အခန်း ၂၄၁
Vol. 25 Ch. 241
အပိုင်း ၂၄၁
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ဟွာရှာအင်ပါယာ၏ အင်အားကို သူတို့အားလုံး ကိုယ်တိုင် မြင်တွေ့ကြရပြီ ဖြစ်၏။
မြို့တစ်မြို့ကို သိမ်းပိုက်တိုင်း ထိုမြို့ကို စီမံအုပ်ချုပ်ရန် ပညာရှိများနှင့်အတူ တော်ဝင်တပ်မတော်ကို အခြေချ စောင့်ကြပ်စေသည်မှာ မြဲမြံလှသည့် စည်းကမ်းတစ်ခုပင်။
မြို့ငယ်တစ်မြို့၌ သေခြင်းရှင်ခြင်းနယ်ပယ် ခန္ဓာနယ်ပယ်အဆင့် စစ်သည် နှစ်ဦး၊ ကောင်းကင်နယ်ပယ် စစ်သည် တစ်ရာနှင့် နိဗ္ဗာန်နယ်ပယ် စစ်သည် တစ်သောင်းကို အခြေချစေ၏။
မြို့လတ်တစ်မြို့၌မူ သေခြင်းရှင်ခြင်းနယ်ပယ် စွမ်းအားနယ်ပယ်အဆင့် လက်ရွေးစင်စစ်သည် လေးဦး၊ ကောင်းကင်နယ်ပယ် စစ်သည် ငါးရာနှင့် နိဗ္ဗာန်နယ်ပယ်စစ်သည် သုံးသောင်းကို ထားရှိသည်။
မြို့ကြီးတစ်မြို့၌ သေခြင်းရှင်ခြင်းနယ်ပယ်၊ စိတ်ဝိညာဉ်နယ်ပယ်အဆင့် တပ်စုမှူး စစ်သည် ရှစ်ဦး၊ ကောင်းကင်နယ်ပယ် စစ်သည် နှစ်ထောင်နှင့် နိဗ္ဗာန်နယ်ပယ် စစ်သည် ခုနစ်သောင်းကို အခြေချ စောင့်ကြပ်စေ၏။
သားရဲသခင်ဂိုဏ်းကဲ့သို့သော ဧရာမ မြို့ကြီးများနှင့် ဂိုဏ်းတောင်တံခါးများ၌မူ သေခြင်းရှင်ခြင်းနယ်ပယ် နှလုံးသားနယ်ပယ်အဆင့် တပ်ခွဲမှူးကြီး ဆယ့်နှစ်ဦး၊ ကောင်းကင်နယ်ပယ် စစ်သည် တစ်သောင်းနှင့် နိဗ္ဗာန်နယ်ပယ် စစ်သည် တစ်သိန်းခွဲအထိ တပ်စွဲထားရှိသည်။
အစကတည်းက လင်းချန်သည် ဤစံနှုန်းသတ်မှတ်ချက်များအတိုင်း စနစ်တကျ စီစဉ်ခဲ့ခြင်း ဖြစ်၏။
လူအများက လင်းချန်အနေဖြင့် မကြာမီ အသုံးပြုမည့် လူအင်အား ကုန်ဆုံးသွားလိမ့်မည်ဟု ထင်မှတ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ကမ်းရိုးတန်းနယ်မြေ တစ်ဝိုက်၌ပင် မြို့ငယ်ပေါင်း တစ်ထောင်ကျော် ရှိနေသောကြောင့် ဖြစ်၏။ ဟွာရှာအင်ပါယာ၌ တကယ်ပဲ သေခြင်းရှင်ခြင်းနယ်ပယ် စစ်သည် တစ်ထောင်ကျော် ရှိနေပါသလားဟု သူတို့ သံသယဝင်ကြသည်။
သို့သော် လက်တွေ့အခြေအနေကမူ သူတို့အားလုံးကို ဆွံ့အသွားစေ၏။
'မိုးနတ်မင်း... သူတို့ဆီမှာ တကယ်ကို ရှိနေတာပဲ'
ထိုခဏ၌ ကမ်းရိုးတန်းပြည်နယ်နှင့် သားရဲသခင်ဂိုဏ်းမှ အကြီးအကဲဟောင်းများနှင့် တပည့်များမှာ ရူးသွပ်မတတ် အံ့ဩသွားကြသည်။ သူတို့ သစ္စာခံထားသည့် ဟွာရှာအင်ပါယာသည် အမှန်တကယ် မည်မျှအထိ အင်အားကြီးမားနေသလဲဆိုသည်ကို သူတို့ ခန့်မှန်း၍ပင် မရနိုင်တော့ပေ။
ယင်းမှာ အလွန်တရာ အင်အားကြီးမားလွန်းပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။ ဤသို့သော အကြွင်းမဲ့အာဏာကို ရင်ဆိုင်လိုက်ရသည့်အခါ အချို့သော တပည့်များ၏ စိတ်ထဲ၌ ရှိနေသည့် ပုန်ကန်လိုစိတ်များမှာ လုံးဝ ကွယ်ပျောက်သွားရသည်။
ဤမျှ ဧရာမ သားရဲကြီးသဖွယ် အင်အားစုကို ဆန့်ကျင်မည်ဆိုပါက မိနစ်ပိုင်းအတွင်း အသတ်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သို့သော် အင်ပါယာထံ သစ္စာခံ၍ နိုင်ငံသားအဖြစ် ခံယူလိုက်မည်ဆိုပါက သူတို့သည် လေးစားခံရသည့်အပြင် အင်အားကြီးမားသော တပ်မတော်၏ အကာအကွယ်ကို ရရှိကာ အေးချမ်းစွာ နေထိုင်ကျင့်ကြံနိုင်မည် ဖြစ်၏။
ထိုသို့သော အခွင့်အရေးကို ငြင်းပယ်သူမှာ လူနုံလူအ ပင် ဖြစ်ပေလိမ့်မည်။ ရှန့်ထျန်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်၌ နှိပ်စက်ညှဉ်းပန်းမှုများဖြင့် ဆင်းရဲဒုက္ခ ရောက်ခဲ့ရသမျှနှင့် နှိုင်းယှဉ်လျှင် ယခုကဲ့သို့ ကောင်းမွန်သည့် နေ့ရက်များကို အခြား မည်သည့်နေရာ၌ ရှာတွေ့နိုင်ဦးမည်နည်း။
ထို့ကြောင့် နတ်ဓားဂိုဏ်း၊ ကမ်းရိုးတန်းပြည်နယ်နှင့် သားရဲသခင်ဂိုဏ်း နယ်မြေများအား စီမံအုပ်ချုပ်မှုမှာ လက်နက်အားကိုးစရာ မလိုဘဲ အလွန်ပင် ချောမွေ့သည်။
အရာအားလုံးမှာ စီစဉ်ထားသည့်အတိုင်းပင်။
တိုင်ပင်ဆွေးနွေးရာ ခန်းမဆောင်အတွင်း၌ ဟိုင်မင်းယွင်နှင့် ရှန်ယွမ်ဟိုင်တို့ကဲ့သို့သည့် အဖွဲ့ဝင်ဟောင်းများသည် ယခုအခါ လင်းချန်၏ လက်အောက်ခံ နိုင်ငံသားများအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားကြပြီး ချင်ဝူရွှမ်နှင့် မေယွဲ့ရှာတို့အား ဂုဏ်ယူဝင့်ကြွားသည့် အကြည့်များဖြင့် ကြည့်နေကြ၏။
'ငါတို့မှာလည်း အင်အားကြီးတဲ့ ကျောထောက်နောက်ခံ ရပြီဟေ့'
ထို့အပြင် ဟိုင်မင်းယွင်နှင့် ရှန်ယွမ်ဟိုင်တို့သည် ကမ်းရိုးတန်းနှင့် သားရဲသခင် နယ်မြေများအတွက် ဒေသဆိုင်ရာ အကြီးအကဲများ ဖြစ်လာကြပြီး အခြေချထားသည့် တော်ဝင်တပ်မတော်သားများကို စေခိုင်းနိုင်သော အာဏာအချို့ ရရှိထားကြသည်။
သို့သော် သူတို့၏ အာဏာမှာ ကန့်သတ်ချက် ရှိ၏။ သေခြင်းရှင်ခြင်းနယ်ပယ် စစ်သည်များကို မစေခိုင်းနိုင်ဘဲ ကောင်းကင်နယ်ပယ် စစ်သည် တစ်ရာနှင့် နိဗ္ဗာန်နယ်ပယ် စစ်သည် ငါးထောင်အထိသာ အမိန့်ပေးနိုင်ခွင့် ရှိသည်။
လင်းချန်၏ ပြောကြားချက်အရ သူတို့သာ တာဝန်ကျေပွန်ပြီး အင်ပါယာအတွက် ထူးချွန်စွာ အကျိုးပြုနိုင်မည်ဆိုပါက သူတို့၏ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်ပေးမည် ဖြစ်၏။
ဥပမာအားဖြင့် ပိုမိုကောင်းမွန်သည့် ကျင့်စဉ်များ၊ ကျင့်ကြံမှု အထောက်အကူပြု ဆေးရည်များနှင့် အခြား အကျိုးခံစားခွင့်များကို ရရှိနိုင်မည် ဖြစ်သည်။
သူတို့၏ အာဏာမှာ ကန့်သတ်ထားသကဲ့သို့ အင်ပါယာ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်များကိုလည်း လုပ်ဆောင်ခွင့် မရှိပေ။ သို့သော် ဧကရာဇ်၏ ဘုန်းအာဏာ ပါရမီ လွှမ်းမိုးမှုကြောင့် သူတို့အနေဖြင့် ထိုသို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်ရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။
အစည်းအဝေး စတင်ချိန်၌ လင်းချန်က သူ၏ ရည်ရွယ်ချက်ကို ပွင့်လင်းစွာ ပြောကြား၏။ ယင်းမှာ ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးကို အုပ်ချုပ်ရန် ဖြစ်သည်။ သို့သော် စိတ်ဝိညာဉ်တောင်တန်းနှင့် ရှန့်ထျန်ဂိုဏ်း၏ နယ်မြေများကို နတ်ဓားဂိုဏ်းအား လက်ဆောင်အဖြစ် ပေးအပ်မည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ဓားနတ်ဘုရားဂိုဏ်း၏ နယ်မြေကို ပြန်လည် သိမ်းပိုက်ပေးပြီး မေယွဲ့ရှာထံ ပြန်လည် အပ်နှံမည် ဖြစ်သည်။
သို့သော် လင်းချန်က ရှင်းရှင်းလင်းလင်း ပြောကြားသည်မှာ သူ၏ ဟွာရှာအင်ပါယာသည် ကမ်းရိုးတန်းပြည်နယ်၏ အခြားသော နယ်မြေများကို သိမ်းပိုက်မည် ဖြစ်သော်လည်း နတ်ဓားဂိုဏ်းနှင့် ဓားနတ်ဘုရားဂိုဏ်းတို့နှင့်မူ မဟာမိတ် ဖွဲ့မည် ဖြစ်၏။
ဂိုဏ်းနှစ်ခု၏ မျိုးဆက်များက ဟွာရှာအင်ပါယာကို မတိုက်ခိုက်သရွေ့ အင်ပါယာကလည်း သူတို့ကို ကျူးကျော်မည် မဟုတ်ပေ။
လင်းချန်က ထိုအချက်ကို ပြောလိုက်သည့်အခါ ချင်ဝူရွှမ်နှင့် မေယွဲ့ရှာတို့မှာ ပြိုင်တူ မျက်လုံး ပြူးသွားကြရသည်။
'မင်းရဲ့ ဒီလောက် အင်အားကြီးမားတဲ့ အင်ပါယာကို တိုက်ခိုက်ဖို့ ဘယ်သူကများ သတ္တိရှိမှာလဲ'
ဟွာရှာအင်ပါယာ၏ ထိန်းချုပ်မှုအောက်ရှိ မြို့ငယ် နှစ်မြို့၏ စစ်အင်အားစုမျှနှင့်ပင် ဤဂိုဏ်းနှစ်ခုလုံးကို အမှုန့်ကြိတ်ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလား။
ထို့အပြင် လင်းချန်က လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ အခြေအနေကိုလည်း ကြေညာပြီး နတ်ဓားဂိုဏ်းနှင့် ဓားနတ်ဘုရားဂိုဏ်းတို့က မဟာမိတ်ဖွဲ့လိုပါက သူက ကြားဝင် စီစဉ်ပေးမည် ဖြစ်ကြောင်း ပြောကြား၏။
ကောပန်လီက အံ့ဩသွားသည်။ "ဟင်... ညီငယ်လေး... ရှန့်ထျန်ဂိုဏ်းကိုတောင် မတိုက်ရသေးဘူး၊ မင်းက ကမ်းရိုးတန်းပြည်နယ်ကို ခွဲဝေဖို့ လုပ်နေပြီလား။"
သို့သော် သူ စကားပြောပြီးသည်နှင့် သူ၏ ဦးခေါင်းကို ကိုယ်တိုင် ပြန်ရိုက်လိုက်၏။ "အဲဒါ ဟုတ်သားပဲ... မင်း အခု ပိုင်ဆိုင်ထားတဲ့ အင်အားနဲ့ဆိုရင် ရှန့်ထျန်ဂိုဏ်းကို ဖျက်ဆီးဖို့က ကလေးကစားသလို လွယ်နေမှာပဲကိုး။"
လင်းချန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "အင်း... တကယ်တော့ အဲဒါက ကလေးကစားသလိုပဲ သိပ်လွယ်တယ်။ ဒီရက်ပိုင်းအတွင်းမှာ ငါတို့က ရှန့်ထျန်ဂိုဏ်းရဲ့ သူလျှို အတော်များများကို ဖမ်းမိထားပြီး သူတို့ဆီကို သတင်းမှားတွေ အများကြီး ပြန်ပို့ခိုင်းထားတယ်။"
ကောပန်လီက စားသုံးနိုင်သည့် ကျောက်စိမ်းတစ်တုံးကို ပါးစပ်ထဲ ထည့်လိုက်၏။ "သတင်းမှားတွေ ပို့ဖို့ လိုသေးလို့လား။ ညီငယ်လေး... မင်းရဲ့ အင်အားအစစ်အမှန်ကို သူတို့ သိသွားရင် ကြောက်ပြီး ထွက်ပြေးသွားမှာကို စိုးရိမ်နေတာလား။"
လင်းချန်က ခေါင်းညိတ်လိုက်သည်။ "အတိအကျပဲ... ယွမ်ဝူကျီနဲ့ ကျန်းတင်းယွင်တို့က ငါ့အင်ပါယာရဲ့ အင်အားကို သိပြီး ထွက်ပြေးသွားမှာကို တကယ် စိုးရိမ်မိတယ်။"
လင်းချန်၏ အဖြေက ကောပန်လီကို အံ့အားသင့်သွားစေ၏။ ထို့နောက် လင်းချန်က ကျောက်ဝေကို ညွှန်ပြကာ ယွမ်ဝူကျီ၏ လုပ်ရပ်များကို ရှင်းပြသည်။
လင်းချန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ခန်းမဆောင်အတွင်းရှိ လူတိုင်း၏ မျက်နှာ၌ အလွန်အမင်း ဒေါသထွက်ရိပ်များ ပေါ်လာကြ၏။
အမြဲတမ်း ပြုံးစစ နေတတ်သည့် ကောပန်လီပင်လျှင် ယခုအခါ အလွန် ခံပြင်းဒေါသထွက်နေသော ပုံစံ ဖြစ်သွားသည်။ "တောက်... ယုတ်မာလိုက်တာ၊ အရှက်မရှိလိုက်တာ... ယွမ်ဝူကျီက ဒီလောက်အထိ လူယုတ်မာ တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။"
မူလပြည်နယ်ရှိ လူသားမျိုးနွယ်တို့၏ ဆင်းရဲဒုက္ခများအကြောင်း ကြားရသည့်အခါ ခန်းမထဲရှိ အမျိုးသမီးများမှာ မျက်ရည်ကျကြပြီး ပင်လယ်မျိုးနွယ်မှ ကျန်းချီသည်လည်း စိတ်မသက်မသာဖြင့် ခေါင်းခါလျက် သက်ပြင်းချလိုက်မိ၏။
ရှန့်ထျန်ဂိုဏ်းမှ ယွမ်ဝူကျီသည် မူလပြည်နယ်ရှိ အပြစ်မဲ့သည့် လူသားမျိုးနွယ်ထံမှ သူတို့ ဘိုးဘေးများ ချန်ထားရစ်ခဲ့သော အမွေအနှစ်များကို လိမ်လည် ခိုးယူပြီး လုံးဝ ဂရုမစိုက်ဘဲ ထွက်ခွာသွားသည့် လုပ်ရပ်မှာ ရွံရှာဖွယ် ကောင်းလှသည်။
အထူးသဖြင့် ကမ်းရိုးတန်းဒေသမှ ဟိုင်မင်းယွင်နှင့် အခြားသူများမှာမူ မိမိတို့ကိုယ်တိုင် ထိခိုက်ခံစားရသကဲ့သို့ ခံစားနေကြရ၏။ အဘယ်ကြောင့်ဆိုသော် ရှန့်ထျန်ဂိုဏ်းကြောင့် သူတို့ဒေသရှိ လူသားမျိုးနွယ်သည်လည်း မျိုးနွယ်ခြားဖြစ်သည့် အရိုးဓားငါးမျိုးနွယ်စု၏ နှိပ်စက်မှုကို ခံခဲ့ရသောကြောင့် ဖြစ်သည်။ သူတို့သည် ယခုချက်ချင်းပင် သွားရောက်၍ ရှန့်ထျန်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ချင်နေကြပြီ ဖြစ်၏။
လင်းချန်၏ မျက်ဝန်းများက ရုတ်တရက် ထက်ရှသွားသည်။ "ဒီရက်ပိုင်းအတွင်းမှာ ကမ်းရိုးတန်းပြည်နယ်ရဲ့ နယ်စပ်တစ်လျှောက်မှာ အစီအရင်တွေ လျှို့ဝှက် တပ်ဆင်ထားပြီး စောင့်ကြည့်ရေး စနစ်တွေကိုလည်း ချထားပြီးပြီ။ တစ်စုံတစ်ယောက်က ထွက်ပြေးဖို့ ကြိုးစားတာနဲ့ ချက်ချင်း သိမှာဖြစ်သလို သေချာပေါက် တားဆီးနိုင်လိမ့်မယ်။ ယွမ်ဝူကျီနဲ့ ကျန်းတင်းယွင်တို့ ကမ်းရိုးတန်းပြည်နယ်ထဲကနေ လုံးဝ လွတ်မသွားစေရဘူးလို့ ငါ အာမခံတယ်။ ကိုယ့်လူမျိုးအပေါ် သစ္စာဖောက်တာ၊ တစ်ပါးမျိုးနွယ်ခြားတွေနဲ့ ပူးပေါင်းပြီး ကိုယ့်လူမျိုးအချင်းချင်းကို ခေါင်းပုံဖြတ် နှိပ်စက်တာတွေ လုပ်တဲ့သူတွေက လူလို့ ခေါ်ဖို့တောင် မထိုက်တန်ဘူး။ အောင်နိုင်သူက အရာအားလုံးကို ပိုင်ဆိုင်တယ် ဆိုတဲ့ စကားက မှန်ပေမယ့် လူသားတစ်ယောက်အနေနဲ့ စောင့်ထိန်းရမယ့် အနိမ့်ဆုံး စည်းတော့ ရှိရမယ်။ ရှန့်ထျန်ဂိုဏ်းက သာမန်တပည့်တွေနဲ့ အကြီးအကဲတွေကိုတော့ အသက်ချမ်းသာပေးနိုင်ပေမယ့် ယွမ်ဝူကျီ၊ ကျန်းတင်းယွင်နဲ့ သူတို့နဲ့အတူ ကိုယ့်လူမျိုးအပေါ် ယုတ်မာခဲ့တဲ့သူတွေကတော့ ကျိန်းသေပေါက် သေဒဏ်သင့်စေရမယ်။"
လင်းချန်၏ ပြတ်သားသည့် စကားများနောက်၌ ခန်းမဆောင်အတွင်း၌ ကြာရှည်စွာ တိတ်ဆိတ်သွား၏။
ရုတ်တရက် တစ်စုံတစ်ခုကို ဝါးနေသည့် အသံက ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် လူတိုင်းက ထိုအသံရှင်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ကောပန်လီသည် လူတိုင်း သူ့ကို ကြည့်နေသည်ကို သတိထားမိသွားပြီး ရှက်ကိုးရှက်ကန်း အပြုံးဖြင့် အကြည့်လွှဲလိုက်၏။ "ဟဲဟဲ... ညီငယ်လေး... မင်း ရှန့်ထျန်ဂိုဏ်း သူလျှိုတွေကို ဖမ်းပြီး သတင်းမှားတွေ ပို့ခိုင်းထားတယ်ဆိုတော့ ဘယ်လို သတင်းမှားမျိုးတွေလဲ။"
လင်းချန်က ပခုံးတွန့်လိုက်သည်။ "သြော်... အဲဒီ သတင်းမှားကတော့ ဟွာရှာအင်ပါယာဆိုတာ ငါက ဟိတ်ဟန်ထုတ်ဖို့နဲ့ ပျော်ရွှင်ဖို့အတွက် ဖန်တီးထားတဲ့ ကစားစရာ တစ်ခုပဲ။ အဲဒီမှာ ငါက ဧကရာဇ်၊ ရှင်းရှင်းက ဧကရီ၊ မင်းက အမတ်ချုပ်၊ ပြီးတော့ လေချန်က စစ်သူကြီးပေါ့။ တော်ဝင်တပ်မတော်ဆိုတာလည်း တကယ်တော့ နတ်ဓားဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေပဲလို့ ပို့ခိုင်းထားတာ။"
အကယ်၍ ရှန့်ထျန်ဂိုဏ်းက ထိုသတင်းကို အမှန်တကယ် ယုံကြည်သွားမည်ဆိုလျှင်... ဟွာရှာအင်ပါယာ တပ်မတော် ချီတက်လာသည့်အခါ ယွမ်ဝူကျီနှင့် ကျန်းတင်းယွင်တို့၏ မျက်နှာများမှာ မည်ကဲ့သို့ ဖြစ်သွားမည်ကို လူတိုင်း စိတ်ကူးကြည့်နေမိကြ၏။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၄၁ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။