အခန်း ၂၄၀
Vol. 24 Ch. 240
အပိုင်း ၂၄၀
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ကျန်းတင်းယွင်သည် ခမ်းနားထည်ဝါသည့် ခန်းမဆောင်ကြီး၏ အလယ်၌ မတ်တတ်ရပ်နေ၏။ သူ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး မျက်ဝန်းများ၌လည်း အမျက်ဒေါသများ ဟုန်းဟုန်းတောက်လျက် ရှိနေသည်။
ကျန်းတင်းယွင်သည် လက်သီးကို တင်းတင်းဆုပ်ကာ အကျပ်ရိုက်နေသည့် ပုံစံဖြင့် ညည်းညူလိုက်၏။ "ဒီဟွာရှာအင်ပါယာက ဘယ်ကနေ ရုတ်တရက် ပေါ်လာတာလဲ။ ပြီးတော့ လင်းချန်က ဘယ်လိုလုပ်ပြီး ဒီအင်ပါယာရဲ့ ဧကရာဇ် ဖြစ်သွားရတာလဲ။"
ထို့အပြင် ဟွာရှာအင်ပါယာ၏ အင်အားနှင့် ပတ်သက်၍လည်း အသေးစိတ် သတင်းအချက်အလက် တစ်ခုမျှ မရှိချေ။
လက်ရှိ၌ သိရှိထားရသည်မှာ အိမ်နီးချင်း ကမ်းရိုးတန်းဂိုဏ်း၊ နတ်ဓားဂိုဏ်းနှင့် သားရဲသခင်ဂိုဏ်းတို့၏ နယ်မြေများကို ရန်သူက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသာ ဖြစ်၏။ ဤသည်ကိုပင် နယ်စပ် ထောက်လှမ်းရေးများမှတစ်ဆင့် သိရှိရခြင်း ဖြစ်သည်။
မည်သည့်နေရာမှန်းမသိသည့် လေပြင်းတစ်ချက် ဝှေ့ယမ်းလာပြီးနောက် ခန်းမဆောင်ကြီး၏ အလယ်၌ အရှိန်အဝါကြီးမားသော အကြီးအကဲ တစ်ဦး ပေါ်ထွက်လာ၏။ ထိုအကြီးအကဲသည် ဖျင်ကြမ်းအဝတ်အစားကို ဝတ်ဆင်ထားပြီး ကြည့်ရှုရသည်မှာ သာမန်လူတစ်ဦးကဲ့သို့ပင် ဖြစ်သည်။ သို့သော် သူ၏ မျက်ဝန်းများမှာမူ သာမန်လူအိုကြီးများကဲ့သို့ မှုန်ဝါးခြင်းမရှိဘဲ သူနှင့် မျက်လုံးချင်း ဆုံမိသူတိုင်းကို တုန်လှုပ်ချောက်ချားစေနိုင်သည့် တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေ၏။
အကြီးအကဲသည် အေးစက်လှသည့် လေသံဖြင့် အမိန့်ပေးလိုက်သည်။ "အားလုံး ထွက်သွားကြစမ်း။"
သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်သည့် ပုံစံမှာ မည်သူမျှ ငြင်းဆန်ရန် မဝံ့ရဲသော ဘုန်းအာဏာကို ဖော်ပြနေပေသည်။
တပည့်မလေးများက အလျင်အမြန် ဦးညွှတ်အလေးပြုလိုက်ကြ၏။ "ဟုတ်ကဲ့ပါ... ဘိုးဘေးအကြီးအကဲကြီး။"
ထို့နောက် ခန်းမထဲမှ ကပျာကယာ ထွက်ခွာသွားကြတော့သည်။ သူတို့၏ မျက်ဝန်းများ၌ ဒေါသထွက်နေသည့် ကျန်းတင်းယွင်၏ အနား၌ တစ်စက္ကန့်မျှပင် ထပ်မံမနေချင်သောကြောင့် စိတ်သက်သာရာရသွားကြ၏။
တပည့်များ ထွက်ခွာသွားပြီးနောက် အကြီးအကဲသည် ကျန်းတင်းယွင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "ဟမ့်... ကျန်းလေး... မင်းကို ဒီလောက်အထိ ဒေါသထွက်အောင် ဘယ်အရာက လုပ်နိုင်တာလဲ။"
အကြီးအကဲအား မြင်လိုက်ရသည်နှင့် ကျန်းတင်းယွင်သည် ရိုသေလေးစားစွာ အလေးပြုလိုက်၏။ "ဘိုးဘေးအကြီးအကဲကြီး။"
သူ၏ မျက်ဝန်းများ၌ ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။
ယွမ်ဝူကျီသည် ရှန့်ထျန်ဂိုဏ်းကို ကမ်းရိုးတန်းပြည်နယ်၏ နံပါတ်တစ် အင်အားစု ဖြစ်လာအောင် ဦးဆောင်ပေးသည့် ကျော်ကြားလှသော ဘိုးဘေးအဆင့် ပုဂ္ဂိုလ်ကြီးပင် ဖြစ်၏။ ရှန့်ထျန်ဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်ကပင် ယွမ်ဝူကျီသည် ကျန်းတင်းယွင်၏ ကြည်ညို ကိုးကွယ်ရာဖြစ်ခဲ့သည်။ ကျန်းတင်းယွင်သည် သူ၏ ထူးချွန်သည့် ပါရမီကို အသုံးချ၍ ငါးနှစ်လျှင် တစ်ကြိမ်၊ သုံးရက်မျှသာ နိုးထလေ့ရှိသော ယွမ်ဝူကျီ၏ တပည့် ဖြစ်လာပြီးနောက် မြင့်မားသည့် ရာထူးနေရာကို ရရှိခြင်း ဖြစ်၏။
ယွမ်ဝူကျီ နှစ်ပေါင်းများစွာအတွင်း လက်ခံထားသည့် တပည့် သုံးဦးထဲ၌ သူသည် တစ်ဦးအပါအဝင် ဖြစ်သဖြင့် ကျန်းတင်းယွင်သည် အမြဲတမ်း ဂုဏ်ယူနေခြင်း ဖြစ်သည်။ ကျန်းတင်းယွင်သည် ရိုသေစွာ အလေးပြုပြီးနောက် လက်ရှိ အခြေအနေများကို ယွမ်ဝူကျီအား ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။
တပည့်ဖြစ်သူ၏ တင်ပြချက်ကို ကြားသိရပြီးနောက် ယွမ်ဝူကျီ၏ ဖြူဖွေးသည့် မျက်ခုံးတန်းများမှာ တွန့်ချိုးသွားလေသည်။ လက်ရှိ အခြေအနေမှာ သူ ထင်မှတ်ထားသည်ထက် များစွာ ကျော်လွန်နေ၏။
ယွမ်ဝူကျီ မျက်မှောင်ကြုတ်သွားသည်။ "လင်းချန်... ဟွာရှာအင်ပါယာ ဟုတ်လား။"
ယွမ်ဝူကျီသည် ထိုအမည်ကို သူ၏ ဆရာဖြစ်သူ ဝေဝူရွှမ်ကြောင့် ကြားဖူးနားဝ ရှိပေသည်။ ကမ်းရိုးတန်းပြည်နယ်၏ အပြင်ဘက်မှ ပြန်လည် ရောက်ရှိလာသည့် နတ်ဓားဂိုဏ်းမှ ထိုပါရမီရှင်သည် တစ်ချိန်က သူ့ကို အတော်လေး စိုးရိမ်ပူပန်စေဖူး၏။
သူသည် ဝေဝူရွှမ်အား အဆိပ်ခတ်၍ သတ်ဖြတ်နိုင်ပြီဟု ထင်မှတ်ထားသဖြင့် သွေးနက်မျိုးနွယ်မှ လုရှန်တာ၏ အကူအညီဖြင့် ပြန်လည်ပေါ်ထွက်လာခြင်း ဖြစ်သည်။
သို့သော် ဝေဝူရွှမ်သည် သေချင်ယောင်ဆောင်ခြင်း ဖြစ်ပြီး သူ၏ ဒဏ်ရာများမှာလည်း လုံးဝ သက်သာသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အံ့ဩသွားရ၏။
သို့သော်လည်း သွေးနက်မျိုးနွယ်မှ လုရှန်တာ၏ အကူအညီ ရှိနေသဖြင့် ယွမ်ဝူကျီသည် ဝေဝူရွှမ်အတွက် သိပ်မစိုးရိမ်လှပေ။ လုရှန်တာ ကမ္ဘာငယ်လေးထဲမှ ပြန်လည်ထွက်ပေါ်လာပြီးနောက်၌ ကမ္ဘာမြေကို တုန်လှုပ်စေမည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့မည်ကို သူ ကောင်းကောင်း သိထားသည်။
နှစ်ဦးကြား၌ ကောင်းကင်အဓိဋ္ဌာန်စာချုပ် ရှိနေသဖြင့် တစ်ဖက်လူက သစ္စာဖောက်မည်ကို စိုးရိမ်ရန် မလိုချေ။ ဟွာရှာအင်ပါယာနှင့် ပတ်သက်၍မူ ယွမ်ဝူကျီ အမှန်တကယ်ပင် တစ်ခါမျှ မကြားဖူးသဖြင့် သူ၏ မျက်ဝန်းများ၌ ဇဝေဇဝါ အရိပ်များ ပေါ်နေ၏။
ယွမ်ဝူကျီက လက်ကာပြလိုက်သည်။ "အခုလောလောဆယ်တော့ ငါတို့ရဲ့ အင်အားစုတွေကို ပြန်ရုပ်သိမ်းထားလိုက်ဦး။ ရန်သူရဲ့ အခြေအနေကို အသေအချာ မသိသေးဘူး။ ကမ်းရိုးတန်းဂိုဏ်းရဲ့ နယ်မြေဟာ အရိုးဓားငါးမျိုးနွယ်စုရဲ့ ဖျက်ဆီးမှုကြောင့် တန်ဖိုး သိပ်မရှိတော့ဘူး။ သားရဲသခင်ဂိုဏ်းကိုလည်း ငါတို့က အကုန် မွှေနှောက်ပြီးပြီမို့လို့ ကျန်နေတာဆိုလို့ သိုင်းဝိညာဉ်သားရဲအချို့ပဲ ရှိတော့တယ်။ နတ်ဓားဂိုဏ်း နယ်မြေဆိုရင်လည်း နတ်ဓားတောင်တန်းကို လုရှန်တာက အကုန်ဖျက်ဆီးထားပြီးပြီမို့လို့ ပြောစရာ စကားမရှိတော့ဘူး။"
"တကယ့် တန်ဖိုးရှိတာက ငါတို့ ထိန်းချုပ်ထားတဲ့ ပန်းပဲမီးလျှံဂိုဏ်းနဲ့ ဂမ္ဘီရနတ်ဆေးဂိုဏ်းတွေပဲ။ ပြီးတော့ တိုက်ခိုက်ရေးစွမ်းအား အပြည့်ရှိနေတဲ့ မဟာလှံတံဂိုဏ်းကလည်း ငါတို့ဘက်မှာ ရှိနေတယ်။ ငတ်မွတ်နေတဲ့ ကုလားအုတ်က မြင်းထက်ကြီးတယ် ဆိုသလိုပဲ... ဓားနတ်ဘုရားဂိုဏ်းရဲ့ နယ်မြေတန်ဖိုးက အစောပိုင်းက နယ်မြေသုံးခုထက် အများကြီး သာလွန်တယ်။ ဒါကြောင့် ငါတို့ ခံစားလိုက်ရတဲ့ အရှုံးက တကယ်တော့ အကန့်အသတ်ပဲ ရှိသေးတယ်။"
ဘိုးဘေးအကြီးအကဲကြီး၏ ဆန်းစစ်ချက်ကို ကြားရသည့်အခါ ကျန်းတင်းယွင်လည်း စိတ်အေးသွား၏။ "ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ ရန်သူရဲ့ အင်အားကို စုံစမ်းဖို့ လူတွေကို တိတ်တဆိတ် စေလွှတ်ရမလား။"
ယွမ်ဝူကျီသည် မတ်မတ်ရပ်လျက် ယုံကြည်ချက် အပြည့်ဖြင့် မောက်မာစွာ ပြောလိုက်လေသည်။ "အဲဒါ ဖြစ်နိုင်ပါတယ်။ အချိန်ဆွဲထားပြီး လုရှန်တာ ပြန်လာမယ့်အချိန်ကို စောင့်ရမယ်။ သူ့ရဲ့ ဖုတ်ကောင်လျှို့ဝှက်ကျင့်စဉ်နဲ့ ငါတို့ ထိန်းချုပ်ထားတဲ့ ရုပ်သေးတပ်မတော် ရှိနေသရွေ့ အောင်ပွဲက ငါတို့ဘက်မှာပဲ ရှိနေမှာပဲ။ ဟားဟား... ပြိုင်ဘက်က ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လို ဟွာရှာအင်ပါယာဖြစ်ဖြစ် ဂရုစိုက်စရာ မလိုဘူး။"
ထိုအချိန်၌ ကျန်းတင်းယွင်၏ စိတ်မှာ အနည်းငယ် တည်ငြိမ်သွားသော်လည်း တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရဆဲပင်။
သုံးရက်ကြာပြီးနောက်၌ တစ်ချိန်က နတ်ဓားဂိုဏ်း၏ တောင်တံခါး တည်ရှိရာ နတ်ဓားတောင်တန်း၌ ဖြစ်၏။ လူရိပ်လူယောင်များ ပြန်လည် ထွက်ပေါ်လာပြီး မူလပြည်နယ်၌ လုပ်ဆောင်သကဲ့သို့ သေခြင်းနယ်မြေအဖြစ် ပြောင်းလဲနေသည့် တောင်တန်းကြီးကို တဖြည်းဖြည်း ပြန်လည် အသက်သွင်းနေကြသည်။
လင်းချန်သည် စစ်သင်္ဘော၏ ရှေ့ဆုံး၌ ရပ်လျက် တဖြည်းဖြည်း ပြောင်းလဲတိုးတက်နေသော နတ်ဓားတောင်တန်း တဖြစ်လဲ မူလတံခါး အား ညွှန်ပြလိုက်၏။ "ဒီနေ့ကစပြီး နတ်ဓားတောင်တန်းကို မူလတံခါးလို့ အမည်ပြောင်းမယ်။ မူလပြည်နယ်က လာတဲ့ မင်းတို့ကပဲ ဒီနေရာကို စီမံခန့်ခွဲရမယ်။"
ကျောက်ဝေကလည်း အလုပ်ကိစ္စများကို အသေအချာ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း လင်းချန်အား ကတိပေးလိုက်သည်။
လင်းချန်က လှည့်ထွက်လိုက်၏။ "သွားကြစို့... အစည်းအဝေး စတော့မယ်။"
ထို့နောက် သူသည် စစ်သင်္ဘောပေါ်ရှိ အဆောက်အအုံများဆီသို့ လျှောက်လှမ်းသွားတော့သည်။ စစ်သင်္ဘောပေါ်ရှိ တိုင်ပင်ဆွေးနွေးရာ ခန်းမဆောင်အတွင်း၌ လူများစွာ နေရာယူထားကြပြီ ဖြစ်၏။
ထိုအထဲ၌ နတ်ဓားဂိုဏ်းမှ ချင်ဝူရွှမ်၊ ဝေဝူရွှမ်နှင့် အခြား အကြီးအကဲများ ရှိနေကြပြီး ကောပန်လီလည်း ပါဝင်သည်။ အခြားတစ်ဖက်၌မူ ဓားနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း မေယွဲ့ရှာနှင့် ဓားသူတော်စင်မယ်ဝေချင်းချင်းတို့သည် အခြား အကြီးအကဲ နှစ်ဦးနှင့်အတူ ထိုင်နေကြ၏။
လေဟန်သည်လည်း သူ၏ မြေးဖြစ်သူ လေချန်နှင့်အတူ ယီစင်း၏ အနောက်၌ ထိုင်နေသည်။ ယီစင်း၏ ဖခင် ယီနန်ရှင်းနှင့် ပိုင်ဇန်တို့သည်လည်း ထိုနေရာ၌ပင် မတ်မတ်ထိုင်နေကြပြီး သူတို့၏ အနောက်၌ ယခင် ဘာရှန်းမြို့မှ ယီမိသားစုနှင့် ပိုင်မိသားစုဝင်များ ရှိနေ၏။
ဤမိသားစုဝင်များ၏ မျက်နှာ၌ စိုးရိမ်ထိတ်လန့်ရိပ်များ ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့၌ ထိုင်နေကြသူများမှာ တစ်ချိန်က မော်ဖူးရန်ပင် မဝံ့ရဲသည့် အင်အားကြီး ပုဂ္ဂိုလ်ကြီးများ ဖြစ်နေကြသောကြောင့်ပင် ဖြစ်၏။
အလားတူပင် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်မှ ကျန်းချီသည်လည်း ကောပန်လီ၊ လေချန်တို့နှင့် တစ်ခုခုကို ပြုံးရယ်ကာ ဆွေးနွေးနေပုံရသည်။
ထို့ပြင် ကမ်းရိုးတန်းဂိုဏ်း၏ အကြီးအကဲဟောင်း ဟိုင်မင်းယွင်နှင့် သားရဲသခင်ဂိုဏ်း၏ အကြီးအကဲဟောင်း ရှန်ယွမ်ဟိုင်တို့သည်လည်း လက်နက်ချထားသည့် အခြား ဂိုဏ်းဝင်များနှင့်အတူ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။ သူတို့၏ ပုံစံမှာ အလွန်ပင် နှိမ့်ချထားပုံရသည်။
ထိုစဉ် ခန်းမဆောင်ကြီး၏ တံခါးများ ပွင့်သွားပြီး ဘေးနား၌ စောင့်ဆိုင်းနေသော ပညာရှိတစ်ဦးက ကျယ်လောင်စွာ ကြေညာလိုက်၏။ "ဧကရာဇ်မင်းမြတ် ကြွရောက်လာပါပြီ။"
တစ်ခဏအတွင်းမှာပင် ခန်းမထဲရှိ လူအားလုံး ပြိုင်တူ မတ်တတ်ရပ်လိုက်ကြသည်။ လင်းချန် ဝင်ရောက်လာသည်ကို ကြည့်ရှုနေသည့် မျက်ဝန်းများ၌ ခံစားချက် အမျိုးမျိုး ရှိနေကြ၏။
ဝေဝူရွှမ်နှင့် ယီနန်ရှင်းတို့ကဲ့သို့သော သူများ၏ မျက်ဝန်း၌ ဂုဏ်ယူပီတိဖြစ်မှုများ ပြည့်နှက်နေသည်။ ယီစင်း၏ မျက်ဝန်းများ၌မူ လင်းချန်အား ကြည့်ရှုရင်း နူးညံ့သိမ်မွေ့သည့် ချစ်ခြင်းမေတ္တာများ လျှံတက်နေ၏။
ဟိုင်မင်းယွင်နှင့် ရှန်ယွမ်ဟိုင်တို့ကဲ့သို့သော သူများ၏ မျက်ဝန်း၌မူ လေးစားမှုနှင့် ကြောက်ရွံ့မှုများ ဒွန်တွဲနေလေသည်။
လင်းချန်က ပြုံးလိုက်၏။ "အားလုံးက ကျွန်တော့်ကို ဒီလောက်အထိ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတော့ အားနာမိတယ်။"
ထို့နောက် သူသည် ယီစင်း၏ ဘေး၌ ထိုင်လိုက်ပြီး ကျောက်ဝေသည်လည်း လေချန်၏ ဘေး၌ နေရာယူလိုက်၏။ လင်းချန် ထိုင်လိုက်သည်နှင့် အခြားသူများလည်း နေရာအသီးသီး၌ ပြန်လည် ထိုင်လိုက်ကြပြီး သူတို့၏ အကြည့်များမှာ လင်းချန်ထံ၌သာ ရှိနေကြသည်။
လက်ရှိအချိန်၌ အားလုံး၏ မျက်လုံးထဲ၌ လင်းချန်သည် နတ်ဓားဂိုဏ်းမှ တပည့်ဖြစ်သူ လူငယ်ဧကရာဇ် မဟုတ်တော့ဘဲ ကြောက်မက်ဖွယ်ကောင်းသည့် အာဏာစွမ်းရည်ရှိသော ဟွာရှာအင်ပါယာ၏ ဧကရာဇ်သာ ဖြစ်တော့၏။ သူသည် ငယ်ရွယ်သော်လည်း လျစ်လျူရှု၍မရသည့် အရှိန်အဝါမှာ တောက်ပသော ရွှေရောင်ကဲ့သို့ပင် ဖြစ်သည်။
အားလုံး စုံလင်သွားသည်ကို မြင်ရသည့်အခါ လင်းချန်က ပြုံးလိုက်လေ၏။ "ကဲ... အခုဆိုရင် ကမ်းရိုးတန်းပြည်နယ်ရဲ့ အနာဂတ်အကြောင်းကို ဆွေးနွေးကြရအောင်။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၄၀ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team