အခန်း ၂၃၇
Vol. 24 Ch. 237
အပိုင်း ၂၃၇
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
အဝတ်အစား မပြည့်မစုံဖြင့် ညစ်ပတ်ပေရေနေသည့် လူငယ်တစ်ဦးက သူ၏ နာမည်ကို အော်ဟစ်ခေါ်ဆိုလာသည်ကို မြင်လိုက်ရသောအခါ လင်းချန် အနည်းငယ် အံ့အားသင့်သွား၏။
သေချာစိုက်ကြည့်လိုက်ပြီးနောက် လင်းချန်၏ မှတ်ဉာဏ်ထဲ၌ အသိတစ်ခု ရိပ်ခနဲ ပေါ်လာသည်။ ဤသူကား တစ်ခါက ရှေးဟောင်းအမွေအနှစ်နယ်မြေ၌ ဟိုင်ရှောင်ယွင်၏ နောက်မှ လိုက်ပါလာသည့် ကမ်းရိုးတန်းဂိုဏ်းမှ တပည့်တစ်ဦးပင် ဖြစ်သည်။
ရန်ကွမ်းအန်သည် တစ်ဖက်လူက သူ့ကို မှတ်မိနေသေးသည့်အတွက် အနည်းငယ် စိတ်လှုပ်ရှားသွား၏။ သူသည် မြေပြင်မှ ဖြည်းညှင်းစွာ ထရပ်လိုက်ကာ လင်းချန်ကို လက်အုပ်ချီနှုတ်ဆက်လိုက်သည်။ "ကျွန်တော့်နာမည်က ရန်ကွမ်းအန်ပါ။ အရင်က ကမ်းရိုးတန်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ။"
လင်းချန်က ခေါင်းညိတ်လိုက်သည်။ "အင်း... ကမ်းရိုးတန်းဂိုဏ်း တပည့် ဟုတ်လား။ ဒါဆို ငါ့ကို အကူအညီတစ်ခုလောက် ပေးစမ်းပါ။"
ရန်ကွမ်းအန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး နားမလည်နိုင်စွာ မေးလိုက်၏။ "အကူအညီ... ကျွန်တော့်လိုလူက ဘာများ ကူညီပေးနိုင်မှာလဲ။"
ထိုသို့ပြောရင်း ရန်ကွမ်းအန်သည် လင်းချန်၏ ဘေးရှိ စစ်သည်များကို မသိမသာ လှမ်းကြည့်လိုက်သည်။ ထိုစစ်သည် တစ်ရာခန့်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများမှာ ကောင်းကင်နယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်၌ ရှိနေကြောင်း သတိပြုမိလိုက်၏။
ကောင်းကင်နယ်ပယ် နဝမအဆင့်ရှိသည့် ကိုယ်ရံတော် စစ်သည်တစ်ရာပင်။ လင်းချန်ဆိုသည်မှာ အမှန်တကယ် မည်သူနည်း။ သူသည် နတ်ဓားဂိုဏ်း၏ တပည့်တစ်ဦးမျှသာ မဟုတ်ပါလော။
လင်းချန်က လိုအပ်သည့် အကူအညီအကြောင်း ရှင်းပြလိုက်၏။ "မှန်တယ်။ အနီးအနားမှာရှိတဲ့ ကမ်းရိုးတန်းဂိုဏ်းရဲ့ ခံတပ်ဟောင်းကို သိမ်းပိုက်ပြီးရင် အဲဒီနေရာက ငါ့ကိုယ်ပိုင်နယ်မြေ ဖြစ်လာလိမ့်မယ်။ ငါက ကမ်းရိုးတန်းဂိုဏ်းအတွက် လူစိမ်းဖြစ်နေတော့ တခြားနယ်မြေတွေကို စစ်ချီဖို့ ထွက်သွားတဲ့အခါ မင်းက အဲဒီမှာကျန်ခဲ့ပြီး လူတွေကို စိတ်ချမ်းသာအောင် လုပ်ပေးဖို့ တာဝန်ယူရမယ်။"
လင်းချန်၏ စကားကို ကြားလိုက်ရသောအခါ ရန်ကွမ်းအန် လုံးဝ ဆွံ့အသွားပြီး လင်းချန် သူ့ကို နောက်ပြောင်နေသည်ဟုပင် ထင်မှတ်သွားသည်။
ရန်ကွမ်းအန် အံ့ဩသွားသည်။ "ကမ်းရိုးတန်းဂိုဏ်းရဲ့ ခံတပ်ကို တိုက်ခိုက်မလို့လား။"
လက်ရှိအချိန်၌ ကမ်းရိုးတန်းဂိုဏ်း၏ ခံတပ်မှာ အရိုးဓားငါးမျိုးနွယ်စု၏ အဓိကစခန်း ဖြစ်နေပြီး သေခြင်းရှင်ခြင်းနယ်ပယ် အဆင့်ရှိသူ လေးယောက်အထိ ရှိနေ၏။
လင်းချန်၏ ဘေးရှိ ကောင်းကင်နယ်ပယ် နဝမအဆင့် စစ်သည် တစ်ရာလုံး တိုက်ပွဲဝင်လျှင်တောင် ထိုအရိုးဓားငါးမျိုးနွယ်စုမှ သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင်များ၏ သွားကြားထိုးရန်ပင် လောက်မည် မဟုတ်ပေ။ ထိုသို့သော အခြေအနေ၌ ကမ်းရိုးတန်းဂိုဏ်း၏ ခံတပ်ကို တိုက်ခိုက်မည်ဟု ဆိုနေခြင်းမှာ အဘယ်သို့နည်း။
ရန်ကွမ်းအန်သည် မယုံနိုင်စွာဖြင့် ကမ်းရိုးတန်းဂိုဏ်း ခံတပ်ရှိရာ အရပ်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်၏။ သို့သော် ခံတပ်ရှိရာဘက်မှ အခြေအနေကို သေချာမြင်လိုက်ရသည့်အခါ၌မူ သူ လုံးဝ မှင်တက်သွားသည်။
ဧရာမ စစ်သင်္ဘောကြီး နှစ်စင်းမှာ လေထုထဲ၌ ပျံသန်းနေကြ၏။ ထိုသင်္ဘောကြီးများသည် ဂိုဏ်း၏ ခံတပ်လောက် မကြီးမားသော်ငြား ငါးပုံတစ်ပုံခန့် အရွယ်အစား ရှိသည်။
သင်္ဘောကိုယ်ထည်ရှိ အနက်ရောင် အမြောက်ပေါက်များမှ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းထားသည့် အလင်းတန်းများကို ပစ်ထုတ်နေပြီး ခံတပ်၏ အစီအရင် အတားအဆီးကို ပြင်းထန်စွာ ထိမှန်နေသဖြင့် အလင်းလွှာပေါ်၌ လှိုင်းဂယက်များက တဖြည်းဖြည်း ပျံ့နှံ့နေသည်။
"ဂျိန်းးး ခလွမ်းးး"
ထို့နောက်၌ အစီအရင် အတားအဆီးသည် မှန်ကွဲသွားသကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည့် အသံကို ကြားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် စစ်သင်္ဘောများပေါ်မှ လေးလံသော သံချပ်ကာများ ဝတ်ဆင်ထားသည့် စစ်သည်အမြောက်အမြားသည် ခံတပ်ထဲသို့ အလုံးအရင်းဖြင့် စီးနင်းဝင်ရောက်သွားကြသည်။
ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသော အရှိန်အဝါများ ထွက်ပေါ်လာပြီး ကမ်းရိုးတန်းဂိုဏ်း ခံတပ်အတွင်းမှ ပုံရိပ်လေးခု ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုသူလေးဦးမှာ အရိုးဓားငါးမျိုးနွယ်စုမှ သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင် လေးဦးဖြစ်ကြောင်း ရန်ကွမ်းအန် သတိပြုမိလိုက်သဖြင့် သူ၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
အရိုးဓားငါးမျိုးနွယ်စု ဤဒေသသို့ စတင်ရောက်ရှိလာစဉ်က ဂိုဏ်းမှ ကျန်ရှိနေသော အကြီးအကဲများ ပြန်လည်ခုခံခဲ့ကြသော်လည်း ထိုမျိုးနွယ်စု၏ သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင်များ၏ လက်ချက်ဖြင့် အလွယ်တကူ အသတ်ခံခဲ့ရဖူးသည်။ ပုံမှန်အားဖြင့် သေခြင်းရှင်ခြင်းနယ်ပယ်နှင့် ကောင်းကင်နယ်ပယ်ကြား၌ ကျော်ဖြတ်၍မရသည့် ကွာဟချက်ကြီး ရှိနေသည် မဟုတ်လော။
သို့သော် လင်းချန်ကဲ့သို့သော ထူးဆန်းသူတစ်ဦးအတွက်မူ ထိုကွာဟချက်ကို ကျော်ဖြတ်ရန်မှာ ဘာမှခက်ခဲသည့်ကိစ္စ မဟုတ်ပေ။
ဟွာရှာအင်ပါယာ၏ စစ်သည်များသည် အင်ပါယာ၏ နည်းပညာစွမ်းအားနှင့် အရည်အချင်းများကြောင့် သာမန်သိုင်းဝိညာဉ်ပညာရှင်များထက် များစွာ အင်အားကြီးမားသော်ငြား သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင်များနှင့် ယှဉ်လျှင်မူ အားနည်းနေသေး၏။ သို့သော်လည်း...
ထိုစဉ် ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာ၏။ "ရူးနေတဲ့ကောင်တွေ... သေချင်နေတာပဲ။"
နဂါးနက် သံချပ်ကာ ဝတ်ဆင်ထားပြီး လှံရှည်ကို ကိုင်ဆောင်ထားသော တပ်မှူးတစ်ဦးသည် ဝေဟင်ရှိ စစ်သည်များထဲမှ ထိုးထွက်လာကာ အရိုးဓားငါးမျိုးနွယ်စုမှ သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင် လေးဦးကို ရင်ဆိုင်လိုက်သည်။
ရန်သူလေးဦးကို တစ်ယောက်တည်း ရင်ဆိုင်ရသဖြင့် ကျောက်လုံသည် အစပိုင်း၌ အရေးနိမ့်နေသကဲ့သို့ ထင်ရသော်ငြား တိုက်ပွဲအခြေအနေမှာ ရန်ကွမ်းအန်၏ ထင်မြင်ချက်ကို ကျော်လွန်သွားသည်။ အရိုးဓားငါးမျိုးနွယ်စုမှ သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင် လေးဦးစလုံးမှာ ကျောက်လုံ၏ လှံချက်တစ်ချက်တည်းဖြင့်ပင် လွင့်စင်သွားကြ၏။ လှံတစ်ချက်တည်းပင်။
ရန်ကွမ်းအန်နှင့် အခြားလူသားများသာမက အရိုးဓားငါးမျိုးနွယ်စုဝင်များပါ ဆွံ့အသွားကြသည်။
လူသားမျိုးနွယ်မှ ထိုနဂါးနက် သံချပ်ကာဝတ် တပ်မှူးမှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာနေလိမ့်မည်ဟု မထင်မှတ်ထားကြပေ။ ပြင်းထန်လှသော ထိုလှံချက်၏ အရှိန်အဟုန်ကို မည်သို့မျှ တောင့်ခံနိုင်စရာ မရှိဘဲ လွင့်စင်သွားကြရုံသာ ရှိသည်။ ထိုမျှသာမက သူတို့ ဂုဏ်ယူရသည့် လက်မောင်းရှိ အရိုးဓားများပေါ်၌ အက်ကြောင်းများ ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားကြ၏။
ထိုထိတ်လန့်မှုထက် ပိုမိုကြီးမားသော ကြောက်ရွံ့မှုကိုလည်း ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ထူးခြားစွာ မာကျောလှသည့် အရိုးဓားများသည် ပုံမှန်အားဖြင့် အဆင့်တူ သိုင်းဝိညာဉ်ပညာရှင်တစ်ဦး၏ သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း လက်နက်ဖြင့် တိုက်ခိုက်ခြင်းကိုပင် ခံနိုင်ရည်ရှိသောကြောင့် ဖြစ်သည်။
ရှန်ထျန်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းတင်းယွင်သည်ပင်လျှင် သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်နေသော်ငြား အရိုးဓားများကို တစ်ချက်တည်းဖြင့် အက်ကြောင်းထင်အောင် မလုပ်နိုင်ခဲ့ပေ။
ကျောက်လုံ၏ လွှမ်းမိုးထားနိုင်သည့် ခွန်အားကို မြင်တွေ့လိုက်ရသောအခါ ကြောက်လန့်တကြား ကျောခိုင်း၍ ထွက်ပြေးကြသည်။
အရိုးဓားငါးမျိုးနွယ်စုများ ထွက်ပြေးနေကြသည်ကို မြင်သည့်အခါ ကျောက်လုံ၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ပေါ်လာ၏။
ကျောက်လုံက နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်... အမှိုက်ကောင်တွေ ပြေးလို့လွတ်မယ် ထင်နေလား။ ပစ်။"
"ရွှီးးး ရွှီးးး ရွှီးးး"
လေထုကို ခွင်းသွားသည့် အသံများနှင့်အတူ စစ်သင်္ဘောပေါ်မှ စိတ်ဝိညာဉ်အလင်းတန်းများ တောက်ပနေသော မြှားအစင်းပေါင်း တစ်ရာခန့်ကို ပစ်လွှတ်လိုက်သည်။ ထိုမြှားများသည် စိတ်ဝိညာဉ်စွမ်းအင် အပြည့်အဝ အားဖြည့်ထားသည့် ထက်မြက်လှသော မြှားများပင် ဖြစ်ကြ၏။
သူတို့၏ အနောက်မှ ကျရောက်လာသော ကြောက်မက်ဖွယ် ဖိအားများကြောင့် ထွက်ပြေးနေသည့် အရိုးဓားငါးမျိုးနွယ်စုမှ သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင် လေးဦးမှာ နောက်လှည့်ကြည့်လိုက်ရာ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသည်။
သေခြင်းရှင်ခြင်းနယ်ပယ်အဆင့် စွမ်းအားများ ပါဝင်နေသော စိတ်ဝိညာဉ်စွမ်းအင် မြှားပေါင်း တစ်ရာ။ ထိုမြှားများ၏ လမ်းကြောင်းအတိုင်း လှမ်းကြည့်လိုက်သည့်အခါ ပေါ့ပါးသော သံချပ်ကာများ ဝတ်ဆင်ထားကာ လေးများကို ကိုင်ဆောင်ထားသည့် စစ်သည် တစ်ရာခန့်ကို တွေ့လိုက်ရ၏။
ထိုသူတို့၏ မျက်လုံးများမှာ အေးစက်စွာ စိုက်ကြည့်နေကြပြီး ထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း သေချာပေါက် သေခြင်းရှင်ခြင်းနယ်ပယ်ပင် ဖြစ်သည်။
ရန်သူတစ်ဦး အထိတ်တလန့် ဖြစ်သွားသည်။ "သေခြင်းရှင်ခြင်း နယ်ပယ် အဆင့်ရှိသူ တစ်ရာတောင်လား။"
နက်ရှိုင်းလှသော ကြောက်ရွံ့မှုများက အရိုးဓားငါးမျိုးနွယ်စုအတွင်းသို့ လွှမ်းမိုးသွားပြီးနောက် မကြာမီမှာပင် သူတို့၏ ခန္ဓာကိုယ်များသည် မြှားချက်များကြောင့် အပေါက်ပေါက် ဖြစ်သွားကာ တစ်စစီ ပေါက်ကွဲသွားပြီး ဝေဟင်မှ မိုးရေစက်များကဲ့သို့ ကြွေကျလာကြသည်။
တစ်ချိန်တည်းမှာပင် ကမ်းရိုးတန်းဂိုဏ်း မြို့ထဲ၌ ဟွာရှာအင်ပါယာ စစ်သည်များနှင့် တိုက်ခိုက်နေကြသည့် အရိုးဓားငါးမျိုးနွယ်စုဝင်များသည် ဝေဟင်မှ မြင်ကွင်းကြောင့် မှင်တက်သွားကြ၏။
မြို့ရိုးအပြင်ဘက်၌ ဆွံ့အလျက်ကြည့်နေသော ရန်ကွမ်းအန်မှာလည်း နောက်ထပ် ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရပြန်၏။
လင်းချန်က အဝတ်အစား တစ်စုံကို ရုတ်တရက် ထုတ်ယူကာ ရန်ကွမ်းအန်ထံ ကမ်းပေးလိုက်သည်။ "မင်း ငါ့ကို ကူညီဖို့ ပြင်ထားလိုက်တော့။ ကြည့်ရတာ ဒီမြို့က မကြာခင် ကျဆုံးတော့မှာပဲ။"
ရန်ကွမ်းအန် အဝတ်အစားများကို ယူလိုက်စဉ်မှာပင် လေဟုန်စစ်သည်တစ်ဦးက လင်းချန်၏ အနား၌ ရုတ်တရက် ပေါ်လာပြီး ဒူးထောက်လိုက်သည်။ "အရှင်မင်းကြီး... ဧကရီက သားရဲသခင်ဂိုဏ်းရဲ့ တောင်တံခါးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ပါပြီ။ သခင်လေး လေချန်ကလည်း နတ်ဓားဂိုဏ်းရဲ့ နယ်မြေကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ပါပြီ။"
လေဟုန်စစ်သည်၏ စကားကို ကြားလိုက်ရသောအခါ ရန်ကွမ်းအန်မှာ လက်ထဲမှ အဝတ်အစားများကို လွှတ်ချလုနီးပါး ဖြစ်သွားသည်။
ရန်ကွမ်းအန် အလန့်တကြား ဖြစ်သွားသည်။ "လင်းချန်... မင်းက ရှန်ထျန်ဂိုဏ်းကို စစ်ကြေညာလိုက်တာလား။"
လင်းချန်က ရန်ကွမ်းအန်ကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်၏။ "ဟားဟား... မင်း မှားနေပြီ။ ငါက ရှန်ထျန်ဂိုဏ်းကို စစ်ကြေညာတာ မဟုတ်ဘူး၊ ရှန်ထျန်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ပစ်တော့မှာ။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၃၇ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။