← Chapters

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄

Vol. 25 Ch. 244

အပိုင်း ၂၄၄

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ရှန်ထျန်ဂိုဏ်းကို အထွတ်အထိပ်သို့ ရောက်ရှိအောင် ပံ့ပိုးပေးသည့် ဘိုးဘေးကြီး ယွမ်ဝူကျီသည် ယခုအခါ၌မူ ကျောက်ဝေ၏ ရှေ့မှောက်ဝယ် တန်ဖိုးမဲ့သည့် ကုန်စည်တစ်ခုသဖွယ် စွန့်ပစ်ခြင်း ခံထားရလေပြီ။ သူ၏ ကံကြမ္မာသည် လုံးဝဥဿုံ ကျောက်ဝေ၏ လက်ခုပ်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်၏။

ထို့နောက်၌ လင်းချန်သည် သူ၏ အကြည့်များကို ရှန့်ထျန်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ကျန်းတင်းယွင်ထံသို့ ပို့လွှတ်လိုက်၏။ အခိုက်အတန့်မျှ စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် လင်းချန်က လက်ကို ဝေ့ယမ်းကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ကျန်းတင်းယွင်ကို ခေါ်ထုတ်သွားပြီး ခေါင်းဖြတ်သတ်စေ။”

ကျန်းတင်းယွင်သည် အလောတကြီး အော်ဟစ်လိုက်၏။ “ခဏ... ခဏလေး နေဦး။ မင်း ငါ့ကို ရှန့်ထျန်ဂိုဏ်းရဲ့ ရတနာတွေ ဒါမှမဟုတ် တခြားလျှို့ဝှက်ချက်တွေ မမေးတော့ဘူးလား။”

လင်းချန်က ခေါင်းရမ်းလိုက်သည်။ “စိတ်မဝင်စားဘူး။”

ကျန်းတင်းယွင်က အလောတကြီး မေးလိုက်သည်။ “ဒါဆို ရှေးဟောင်းအမွေအနှစ်နယ်မြေထဲက လျှို့ဝှက်ချက်တွေကိုရော မသိချင်ဘူးလား။”

“သိပြီးသားပဲ။”

လင်းချန်သည် ကျန်းတင်းယွင်ကို စိတ်မရှည်စွာ စိုက်ကြည့်လိုက်သည်။ “ပါးစပ်ပိတ်ထားလို့ မရဘူးလား။ နားငြီးလွန်းလို့။ ငြိမ်ငြိမ်သက်သက်လေး သေသွားလို့ မရဘူးလား။ မနှိပ်စက်ဘဲ ကောင်းကောင်းမွန်မွန် သေခွင့်ပေးတာတောင် အလိုက်မသိဘူးပဲ။”

လင်းချန်၏ အမိန့်ကို ကြားသည်နှင့် လက်ရုံးရည်နှင့် ပြည့်စုံသည့် တပ်မှူးနှစ်ဦးသည် ရှေ့သို့ တိုးလာပြီး ကျန်းတင်းယွင်ကို ဖမ်းချုပ်ကာ ပါးစပ်ကို ပိတ်ဆို့လိုက်ကြ၏။ သူ၏ ရုန်းကန်မှုများကို အရေးမစိုက်ဘဲ အတင်းအဓမ္မ ဆွဲခေါ်သွားကြသည်။

ထို့နောက်၌ လင်းချန်သည် ထိုနေရာတွင် ရှိနေသည့် အကြီးတန်းအကြီးအကဲ တစ်ဆယ့်နှစ်ဦးအနက်မှ ရှစ်ဦးကို ရွေးထုတ်ကာ ခေါင်းဖြတ်သတ်ရန် ထပ်မံအမိန့်ပေးလိုက်ပြန်၏။ ယွမ်ဝူကျီမှာမူ သူ၏ ကျင့်စဉ်များ အားလုံး ဖျက်ဆီးခံထားရပြီးဖြစ်ရာ မစွမ်းမသန် ဒုက္ခိတအိုကြီး တစ်ဦးအဖြစ်သို့ ရောက်ရှိနေလေပြီ။

လင်းချန်သည် ကျောက်ဝေ၏ တောင်းဆိုချက်ကို သဘောတူလိုက်ပြီး ယွမ်ဝူကျီအား မူလပြည်နယ်သို့ ခေါ်ဆောင်သွားကာ လူပုံအလယ်၌ ကွပ်မျက်ရန် ဆုံးဖြတ်လိုက်သည်။ လင်းချန်၏ အလုပ်လုပ်ပုံမှာ အလွန်ပင် ရှင်းလင်းပြတ်သားလွန်းလှ၏။ ဖမ်းဆီးပြီးနောက်၌ မည်သည့် စစ်ဆေးမေးမြန်းမှုမျှ မလုပ်သကဲ့သို့ မည်သည့်အကျိုးအမြတ်ကိုမျှ ထုတ်ယူရန် ကြိုးပမ်းခြင်း မရှိချေ။ စကားအပိုမပြောဘဲ ကွပ်မျက်ရန်သာ တိုက်ရိုက် အမိန့်ပေးခြင်း ဖြစ်၏။

လင်းချန်သည် ထိုသူတို့အား အရှင်ဖမ်းဆီးခြင်းမှာ လူစားလဲခံရခြင်း သို့မဟုတ် အယောင်ဆောင်များကို ဖမ်းမိခြင်းမျိုး မဖြစ်ရလေအောင် သူတို့၏ ကိုယ်ပွားမဟုတ်သည့် စစ်မှန်သော ကိုယ်ခန္ဓာများဖြစ်ကြောင်း အတည်ပြုရန်သာ ဖြစ်သည်။ ခေါင်းဖြတ်သတ်ခံရသည့် အကြီးတန်းအကြီးအကဲ ရှစ်ဦးမှာ ယခင်ကတည်းက အကျင့်စာရိတ္တ ဆိုးဝါးယုတ်မာသူများ ဖြစ်ကြသော်လည်း ကျန်ရှိသည့် လေးဦးမှာမူ အကျင့်သီလ အတော်အတန် ကောင်းမွန်ကြသဖြင့် သူတို့ကို ပြန်လည်အသုံးပြုရန် ချန်လှပ်ထားလိုက်၏။

ထိုခဏ၌ အချုပ်အနှောင် ခံထားရသည့် ယွမ်ဝူကျီသည် လေးပင်စွာ မေးမြန်းလိုက်၏။ “မင်း... တကယ်တော့ ဘယ်သူလဲ။”

သူ၏ စိတ်ဓာတ်မှာ လုံးဝဥဿုံ ပြိုလဲပျက်စီးနေပြီဟု ဆိုနိုင်၏။ ယခင်က ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံး၌ ကျော်ကြားကာ ဂုဏ်သရေ ထွန်းတောက်သည့် ယွမ်ဝူကျီသည် ယခုအခါ၌မူ ဤကဲ့သို့ သနားစဖွယ် အခြေအနေသို့ ဆိုက်ရောက်သွားလေပြီ။ လင်းချန်သည် သွေးသံရဲရဲဖြင့် သနားစဖွယ် ဖြစ်နေသည့် အဖိုးအိုကို တစ်ချက်ကြည့်လိုက်သည်။

“လင်းချန်လေ... ခင်ဗျား ကျုပ်ကို သိသင့်တယ်။”

ထိုသို့ ပြောပြီးသည်နှင့် လှည့်ထွက်သွားရာ ယွမ်ဝူကျီ၏ မျက်စိထဲ၌ လင်းချန်၏ ကျောပြင်သာ ကျန်ရစ်၏။ လက်ရှိအချိန်မှစ၍ ကမ်းရိုးတန်းပြည်နယ်သည် ဟွာရှာအင်ပါယာ၏ နယ်မြေတစ်ခုအဖြစ်သို့ လုံးဝဥဿုံ ရောက်ရှိသွားပြီ ဖြစ်သည်။

ကမ်းရိုးတန်းပြည်နယ်၏ အင်အားအကြီးဆုံးဟု တင်စားခြင်းခံရသည့် ယွမ်ဝူကျီမှာမူ ကံဆိုးစွာဖြင့် မူလပြည်နယ်သို့ ခေါ်ဆောင်သွားခြင်း ခံရပြီး အမျက်ဒေါသထွက်နေသော လူသားမျိုးနွယ်စုများ၏ ရက်ရက်စက်စက် နှိပ်စက်ခြင်းကို ခံရကာ သေဆုံးသွားရ၏။ သူနှင့် နှိုင်းယှဉ်လျှင် သူ၏တပည့် ကျန်းတင်းယွင်မှာမူ အေးအေးချမ်းချမ်း သေဆုံးခွင့်ရသဖြင့် ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။

ထို့အပြင် လင်းချန်သည် ကြင်နာတတ်သည့် စိတ်ထားဖြင့် ယွမ်ဝူကျီနှင့် ကျန်းတင်းယွင်တို့အတွက် အုတ်ဂူတစ်ခုကို သီးသန့် တည်ဆောက်ပေးသေး၏။ ထိုဂူဘေး၌ ကျောက်စာတိုင်တစ်ခု စိုက်ထူကာ သူတို့၏ ယခင်က လုပ်ရပ်ဆိုးများကို အများမြင်သာစေရန် ကမ္ပည်းတင်ထားသည်။ သို့သော်လည်း လူအများမှာမူ ထိုသူတို့အပေါ် အလွန်ပင် ရွံရှာမုန်းတီးကြသဖြင့် အုတ်ဂူပေါ်သို့ တံထွေးထွေးခြင်း၊ ဆီးစွန့်ခြင်းနှင့် ဂူပေါ်၌ တက်၍ ကခုန်ခြင်းများပင် ပြုလုပ်ကြသည်။

ဤသည်မှာ လင်းချန်က ထိုသူနှစ်ဦးအတွက် ပေးအပ်သည့် နောက်ဆုံးလက်ဆောင် ဖြစ်သည်— ထိုအရာမှာ... နောင်သံသရာအဆက်ဆက်တိုင်အောင် ပျံ့လွင့်နေမည့် အပုပ်နံ့ထွက်သော နာမည်ဆိုးပင် ဖြစ်၏။

မူလသဘောတူညီချက်အရ လင်းချန်သည် ရှန့်ထျန်ဂိုဏ်း၏ စိတ်ဝိညာဉ်တောင်တန်း နယ်မြေကို နတ်ဓားဂိုဏ်းအတွက် ဂိုဏ်းအခြေစိုက်ရာ နယ်မြေအသစ်အဖြစ် ပေးအပ်သည်။ တစ်ချိန်တည်းမှာပင် သိမ်းပိုက်ရရှိထားသည့် ဓားနတ်ဘုရားဂိုဏ်း၏ နယ်မြေဟောင်းကိုလည်း မေယွဲ့ရှာထံသို့ ပြန်လည် လွှဲပြောင်းပေး၏။ ကျန်ရှိနေသော မဟာလှံတံဂိုဏ်း၊ ဂမ္ဘီရနတ်ဆေးဂိုဏ်း၊ ပန်းပဲမီးလျှံဂိုဏ်း၊ ကမ်းရိုးတန်းဂိုဏ်းများ၊ သားရဲသခင်ဂိုဏ်းနှင့် နတ်ဓားဂိုဏ်း၏ နယ်မြေဟောင်းများ အားလုံးမှာမူ ဟွာရှာအင်ပါယာ၏ နယ်မြေအသစ်များ ဖြစ်လာကြသည်။

အုပ်ချုပ်ရေးကို လုံးဝ ထိန်းချုပ်ပြီးနောက်၌ လင်းချန်သည် ဟွာရှာအင်ပါယာအတွင်း ကမ်းရိုးတန်းပြည်နယ် တည်ရှိကြောင်း ကြေညာကာ ဧကရာဇ်၏ အမိန့်တော်များကို ထုတ်ပြန်လိုက်၏။ ယခင်က အကျင့်ပျက်ခြစားသည့် သူများကို အမြစ်ပြတ် ရှင်းလင်းလိုက်ပြီး အကျဉ်းထောင်များစွာကို တည်ဆောက်ကာ ယခင်က ရှိသည့် ကမ်းရိုးတန်းပြည်နယ်၏ အကျဉ်းထောင်ကျွန်းများကို ဖျက်သိမ်းလိုက်သည်။ လက်နက်ချ အညံ့ခံသူများသည် ဟွာရှာအင်ပါယာ၏ နိုင်ငံသားများ ဖြစ်လာကြပြီး လင်းချန် စေလွှတ်လိုက်သည့် ပညာရှိအမတ်များနှင့် လက်နက်ချလာသူများ ပူးပေါင်းကာ စီမံအုပ်ချုပ်ကြ၏။ ကာကွယ်ရေးအတွက်မူ တော်ဝင်တပ်မတော်ကို တပ်စွဲထားစေ၏။

တစ်ဖက်၌မူ ယခင်က နတ်ဓားဂိုဏ်း၏ တောင်တန်းကြီးဖြစ်သည့် မူလတံခါး တည်ရှိရာနေရာသည် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်၏။ မူလပြည်နယ်မှ လူသားများသည် ထိုတံခါးမှတစ်ဆင့် ကမ်းရိုးတန်းပြည်နယ်သို့ အပန်းဖြေ ခရီးထွက်လာကြသကဲ့သို့ ဟွာရှာအင်ပါယာ၏ နိုင်ငံသားအသစ်များဖြစ်လာသည့် ကမ်းရိုးတန်းပြည်နယ်သားများကလည်း မူလပြည်နယ်၏ ဆန်းသစ်မှုများကို သွားရောက်ကြည့်ရှုကြသည်။

အချိန်ကာလသည် တရွေ့ရွေ့ ကုန်လွန်သွားရာ နှစ်လနှင့် ရက်ပေါင်း တစ်ဆယ့်ငါးရက်ခန့်ပင် ရှိပြီ ဖြစ်၏။ လင်းချန်သည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်များနှင့် ချိန်းဆိုထားသည့် နေ့ရက်သည်လည်း နီးကပ်လာပြီ ဖြစ်သည်။

မူလတံခါး၏ ဗဟိုချက်မ၌ ဟွာရှာနန်းတော်ကို တည်ဆောက်ထားပြီး ထိုနေရာမှာ လင်းချန် လက်ရှိ နေထိုင်ရာ အရပ်ပင် ဖြစ်၏။ ထိုဟွာရှာနန်းတော်မှာ အလွန်ကျယ်ဝန်းလှရာ လင်းချန်သာမက ဝေဝူရွှမ်၊ ကောပန်လီတို့လည်း ထိုနန်းတော်အတွင်း၌ပင် နေထိုင်ကြသည်။ ထို့အပြင် လေချန်နှင့် သူ၏အဘိုး လေဟန်၊ ယီမိသားစု၊ ပိုင်မိသားစုနှင့် လင်းချန်နှင့် ရင်းနှီးကျွမ်းဝင်သူများ အားလုံးသည်လည်း ဟွာရှာနန်းတော်အတွင်း၌ပင် နေထိုင်ခွင့် ရကြ၏။ ထိုသူတို့ထဲ၌ ယီစင်းလည်း အပါအဝင် ဖြစ်သည်။

ဟွာရှာနန်းတော်၏ နောက်ဘက်ရှိ ဥယျာဉ်ထဲ၌ လင်းချန်သည် ယီစင်းနှင့်အတူ ရေကန်ဘေး၌ ထိုင်ကာ ကောင်းကင်ယံမှ လသာသာညကို ငေးကြည့်ရင်း မေးလိုက်၏။

“မိန်း... တကယ် မလိုက်တော့ဘူးလား။”

ယီစင်းသည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။ “ကမ်းရိုးတန်းပြည်နယ်က အခြေကျစပဲ ရှိသေးတယ်။ ရှင်းရမယ့်ကိစ္စတွေ အများကြီး ကျန်သေးတယ်။ ချန်လေး ထွက်သွားရင် အင်ပါယာရဲ့ အလုပ်တွေကို တစ်ယောက်ယောက်ကတော့ ဦးစီးရမှာပဲလေ။ ဒါကြောင့် အခုအချိန်မှာ မိန်းကလွဲလို့ တခြားဘယ်သူမှ မသင့်တော်ဘူး။”

ယီစင်း၏ စကားကို ကြားရသည့်အခါ လင်းချန်မှာ သက်ပြင်းချရင်း ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့၏။ “ဒီခရီးစဉ်က အတွေ့အကြုံသစ်တွေ ရဖို့ အခွင့်ကောင်းပဲ။ မိန်း မလိုက်နိုင်တာ တကယ် နှမြောဖို့ ကောင်းတယ်။”

ယီစင်းသည် လင်းချန်၏ ပခုံးပေါ်သို့ မှီချလိုက်ရင်း တိုးညှင်းစွာ ပြောလိုက်၏။ “နှမြောစရာ မလိုပါဘူး။ ချန်လေး စိတ်ပူစရာမရှိဘဲ ခရီးထွက်နိုင်ရင်ပဲ မိန်း ပျော်နေပြီ။”

လင်းချန်သည်လည်း သက်ပြင်း ဖွဖွချလိုက်ပြီး သူမ၏ ပခုံးကို လက်မောင်းဖြင့် သိုင်းဖက်ကာ သူတို့နှစ်ဦးမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းများကြား၌ အတူတကွ ရှိနေကြသည်။

နောက်ထပ် သုံးရက်ခန့် ကြာပြီးနောက်၌ လင်းချန်သည် ယီစင်းအား နှုတ်ဆက်သည်။ ခွဲခွာရမည်ကို နှမြောတသ ဖြစ်နေကြသော်လည်း အလွန်အကျွံ ဝမ်းနည်းခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် နည်းဗျူဟာမှန်ပြင် ရှိနေသရွေ့ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မြင်တွေ့နိုင်သကဲ့သို့ စကားများလည်း အမြဲ ပြောဆိုနိုင်သည့်အတွက် ဖြစ်၏။

လင်းချန်သည် စစ်သင်္ဘောပေါ်သို့ တက်ရောက်ကာ ကျန်းချီနှင့်အတူ ပင်လယ်ကြမ်းပြင်သို့ ပြန်ဆင်းသွားပြီး လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ သူတော်စင်မြို့တော် ဌာနခွဲဆီသို့ ဦးတည်ထွက်ခွာသည်။ သိပ်မကြာမီမှာပင် အထူးထုတ်လုပ်ထားသည့် စစ်သင်္ဘောကြီးတစ်စင်းသည် ရေမျက်နှာပြင်ကို ခွင်းလျက် ဝေးကွာလှသော အနောက်ဘက် ပင်လယ်ပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားသွား၏။

ရွှီးးးး

ထိုအထူးစစ်သင်္ဘောအတွင်းရှိ ရေအပြည့်ဖြည့်ထားသည့် အစီအရင်များထဲ၌ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်များသည် ဟိုဒီ ကူးခတ်နေကြ၏။ သို့သော်လည်း အတွင်းပိုင်း၌ ရေလုံးဝ မရှိသည့် အထူးနေရာတစ်ခု ရှိနေပြီး လင်းချန် လွတ်လပ်စွာ သွားလာနိုင်သော နေရာပင် ဖြစ်၏။

ထိုနေရာ၌ ရပ်နေရင်း လင်းချန်သည် တဖြည်းဖြည်း ဝေးကွာကျန်ရစ်သည့် ကုန်းမြေပြင်ကို ကြည့်ကာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ဤဘဝ၌ ကမ်းရိုးတန်းပြည်နယ်သည် သူ၏ ဇာတိမြေ၊ သူ ကြီးပြင်းရာ အရပ် ဖြစ်ပေရာ ယခုကဲ့သို့ ဝေးကွာရာသို့ ထွက်ခွာသွားရသည့်အခါ သူ၏ စိတ်ထဲ၌ လွမ်းဆွတ်တသမှု အနည်းငယ် ဖြစ်ပေါ်နေမိ၏။

လင်းချန်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ကမ်းရိုးတန်းပြည်နယ်ကို ကြည့်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်၏။ “ငါ ကမ်းရိုးတန်းပြည်နယ်နဲ့ ခွဲခွာရတာ သိပ်မကြာပါစေနဲ့လို့ မျှော်လင့်တယ်။”

ထို့နောက်၌ သူ၏ အခန်းအတွင်းသို့ ဝင်ရောက်သွားလိုက်သည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၄၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters