← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အပိုင်း ၂၃၉

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

"လူငယ်ဧကရာဇ် လင်းချန်..."

ကမ်းရိုးတန်းဂိုဏ်း၏ မြို့ဟောင်း ရင်ပြင်ထက်၌ ရှိနေကြသည့် လူအပေါင်းသည် ထိုအမည်အား ကြားလိုက်ရသည်နှင့် သူတို့၏ မျက်ဝန်းများ၌ အံ့အားသင့်ရိပ်များ ထင်ဟပ်သွားကြ၏။

နတ်ဓားဂိုဏ်းမှ လူငယ်ဧကရာဇ် လင်းချန်ဟူသည့် ဘွဲ့ထူးမှာ သူတို့အတွက် မစိမ်းလှပေ။ သို့သော် သူသည် မည်သည့်အချိန်က ဟွာရှာအင်ပါယာ၏ ဧကရာဇ် ဖြစ်သွားရသနည်း။ ထို့အပြင် ဤဟွာရှာအင်ပါယာ ဆိုသည်မှာကော အဘယ်နည်း။

သူတို့သည် ဇဝေဇဝါ ဖြစ်နေကြသော်လည်း အချက်တစ်ချက်ကိုမူ ရှင်းရှင်းလင်းလင်း နားလည်ထားကြ၏။ ထိုအချက်မှာ ဟွာရှာအင်ပါယာ၏ အင်အားသည် ရှန့်ထျန်ဂိုဏ်းထက် များစွာ ပိုမိုတောင့်တင်း ခိုင်မာသည်ဟူသည့် အချက်ပင် ဖြစ်သည်။

လင်းချန်၏ အနေအထားကို ကြည့်ရှုရသည်မှာ သူသည်လည်း ရှန့်ထျန်ဂိုဏ်းကဲ့သို့ပင် ရည်မှန်းချက် ကြီးမားပုံရပြီး ဤနယ်မြေကို အုပ်ချုပ်လိုသော ဆန္ဒရှိနေပုံရ၏။ ဟွာရှာအင်ပါယာသည် နောက်ထပ် ရှန့်ထျန်ဂိုဏ်းတစ်ခု ထပ်ဖြစ်လာမည်ကို သူတို့ စိုးရိမ်နေကြသည်။

လင်းချန်က ကြေညာလိုက်၏။ "ဒီနေ့ကစပြီး ဟွာရှာအင်ပါယာက အရင် ကမ်းရိုးတန်းဂိုဏ်း အုပ်ချုပ်ခဲ့တဲ့ နယ်မြေတွေကို စီမံခန့်ခွဲမယ်။ ဒီနေရာကလည်း လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ရဲ့ သံတမန်ရုံး ဖြစ်လာမယ်။"

"လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်နဲ့ ဟွာရှာအင်ပါယာက မဟာမိတ်တွေဖြစ်လို့ အပြန်အလှန် လေးစားချစ်ကြည်စွာ ဆက်ဆံကြမယ်။ ဒီနေ့ကစပြီး မင်းတို့ဟာ အင်ပါယာရဲ့ နိုင်ငံသားတွေ ဖြစ်လာသလို၊ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်နဲ့ အနီးကပ်ဆုံး ဆက်ဆံရမယ့်သူတွေ ဖြစ်လာလိမ့်မယ်။"

"ငါတို့က ကိုယ့်လူမျိုးအချင်းချင်းရဲ့ အကျိုးစီးပွားကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ဒီလိုပဲ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ကလည်း အရိုးဓားငါးမျိုးနွယ်နဲ့ မတူဘဲ ငါတို့ လူသားမျိုးနွယ်အပေါ် အလွန် ဖော်ရွေကြတယ်။"

"ဒါကြောင့် အရင် ကမ်းရိုးတန်းဂိုဏ်း နယ်မြေကို ကမ်းရိုးတန်းပြည်နယ်လို့ သတ်မှတ်ပြီး ဟွာရှာအင်ပါယာက အုပ်ချုပ်မယ်။ ဟွာရှာအင်ပါယာရဲ့ နိုင်ငံသားတွေအနေနဲ့ မင်းတို့ဟာ အင်ပါယာရဲ့ အကာအကွယ်ကို ရမယ်။ ကျူးကျော်လာတဲ့ ဘယ်ရန်သူကိုမဆို တော်ဝင်တပ်မတော်က တိုက်ခိုက်ချေမှုန်းပေးလိမ့်မယ်။"

လင်းချန်၏ မိန့်ခွန်း အဆုံးသတ်သွားသည်နှင့် ပတ်ဝန်းကျင်၌ ရပ်နေကြသည့် ဟွာရှာအင်ပါယာ တပ်မတော်သားများက တညီတညွတ်တည်း ဟိန်းဟောက်လိုက်ကြ၏။ "ဟွာရှားးး"

ဤဟိန်းဟောက်သံသည် လူအများကို ထိတ်လန့်သွားစေသော်လည်း အနောက်ဘက်၌ ရပ်နေကြသော သံချပ်ကာဝတ် စစ်သည်တော်များကို ကြည့်ရှုရင်း သူတို့၏ စိတ်ထဲ၌ တဖြည်းဖြည်း အားကိုးရာ ရလာသကဲ့သို့ ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် မကြာသေးမီက မြို့ထဲသို့ ဝင်ရောက်ကာ သူတို့ကို ကျွန်ပြုနေသည့် အရိုးဓားငါးမျိုးနွယ်စုဝင်များကို တစ်ယောက်မကျန် သုတ်သင်ပေးခဲ့သည်မှာ ဤစစ်သည်များပင် ဖြစ်ပြီး မြို့သူမြို့သား တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်အောင် မလုပ်ဆောင်ခဲ့ကြပေ။

အနည်းဆုံးတော့ ဤရှုထောင့်မှ ကြည့်လျှင် ဟွာရှာအင်ပါယာသည် ရှန့်ထျန်ဂိုဏ်းထက် များစွာ ပိုကောင်းသည်ဟု ခံစားရ၏။ ရှန့်ထျန်ဂိုဏ်းမှာမူ အရိုးဓားငါးမျိုးနွယ်စု၏ လုပ်ရပ်များကို မျက်ကွယ်ပြုထားခဲ့ပြီး ဤနယ်မြေအား စိတ်တိုင်းကျ မွှေနှောက်ရန် ပစ်ပယ်ထားခဲ့ခြင်း ဖြစ်သည်။

လင်းချန်က ဆက်လက် မိန့်ခွန်းခြွေ၏။ "အခုကစပြီး ဟွာရှာအင်ပါယာရဲ့ ဧကရာဇ်အနေနဲ့ ငါ ဖမ်းဝရမ်း ထုတ်တယ်။ အရိုးဓားငါးမျိုးနွယ်ဝင် တစ်ယောက်ကို သတ်နိုင်ရင် အဆင့်နိမ့်ဆေးလုံး ၅ လုံး ဆုချမယ်။"

"နိဗ္ဗာန်နယ်ပယ်အဆင့် အရိုးဓားငါးမျိုးနွယ်ဝင် တစ်ယောက်ကို သတ်နိုင်ရင် အဆင့်နိမ့်ဆေးလုံး ၅ လုံးနဲ့ စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဆုချမယ်။"

"ကောင်းကင်နယ်ပယ် အရိုးဓားငါးမျိုးနွယ်ဝင် တစ်ယောက်ကို သတ်နိုင်ရင်တော့ အဆင့်နိမ့်ဆေးလုံး ၅ လုံးနဲ့ စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ ဆုချမယ်။"

"ဒီနယ်မြေက လူသားမျိုးနွယ်ရဲ့ ပိုင်နက်ပဲ။ အခြားမျိုးနွယ်တွေရဲ့ မတရားလုပ်ရပ်တွေကို လုံးဝ သည်းခံမှာ မဟုတ်ဘူး။"

လင်းချန်၏ ကြေညာချက်သည် လူအများ၏ မျက်ဝန်းထဲ၌ တိုက်ခိုက်လိုစိတ်များကို တောက်လောင်စေပြီး အားတက်သရော အော်ဟစ် ထောက်ခံကြ၏။ အချိန်သိပ်မကြာသေးသော်လည်း အရိုးဓားငါးမျိုးနွယ်စု၏ လုပ်ရပ်များမှာ သူတို့ကို အသည်းနာအောင် ပြုလုပ်ထားပြီး ဖြစ်ပေသည်။

နောက်ပိုင်းရက်များ၌ လင်းချန်၏ တပ်မတော်သည် အရပ်လေးမျက်နှာသို့ ချီတက်ကာ ကမ်းရိုးတန်းပြည်နယ်၏ မြို့တိုင်းကို သိမ်းပိုက်လိုက်သည်။

တစ်ခါက မောက်မာခဲ့သည့် အရိုးဓားငါးမျိုးနွယ်စုမှာ ယခုအခါ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးနေကြရ၏။ လင်းချန်၏ ဆုလာဘ်များက ကမ်းရိုးတန်းဂိုဏ်းမှ အကြီးအကဲဟောင်းများနှင့် တပည့်များကို ဆွဲဆောင်နိုင်ပြီး အရိုးဓားငါးမျိုးနွယ်စုဝင်များကို ရှာဖွေ သတ်ဖြတ်ရန် အားတက်သရော ရှိလာကြသည်။

သေခြင်းရှင်ခြင်းနယ်ပယ်မှ အရိုးဓားငါးမျိုးနွယ်စုဝင်များ၏ ခြိမ်းခြောက်မှု မရှိတော့သဖြင့် ဤအကြီးအကဲများနှင့် တပည့်များသည် ရဲရဲဝံ့ဝံ့ပင် အမဲလိုက်နိုင်ကြ၏။ အချို့ဆိုလျှင် မိမိထက် အဆင့်မြင့်သည့် ရန်သူကို တွေ့ပါက အနီးအနားရှိ မြို့စောင့် တော်ဝင်တပ်မတော်ထံ အကူအညီ တောင်းခံနိုင်ပြီး ဆုလာဘ်၏ ထက်ဝက်ကို ရရှိနိုင်ကြောင်းပင် သိရှိသွားကြသည်။

အရိုးဓားငါးမျိုးနွယ်စုဝင်များသည် ရှန့်ထျန်ဂိုဏ်းထံ အကူအညီ တောင်းခံကြသော်လည်း မည်သူကမျှ တုံ့ပြန်ခြင်း မရှိချေ။ တိုတောင်းသည့် အချိန်ကာလအတွင်းမှာပင် တစ်ချိန်က သူတို့၏ ဂုဏ်သိက္ခာများမှာ လမ်းဘေးရှိ ကြွက်များကဲ့သို့ ဖြစ်သွားရပြီး လူသားမျိုးနွယ်၏ အမဲလိုက်ခြင်းကို ခံနေရ၏။

အမဲလိုက်နေစဉ်အတွင်း ကမ်းရိုးတန်းဂိုဏ်းဝင်အချို့သည် ရှန့်ထျန်ဂိုဏ်းဝင်များနှင့် ထိပ်တိုက်တွေ့ဆုံရသည်။ တစ်ဖက်၌ အင်အားကြီးသည့် အကြီးအကဲများ ဦးဆောင်လာသဖြင့် မိမိတို့ သေပြီဟု ထင်မှတ်ထားသော်လည်း ဟွာရှာအင်ပါယာ တပ်မတော်က ရုတ်တရက် ပေါ်ထွက်လာကာ ကူညီသုတ်သင်ပေးသည်။

ကမ်းရိုးတန်းဂိုဏ်းဝင်များမှာမူ တော်ဝင်တပ်မတော်၏ အကာအကွယ်ဖြင့် ရဲရင့်လာပြီး ရန်သူများကို အဆက်မပြတ် လိုက်လံ တိုက်ခိုက်ကြ၏။ သူတို့၏ နောက်ကျော၌ အင်အားကြီးမားသည့် အင်ပါယာရှိနေခြင်းသည် အမှန်တကယ်ပင် ကောင်းမွန်လှသည်ဟု ခံစားရသည်။

ကမ်းရိုးတန်းဂိုဏ်း နယ်မြေအား သိမ်းပိုက်ပြီး ကမ်းရိုးတန်းပြည်နယ် ဟု အမည်ပြောင်းလဲပြီးနောက်၌ ဟွာရှာအင်ပါယာနှင့် ရှန့်ထျန်ဂိုဏ်းတို့၏ လုပ်ရပ်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်ကို တွေ့ရှိရ၏။

ရှန့်ထျန်ဂိုဏ်း သိမ်းပိုက်စဉ်က နယ်မြေကို ပြင်းထန်စွာ ခေါင်းပုံဖြတ်ခဲ့ပြီးနောက် အရိုးဓားငါးမျိုးနွယ်စုကို လွှဲပြောင်းပေးကာ လူတို့ကို ဆင်းရဲဒုက္ခ ရောက်စေခဲ့သည်။

သို့သော် လင်းချန်၏ ဟွာရှာအင်ပါယာမှာမူ မြို့တိုင်းကို စီမံခန့်ခွဲရန် ပညာရှင်များကို စေလွှတ်ပြီး တပ်ဖွဲ့များကို အခြေချ စောင့်ရှောက်စေသည်။ မှောင်မိုက်သည့် ကာလများကို ရင်ဆိုင်ရမည်ဟု ထင်မှတ်ထားသော ပြည်သူများသည် ဟွာရှာအင်ပါယာက မြို့များကို ပြန်လည် ပြုပြင်ပေးပြီး ရိက္ခာနှင့် အရင်းအမြစ်များ ဝေငှပေးသည်ကို တွေ့ရသောအခါ အံ့အားသင့်သွားကြ၏။

မြို့ကို အုပ်ချုပ်သည့် ပညာရှိများမှာလည်း စည်းကမ်းရှိလှပြီး တော်ဝင် တပ်မတော်မှာလည်း ပြည်သူများကို နှိပ်စက်ခြင်း၊ အမျိုးသမီးများကို နှောင့်ယှက်ခြင်း စသည့် လုပ်ရပ်များ လုံးဝ မရှိပေ။

အခြေအနေသည် ကောင်းမွန်လွန်းသဖြင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ အချို့သော မြို့သူမြို့သားများမှာ ဟွာရှာအင်ပါယာထံမှ အရင်းအမြစ်များ ရရှိပြီးနောက် ပုန်ကန်ရန် ကြိုးစားသော်လည်း ထိုသူများကိုမူ ပြင်းထန်စွာ နှိမ်နင်းခံရသည်။

ကမ်းရိုးတန်းပြည်နယ်ကို သိမ်းပိုက်ပြီး ဆယ်ရက်မြောက်နေ့၌ ဂိုဏ်းဝင် အကြီးအကဲဟောင်းများသည် လင်းချန်၏ ရှေ့မှောက်၌ ဒူးထောက်၍ သစ္စာခံကြ၏။ ဂိုဏ်းဝင်တစ်ဦးက ပြောလိုက်သည်။ "အရှင်မင်းမြတ်... ကျွန်တော်တို့က စိတ်ရင်းမှန်နဲ့ ဟွာရှာအင်ပါယာမှာ ခစားပြီး အရှင့်အမှုတော်ကို ထမ်းရွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။"

ဤရက်ပိုင်းအတွင်း ဟွာရှာအင်ပါယာ၏ လုပ်ရပ်များကို ကိုယ်တိုင် မြင်တွေ့ရပြီး ဖြစ်သည်။ ဟွာရှာအင်ပါယာသည် ခေါင်းပုံဖြတ်ရန် မဟုတ်ဘဲ နယ်မြေကို ပိုမို ခိုင်မာ တောင့်တင်းအောင် ပျိုးထောင်ပေးနေခြင်း ဖြစ်၏။

အကြီးအကဲဟောင်းများမှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြို့ကို စီမံခန့်ခွဲပေးသည့်အတွက် လင်းချန်ထံမှ ရရှိသည့် ဆုလာဘ်များမှာပင် သူတို့ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းခဲ့သော ချမ်းသာကြွယ်ဝမှုထက် သာလွန်နေပြီ ဖြစ်သည်။

ထို့အပြင် ဤမျှ အင်အားကြီးသည့် အင်ပါယာထံ၌ အဘယ်ကြောင့် သစ္စာမခံဘဲ နေမည်နည်း။ ယခုအခါ သူတို့သည် ဤဧရာမ အင်အားစုကြီး၏ အစိတ်အပိုင်း ဖြစ်သွားပြီ ဖြစ်သဖြင့် မည်သူကများ ရဲရဲဝံ့ဝံ့ လာရောက် နှောင့်ယှက်ရဲဦးမည်နည်း။ တစ်ချိန်က သူတို့၏ ဦးခေါင်းကို နင်းခြေခဲ့သည့် အရိုးဓားငါးမျိုးနွယ်စုမှာ ယခုအခါ အမဲလိုက်ခံရသော သားကောင်များကဲ့သို့ ပုန်းအောင်းနေရသည် မဟုတ်လော။

လင်းချန်က ပြုံးလျက် ခေါင်းညိတ်ပြကာ ထိုအကြီးအကဲများကို ထူပေးလိုက်၏။ "ကောင်းပြီ... မင်းတို့ ပူးပေါင်းလိုက်လို့ ဟွာရှာအင်ပါယာရဲ့ ကမ်းရိုးတန်းပြည်နယ်က ပိုပြီး တိုးတက်လာမှာ သေချာတယ်။"

အကြီးအကဲများသည်လည်း မတ်တတ်ရပ်ကာ လင်းချန်အား အရိုအသေပြုလျက် ကျေနပ်စွာ ရယ်မောလိုက်ကြသည်။ သူတို့ လင်းချန်အပေါ် သစ္စာခံရန် ဆုံးဖြတ်လိုက်သည့် ခဏမှာပင် လင်းချန်၏ ဧကရာဇ်အရှိန်အဝါနှင့် ပါရမီတို့သည် မသိမသာ လွှမ်းမိုးသွားပြီ ဖြစ်ကြောင်း မသိကြပေ။ နောင်၌ သူတို့သည် အင်ပါယာ၏ သစ္စာရှိသည့် လက်အောက်ခံများ ဖြစ်လာပေလိမ့်မည်။

တစ်ချိန်တည်း၌ ကမ်းရိုးတန်းပြည်နယ်၏ မြောက်ဘက် စိတ်ဝိညာဉ်တောင်တန်း၌ ဖြစ်၏။ ကျန်းတင်းယွင်သည် သူ၏ ရှေ့ရှိ ကျောက်စိမ်းစားပွဲကို ဒေါသတကြီးဖြင့် ရိုက်ချကာ ဟိန်းဟောက်လိုက်သည်။

အနား၌ ခစားနေသည့် တပည့်မလေးများမှာမူ ဂိုဏ်းချုပ်၏ ထိုကဲ့သို့ ပြင်းထန်သော ဒေါသကို တစ်ခါမျှ မမြင်ဖူးသဖြင့် တုန်လှုပ်ချောက်ချားစွာဖြင့် တစ်ဖက်သို့ ကပ်နေကြရ၏။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၃၉ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters