အခန်း ၂၃၆
Vol. 24 Ch. 236
အပိုင်း ၂၃၆
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ကမ်းရိုးတန်းပြည်နယ်၏ အခြေအနေမှာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေပြီဖြစ်၏။ စစ်သင်္ဘောများ၏ တည်နေရာကို ရှာဖွေရန် ကြိုးပမ်းမှု မအောင်မြင်ပြီးနောက်၌ ရှန်ထျန်ဂိုဏ်းသည် ချေမှုန်းရေးပစ်မှတ်ကို ပြည်နယ်တွင်းသို့သာ ပြန်လည် ဦးတည်လာသည်။
အရိုးဓားငါးမျိုးနွယ်စု၏ အကူအညီဖြင့် ရှန်ထျန်ဂိုဏ်းသည် ဝေချင်းချင်း၏ ဦးဆောင်မှု ကင်းမဲ့နေသည့် ဓားနတ်ဘုရားဂိုဏ်း၊ မဟာလှံတံဂိုဏ်းနှင့် သားရဲသခင်ဂိုဏ်းတို့ကို အသာအစီး တိုက်ခိုက်နိုင်ပြီး စိတ်သွားတိုင်း ကိုယ်ပါသကဲ့သို့ လုပ်တိုင်းဖြစ်နေသည်။
နောက်ဆုံး၌ ဓားနတ်ဘုရားဂိုဏ်း၏ အကြီးအကဲဟောင်းဖြစ်ပြီး ဂိုဏ်းချုပ်ရာထူးကို မတရားရယူထားသည့် ဖူဟန်၏ အဘွားဖြစ်သူမှာ ပထမဆုံး ကျဆုံးသွားရ၏။ ထို့နောက်၌မူ ဟိုင်ရှောင်ယွင်တစ်ယောက် အသက်ဖြင့် ရင်း၍ ပေးဆပ်လိုက်ရပြန်သည်။
လေဟုန်စစ်သည်ထံမှ ရရှိသော သတင်းအရ ဟိုင်ရှောင်ယွင်သည် ရှန်ထျန်ဂိုဏ်းနှင့် တိုက်ခိုက်နေစဉ်၌ လင်းချန်သည် သိုလှောင်လက်စွပ်ပေါ်၌ တပ်ဆင်ထားသည့် ထောင်ချောက်ကို အသက်သွင်းလိုက်သဖြင့် လက်စွပ်မှာ ပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင် လှိုင်းဂယက်များကို ဖြစ်ပေါ်စေ၏။
ထိုသို့ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် ကမောက်ကမ အခြေအနေကြောင့် ဟိုင်ရှောင်ယွင်သည် ကျန်းတင်းယွင်၏ လက်ချက်ဖြင့် ချက်ချင်းပင် အသတ်ခံလိုက်ရခြင်း ဖြစ်၏။
ဟိုင်ရှောင်ယွင် သေဆုံးသွားကြောင်း ကြားသိရသည့်အခါ လင်းချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း စိတ်ထဲ၌ တွေးလိုက်၏။
‘ငါ့ပစ္စည်းတွေကို ယူထားပြီး သစ္စာဖောက်ရဲမှတော့ သေလမ်းရှာနေတာ မဟုတ်ဘူးလား’
မကြာမီမှာပင် သားရဲသခင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာလည်း အသတ်ခံလိုက်ရသဖြင့် ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်း၏ မဟာမိတ်အဖွဲ့မှာ ပြိုကွဲသွားသည်။ ရှန်ထျန်ဂိုဏ်းသည် အခြားအင်အားစုအားလုံးကို အောင်နိုင်ကာ ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် တစ်ဦးတည်းသော အာဏာရှင် ဖြစ်လာ၏။
ဂမ္ဘီရနတ်ဆေးဂိုဏ်းနှင့် ပန်းပဲမီးလျှံဂိုဏ်းတို့မှာ ရှန်ထျန်ဂိုဏ်း၏ ဆေးဖော်စပ်ရေးနှင့် လက်နက်သွန်းလုပ်ရေး ဌာနများအဖြစ် ပေါင်းစည်းခံလိုက်ရ၏။ ဓားနတ်ဘုရားဂိုဏ်း၊ မဟာလှံတံဂိုဏ်း၊ သားရဲသခင်ဂိုဏ်းနှင့် ကမ်းရိုးတန်းဂိုဏ်းတို့မှ တပည့်များသည်လည်း ရှန်ထျန်ဂိုဏ်း၏ တပည့်များ ဖြစ်လာကြသည်။ ရှန်ထျန်ဂိုဏ်းသည် ယခင်ကထက် မကြုံစဖူး ပိုမိုအင်အားကြီးမားလာလေပြီ။
သို့သော်လည်း လဝက်ခန့်မျှ အကြာ၌ ကမ်းရိုးတန်းပြည်နယ်တစ်ခုလုံးက ရှန်ထျန်ဂိုဏ်းကို ဝိုင်းဝန်း ရှုတ်ချနေကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှန်ထျန်ဂိုဏ်းသည် အလွန်အမင်း လောဘရမ္မက်ကြီးစွာဖြင့် ပြည်နယ်တစ်ခုလုံးကို အဆက်မပြတ် နှိပ်စက်ညှင်းပန်း အမြတ်ထုတ်နေသောကြောင့်ပင် ဖြစ်၏။
အခြားဂိုဏ်းများ ထိန်းချုပ်ထားသည့် မြို့များဖြစ်စေ၊ ရှန်ထျန်ဂိုဏ်း၏ မူလပိုင်နက်ထဲမှ မြို့များဖြစ်စေ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် စားနပ်ရိက္ခာများကို မဖြစ်မနေ အခွန်ဆက်ရမည်ဟု အမိန့်ထုတ်ရာ ထိုတောင်းဆိုချက်များမှာ အလွန်တရာ ပြင်းထန်ရက်စက်လှ၏။
စင်စစ်အားဖြင့် မြို့အချို့မှာ ရှန်ထျန်ဂိုဏ်း၏ တောင်းဆိုချက်အတိုင်း အခွန်ဆက်သပြီးနောက်၌ လုံးဝ ပြိုလဲပျက်စီးသွားကြရသည်။ အသုံးစရိတ်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများ မကျန်တော့သလို စားသုံးရန် စားနပ်ရိက္ခာလည်း မရှိတော့ပေ။
ထိုအရာများနှင့် ပတ်သက်၍ ရှန်ထျန်ဂိုဏ်းမှာ လုံးဝလျစ်လျူရှုနေပြီး ကမ်းရိုးတန်းပြည်နယ်ရှိ မြို့အားလုံးအပေါ် ဤစည်းကမ်းကို တင်းကျပ်စွာ ပြဋ္ဌာန်းထားသည်။ ပြန်လည်ခုခံဝံ့သူ မည်သူမဆို အေးစက်သည့် ဓားသွားနှင့် သွေးထွက်သံယိုမှုများကိုသာ ရင်ဆိုင်ကြရ၏။
ရှန်ထျန်ဂိုဏ်းက ဤသို့ အခွန်ကောက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ အရိုးဓားငါးမျိုးနွယ်စုကို ထောက်ပံ့ရန်အတွက် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အရိုးဓားငါးမျိုးနွယ်စု၏ အကူအညီကို ရယူခြင်းမှာ အဖိုးအခ မရှိဘဲ မရနိုင်သောကြောင့်ပင် ဖြစ်သည်။
စိတ်ဝိညာဉ်ကျောက်တုံးများနှင့် စားနပ်ရိက္ခာ အမြောက်အမြား သုံးစွဲရသလို ကမ်းရိုးတန်းပြည်နယ်၏ ကမ်းခြေဒေသအချို့နှင့် ကမ်းရိုးတန်းဂိုဏ်း၏ နယ်မြေဟောင်းများကိုလည်း သူတို့ထံ ပေးအပ်ရသည်။
အရိုးဓားငါးမျိုးနွယ်စုသည် ကမ်းရိုးတန်းဂိုဏ်း၏ နယ်မြေဟောင်းသို့ ရောက်ရှိလာပြီးနောက် ဒုက္ခပေးခြင်း၊ လုယက်ခြင်းနှင့် ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်ကြ၏။ ထိုအရာမှာ သူတို့၏ ပင်ကိုယ်ဗီဇပင် ဖြစ်သည်။
အရိုးဓားငါးမျိုးနွယ်စု၏ လုပ်ရပ်များအပေါ် ရှန်ထျန်ဂိုဏ်းမှာ မျက်ကွယ်ပြုထား၏။ ဤအခြားမျိုးနွယ်စုက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော ဘေးဒုက္ခများကို လျစ်လျူရှုကာ သူတို့ ထိန်းချုပ်ထားသည့် မြို့များကိုသာ ဆက်လက် အမြတ်ထုတ် နေသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ကမ်းရိုးတန်းပြည်နယ်ကို အုပ်ချုပ်မှုပိုမိုခိုင်မာစေရန်နှင့် အခွန်အကောက်ပိုမိုရရှိရန်ပင် ဖြစ်၏။
တစ်ခဏအတွင်း၌ပင် ကမ်းရိုးတန်းပြည်နယ်သည် လူနေထိုင်ရန်ပင် ခက်ခဲလာပြီး ငိုညည်းသံများဖြင့် ပြည့်နှက်သွားသည်။ အခြေအနေကို သဘောပေါက်လိုက်သည်နှင့် ဟွာရှာအင်ပါယာမှ လှုပ်ရှားရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း လင်းချန် သိလိုက်၏။ လင်းချန်၏ ပထမဆုံး ပစ်မှတ်မှာ ကမ်းရိုးတန်းဂိုဏ်း၏ နယ်မြေဟောင်းပင် ဖြစ်သည်။
ကမ်းရိုးတန်းပြည်နယ်၏ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းထဲ၌ ပါဝင်ခဲ့သည့် ကမ်းရိုးတန်းဂိုဏ်းမှာ ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်၏။ ကမ်းရိုးတန်းဂိုဏ်း၏ နယ်မြေဟောင်းမှာ ပင်လယ်နှင့် နီးကပ်သော ကျယ်ဝန်းသည့် နေရာတစ်ခု ဖြစ်သည်။
တောင်တန်းများပေါ်၌ အခြေစိုက်သော အခြားအင်အားစုများနှင့် မတူဘဲ သူတို့သည် ကမ်းရိုးတန်း မြေပြန့်ဒေသများပေါ်၌ ကြီးမားသည့် မြို့များကို တည်ဆောက်ခဲ့ကြခြင်းပင် ဖြစ်၏။ ထိုသည်မှာ ပင်လယ်နှင့် နီးသည့် နေရာများ၌ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ထူးထူးခြားခြား မြင့်မားသောကြောင့် ဖြစ်သည်။
သို့သော်လည်း တစ်ချိန်က ကမ်းရိုးတန်းဂိုဏ်း ပိုင်ဆိုင်ခဲ့သည့် မြို့တို့မှာ လူသားမျိုးနွယ်များ နေထိုင်ရာအရပ် မဟုတ်တော့ဘဲ အရေပြား ထူထဲကာ အကြေးခွံများ ပါရှိပြီး လက်မောင်းများ၌ အရိုးဓားများ တပ်ဆင်ထားသော အရိုးဓားငါးမျိုးနွယ်စု၏ သိမ်းပိုက်ခြင်းကို ခံထားရလေပြီ။
ကမ်းရိုးတန်းဂိုဏ်း၏ မြို့ရိုး အပြင်ဘက်၌ အရိုးဓားငါးမျိုးနွယ်စုဝင် နှစ်ဆယ်မှ သုံးဆယ်ခန့် ရှိနေကြ၏။ သူတို့သည် လက်ထဲ၌ ကြိမ်လုံးအရှည်များကို ကိုင်ဆောင်ထားကြပြီး သူတို့ရှေ့မှ လူသားများကို အပျင်းပြေ ရိုက်နှက်နေကြသည်။
ထိုလူသားများသည် တစ်ချိန်က ကမ်းရိုးတန်းဂိုဏ်း၏ တပည့်များ ဖြစ်ကြ၏။ သူတို့သည် အဝတ်အစားများ ချွတ်ပစ်ခံထားရကာ မြေပြင်ပေါ်၌ ဝပ်စင်းလျက် ခွေးများကဲ့သို့ ရှေ့သို့ ပြေးနေကြရသည်။
သူတို့ကို ရိုက်နှက်နေသည့် အရိုးဓားငါးမျိုးနွယ်စုဝင်များသည် ကျယ်လောင်စွာ ရယ်မောနေကြပြီး အလွန်အမင်း ပျော်ရွှင်စွာ ကြည့်ရှုနေကြသည်။ အရိုးဓားငါးမျိုးနွယ်စုမှာ ကမ်းရိုးတန်းပြည်နယ်သည် သူတို့အတွက် နိဗ္ဗာန်ဘုံဟုပင် ထင်မှတ်နေကြ၏။
လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ ဖမ်းဆီးခြင်းကို ခံရမည်ကို စိုးရိမ်စရာ မလိုတော့သလို အစားအသောက်နှင့် ထောက်ပံ့ပေးမည့်သူများလည်း ရှိနေကာ ဤကဲ့သို့သော ဖျော်ဖြေရေး ကစားပွဲများကိုလည်း စိတ်ကြိုက် ဆင်နွှဲနိုင်နေသောကြောင့် ဖြစ်သည်။
ထိုလူသားအုပ်စုထဲ၌ လူငယ်တစ်ဦးသည် အံကို တင်းတင်းကြိတ်ကာ ကြိမ်ဒဏ်ချက်များအောက်၌ ခွေးတစ်ကောင်ကဲ့သို့ ဇွဲနပဲဖြင့် ပြေးလွှားနေရှာ၏။ သူ၏ အမည်မှာ ရန်ကွမ်းအန် ဖြစ်သည်။ သူသည် တစ်ချိန်က ကမ်းရိုးတန်းဂိုဏ်း၏ ပါရမီထူးချွန်သည့် တပည့်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း ထိုဂုဏ်ပုဒ်မှာ လုံးဝ အသုံးမဝင်တော့ပေ။ ထို့အပြင် အရိုးဓားငါးမျိုးနွယ်စု၏ အင်အားမှာ ကမ်းရိုးတန်းဂိုဏ်းထက် များစွာ သာလွန်နေသည်။
ထို့ကြောင့် ရန်ကွမ်းအန်မှာ အောင့်အည်းသည်းခံနေရပြီး အခွင့်အရေးကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမရှိပေ။ လောလောဆယ်၌ ပြန်လည်ခုခံရန် အခွင့်အလမ်းမရှိကြောင်း သူ သိထား၏။
‘တောင်စိမ်းရှိနေသရွေ့ ထင်းအတွက် ပူစရာမလိုဘူး’
သူကိုယ်သူ ဖျောင်းဖျထားမိ၏။ ရန်ကွမ်းအန်သည် သူ့ကို ရိုက်နှက်နေသည့် အရိုးဓားငါးမျိုးနွယ်ဝင်များကို လက်စားချေရန်၊ သူတို့ကို ငါးအသားလွှာများကဲ့သို့ မွှန်းပစ်ရန် တိတ်တဆိတ် သန္နိဋ္ဌာန် ချထားသည်။
ယခုရက်ပိုင်း၌ ကျူးကျော်ဝင်ရောက်လာသည့် အရိုးဓားငါးမျိုးနွယ်စုမှာ သူတို့ကို လူသားများကဲ့သို့ မဆက်ဆံဘဲ တိရစ္ဆာန်များကဲ့သို့သာ သဘောထားကြ၏။ ထို့ကြောင့် တစ်ဦးချင်းစီတိုင်း၌ နက်ရှိုင်းသော နာကျည်းချက်များ ရှိနေကြသည်။
……
ရန်ကွမ်းအန်နှင့် အခြားသူများသည် မြေပြင်ပေါ်၌ ဝပ်စင်းနေဆဲ ဖြစ်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် ကြိမ်ရိုက်ချက်များမှာ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်မလာတော့သောကြောင့်ပင် ဖြစ်သည်။ အရိုးဓားငါးမျိုးနွယ်ဝင်များသည် ရုတ်တရက် ဘာလှုပ်ရှားမှုမှ မရှိတော့ခြင်းမှာ အမှန်တကယ်ပင် ထူးဆန်းလှ၏။
ရန်ကွမ်းအန် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည့်အခါ သူ၏ရှေ့မှ မြင်ကွင်းကြောင့် ဆွံ့အသွားရသည်။
အရိုးဓားငါးမျိုးနွယ်ဝင်များသည် သံချပ်ကာ ဝတ်ဆင်ထားပြီး စိတ်ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေသည့် ဓားများကို ကိုင်ဆောင်ထားသော စစ်သည်တစ်စု၏ တစ်စစီ ပိုင်းဖြတ်ခြင်းကို ခံနေရပြီ ဖြစ်၏။
ရွှူးးး ဖောက်းးး ရွှီးးး
အရိုးဓားငါးမျိုးနွယ်ဝင်များ၏ လတ်ဆတ်သည့် သွေးများသည် ကမ်းခြေမှ သဲသောင်ပြင်ကို နီရဲသွားစေ၏။ ထိုအရိုးဓားငါးမျိုးနွယ်ဝင် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပြီးနောက် စစ်သည်များသည် ဘေးတစ်ဖက်တစ်ချက်၌ တည်ငြိမ်စွာ ရပ်နေကြပြီး အလယ်မှ လမ်းတစ်ခုကို ဖော်ပေးလိုက်ကြသည်။
ထိုလမ်းမ၏ အလယ်မှ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက် သွယ်လျပြီး ချောမောခန့်ညားသည့် လူငယ်တစ်ဦးသည် သူတို့ဆီသို့ လျှောက်လှမ်းလာ၏။
ရန်ကွမ်းအန် ထိုလူငယ်ကို မှတ်မိ၏။ ယခင်က ရှေးဟောင်းအမွေအနှစ်နယ်မြေ၌ ရှိစဉ်ကပင် တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းတို့ကဲ့သို့ လူမျိုးများ၏ လေးစားမှုကို ရရှိထားသူဖြစ်ကြောင်း မြင်တွေ့ခဲ့ဖူးသည်။
သူကိုယ်တိုင်မှာမူ အဝတ်အစားများ မရှိဘဲ မြေပြင်ပေါ်၌ ခွေးတစ်ကောင်ကဲ့သို့ ဝပ်စင်းနေရပြီး တစ်ဖက်လူမှာမူ ခမ်းနားထည်ဝါစွာ ဝတ်ဆင်လျက် သူ၏ရှေ့၌ ရပ်နေကာ ငုံ့ကြည့်နေသည်။
“လင်းချန်။”
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၃၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။