှာ ဆွေးနွေးနေတာ။ ဟွာရှာအင်ပါယာရဲ့ ကိစ္စရပ်တွေကို သူတို့ကို ဖိတ်ခေါ်ပြီး နားထောင်ခိုင်းဖို့ မသင့်တော်ဘူး။"

လေချန်က မျက်လုံးပြူးသွားသည်။ "ဒါပေမဲ့ ခေါင်းဆောင်။ ခေါင်းဆောင်က နတ်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးလား။ အခု ခေါင်းဆောင်ရဲ့ သဘောထားက ဂိုဏ်းကနေ ခွဲထွက်ချင်နေတဲ့ ပုံစံမျိုး ဖြစ်နေတော့ တခြားလူတွေ ပြောမှာကို မစိုးရိမ်ဘူးလား။ ဒါပေမဲ့ စိတ်မပူပါနဲ့ ခေါင်းဆောင်။ ကျွန်တော်ကတော့ ခေါင်းဆောင်ဘက်မှာ အမြဲ ရှိနေမှာပါ။"

လင်းချန်က နှာခေါင်းရှုံ့လိုက်သည်။ "ဂိုဏ်းချုပ် ချင်ဝူရွှမ်က ငါ့အပေါ်မှာ ကြင်နာမှု ရှိခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ နတ်ဓားဂိုဏ်းက ငါ့အပေါ်မှာ အမြဲတမ်း ကြွေးမြီရှိနေတာ။ အကြီးအကဲ အချို့ဆီက စိတ်ဝင်စားစရာ စကားတွေကိုတောင် ကြားလိုက်သေးတယ်။ ဘာတဲ့။ ငါ့ရဲ့ စစ်သင်္ဘောကို ဂိုဏ်းကို လွှဲပေးရမယ် ဆိုလား။"

ထိုသို့ပြောပြီးနောက် လင်းချန်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ ဘေးနားရှိ စားပွဲတစ်ခုကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ "ဝုန်းးး" ဟူသောအသံနှင့်အတူ စားပွဲမှာ တစ်စစီ ကြေမွပျက်စီးသွား၏။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၃၃ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters