← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အပိုင်း ၂၄၂

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

နံနက်ခင်း အလင်းရောင်အောက်၌ ချီယီမြို့၏ မြို့ရိုးများမှာ ထွက်ပေါ်လာသည့် နေမင်း၏ အထိအတွေ့ကို ခံယူလျက် ရှိနေ၏။ ရှန့်ထျန်ဂိုဏ်း ပိုင်နက်၏ အစွန်း၌ တည်ရှိသော ဤမြို့ငယ်လေးသည် ကင်းစခန်းတစ်ခုသဖွယ် အသုံးတော်ခံနေခြင်း ဖြစ်သည်။

မြို့ရိုးထက်၌မူ မြို့စောင့်တာဝန်ကျနေသည့် သိုင်းဝိညာဉ်ပညာရှင် ဟေးသည် ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်ကာ သမ်းဝေနေ၏။ သူသည် အလှည့်ကျ ကင်းလဲရန် ပြင်ဆင်နေပြီး သူ၏ ကင်းထောက်တာဝန်ကိုပင် လုံးဝ မေ့လျော့နေပုံရသည်။

ဟေး၏ အမြင်အရမူ လက်ရှိ ကမ်းရိုးတန်းပြည်နယ်၌ ရှန့်ထျန်ဂိုဏ်းအား ပြဿနာရှာဝံ့လောက်အောင် သတ္တိရှိသူ မည်သူမျှ မရှိနိုင်ချေ။

ရုတ်တရက် သူ၏ နောက်ဘက်ဆီမှ တုန်ခါသံကြီးတစ်ခု ထွက်ပေါ်လာပြီး မြို့ရိုးကြီးမှာလည်း မရပ်မနား တုန်ခါလာ၏။

မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရသဖြင့် ဟေးသည် ထိတ်လန့်တုန်လှုပ်စွာ လှည့်ကြည့်လိုက်ရာ မြို့ပြင်ဘက်ဆီသို့ အကြည့်ရောက်သွား၏။ ထိုအခါ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် သူ၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့သွားရသည်။

သံချပ်ကာဝတ် စစ်သည်တော် ထောင်ပေါင်းများစွာသည် လှံရှည်များကို ကိုင်စွဲလျက် သံချပ်ကာများ တပ်ဆင်ထားသည့် အနက်ရောင် မြင်းကြီးများကို စီးနင်းကာ ချီတက်လာနေကြခြင်း ဖြစ်၏။

သူတို့၏ သံချပ်ကာများထံမှ ထွက်ပေါ်နေသည့် အေးစက်စက် အလင်းရောင်များက ဟေးကို အသက်ရှူပင် ရပ်တန့်သွားစေသည်။

ဤသို့သော မြင်းမျိုးကို သူ တစ်ခါမျှ မမြင်ဖူးပေ။ စစ်သည်များမှာ သံချပ်ကာ အပြည့်ဝတ်ဆင်ထား၏။ ထိုအနက်ရောင် မျိုးကောင်းမြင်းများသည် အဟုန်ပြင်းစွာဖြင့် ဒုန်းစိုင်းလာနေကြပြီး သူတို့၏ အနောက်၌ ဖုန်လုံးကြီးများသာ ကျန်ရစ်၏။

မြင်းတပ်ကို ဦးဆောင်လာသည့် သေခြင်းရှင်ခြင်းနယ်ပယ်မှ တပ်ဖွဲ့မှူးက သူ၏ မျက်ဝန်းများ၌ အေးစက်သော အရိပ်ရောင်များဖြင့် အမိန့်ပေးလိုက်၏။

“အသင့်ပြင်ကြ။”

တစ်ခဏအတွင်းမှာပင် စစ်သည် ငါးထောင်၏ လှံရှည်များထက်၌ ဝါဖျော့ဖျော့ ဟွာရှာစိတ်ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းသွား၏။

ရွှီးးး

တစ်ချိန်တည်းမှာပင် စီးနင်းလာသည့် အနက်ရောင်မြင်းကြီးများ၏ မျက်လုံးများထဲ၌ မီးတောက်များ ထွက်ပေါ်လာပြီး သံခွာများမှာလည်း ရဲရဲနီကာ ပြင်းထန်သော မီးလျှံများအဖြစ်သို့ ကူးပြောင်းသွားကြ၏။ ထိုမြင်းကြီးများ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်၌ မီးလမ်းကြောင်းကြီးများ ကျန်ရစ်၏။

စစ်တပ်၏ အရှိန်အဟုန်မှာ ပိုမို မြန်ဆန်လာပြီး ချီယီမြို့သို့ အလျင်အမြန်ပင် ချဉ်းကပ်လာသည်။ ထိုအခါမှသာ ဟေးသည် သတိဝင်လာပြီး ရှိသမျှ အားအင်ကုန်သုံး၍ အော်ဟစ်လိုက်၏။

“ရန်သူ လာနေပြီ။ ရန်သူ လာနေပြီ။”

ဟေး၏ သတိပေးသံကြောင့် မြို့စောင့် သိုင်းဝိညာဉ်ပညာရှင်များမှာ ပြာပြာသလဲ ဖြစ်ကုန်ကြပြီး မြို့စောင့်အစီအရင်ကို အသည်းအသန် အသက်သွင်းလိုက်ကြသည်။ ပြာလဲ့လဲ့ အလင်းတန်းများက မြို့တစ်ခုလုံးကို မှောက်ထားသည့် အိုးဖုံးတစ်ခုသဖွယ် ချက်ချင်း ဖုံးလွှမ်းသွား၏။

သို့သော် အစီအရင်ကို အသက်သွင်းပြီးသည့်တိုင် ဒုန်းစိုင်းလာသည့် မြင်းတပ်မှာ ရပ်တန့်မည့် အရိပ်အယောင် လုံးဝ မရှိသည်ကို တွေ့ရသောအခါ ဟေးမှာ ဆွံ့အသွားရသည်။ အနက်ရောင်မြင်းကြီးများမှာ ဟီသံများ ပေးလျက် မီးတောက်နေသည့် သံခွာများဖြင့် မြေပြင်ကို ပေါက်ကာ သူတို့၏ အရှိန်ကိုသာ ပို၍ မြှင့်တင်လိုက်ကြ၏။

မြင်းတပ်၏ ရှေ့ဆုံးမှ ခေါင်းဆောင်က သူ၏ လှံရှည်ကို ရှေ့သို့ ညွှန်ပြလိုက်သည်။

“စုစည်းကြ။”

ကျန်ရှိသည့် စစ်သည်များကလည်း ပြိုင်တူပင် လှံရှည်များကို မြှောက်လိုက်ကြရာ ဟွာရှာစိတ်ဝိညာဉ်စွမ်းအင်များက သူတို့၏ ပတ်ဝန်းကျင်၌ စုစည်းသွားကြ၏။ စစ်သည် ငါးထောင်၏ စွမ်းအင်များမှာ ရေဝဲတစ်ခုသဖွယ် ပေါင်းစည်းသွားပြီး တစ်ခုလုံးသော မြင်းတပ်ကြီးမှာ ချီယီမြို့ကို ထိုးနှက်မည့် ဧရာမ လှံကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

ဝုန်းးး

ချီယီမြို့၏ အကာအကွယ် အစီအရင်မှာ တစ်ခဏအတွင်း အမှုန့်ဖြစ်သွားရပြီး မြင်းတပ်ကြီးအား တစ်လက်မမျှပင် မတားဆီးနိုင်ချေ။ ခိုင်ခံ့သည့် မြို့တံခါးကြီးမှာလည်း လွင့်ထွက်သွားရ၏။ မြင်းခွာသံများ ဖြတ်သန်းသွားသော နေရာတိုင်း၌ မြေပြင်မှ ပြင်းထန်သည့် မီးတောက်များ ထွက်ပေါ်လာသည်။

မြို့တံခါး၏ အနောက်ဘက်၌ ခုခံနေကြသည့် သိုင်းဝိညာဉ်ပညာရှင်များမှာ နေယွမ်နယ်ပယ် အဆင့်မျှသာ ရှိကြပြီး နိဗ္ဗာန်နယ်ပယ်မှာလည်း နှစ်ဦး သုံးဦးမျှသာ ရှိသဖြင့် ကောင်းကင်နယ်ပယ် စစ်သည်များ လွှမ်းမိုးထားသော မြင်းတပ်ကို တားဆီးရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထိုစစ်သည်များထဲမှ တစ်ဦးတည်း မြို့ထဲသို့ ဝင်လာလျှင်တောင် သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်လာသကဲ့သို့ ရှိနေမည် ဖြစ်ရာ ယခုကဲ့သို့ ကျားအုပ်ကြီး ဝင်လာခြင်းမှာ ဆိုဖွယ်ရာ မရှိချေ။

မြင်းတပ် မြို့ထဲသို့ ရောက်ရှိလာသည့်အခါ သေခြင်းရှင်ခြင်းနယ်ပယ်မှ ခေါင်းဆောင်က ဧကရာဇ် လင်းချန်၏ အလိုတော်ကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြေညာလိုက်၏။

“လက်နက်ချရင် အသက်ချမ်းသာပေးမယ်။”

ချီယီမြို့၌ ဖြစ်ပျက်နေသည့် ဤမြင်ကွင်းမျိုးသည် ရှန့်ထျန်ဂိုဏ်း၊ မဟာလှံတံဂိုဏ်း၊ ဂမ္ဘီရနတ်ဆေးဂိုဏ်းနှင့် ပန်းပဲမီးလျှံဂိုဏ်းတို့၏ ပိုင်နက်များ၌ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ နယ်စပ်အနီးရှိ မြို့များသည် တစ်မြို့ပြီးတစ်မြို့ အသိမ်းခံနေရပြီး တော်ဝင်တပ်မတော်မှာလည်း နယ်မြေအတွင်းပိုင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်နေ၏။

နှစ်ရက်အတွင်းမှာပင် မဟာလှံတံဂိုဏ်း၊ ဂမ္ဘီရနတ်ဆေးဂိုဏ်းနှင့် ပန်းပဲမီးလျှံဂိုဏ်းတို့၏ နယ်မြေအများစုမှာ အသိမ်းခံလိုက်ရပြီး ရှန့်ထျန်ဂိုဏ်း နယ်မြေ၏ သုံးပုံတစ်ပုံမှာလည်း ဟွာရှာအင်ပါယာ၏ လက်အောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ရှန့်ထျန်ဂိုဏ်းအား တိုက်ခိုက်ရာ၌ အနည်းငယ် နှေးကွေးနေရခြင်းမှာမူ ရုပ်သေးတပ်မတော်နှင့် ထိပ်တိုက်တွေ့နေရသည့်အတွက် ဖြစ်ပြီး ထိုမြင်ကွင်းကို လင်းချန်က နည်းဗျူဟာမှန်ပြင်မှတစ်ဆင့် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ၏။

ထိုရုပ်သေးတပ်မတော်မှာ သတ္တုများဖြင့် လူသားပုံစံ ပြုလုပ်ထားခြင်း ဖြစ်ပြီး စိတ်ဝိညာဉ်ပစ္စည်းများကဲ့သို့ စွမ်းအင်များ ထွက်ပေါ်နေကာ ထိုရုပ်သေးများ၏ အဆင့်မှာ နိဗ္ဗာန်နယ်ပယ်မှ ကောင်းကင်နယ်ပယ်အထိ ကွဲပြားကြသည်။ ထိုအထဲ၌ ကောင်းကင်နယ်ပယ်အဆင့် ရုပ်သေး တစ်ထောင်ကျော်နှင့် နိဗ္ဗာန်နယ်ပယ်ရုပ်သေး နှစ်သောင်းကျော် ပါဝင်၏။ ထူးခြားချက်မှာ သေခြင်းရှင်ခြင်းနယ်ပယ်အဆင့် ရုပ်သေး သုံးရုပ်ပင် ပါဝင်နေခြင်း ဖြစ်သည်။

အမှန်တကယ်ပင် ဤမျှ အင်အားကြီးသည့် ရုပ်သေးတပ်မတော်မှာ ချီတက်လာသော ဟွာရှာတော်ဝင်တပ်မတော်အတွက် အနည်းငယ် အနှောင့်အယှက် ဖြစ်စေသည်မှာ အမှန်ပင်။ သို့သော် အနည်းငယ်မျှသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လင်းချန် ခေါ်ယူထားသည့် တော်ဝင်စစ်သည်များမှာ တစ်ပြိုင်နက်တည်း ခေါ်ယူထားခြင်း မဟုတ်ဘဲ သိမ်းပိုက်ပြီးသော မြို့များကို စောင့်ကြပ်ရန်အတွက် အဆင့်အမျိုးမျိုးနှင့် အရေအတွက် အမျိုးမျိုးကို ခွဲဝေထားသောကြောင့် ဖြစ်သည်။

သို့သော် ရုပ်သေးတပ်မတော်နှင့် မတူညီသည့် အချက်မှာ ရှန့်ထျန်ဂိုဏ်း၏ ရုပ်သေးများသည် စိတ်ဝိညာဉ်ကျောက်တုံးများစွာကို သုံးစွဲရခြင်း ဖြစ်၏။ ဟွာရှာတော်ဝင်တပ်မတော်ဘက်၌မူ စတင်ဖန်တီးစဉ်က ကုန်ကျသော အရင်းအမြစ်မှလွဲ၍ အခြား မည်သည့်အရာမျှ မလိုအပ်ဘဲ စားသောက်ရန် သို့မဟုတ် အညစ်အကြေး စွန့်ထုတ်ရန်ပင် မလိုပေ။ အဘယ်ကြောင့်ဆိုသော် ဤတော်ဝင်စစ်သည်များသည် ကောင်းကင်လက်မှုပညာဌာန၏ စစ်တန်းလျားများအတွင်းမှ ထုတ်လုပ်ထားခြင်းကြောင့်သာ ဖြစ်၏။

ထို့နောက် လင်းချန်သည် ရုပ်သေးတပ်မတော်အား တန်ပြန်တိုက်ခိုက်ရန် တော်ဝင်စစ်သည် တစ်သုတ်ကို ထပ်မံစေလွှတ်လိုက်သည်။ ကောင်းကင်နယ်ပယ် ရုပ်သေးတစ်ထောင်အတွက် ထိုအဆင့်ရှိ စစ်သည် တစ်သောင်း၊ နိဗ္ဗာန်နယ်ပယ် ရုပ်သေး နှစ်သောင်းအတွက် စစ်သည် နှစ်သိန်းနှင့် သေခြင်းရှင်ခြင်းနယ်ပယ် ရုပ်သေး သုံးရုပ်အတွက် ထိုအဆင့်ရှိ စစ်သည် သုံးဆယ်ကို စေလွှတ်လိုက်ခြင်း ဖြစ်၏။

ယီစင်းက နည်းဗျူဟာမှန်ပြင်ပေါ်၌ ရှန့်ထျန်ဂိုဏ်း၏ ရုပ်သေးတပ်မတော်မှာ ဟွာရှာတော်ဝင်တပ်မတော်၏ ဖိနှိပ်မှုအောက်၌ သံတိုသံစများအဖြစ် ပြောင်းလဲသွားသည်ကို နားမလည်စွာ ကြည့်လိုက်သည်။

“ဒါနဲ့ ချန်လေး... ရှင့်ဆီမှာ သေခြင်းရှင်ခြင်းနယ်ပယ် စစ်သည်တွေ သောင်းနဲ့ချီ ရှိနေတာပဲ။ ဘာလို့ အကုန်လုံးကို တစ်ခါတည်း စေလွှတ်ပြီး အမြန်ဆုံး မဖြေရှင်းတာလဲ။”

လင်းချန်က ပြုံးလျက် ခေါင်းညိတ်လိုက်၏။

“အင်း... အဲဒါကတော့ အမြန်ဆုံး ပြီးသွားမှာ အမှန်ပဲ။”

ယီစင်းက နဖူးကို ပွတ်ကာ သက်ပြင်းချလိုက်သည်။

“ဒါဆိုရင် ဘာလို့ နိဗ္ဗာန်နယ်ပယ်နဲ့ ကောင်းကင်နယ်ပယ်က စစ်သည်တွေကိုပါ ပေးပို့နေတာလဲ။ ပြီးတော့ လေချန်၊ ကောပန်လီ၊ ဟိုင်မင်းယွင်နဲ့ ရှန်ယွမ်ဟိုင်တို့လို လူတွေကိုပါ ဦးဆောင်ပြီး တိုက်ခိုက်ခိုင်းနေသေးတယ်။”

လင်းချန်က နူးညံ့စွာ ပြုံးလိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်ရာ နည်းဗျူဟာမှန်ပြင် အချို့ ထပ်မံ ပေါ်ထွက်လာသည်။ ထိုမှန်ပြင်များထဲ၌ လေချန်နှင့် အခြားသူများက တပ်များကို ဦးဆောင်ကာ မြို့များကို တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်နေကြသည်ကို မြင်တွေ့ရ၏။ ပုံရိပ်များထဲ၌ လေချန်နှင့် အခြားသူများသည် သူတို့၏ မူလလက်နက်များကို ကိုင်စွဲလျက် ရှေ့တန်းမှနေ၍ ဟွာရှာတော်ဝင်စစ်သည်များနှင့်အတူ တက်ကြွစွာ တိုက်ခိုက်နေကြသည်။

လင်းချန်က မှန်ပြင်ကို ညွှန်ပြလိုက်သည်။

“သူတို့က အခု အင်ပါယာရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေပြီ။ သူတို့အနေနဲ့ ဟွာရှာအင်ပါယာအပေါ်မှာ သံယောဇဉ်ခိုင်မြဲဖို့နဲ့ ဂုဏ်ယူတတ်ဖို့ လိုအပ်တယ်။ အကောင်းဆုံးနည်းလမ်းကတော့ သူတို့ကိုယ်တိုင် တပ်တွေကို ဦးဆောင်ပြီး အင်ပါယာအတွက် နယ်မြေတွေကို သိမ်းပိုက်ပေးတာပဲ။ အရာအားလုံးကို အလွယ်တကူပဲ ဖိနှိပ်ပစ်လိုက်ရင် သူတို့အတွက် ပျင်းစရာ ကောင်းနေလိမ့်မယ်။ သာလွန်တဲ့ အင်အားနဲ့ ရရှိလာတဲ့ အောင်ပွဲတွေကမှ သူတို့ရဲ့ စိတ်ထဲမှာ ဂုဏ်ယူမှုကို ဖြစ်ပေါ်စေပြီး အင်ပါယာနဲ့ တစ်သားတည်း ဖြစ်သွားစေမှာ။ နောက်ပြီးတော့ ရှန့်ထျန်ဂိုဏ်းကို ဖျက်ဆီးရတာက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စပဲ။ အဲဒါကို တစ်ထိုင်တည်း အဆုံးသတ်လိုက်ရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့။ ဖြည်းဖြည်းချင်း ကစားရတာက ပိုပြီး ပျော်ဖို့ကောင်းတယ်။”

ထိုသို့ပြောရင်း လင်းချန်က နည်းဗျူဟာမှန်ပြင်ထဲ၌ စိတ်လှုပ်ရှားနေကြသည့် လေချန်နှင့် အခြားသူများကို ညွှန်ပြလိုက်၏။

“ရှင်းရှင်း... အားလုံး ဘယ်လောက် ပျော်နေကြသလဲ ကြည့်လိုက်ဦး။ မိန်းလည်း တပ်ဖွဲ့တစ်ခုကို ဦးဆောင်ပြီး ရှန့်ထျန်ဂိုဏ်း နယ်မြေထဲ သွားပြီး ပျော်ချင်သေးလား။”

ယီစင်းက ရယ်မောကာ ခေါင်းရမ်းလိုက်သည်။

“တော်ပါပြီ။ သူတို့ပဲ ပျော်ကြပါစေတော့။ ကမ်းရိုးတန်းပြည်နယ်ရဲ့ နံပါတ်တစ် အင်အားစုဖြစ်တဲ့ ရှန့်ထျန်ဂိုဏ်းကတော့ အခု ရှင့်ဘေးနားကလူတွေအတွက် ကစားစရာ တစ်ခု ဖြစ်သွားရပြီပေါ့။”

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၄၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters