အခန်း ၂၃၅
Vol. 24 Ch. 235
အပိုင်း ၂၃၅
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်၏ စကားသံများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ရုတ်ခြည်း တိတ်ဆိတ်သွားစေသည်။
လူတိုင်းက သူ့ကို အံ့အားသင့်တုန်လှုပ်စွာ ကြည့်နေကြသော်လည်း လင်းချန်၏ ဆုံးဖြတ်ချက်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သော ယီစင်းနှင့် လေချန်တို့မှာမူ အံ့ဩခြင်း မရှိကြချေ။ ဝေဝူရွှမ်နှင့် ဝေချင်းချင်းတို့သည်လည်း နားလည်ပေးနိုင်သည့်အတွက် တည်ငြိမ်စွာပင် ရှိနေကြ၏။
ဤမျှ ခိုင်မာတောင့်တင်းသည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားသော လင်းချန်ကို သာမန်နတ်ဓားဂိုဏ်းတစ်ခုတည်းက မည်သို့ ကန့်သတ်ထားနိုင်မည်နည်း။ အမှန်စင်စစ် လင်းချန်သည် ဝေဝူရွှမ်ကြောင့်သာ နတ်ဓားဂိုဏ်းသို့ အစောကတည်းက ဝင်ရောက်ခြင်း ဖြစ်သည်။
လင်းချန်၏ စကားအဆုံး၌ ဖုန်းကျန်းထျန်က ပထမဆုံး တုံ့ပြန်လိုက်ပြီး လက်ညှိုးငေါ့ငေါ့ထိုးလိုက်သည်။ "ဟေ့ကောင်... မင်း ဂိုဏ်းက ထွက်ချင် ထွက်နိုင်တယ်။ ဒါပေမဲ့ စစ်သင်္ဘောကို ချန်ထားခဲ့ရမယ်။ ပြီးတော့ ပင်လယ်မျိုးနွယ်တွေနဲ့ တိတ်တဆိတ် ကုန်သွယ်ပြီး ရသမျှ အရာအားလုံးကိုလည်း နတ်ဓားဂိုဏ်းကို အပ်ရမယ်။ မဟုတ်ရင်တော့ နတ်ဓားဂိုဏ်းက မင်းကို သတ်မိန့်ထုတ်လိမ့်မယ်။ အဲဒီအခါကျရင် မင်း ဘယ်လိုမှ ပြေးမလွတ်နိုင်ဘူး။"
ဖုန်းကျန်းထျန်၏ စကားကို နားထောင်ပြီးနောက် လင်းချန်က သူ့ကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်ကာ ရယ်မောလိုက်သည်။ "ဟားဟား... ခင်ဗျား ဘာတွေ အိပ်မက်ယောင်နေတာလဲ။ ဂိုဏ်းကို သစ္စာဖောက်တယ် ဟုတ်လား။ နတ်ဓားဂိုဏ်းက လူတိုင်းကို ကျုပ်ပဲ ကယ်တင်ခဲ့တာ။ အခု ခင်ဗျားတို့ နေနေတဲ့ နေရာကိုလည်း ကျုပ်ပဲ ပေးထားတာ။ ကျုပ်က ဂိုဏ်းအပေါ် ဘာကြွေးမှ မရှိဘူး။ ထွက်ချင်ရင် ထွက်မယ်။ ခင်ဗျားက ဘာမို့လို့ ကျုပ်ကို တားရတာလဲ။"
ဖုန်းကျန်းထျန်က ဒေါသတကြီးဖြင့် ပြန်လည် ချေပလိုက်သည်။ "အဖြစ်မှန်ကို လိမ်မနေနဲ့... မင်းက နတ်ဓားဂိုဏ်းရဲ့ တပည့်ပဲ။ မင်းပိုင်တာ မှန်သမျှ ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုပဲ... မင်း..."
ဖုန်းကျန်းထျန် စကားမဆုံးမီမှာပင် လင်းချန်က ရှေ့သို့ တစ်လှမ်းတိုးကာ သူ၏ ကော်လာကို ဆွဲကိုင်၍ စိုက်ကြည့်လိုက်သည်။ "သေချာနားထောင် အဖိုးကြီး... စစ်သင်္ဘောက ကျုပ် ကိုယ်ပိုင်ပစ္စည်းပဲ။ ပင်လယ်မျိုးနွယ်တွေနဲ့ ဆက်ဆံတာကလည်း ဟွာရှာအင်ပါယာရဲ့ ကိစ္စပဲ။ နတ်ဓားဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး။"
ထို့နောက် လင်းချန်က ဆက်ပြော၏။ "ကျွန်တော့် ဆရာက စစ်ဧကရာဇ် ဝေဝူရွှမ်၊ ကျွန်တော့် ဦးလေးက ဂိုဏ်းချုပ် ချင်ဝူရွှမ်၊ ကျွန်တော့် စီနီယာအစ်ကိုကြီးက ဂိုဏ်းချုပ်ဟောင်းရဲ့ မြေးအရင်းခေါက်ခေါက်ပဲ။ နတ်ဓားဂိုဏ်းက ကျုပ်ကို သတ်မိန့်ထုတ်မယ် ဟုတ်လား။ လာနောက်မနေနဲ့။ အဲဒီလို ထုတ်ဖို့ ခင်ဗျားမှာ ဘာအာဏာရှိလို့လဲ။"
ထိုသို့ပြောပြီးနောက် လင်းချန်သည် ဖုန်းကျန်းထျန်ကို နောက်သို့ အရှိန်ပြင်းပြင်း တွန်းထုတ်လိုက်ရာ ဖုန်းကျန်းထျန်သည် မခံနိုင်ဘဲ သင်္ဘောကုန်းပတ်ပေါ်သို့ ဟန်ချက်ပျက်ကာ လဲကျသွားသည်။
လင်းချန်က အေးစက်စွာ ပြောလိုက်သည်။ "ခင်ဗျားနဲ့အတူ ပြဿနာရှာနေတဲ့သူတွေ အကုန်လုံး ကျုပ်သင်္ဘောပေါ်က အခုချက်ချင်း ဆင်းကြ။ ပစ္စည်းတွေ သိမ်းဖို့ တစ်နာရီ အချိန်ပေးမယ်။ အချိန်ကျော်လို့မှ သင်္ဘောပေါ် ရှိနေသေးရင်တော့ ကျုပ်ဘက်က ညှာမှာ မဟုတ်ဘူး။"
ထိုသို့ ပြောပြီးနောက် လင်းချန်သည် ဖြူဖျော့သွားသည့် ဖုန်းကျန်းထျန်၏ မျက်နှာကို ဂရုမစိုက်ဘဲ ကျောခိုင်း၍ ထွက်ခွာသွား၏။
လင်းချန် ကျောခိုင်းသွားစဉ်မှာပင် ဖုန်းကျန်းထျန်က မြေပြင်မှ ထရပ်ရင်း ရယ်မောလိုက်သည်။ "ဟားဟား... ဟုတ်လား။ ငါက ရှန်ထျန်ဂိုဏ်းရဲ့ အထွတ်အထိပ်အကြီးအကဲပဲ... မင်း ငါ့ကို သတ်ရဲလို့လား။ မင်း ငါ့ကို သတ်ရင် နတ်ဓားဂိုဏ်းနဲ့ ရန်သူဖြစ်သွားလိမ့်မယ်။ ဒါ့အပြင် ငါ ရှန်ထျန်ဂိုဏ်းနဲ့ ဆက်သွယ်ထားပြီးပြီ။ စစ်သင်္ဘောကို ရွှေ့လိုက်ရင်တောင် မင်းတို့ရဲ့ တည်နေရာအသစ်ကို ရှန်ထျန်ဂိုဏ်းကို ပြောပြလိုက်မယ်။"
ဖုန်းကျန်းထျန်၏ စကားအဆုံး၌ သူ၏ရှေ့၌ ရွှေနီရောင် မိုးကြိုးတစ်ချက် လျှပ်ခနဲ ပေါ်လာသည်။
ဖောက်းးး
ရင်ဘတ်မှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဖုန်းကျန်းထျန်သည် သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားသော အနက်ရောင်ဓားကို ငုံ့ကြည့်လိုက်ရင်း လင်းချန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိ၏။
လင်းချန်၏ လျင်မြန်သည့် အရှိန်အဟုန်ကြောင့် တုံ့ပြန်ရန်ပင် အချိန်မရဘဲ နှလုံးကို အထိုးခံလိုက်ရခြင်း ဖြစ်သည်။ လင်းချန်သည် လက်ရဲဇက်ရဲ တိုက်ခိုက်လိမ့်မည်၊ သူ့ကို အမှန်တကယ် သတ်ဖြတ်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။
လင်းချန်က အေးစက်စွာ ပြောလိုက်သည်။ "ခင်ဗျားက ကိုယ်ကျိုးအတွက်နဲ့ သင်္ဘောပေါ်က တခြားနတ်ဓားဂိုဏ်း တပည့်တွေရဲ့ အသက်ကို လျစ်လျူရှုတယ်။ ရှန်ထျန်ဂိုဏ်းသားတွေ ရောက်လာပြီး တိုက်ပွဲဖြစ်ရင် သေရမဲ့သူတွေက ဒီတပည့်တွေပဲဆိုတာ တွေးရဲ့လား။ မျက်နှာသာပေးတုန်းက ကောင်းကောင်းမနေဘဲ သေလမ်းကို ရှာနေမှတော့ ဖြည့်ဆည်းပေးလိုက်မယ်။"
ထို့နောက် လင်းချန်သည် မိုးကြိုးလျှပ်စီးဓားကို ပြန်နှုတ်လိုက်ကာ အသွင်ပြောင်းခြင်းကို ရုပ်သိမ်း၍ ထွက်ခွာသွားသည်။ သို့သော် လေထုထဲ၌ သူ ချန်ထားခဲ့သော စကားတစ်ခွန်းကမူ လွင့်ပျံနေဆဲပင် ဖြစ်၏။
"သူနဲ့အတူ ပါဝင်ပတ်သက်နေတဲ့သူတွေ အကုန်လုံး အမြန်ဆုံး ထွက်သွားကြ။"
လင်းချန် ထွက်ခွာသွားပြီးနောက် ချင်ဝူရွှမ် အပါအဝင် လူများစွာမှာ ထိုနေရာ၌ပင် ဆွံ့အလျက် ကျန်ရစ်ကြသည်။
ချင်ဝူရွှမ်သည် ကြောင်တောင်တောင် ဖြစ်သွားပြီး ဝေဝူရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "အစ်ကိုကြီး... ဒါက"
ဝေဝူရွှမ်က ပြုံးလိုက်သည်။ "ဘာလို့ ငါ့ကို ကြည့်နေတာလဲ... ကောင်းတဲ့ ကိစ္စပဲ မဟုတ်လား။ ဒီလို အမှိုက်မျိုး၊ ဒီလို ယုတ်ညံ့တဲ့သူမျိုးက နတ်ဓားဂိုဏ်းမှာ နေဖို့ နေရာမရှိဘူး။ သေသွားတာကမှ ပိုကောင်းသေးတယ်။"
ဘေးနားရှိ ဝေချင်းချင်းကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ "မှန်တယ်။ ဒီကောင်လေးက စိတ်ထား နုနယ်လွန်းပြီး နောင်မှာ ဒုက္ခရောက်မလား၊ စင်းစင်းကို ကောင်းကောင်း ကာကွယ်နိုင်ပါ့မလားလို့ စိတ်ပူနေတာ။ အခုကြည့်ရတာတော့ သူက ပြတ်သားတဲ့နေရာမှာ တကယ် နောက်မတွန့်ဘူးပဲ။"
လင်းချန် လျှောက်သွားသည်ကို ကြည့်ရင်း ဝေဝူရွှမ်က ခေါင်းညိတ်လိုက်သည်။ "တစ်ခါတလေကျရင် မှောင်မိုက်ပြီး သေးငယ်တဲ့ နေရာတွေကပဲ အမှန်တရားကို ဖော်ထုတ်ပေးနိုင်တာ။ ငရဲကျွန်းက သူ့ကို တကယ် ကြီးပြင်းစေတဲ့ နေရာပဲ။"
ထိုနေရာမှ ထွက်လာပြီးနောက် လင်းချန်သည် သင်္ဘော၏ ကွပ်ကဲမှုစင်တာသို့ တိုက်ရိုက် သွားရောက်ပြီး ယီစင်းကလည်း နောက်မှ လိုက်လာ၏။
ယီစင်းက အနားသို့ ကပ်ကာ ဂရုတစိုက် မေးလိုက်သည်။ "ချန်လေး... ရှင် အဆင်ပြေရဲ့လား။"
လင်းချန်က ဘာမှမဟုတ်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းကို အသာအယာ ရမ်းလိုက်သည်။ "ဒီလို အမှိုက်မျိုးက နေရာတိုင်းမှာ ရှိတတ်တာပဲ။ သူတို့ကို ရှင်းထုတ်လိုက်တာက ကောင်းတဲ့ ကိစ္စပါ။ ဒါ့အပြင် နတ်ဓားဂိုဏ်းကနေ ခွဲထွက်မဲ့အကြောင်း ဘယ်လိုပြောရမလဲလို့ ငါ စဉ်းစားနေတာ... အခုတော့ အခွင့်အရေးကောင်း တစ်ခု ရသွားတာပေါ့။"
လင်းချန်က ပခုံးတွန့်ပြလိုက်ပြီး ကွပ်ကဲမှုစင်တာ၏ အလယ်၌ ရပ်ကာ နည်းဗျူဟာမှန်ပြင်များကို လှည့်ပတ်ကြည့်ရှုနေသည်။
မူလက ယီစင်းသည် လင်းချန်၏ ကြင်နာတတ်သော စိတ်ထားကြောင့် ထိုကိစ္စက စိတ်ဒဏ်ရာ ဖြစ်သွားမလားဟု စိုးရိမ်နေမိ၏။
နတ်ဓားဂိုဏ်းသားများအပေါ် လင်းချန်က အလွန် ကောင်းမွန်ခဲ့သော်လည်း အချို့သော အကြီးအကဲများနှင့် တပည့်များက ဖုန်းကျန်းထျန်နောက်သို့ လိုက်၍ သူ့အပေါ် ဤသို့ ဆက်ဆံကြသည့်အတွက် စိတ်မကောင်း ဖြစ်နေမလားဟုလည်း တွေးမိသည်။
သို့သော် လင်းချန်၏ လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူသည် ထိုအရာများကို လုံးဝ ဂရုမစိုက်ဘဲ စိတ်ဓာတ်ခိုင်မာမှုမှာ သူမ ထင်ထားသည်ထက် များစွာ ပိုမိုအားကောင်းနေကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားရ၏။
ယီစင်းသည်လည်း နည်းဗျူဟာမှန်ပြင်ကို လှည့်ကြည့်လိုက်သည်။ ကျူးကော့မင်ထံ၌ ပညာသင်ယူပြီးနောက် သူမသည် နည်းဗျူဟာမှန်ပြင်ကို အသုံးပြုနည်း အမျိုးမျိုးကို ကျွမ်းကျင်နေပြီ ဖြစ်၏။ အထူးသဖြင့် တိကျစွာပုံဖော်ထားသော နည်းဗျူဟာမြေပုံက သူမကို အံ့အားသင့်စေသည်။
နည်းဗျူဟာမြေပုံပေါ်၌ သင်္ဘော စတင်ဆိုက်ကပ်ခဲ့သည့် နေရာသို့ ရောက်ရှိလာသော အစက်အပြောက်နီများကို ကြည့်ရင်း ယီစင်းက မျက်မှောင်ကြုတ်လိုက်သည်။ "ဒါက ရှန်ထျန်ဂိုဏ်းရဲ့ တပ်ဖွဲ့လား... ဖုန်းကျန်းထျန်က တကယ်ပဲ သူတို့ကို သတင်းပို့တာပဲ၊ သူတို့ လူတွေ လွှတ်လိုက်ပြီ။"
ဖုန်းကျန်းထျန်က ရှန်ထျန်ဂိုဏ်းကို သတင်းပို့လိုက်သည်ဟူသော သတင်းကို ရရှိပြီးနောက် ကွပ်ကဲမှုစင်တာက သင်္ဘောကို မူလနေရာမှ ရွှေ့ပြောင်းရန် ထိန်းချုပ်ပြီး ဖြစ်သည်။ ယခုအခါ စစ်သင်္ဘောမှာ ထိုနေရာနှင့် အလှမ်းဝေးကွာသည့် နေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။
ပညာရှိအမတ်တစ်ဦးက အစီရင်ခံလိုက်သည်။ "အရှင်မင်းကြီး... ရှေ့ပြေး လေဟုန်စစ်သည်တွေဆီက ရတဲ့ သတင်းအရဆိုရင် ကောင်းကင်နယ်ပယ်အဆင့်ရှိသူ နှစ်ယောက်ပဲ လာတာပါ။ ထောက်လှမ်းဖို့ပဲ လာတာ ထင်တယ်... အခု ကမ်းရိုးတန်းပြည်နယ်ကို ပြန်သွားကြပြီ။"
လင်းချန်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ "လောလောဆယ် သူတို့ကို လွှတ်ထားလိုက်... သူတို့ရဲ့ လောဘကြောင့် ရှန်ထျန်ဂိုဏ်း အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့ အချိန်ကျရင်တော့ ငါတို့ ဟွာရှာအင်ပါယာက ကမ်းရိုးတန်းပြည်နယ်ကို စစ်ချီဖို့ အချိန်ရောက်ပြီ။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၃၅ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။