အခန်း ၂၄၃
Vol. 25 Ch. 243
အပိုင်း ၂၄၃
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ကမ်းရိုးတန်းပြည်နယ်၏ အထွတ်အထိပ် အင်အားစုဖြစ်သည့် ရှန့်ထျန်ဂိုဏ်း၏ တောင်တံခါးတည်ရှိရာ နေရာကား စိတ်ဝိညာဉ်တောင်တန်းပင် ဖြစ်၏။
လှပသော ထိုရှုခင်းများ၏ အထက်၌ ဖန်သားရောင်စုံ တောက်ပနေသည့် အကာအကွယ် အစီအရင်တစ်ခု ဖြစ်ပေါ်နေ၏။ ထိုအစီအရင်၏ ပုံစံများမှာ ရှေးဟောင်းအက္ခရာများဖြင့် ချိတ်ဆက်ထားပြီး အဆုံးမရှိသည့် စက်ဝိုင်းပုံစံများဖြင့် တစ်ခုနှင့်တစ်ခု ကျစ်လစ်စွာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဤသည်ကား ကမ်းရိုးတန်းပြည်နယ်၌ အင်အားအကောင်းဆုံးသော တောင်တံခါးစောင့် အစီအရင်ဖြစ်သည့် ဖန်သားကမ္ဘာအစီအရင်ပင် ဖြစ်၏။
စစ်သင်္ဘောပေါ်၌ ရပ်နေသည့် လင်းချန်သည် ဤအစီအရင်၏ မြစ်ဖျားခံရာကို ကောင်းစွာ သိရှိထားသည်။ ထိုအစီအရင်သည် မူလပြည်နယ် ကမ္ဘာငယ်လေးအတွင်းရှိ လူသားမျိုးနွယ်စုဝင် တန်ယွမ်ဂိုဏ်းမှ ရှေးဟောင်းတပည့်တစ်ဦး၏ အမွေအနှစ်ဖြစ်ပြီး ကျောက်မျိုးနွယ်စု၏ သိုလှောင်လက်စွပ်အတွင်း၌ သိမ်းဆည်းထားခြင်း ဖြစ်၏။
ရုပ်သေးတပ်မတော်ကဲ့သို့ပင် ဤအစီအရင်မှာလည်း မူလပြည်နယ် တန်ယွမ်ဂိုဏ်း၏ ရှေးဟောင်းအမွေအနှစ် ဖြစ်သော်လည်း ရှန့်ထျန်ဂိုဏ်း၏ ဘိုးဘေးအကြီးအကဲ ယွမ်ဝူကျီက အရှက်မရှိ ခိုးယူခဲ့ခြင်း ဖြစ်ပေ။
ရွှီးးး ရွှီးးး ရွှီးးး
လေထုကို ခွင်းလျက် မြားတံများ အဆက်မပြတ် ပျံသန်းလာသည့် အသံများနှင့်အတူ ဟွာရှာစိတ်ဝိညာဉ်စွမ်းအင်၏ ဝါဖျော့ဖျော့ အလင်းတန်းများ တောက်လောင်နေသော မြားမိုးကြီးမှာ လှပသည့် မျဉ်းကွေးများကို ရေးဆွဲကာ ဖန်သားကမ္ဘာအစီအရင်ပေါ်သို့ အုပ်မိုးကျရောက်လာ၏။
တစ်ခဏအတွင်းမှာပင် ချောမွေ့နေသည့် အစီအရင်၏ မျက်နှာပြင်မှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကို ခံလိုက်ရသော ငြိမ်သက်နေသည့် ကန်ရေပြင်သဖွယ် ချိုင့်ခွက်များ၊ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားရသည်။
တစ်ချိန်တည်းမှာပင် တောင်တံခါး အပြင်ဘက်၌ လွင့်ပျံနေသည့် စစ်သင်္ဘော ငါးစင်းမှာလည်း စုစည်းထားသော ဟွာရှာစိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ စိတ်ဝိညာဉ်အမြောက်များဖြင့် အဆက်မပြတ် ပစ်ခတ်လိုက်ရာ နားကွဲမတတ် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများ ဟိန်းထွက်လာ၏။
နိဗ္ဗာန်နယ်ပယ်အဆင့်ရှိသည့် လေးသည်တော် တစ်သန်း၏ စွမ်းအင်ပါသော မြားချက်များမှာ ပြင်းထန်သည့် မုန်တိုင်းတစ်ခုသဖွယ် အဆက်မပြတ် ကျရောက်နေ၏။
စစ်သင်္ဘောများမှ ပစ်ခတ်လိုက်သည့် စိတ်ဝိညာဉ်အမြောက်များမှာလည်း မနားတမ်း ရိုက်ခတ်နေသော ထုရိုက်ချက်များသဖွယ် ရှန့်ထျန်ဂိုဏ်း တပည့်များ၏ နှလုံးသားကို တုန်လှုပ်စေ၏။
လေးသည်တော် တစ်သန်းမှာ ကောင်းကင်နယ်ပယ် သို့မဟုတ် သေခြင်းရှင်ခြင်းနယ်ပယ်မှ မဟုတ်ဘဲ နိဗ္ဗာန်နယ်ပယ်အဆင့်မှသာ ဖြစ်နေခြင်းမှာ လင်းချန်၏ ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်ချက်ပင် ဖြစ်၏။
ထိုသို့ဖြင့် မြားမိုးမှာ ဖန်သားကမ္ဘာ အစီအရင်၏ အကာအကွယ်ကို ချက်ချင်း ပျက်စီးသွားစေမည် မဟုတ်သော်လည်း အဆက်မပြတ် တိုက်ခိုက်နေသည့် အဟုန်က ရှန့်ထျန်ဂိုဏ်းအတွင်းရှိ လူများအား စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သော ဖိအားနှင့် ကြောက်ရွံ့မှုများကို ပေးစွမ်းနိုင်မည် ဖြစ်၏။
မြားမိုး တစ်သုတ် ကျရောက်လာတိုင်း ရှန့်ထျန်ဂိုဏ်းသားများ၏ စိတ်ဓာတ်မှာ တဖြည်းဖြည်း ပြိုလဲသွားရပြီး အစီအရင် အမှန်တကယ် ပျက်စီးသွားသည့်အခါ သူတို့အနေဖြင့် လက်နက်ချ သစ္စာခံရန် ပိုမို လွယ်ကူသွားစေမည် ဖြစ်သည်။
ရှန့်ထျန်ဂိုဏ်းမှ သာမန်တပည့်များ၊ အလုပ်အကျွေးများနှင့် အကြီးအကဲများကိုပါ အကုန်အစင် သတ်ဖြတ်ရန်မှာ လင်းချန်အတွက်မူ ရက်စက်လွန်းလှပေ။ သူတို့ကို ဖျောင်းဖျ၍ လက်နက်ချခိုင်းနိုင်ပါက ပိုမကောင်းလောဟု သူ တွေးလိုက်၏။
ဝုန်းးး
နောက်ဆုံး၌မူ ဖန်သားကမ္ဘာ အစီအရင်သည် ထိုမျှလောက် ပြင်းထန်သည့် တိုက်ခိုက်မှုများကို မခံနိုင်တော့ဘဲ လှပသော ရောင်စုံ မီးရှူးမီးပန်းများသဖွယ် ကွဲကြေ ပျက်စီးသွားရ၏။
စစ်သင်္ဘောပေါ်၌ ရပ်နေသည့် ကောပန်လီမှာ အတော်လေး ကျေနပ်နေပုံရပြီး လက်ခုပ်တီးလိုက်သည်။ "ဟဲဟဲ... ငါ့ညီငယ်လေး စီစဉ်ထားတဲ့ မီးရှူးမီးပန်းက တော်တော် လှတာပဲ။ နောက်ထပ် တစ်ခုလောက် ထပ်ကြည့်ချင်သေးတယ်။"
ဖြောင်းးး
ဘေး၌ ရှိနေသည့် ချင်ဝူရွှမ်က ကောပန်လီ၏ ဦးခေါင်းနောက်စေ့ကို ခပ်ဆတ်ဆတ် ရိုက်လိုက်၏။ "မင်း ဘာတွေ တွေးနေတာလဲ။ ဒီလူမိုက်လေးရဲ့။"
ဘေးနားရှိ လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ရယ်မောလိုက်ကြ၏။
စိတ်ဝိညာဉ်တောင်တန်းဆီသို့ ကြည့်ရင်း အားလုံး၏ စိတ်ထဲ၌ ခံစားချက် အမျိုးမျိုး ရှိနေကြသည်။
တစ်ချိန်က မောက်မာပြီး ပြိုင်ဘက်ကင်းခဲ့သည့် ရှန့်ထျန်ဂိုဏ်းမှာ ယခုအခါ မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟု မည်သူက ထင်ထားမည်နည်း။ မဟုတ်သေး။ ကျိန်းသေပေါက် ပျောက်ကွယ်သွားတော့မည် ဖြစ်၏။
အားလုံးက ထိုအရာအားလုံး၏ နောက်ကွယ်မှ ဖန်တီးရှင် ဖြစ်သည့် လူငယ်လေး လင်းချန်အား မကြည့်ဘဲ မနေနိုင်ကြချေ။
အစီအရင် ပျက်စီးသွားသည်နှင့် လင်းချန်က လက်ကို ဝေ့ယမ်းလိုက်သည်။ "ချီတက်ကြ။"
လင်းချန်၏ အမိန့်နှင့်အတူ ဟွာရှာအင်ပါယာ တပ်မတော်ကြီးမှာ ရှန့်ထျန်ဂိုဏ်းအတွင်းသို့ တစ်ဟုန်ထိုး စီးနင်း တိုက်ခိုက်ကြသည်။
ဟွာရှာအင်ပါယာ စစ်သည်တော်များသည် စိတ်ဝိညာဉ်တောင်တန်းအတွင်းသို့ ပြေးဝင်ရင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြ၏။ "လက်နက်ချရင် အသက်ချမ်းသာပေးမယ်။"
ခုခံမှု မပြုဘဲ စိတ်ဝိညာဉ်စွမ်းအင်များကို ရုပ်သိမ်းထားသူများကိုမူ တော်ဝင်တပ်မတော်သားများက လျစ်လျူရှုကာ ကျော်ဖြတ်သွားကြ၏။ သို့သော် ဆက်လက် ခုခံနေသည့် ရှန့်ထျန်ဂိုဏ်းသားများကိုမူ တော်ဝင်တပ်မတော်က မည်သည့် ကရုဏာမျှ မထားဘဲ လျင်မြန် ပြတ်သားစွာ ကွပ်မျက်လိုက်ကြသည်။
အစောပိုင်းက လင်းချန်သည် နိဗ္ဗာန်နယ်ပယ် လေးသည်တော် တစ်သန်းကို အသုံးပြု၍ အစီအရင်အား ပစ်ခတ်ခိုင်းခဲ့သည့် နည်းဗျူဟာမှာ ယခုအခါ မျှော်လင့်ထားသောအတိုင်း အစွမ်းပြနေပြီ ဖြစ်၏။
တော်ဝင်တပ်မတော်၏ စစ်ကြွေးကြော်သံကို ကြားသည်နှင့် ရှန့်ထျန်ဂိုဏ်းသား အများစုမှာ စိတ်ဝိညာဉ်စွမ်းအင်များကို ရုပ်သိမ်းကာ ခုခံမှု မပြုတော့ချေ။
အစပိုင်း၌ ဟွာရှာအင်ပါယာ ကျူးကျော်လာစဉ်က ထိုတပည့်များမှာ ခုခံရန် စိတ်ကူးရှိကြသေး၏။ သို့သော် သူတို့ အမြဲ ဂုဏ်ယူရသော ကမ်းရိုးတန်းပြည်နယ်၏ နံပါတ်တစ် အစီအရင်ကြီးမှာ မြားမိုးများအောက်၌ ပြိုလဲသွားသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ စိတ်ဓာတ်များမှာလည်း အမှုန့်ဖြစ်သွားရပြီ ဖြစ်သည်။
ပြင်းထန်လှသည့် မြားမိုးများနှင့် စိတ်ဝိညာဉ်အမြောက်များ၏ ဒဏ်မှာ အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလှပေ။ တိုက်ရိုက် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက အစီအရင်ကို ချက်ချင်း ဖြိုခွဲလိုက်မည်ဆိုပါက ထိုသူများမှာ ထိတ်လန့်ရုံသာ ရှိပေလိမ့်မည်။
သို့သော် ကြာရှည်စွာ အဆက်မပြတ် တိုက်ခိုက်ခံရခြင်းက သူတို့၏ အာရုံကြောများကို ပိုမို ဖိအားပေးနိုင်ပြီး ပိုမို ထိရောက်ခြင်း ဖြစ်၏။
ထို့ကြောင့် ဟွာရှာအင်ပါယာ တော်ဝင်တပ်မတော်၏ ရှန့်ထျန်ဂိုဏ်းအပေါ် တိုက်ခိုက်မှုမှာ ထင်မှတ်မထားလောက်အောင်ပင် ချောမွေ့ပြီး ခုခံမှုမှာလည်း အလွန် နည်းပါးသည်။
ထိုစဉ် လင်းချန်သည် စစ်သင်္ဘော၏ ရှေ့၌ လွင့်ပျံနေသည့် နဂါးနက်ပုံစံ သံချပ်ကာဝတ် စစ်သူကြီးအား လှမ်းခေါ်လိုက်သည်။ "ကျောက်လုံ။"
ကျောက်လုံသည် ဝှေ့ခနဲ လှည့်လိုက်ပြီး လေထုထဲမှာပင် ဒူးတစ်ဖက် ထောက်ကာ အလေးပြုလိုက်၏။ သူ၏ ဦးထုပ်မှ နဂါးဖြူဦးမှင်များမှာ လေထဲ၌ လွင့်ပျံနေသည်။
ကျောက်လုံက အရိုအသေပေးလိုက်သည်။ "အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်။"
လင်းချန်က စိုက်ကြည့်လိုက်၏။ "မင်းအနေနဲ့ တပ်စုမှူး တစ်ရာကို ဦးဆောင်ပြီး ယွမ်ဝူကျီ၊ ကျန်းတင်းယွင်နဲ့ ရှန့်ထျန်ဂိုဏ်းက ဘိုးဘေးအကြီးအကဲ အကုန်လုံးကို အရှင်ဖမ်းခဲ့ပါ။ မင်းတို့ အသက်အန္တရာယ် ထိခိုက်နိုင်မယ်ဆိုရင်တော့ တွေဝေမနေဘဲ သတ်ပစ်လိုက်။ ငါ့အမိန့်ကို မနာခံတဲ့သူ ရှိရင် မင်းပဲ တာဝန်ယူရမယ်။"
ကျောက်လုံက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ။"
အမိန့်ရသည်နှင့် ကျောက်လုံသည် သေခြင်းရှင်ခြင်းနယ်ပယ် နှလုံးသားနယ်ပယ်အဆင့်ရှိသည့် တပ်စုမှူး တစ်ရာကို ဦးဆောင်ကာ စိတ်ဝိညာဉ်တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ချီတက်သွားသည်။
မကြာမီ၌ စိတ်ဝိညာဉ်တောင်တန်း အတွင်းပိုင်း၏ ကောင်းကင်ယံထက်၌ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဟိန်းဟောက်သံများမှာလည်း မရပ်မနား ထွက်ပေါ်လာ၏။
စစ်သင်္ဘောပေါ်၌ ရှိနေသည့် ချင်ဝူရွှမ်သည် ကောင်းကင်ယံမှ လှုပ်ရှားမှုများကို ကြည့်ရင်း အနည်းငယ် စိုးရိမ်သွားသည်။ "အစ်ကိုကြီး... အဆင်ပြေပါ့မလား။"
ဝေဝူရွှမ်က ပြုံးလျက် ခေါင်းခါပြလိုက်၏။ "ယွမ်ဝူကျီတို့ တစ်သိုက်ကို အရှင်ဖမ်းဖို့ကတော့ ကျိန်းသေပေါက် အဆင်ပြေမှာပါ။ ဒါပေမဲ့ လင်းချန်ရဲ့ တပ်စုမှူး အချို့တော့ အနစ်နာခံရနိုင်တယ်။"
"ဘယ်လိုပဲဖြစ်ဖြစ် ယွမ်ဝူကျီရဲ့ အဆင့်က သေခြင်းရှင်ခြင်းနယ်ပယ်ထက် မြင့်နေတာပဲ။ သူ အသက်လုပြီး ခုခံမယ်ဆိုရင် သေခြင်းရှင်ခြင်း နှလုံးသားနယ်ပယ်က ပညာရှင်အချို့ကို သတ်သွားနိုင်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး။"
ဝေဝူရွှမ်သည် ဝေးလံသည့် ကောင်းကင်ယံဆီသို့ သနားကရုဏာ သက်သော အကြည့်ဖြင့် ကြည့်လိုက်၏။
"သူကတော့ နောက်ဆုံးမှာ အဆင့်တက်ဖို့ ပျက်ကွက်ရရှာပြီ။ သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင် တစ်ရာနဲ့ သံချပ်ကာဝတ် ပညာရှင်တစ်ဦးရဲ့ ရှေ့မှာတော့ အဲဒီအဖိုးကြီး ယွမ်ဝူကျီဟာ သူ့ကံကြမ္မာကနေ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။"
ဝေဝူရွှမ်၏ စကားအဆုံးမှာပင် စိတ်ဝိညာဉ်တောင်တန်း အနက်ပိုင်းမှ ပြင်းထန်သည့် စွမ်းအင်လှုပ်ခတ်မှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး လူတစ်စု ပြန်လည် ပျံသန်းလာကြ၏။
မူလက သွားခဲ့သည့် အဆင့်မြင့် တပ်စုမှူး တစ်ရာအနက် ခုနစ်ဦးမှာ ပျောက်ဆုံးနေ၏။ သို့သော် ပြန်လာသော အဖွဲ့မှာမူ ချုပ်နှောင်ကြိုးများဖြင့် အသေအချာ ချည်နှောင်ထားသည့် လူများကို သယ်ဆောင်လာကြသည်။
ဝုန်းးး ဝုန်းးး
စစ်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ အရာဝတ္ထုများ ကျရောက်သည့် အသံနှင့်အတူ ဖမ်းဆီးခံလာရသော ရှန့်ထျန်ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ လူတိုင်း၏ အရှေ့၌ မြေပြင်ပေါ်သို့ အပစ်ခံလိုက်ရ၏။
လင်းချန်နှင့် အဖွဲ့သားများသည် လှည့်ကြည့်လိုက်ကြပြီး စစ်သင်္ဘော၏ ရှေ့ဆုံးမှ ဖမ်းဆီးခံရသူများရှိရာသို့ လျှောက်သွားကြ၏။
ဖမ်းဆီးခံရသူများအနားသို့ ချဉ်းကပ်လာစဉ် ကျောက်ဝေ၏ အသက်ရှူသံများမှာ မြန်ဆန်လာပြီး သူ၏ အမွေးအမျှင်များမှာလည်း ထောင်ထလာသည်အထိ ဒေါသထွက်နေ၏။ ထိုစဉ် သူသည် ဖမ်းဆီးခံရသူများ အလယ်၌ သွေးများဖြင့် စိုရွှဲနေသည့် အဖိုးအိုတစ်ဦးကို ဒေါသတကြီး ညွှန်ပြလိုက်သည်။ "အရှင်မင်းမြတ်... ဒီတစ်ကောင်ပါပဲ။"
"သူ အိုမင်းသွားပြီး ရုပ်သွင် ပြောင်းလဲသွားပေမဲ့ သူ့ကိုတော့ ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။"
လင်းချန်က ကျောက်ဝေ၏ ပခုံးကို အသာအယာ ပုတ်လိုက်ပြီး စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ထားရန် တိုက်တွန်းကာ ဖမ်းဆီးခံရသူများဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။
အနားသို့ ရောက်သည့်အခါ လင်းချန်က အဖိုးအို၏ ဖြူဆွတ်နေသော ဆံပင်များမှ ဆွဲကိုင်ကာ လူအုပ်ထဲမှ ဆွဲထုတ်လိုက်ပြီး ကျောက်ဝေ၏ ရှေ့သို့ ပစ်ချလိုက်သည်။
လင်းချန်က လက်ကို ဝှေ့ယမ်းလိုက်သည်။ "သူ့ကို မင်း စိတ်ကြိုက်သာ လုပ်တော့။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၄၃ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။