အခန်း ၂၄၈
Vol. 25 Ch. 248
အပိုင်း ၂၄၈
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ထိုနေရာ၌ ကျင့်ကြံခြင်းသည် စိတ်ကို တည်ငြိမ်အေးချမ်းစေသည့် အကျိုးကျေးဇူးကို ရရှိစေနိုင်၏။
ကျန်းနျန်ရှင်းက ဂေဟာ၏ ရှေ့ဆောင်ခန်းမ၌ ထိုင်နေကြသော အားလုံးနှင့် လင်းချန်ကို ရည်ညွှန်း၍ ပြောလိုက်သည်။ "ဒီဂေဟာက သူတော်စင်မြို့တော်မှာရှိတဲ့ ငါတို့ အရှေ့ဘက်ဌာနခွဲရဲ့ ကိုယ်ပိုင်နေရာပဲ။ မျိုးနွယ်စု အစည်းအဝေး စတင်ဖို့ ဆယ်ရက် လိုသေးတော့ ဒီမှာပဲ တည်းခိုကြမယ်။"
လင်းချန်သည် ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး ကျန်းနျန်ရှင်းဘက်သို့ လှည့်၍ ပြောလိုက်၏။ "ကျုပ် နေထိုင်မယ့် ခြံဝင်းလေးကို နည်းနည်း ပြုပြင်ပြောင်းလဲခွင့် ပေးနိုင်မလား။ ဒီပစ္စည်းကို အမြဲတမ်း တပ်ထားရတာက တကယ်ကို မလိုအပ်ဘဲ အလုပ်ရှုပ်လွန်းလို့ပါ။"
လင်းချန်သည် သူ၏ မျက်နှာပေါ်တွင် တပ်ဆင်ထားသည့် ရေအောက်အသက်ရှူ စိတ်ဝိညာဉ်ပစ္စည်းကို ပုတ်ပြလိုက်ရာ ရေပူဖောင်း အချို့ ထွက်ပေါ်လာလေသည်။
ထိုသည်ကို မြင်သောအခါ ကျန်းနျန်ရှင်းနှင့် အဖွဲ့သားများမှာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။
ဘေး၌ ထိုင်နေသော ကျန်းချီက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။ "ဒါနဲ့ အရှင်မင်းကြီး လင်းချန်... စောစောက မြောက်ဘက်ဌာနခွဲ အဖွဲ့ကို အရှင်က အရမ်းကို ဒေါသတကြီး ကြည့်နေတာ မြင်လိုက်တယ်။ သူတို့နဲ့ ရန်ငြိုးတစ်ခုခု ရှိလို့လား။"
တစ်ဖက်လူမှာ တစ်ခုခုကို လွဲမှားစွာ နားလည်သွားပြီဖြစ်ကြောင်း လင်းချန် ချက်ချင်း သိလိုက်ကာ ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး... ငါ ဒေါသထွက်တာက မြောက်ဘက်ဌာနခွဲရဲ့ လူသားအဖွဲ့ကြောင့်ပါ။ သူတို့တွေက ယွမ်ဟိုင်ဂိုဏ်းက လူတွေဖြစ်နေလို့ပဲ...။"
ထို့နောက် လင်းချန်သည် သူ၏ ဆရာ ဝေဝူရွှမ် ကြုံတွေ့ရသော ကိစ္စများနှင့် ယွမ်ဟိုင်ဂိုဏ်းမှ လူများနှင့် မည်သို့ ပတ်သက်နေကြောင်းကို အကျဉ်းချုံး ပြောပြလိုက်လေသည်။
ထိုအကြောင်းကို ကြားရသောအခါ ကျန်းနျန်ရှင်းနှင့် အဖွဲ့သားများမှာလည်း ဒေါသအဟုန် ထွက်ပေါ်လာကြပြီး ယွမ်ဟိုင်ဂိုဏ်းမှာ အလွန်ပင် လွန်လွန်းလှသည်ဟု တွေးတောမိကြ၏။
လင်းချန်၏ ပြောပြချက်ကို နားထောင်ပြီးနောက် ကျန်းနျန်ရှင်းသည် သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချလိုက်ပြီး သူ၏ ဘေးနားရှိ စားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ကာ ပြောလိုက်လေသည်။ "ဒီယွမ်ဟိုင်ဂိုဏ်းက တကယ့်ကို အညစ်အကြေးတွေပဲ။"
ဝုန်းးး။
ထိုတုံ့ပြန်မှုကို မြင်လိုက်ရသောအခါ လင်းချန်၏ မျက်ဝန်းများမှာ စူးစမ်းလိုစိတ်ဖြင့် တောက်ပလာ၏။
လင်းချန်က မေးလိုက်သည်။ "ဘာလဲ... ခေါင်းဆောင်ကြီး ကျန်းမှာရော ဒီယွမ်ဟိုင်ဂိုဏ်းနဲ့ ပတ်သက်ပြီး ရန်ငြိုးတွေ ရှိနေတာလား။"
ကျန်းနျန်ရှင်းက လက်ဝှေ့ယမ်းကာ ပြန်လည်ဖြေကြားလိုက်သည်။ "ရန်ငြိုးလို့တော့ အတိအကျ ပြောလို့ မရပါဘူး။ ငါက ယွမ်ဟိုင်ဂိုဏ်းရဲ့ လုပ်ရပ်တွေကို မနှစ်မြို့တာပါ။ ငါ ငယ်စဉ်က မျိုးနွယ်စုရဲ့ မြို့တော်မှာ ပညာသင်ကြားနေချိန်တုန်းက အဲဒီ ကျန်းခယ်ရန်ကို ပြိုင်ဘက်တစ်ယောက်လိုရော၊ သူငယ်ချင်းတစ်ယောက်လိုပါ သဘောထားခဲ့တာ။ နောက်ပိုင်းမှာ ငါက အရှေ့ဘက်ဌာနခွဲ ခေါင်းဆောင် ဖြစ်လာပြီး သူက မြောက်ဘက်ဌာနခွဲ ခေါင်းဆောင် ဖြစ်လာတဲ့အခါ မျိုးနွယ်စု အစည်းအဝေးတွေမှာ အမြဲတမ်း ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး အရင်က ခင်မင်မှုတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။"
"ဒါတင်မကသေးဘဲ ငါ့ဌာနခွဲရဲ့ အနောက်ဘက်မှာရှိတဲ့ စီးပွားရေး အကျိုးအမြတ်တွေကို သိမ်းပိုက်ခဲ့ပြီး အရှေ့ဘက်ဌာနခွဲရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး ဟန့်တားခဲ့တယ်။ ဒါကြောင့်ပဲ ငါတို့ အရှေ့ဘက်ဌာနခွဲရဲ့ စွမ်းဆောင်ရည်တွေက တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး အဓိက ဌာနခွဲကြီး လေးခုစာရင်းကနေ အထုတ်ခံရလုနီးပါး ဖြစ်နေတာပဲ။"
"အဲဒါတွေ အားလုံးက သူ့နောက်ကွယ်ကနေ အကြံပေးနေတဲ့ ယွမ်ဟိုင်ဂိုဏ်းရဲ့ လက်ချက်တွေပဲပေါ့။ မြောက်ဘက်ဌာနခွဲရဲ့ အကြီးဆုံး လူသားမဟာမိတ်က ယွမ်ဟိုင်ဂိုဏ်း ဖြစ်နေတာကိုး။"
ကျန်းနျန်ရှင်း၏ မျက်ဝန်းများထဲ၌ မုန်းတီးမှုများမှာ ဖုံးကွယ်မထားနိုင်အောင် ပေါ်လွင်နေပေသည်။
သို့သော်လည်း သူသည် လင်းချန်ကို ကြည့်လိုက်သောအခါတွင်မူ အလွန်ပင် ပျော်ရွှင်သော အမူအရာ ဖြစ်သွားကာ ပြောလိုက်၏။ "ဒါပေမဲ့ အရှင်မင်းကြီး လင်းချန်လို အစွမ်းထက်တဲ့ မဟာမိတ်တစ်ယောက် ရှိနေပြီဆိုတော့ ဒီနှစ် မျိုးနွယ်စု အစည်းအဝေးမှာ ရှုံးနိမ့်ရင်တောင် နောက်တစ်ကြိမ်မှာတော့ အားလုံးကို ပြန်လည် သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်တယ်။"
မှန်ပေသည်...
အရှေ့ဘက်ဌာနခွဲ၏ အနောက်ဘက်ဒေသ စီးပွားရေးလုပ်ငန်းများမှာ မြောက်ဘက်ဌာနခွဲ၏ ဖိနှိပ်မှုကြောင့် လုံးဝဥဿုံ ရပ်ဆိုင်းသွားရလေပြီ။
သူတော်စင်နယ်မြေ၏ ဟန့်တားပိတ်ဆို့မှုများကြောင့်လည်း နယ်မြေဖြတ်ကျော်ရာ၌ အခက်အခဲပေါင်းစုံနှင့် ကြုံတွေ့နေရခြင်း ဖြစ်၏။
သို့သော်လည်း လက်ရှိအချိန်တွင်မူ အခြေအနေများမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလေပြီ။
ဟွာရှာအင်ပါယာကဲ့သို့သော အင်အားကြီးမဟာမိတ် ရှိနေပြီဖြစ်ရာ အနောက်ဘက်ဒေသမှ စီးပွားရေးလုပ်ငန်းများကို ပြန်လည်လုယူနိုင်ခြင်း ရှိ၊ မရှိမှာ အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဟွာရှာအင်ပါယာနှင့် ကုန်သွယ်မှုပြုခြင်းက ပိုမိုကြီးမားသည့် အကျိုးအမြတ်များကို ရရှိစေနိုင်သောကြောင့် ဖြစ်ပေသည်။
ထိုတင်မကသေးဘဲ ဟွာရှာအင်ပါယာထံမှ ဝယ်ယူထားသော အထူးစစ်သင်္ဘောများ၏ အကူအညီဖြင့် ပိုမိုနက်ရှိုင်းသည့် ပင်လယ်ပြင်ဒေသများသို့ သွားရောက်ရန်မှာ အဟန့်အတား မရှိတော့သကဲ့သို့ ကုန်ကျစရိတ်မှာလည်း သိသိသာသာ လျော့နည်းသွားမည် ဖြစ်သည်။
နောင်တစ်ချိန်၌ သူ၏ အရှေ့ဘက်ဌာနခွဲသည် မယုံနိုင်လောက်အောင် သန်မာလာပြီး ပင်လယ်မျိုးနွယ်စု တစ်ခုလုံး၏ ဗဟိုချက်မဖြစ်သော မျိုးနွယ်စုမဟာဌာနချုပ်ကိုပင် ကျော်တက်သွားနိုင်လိမ့်မည်ဟု ကျန်းနျန်ရှင်း ယုံကြည်နေမိ၏။
ဤသည်မှာ ကျန်းနျန်ရှင်း တစ်ယောက်တည်း စိတ်ကူးယဉ်နေခြင်း မဟုတ်ဘဲ လင်းချန်က သူ့အား ပေးအပ်ခဲ့သည့် ယုံကြည်ချက်ပင် ဖြစ်လေတော့သည်။ မျိုးနွယ်စုမဟာဌာနချုပ် ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော အထူးစစ်သင်္ဘောမျိုးကို တီထွင်နိုင်စွမ်း မရှိပေ။
အမှန်တကယ်၌ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု တစ်ခုလုံးကို မျိုးနွယ်စုမဟာဌာနချုပ် တစ်ခု၊ အဓိက ဌာနခွဲကြီး လေးခု၊ ဌာနခွဲငယ် ၃၆ ခုနှင့် မျိုးနွယ်စုငယ် ၁၀၈ ခုတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။
မျိုးနွယ်စုတစ်ခုသည် လုံလောက်သော ခွန်အားရှိမှသာ အခြားသောအဖွဲ့ဝင်များ၏ အသိအမှတ်ပြုမှုကို ရရှိပြီး မဟာဌာနချုပ် အဖြစ် တင်မြှောက်ခံရခြင်း ဖြစ်ပေသည်။ ယခု လက်ရှိ မဟာဌာနချုပ်သည်ပင်လျှင် ယခင်က ဌာနခွဲငယ် ၃၆ ခုအနက်မှ တစ်ခုသာ ဖြစ်ခဲ့ဖူးသည်။
လင်းချန်သည် ကျန်းနျန်ရှင်းနှင့် စကားစမြည် ပြောဆိုစဉ်က ဤအကြောင်းအရာကို ထိတွေ့မိခဲ့ဖူး၏။ ထိုစဉ်က လင်းချန်သည် အနာဂတ်၌ အရှေ့ဘက်ဌာနခွဲကို လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ မဟာဌာနချုပ် အဖြစ် သေချာပေါက် ရောက်ရှိစေရမည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုခဲ့ဖူးပေသည်။
ထိုစဉ်က ဤပန်းတိုင်ကို ပြောဆိုနေစဉ် လင်းချန်၏ မျက်နှာထက်၌ အဘယ်ကြောင့် ဤမျှအထိ ထက်သန်ပြင်းပြသည့် အရိပ်အယောင်များ ပေါ်ပေါက်နေရသနည်းဟု ကျန်းနျန်ရှင်း ဇဝေဇဝါ ဖြစ်ခဲ့ဖူး၏။
မှန်ပေသည်...
လင်းချန်သည် သူတစ်ပါးကို ပြုစုပျိုးထောင်ပေးရသည်ကို ဝါသနာပါသော ပျိုးထောင်ရေးရူးသွပ်သူတစ်ဦး ဖြစ်ကြောင်း တစ်ဖက်လူအား လုံးဝ ပြောပြမည် မဟုတ်ပေ။
အင်ပါယာကို ပျိုးထောင်ခြင်း၊ မဟာမိတ်ကို ပျိုးထောင်ခြင်းနှင့် မိမိကိုယ်ကိုယ် ပျိုးထောင်ခြင်း...။ မိမိကိုယ်ကိုယ် ပျိုးထောင်ခြင်းမှာ ပိုမိုသန်မာလာစေရန်သာ ဖြစ်ပေသည်။
လင်းချန်က ပြောလိုက်သည်။ "စိတ်ချပါ... ကျုပ်က ဒီအစည်းအဝေးကို လာကတည်းက ပထမနေရာကိုပဲ ရည်မှန်းထားတာ။ မဟုတ်ရင် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။"
ပြောရင်း လင်းချန်သည် သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ ပုလင်း သုံးလုံးမှာ ရေအောက်၌ ရုတ်တရက် ပေါ်ထွက်လာပြီး ငြိမ်သက်စွာ မျောလွင့်နေလေသည်။
ဖန်ပုလင်း တစ်လုံးချင်းစီအတွင်း၌ အပြာနုရောင် ဆေးရည်များ လှုပ်ခတ်နေပြီး ရံဖန်ရံခါတွင် ထိုဆေးရည်များသည် ရေဘဝဲပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားကာ ပြန်လည် ပျော်ဝင်သွားတတ်လေသည်။
ထိုထူးဆန်းသော ပြောင်းလဲမှုများကို မြင်လိုက်ရသောအခါ ကျန်းနျန်ရှင်းနှင့် အဖွဲ့သားများမှာ အံ့အားသင့်သွားကြရ၏။
ထို့နောက်၌ လင်းချန်သည် ထိုဆေးရည်များကို ကျန်းချီထံသို့ ပေးအပ်လိုက်ပြီး ပြောလိုက်သည်။ "ကျန်ရှိတဲ့ ဆယ်ရက်အတွင်းမှာ တစ်နေ့ကို တစ်ပုလင်းစီ သောက်ပါ။ ပြီးရင် ဒီကျင့်စဉ်စာအုပ်နဲ့ တွဲပြီး ကျင့်ကြံပါ။"
ပြောပြောဆိုဆိုနှင့် လင်းချန်၏ လက်ထဲ၌ စာအုပ်တစ်အုပ် ပေါ်ထွက်လာပြီး ကျန်းချီထံသို့ ပစ်ပေးလိုက်လေသည်။
ကျန်းချီသည် စာအုပ်ကို လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်ပြီး ကျန်ရှိသည့် လက်ခြောက်ဖက်ဖြင့် ဆေးပုလင်းများကို သိုလှောင်လက်စွပ်အတွင်းသို့ အလျင်အမြန် သိမ်းဆည်းလိုက်၏။
ကျန်းချီက စာအုပ်ကို လှန်လှောကြည့်နေစဉ် ကျန်းနျန်ရှင်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ "အရှင်မင်းကြီး လင်းချန်... ဒါက တကယ့်ကို ထူးဆန်းတာပဲ။ အဲဒါ ဘာဆေးရည်လဲဟင်။"
လင်းချန်၏ ကိုယ်ပေါ်၌ အမြဲတမ်း နားမလည်နိုင်သော အံ့ဖွယ်အရာများ သို့မဟုတ် ထူးဆန်းသည့် ပစ္စည်းများ ပေါ်ထွက်လာလေ့ ရှိပေသည်။
ဥပမာအားဖြင့် လင်းချန် ယခု တပ်ဆင်ထားသော ရေအောက်အသက်ရှူ စိတ်ဝိညာဉ်ပစ္စည်းမှာ အလွန်ပင် ထူးခြားဆန်းပြားပြီး အသုံးဝင်လှပေသည်။
ကျန်းနျန်ရှင်း၏ မေးခွန်းကို လင်းချန်က ပြုံးလျက်သာ ပြန်ကြည့်ပြီး ဖြေလိုက်၏။ "ခေါင်းဆောင်ကြီး ကျန်း... ကျုပ် အခုလို သတိထားနေရတာကို အပြစ်မတင်ပါနဲ့။ ကျုပ် ရှင်းပြလိုက်ရင် ခင်ဗျားတို့ နားလည်သွားမှာပါ။"
လင်းချန်၏ အမူအရာကို မြင်သည်နှင့် ကျန်းနျန်ရှင်းသည် တစ်ခုကို ရိပ်မိသွားပြီး အခြားသော အဖွဲ့ဝင်များကို လှည့်၍ ပြောလိုက်သည်။ "ငါ အရှင်မင်းကြီး လင်းချန်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိတယ်၊ အားလုံး ခဏလောက် ထွက်ပေးကြပါဦး။"
အခြေအနေကို နားလည်သဘောပေါက်ကြသော အခြားသော အဖွဲ့ဝင်များသည် ဦးညွှတ်နှုတ်ဆက်ကာ ရှေ့ဆောင်ခန်းမအတွင်းမှ ထွက်ခွာသွားကြလေသည်။
အားလုံး ထွက်သွားပြီးနောက် ခန်းမအတွင်း၌ အစီအရင်တစ်ခုကို အသက်သွင်း၍ ပိတ်ဆို့လိုက်ရာ လင်းချန်၊ ကျန်းနျန်ရှင်းနှင့် ကျန်းချီတို့ သုံးဦးတည်းသာ ကျန်ရစ်တော့သည်။
ထိုခဏ၌ ကျန်းနျန်ရှင်း စကားမပြောရသေးမီမှာပင် စာအုပ်ကို စူးစိုက်ကြည့်နေသော ကျန်းချီသည် ရုတ်တရက် အော်ဟစ်လိုက်လေသည်။ "ငါ အိပ်မက်မက်နေတာလား။"
အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေသည့် ထိုအော်ဟစ်သံနှင့်အတူ ကျန်းချီသည် လင်းချန်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။ "လင်း... အရှင်မင်းကြီး။ ဒီကျင့်စဉ်က တကယ်ပဲ ကျွန်တော့်အတွက်လား။"
လင်းချန်က ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။ "ဟုတ်တယ်၊ မင်းအတွက်ပဲ။ မင်းရဲ့ တုံ့ပြန်မှုက ယီစင်းနဲ့ လေချန်တို့လိုပဲ၊ အဲဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား။"
ကျန်းချီက ပြောလိုက်သည်။ "အခုမှပဲ ကျွန်တော် နားလည်တော့တယ်။ အစ်ကိုကြီး လေချန် ကျွန်တော့်ကို ပြောဖူးတဲ့ အရှင်မင်းကြီး လင်းချန် ပေးအပ်ခဲ့တဲ့ အံ့ဖွယ်ကျင့်စဉ်ပဲ ဖြစ်ရမယ်။"
လင်းချန်က လေချန်၏ အမည်ကို ထည့်သွင်းပြောဆိုလိုက်သည်နှင့် ကျန်းချီသည် သတိရသွားပြီး ချက်ချင်း သဘောပေါက်သွားခြင်း ဖြစ်ပေသည်။ ချက်ချင်းပင် ကျန်းချီသည် ထိုကျင့်စဉ်စာအုပ်ကို အလွန်တရာ တန်ဖိုးကြီးသည့် ရတနာတစ်ခုသဖွယ် သူ၏ လက်ရှစ်ဖက်ဖြင့် ပွတ်သပ်ယုယနေမိတော့သည်။
ကျန်းနျန်ရှင်းက စူးစမ်းလိုစိတ်ဖြင့် ကျန်းချီထံသို့ လက်လှမ်းလိုက်ရင်း ပြောလိုက်၏။ "ဒါက ဘယ်လိုကျင့်စဉ်မို့လို့ ဒီလောက်တောင် ဖြစ်ပျက်နေရတာလဲ။ ငါ့ကိုလည်း ပေးကြည့်ဦးလေ။"
သို့သော်လည်း ကျန်းချီသည် သူ၏ ဦးခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ပြီး စာအုပ်ကို အလျင်အမြန် သိမ်းဆည်းလိုက်လေသည်။
ထိုသည်ကို မြင်ရသောအခါ ကျန်းနျန်ရှင်းမှာ စိတ်တိုရနိုး၊ ရယ်ရနိုး ဖြစ်သွားရကာ ပြောလိုက်သည်။ "ဒီကောင်စုတ်လေး... မင်းရဲ့ ဦးလေးကြီးက မင်းပစ္စည်းကို လုယူမယ်လို့ ထင်နေတာလား။"
ကျန်းချီက သူ၏ ဦးလေးကို လုံးဝ မပြဘဲ ငြင်းဆန်ကာ ပြောလိုက်လေသည်။ "ဦးလေးကြီး... ဒီလောက် အံ့သြဖို့ကောင်းတဲ့ ကျင့်စဉ်ကို ဦးလေးသာ မြင်ရင်လည်း သေချာပေါက် လုယူမှာပဲ။"
ဘေး၌ ရပ်နေသော လင်းချန်က ရယ်မောပြီး ရှင်းပြလိုက်၏။ "ဟားဟား... ဒီကျင့်စဉ်က အမှန်အတိုင်း ပြောရရင် သိပ်ပြီးတော့ နက်နက်နဲနဲကြီးတော့ မဟုတ်ပါဘူး။ ကျန်းချီအတွက် အထူးသီးသန့် ဖန်တီးပေးထားတာပါ။"
ကျန်းနျန်ရှင်း၏ အသံမှာ အံ့သြလွန်းသဖြင့် မြင့်တက်သွားသည်။ "အထူးသီးသန့်။"
သူက ဆက်ပြောလိုက်သည်။ "အရှင်မင်းကြီး လင်းချန်... အခုလို အထူးသီးသန့် ကျင့်စဉ်တစ်ခုက ဘယ်လောက်တောင် တန်ဖိုးကြီးလဲဆိုတာ အရှင် သိရဲ့လား။ ကျင့်စဉ်တစ်ခု ဖန်တီးဖို့ဆိုရင် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီး ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမှာဖြစ်ပြီး နှစ်ပေါင်းများစွာ အချိန်ယူရမှာပါ။ ဒါတင်မကသေးဘူး... အဲဒီလို အထူးသီးသန့် ကျင့်စဉ်တွေက တခြားသော အဆင့်မြင့်ကျင့်စဉ်တွေထက် သာလွန်ချင်မှ သာလွန်တာမျိုးပါ။"
သို့သော်လည်း လင်းချန် မပြန်ပြောရသေးမီမှာပင် ကျန်းချီက ခေါင်းကို အဆက်မပြတ် ခါယမ်းကာ ပြောလိုက်၏။ "ဦးလေးကြီး... ဦးလေး နားမလည်ပါဘူး။ အရှင်မင်းကြီး လင်းချန် ကျွန်တော့်ကို ပေးတဲ့ ကျင့်စဉ်ကို ကျင့်ကြံလိုက်မယ်ဆိုရင် ကျွန်တော့်ရဲ့ ခွန်အားက အနည်းဆုံး နှစ်ဆ၊ သုံးဆလောက်အထိ တက်လာမှာပါ။"
ကျန်းနျန်ရှင်းမှာ ကြောင်အမ်းသွားပြီး ပြောလိုက်သည်။ "မင်း လျှောက်ပြောနေတာပဲ ဖြစ်ရမယ်၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ကျန်းချီက အလောတကြီး ရှင်းပြလေသည်။ "ဦးလေးကြီး... ဒါ အမှန်တရားပါ။ ကျွန်တော် ကမ်းရိုးတန်းပြည်နယ်မှာ အရှင်မင်းကြီးနဲ့ အတူရှိနေတုန်းက အရှင်မင်းကြီးရဲ့ နောက်လိုက်တစ်ယောက်ဖြစ်တဲ့ အစ်ကိုကြီး လေချန်နဲ့ ဆုံဖူးတယ်။ သူ့ရဲ့ ကျင့်စဉ်ကလည်း အရှင်မင်းကြီး လင်းချန် ပေးခဲ့တာပဲ။ အစ်ကိုကြီး လေချန် ပြောတာကတော့ သူ့ရဲ့ ကျင့်စဉ်ဟာ သူ့အတွက် လုံးဝ အထူးသီးသန့် ဖန်တီးပေးထားတာတဲ့။ သူ့ရဲ့ သွေးကြောတွေ၊ ဒန်ထျန်တွေရဲ့ အရွယ်အစား၊ နောက်ဆုံး သူ့မျက်လုံးရဲ့ အရွယ်အစားကိုတောင် ထည့်သွင်းစဉ်းစားပြီး ဖန်တီးထားတာလို့ ပြောတယ်။"
လင်းချန်က ဝင်ပြောလိုက်သည်။ "ကျန်းချီ... မင်းရဲ့ ဦးလေးကြီးကို ပေးကြည့်လိုက်ပါ၊ ဒါက မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းတွေပေါ်မှာ အခြေခံပြီး ဖန်တီးထားတာပါ။ လူတိုင်းအတွက် ဒီကျင့်စဉ်က အဆင်ပြေနေတာမျိုး မဟုတ်ပါဘူး။"
လင်းချန်၏ စကားကို ကြားရသောအခါ ကျန်းချီသည် စိတ်အေးသွားပြီး ကျင့်စဉ်စာအုပ်ကို ကျန်းနျန်ရှင်းထံသို့ စစ်ဆေးရန် ဂရုတစိုက် ပေးအပ်လိုက်လေသည်။
ကျန်းနျန်ရှင်းသည် စာအုပ်ကို လှန်လှောဖတ်ရှုပြီး သူ၏ စိတ်ဝိညာဉ်အသိကို သုံးကာ ကျန်းချီ၏ ကိုယ်ခန္ဓာ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ စစ်ဆေးပြီးသွားသောအခါ သူသည် အံ့သြတုန်လှုပ်စွာဖြင့် အတော်ကြာ ငြိမ်သက်နေမိတော့သည်။
အတော်ကြာပြီးနောက်၌ ကျန်းနျန်ရှင်းသည် တစ်ယောက်တည်း ပြုံးစိစိ ဖြစ်လာပြီး လင်းချန်ဘက်သို့ လှည့်ကြည့်ကာ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မျက်နှာချိုသွေးကာ ပြောလိုက်၏။ "အရှင်မင်းကြီး လင်းချန်... ဟဲဟဲဟဲ။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၄၈ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။