← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

အပိုင်း ၂၄၉

ဘာသာပြန် - Ko Yoohtoo

True Immortal Team

လင်းချန်က ပြောလိုက်သည်။ "စိတ်မလောပါနဲ့ဦး... ဒါကို နောင်တစ်ချိန် ခင်ဗျားတို့မျိုးနွယ်စုနဲ့ ကုန်သွယ်ဖို့အတွက် ပစ္စည်းတစ်ခုလို့ပဲ သဘောထားလိုက်ပါ။"

လင်းချန်က ကုန်သွယ်ရန် ဆန္ဒရှိကြောင်း ပြောကြားလိုက်သည်နှင့် ကျန်းနျန်ရှင်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်၏။ အကယ်၍ တစ်ဖက်လူက ရောင်းချရန် ငြင်းဆန်ပါက ပြဿနာရှိနိုင်သော်လည်း ကုန်သွယ်ရန် သဘောတူသည်ဆိုပါက အရာရာမှာ ပိုမိုလွယ်ကူသွားလေပြီ။

ကျန်းနျန်ရှင်း၏ စိတ်အေးသွားသည့် အမူအရာကို ကြည့်ကာ လင်းချန်လည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ကျန်းချီ၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်ပေးခြင်းက မျိုးနွယ်စုအတွက် ပိုမိုကောင်းမွန်သည့် ရလဒ်များကို ရရှိစေမည်ဖြစ်သကဲ့သို့ နောင်တစ်ချိန် ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နယ်မြေသို့ သွားရောက်ကြမည့် ခရီးစဉ်အတွက်လည်း များစွာ အထောက်အကူ ဖြစ်ပေလိမ့်မည်။

ထို့ပြင် သူပြောသကဲ့သို့ပင်... လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အရှေ့ဘက်ဌာနခွဲကို ကျင့်စဉ်များနှင့် ဆေးရည်များ၏ အာနိသင်ကို လက်တွေ့မြင်တွေ့စေခြင်းဖြင့် နောင်တစ်ချိန်၌ ရောင်းချရ ပိုမိုလွယ်ကူစေရန် ပြုလုပ်ခြင်းလည်း ဖြစ်၏။ လင်းချန်သည် အလကားပေးကမ်းတတ်သူ တစ်ဦးတော့ မဟုတ်ပေ။

ကျန်းနျန်ရှင်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ပြန်သည်။ "ဒါပေမဲ့ အရှင်မင်းကြီး လင်းချန်... ဒီလို အထူးသီးသန့် ကျင့်စဉ်တွေကို ဖန်တီးဖို့ဆိုရင် တော်တော်လေး လူအား၊ စိတ်အား စိုက်ထုတ်ရမှာပေါ့နော်။"

လူအား၊ စိတ်အား စိုက်ထုတ်ရမည် ဟုတ်လား။ ဟွာရှာအင်ပါယာ ကောင်းကင်လက်မှုပညာဌာနအနေဖြင့် ဤအထူးသီးသန့် ကျင့်စဉ်များအတွက် စိုက်ထုတ်ရသည့် အင်အားမှာ လင်းချန် ဧကရာဇ်၏ အမိန့်တော် ကျင့်စဉ်အတွက် စိုက်ထုတ်ရသည့် အင်အား၏ တစ်သောင်းပုံတစ်ပုံပင် မရှိရာ ထည့်ပြောနေရန်ပင် မလိုလောက်အောင်ပင်။ သို့သော်လည်း လင်းချန်မှာ ထိုအချက်ကို ဖွင့်ဟပြောဆိုခြင်း မပြုဘဲ အခက်ကြုံနေရသည့် ဟန်ပန်ဖြင့် ခဏမျှ တုံ့ဆိုင်းပြလိုက်သည်။

လင်းချန်က ပြန်ပြောလိုက်သည်။ "မှန်ပါတယ်... ကျုပ်ရဲ့ လက်အောက်ငယ်သားတွေအနေနဲ့ အတော်လေး ကြိုးစားအားထုတ်ရတာပေါ့။ ဒါပေမဲ့ ခေါင်းဆောင်ကြီး ကျန်း ဒါမှမဟုတ် တတိယအကြီးအကဲတို့အတွက် အထူးသီးသန့် ကျင့်စဉ်အချို့ကို ဖန်တီးပေးဖို့ကတော့ ဖြစ်နိုင်ပါသေးတယ်။ ကျန်တဲ့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်တွေ အတွက်တော့ စိုးရိမ်စရာ မရှိပါဘူး။ ခင်ဗျားတို့ရဲ့ လက်ရှိကျင့်စဉ်တွေကို ပိုပြီး ကောင်းမွန်အောင် ပြုပြင်ပေးပြီး အရှေ့ဘက်ဌာနခွဲ တစ်ခုလုံးရဲ့ စုစုပေါင်း ခွန်အားကို မြှင့်တင်ပေးနိုင်ပါတယ်။"

သူက စာအုပ်တစ်အုပ်ကို ထုတ်ယူ၍ ကျန်းနျန်ရှင်းထံသို့ ကမ်းပေးလိုက်၏။ ထိုစာအုပ်အတွင်း၌ အခြေခံနယ်ပယ်သုံးဆင့်အတွက် ပြုပြင်မွမ်းမံထားသည့် အခြေခံကျင့်စဉ်များ ပါဝင်၏။

ကျန်းနျန်ရှင်းသည် စူးစမ်းလိုစိတ်ဖြင့် လက်ခံယူလိုက်ပြီး သေချာစွာ ဖတ်ရှုကြည့်ရာ ချက်ချင်းပင် အံ့သြတုန်လှုပ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ဤကျင့်စဉ်၏ နက်နဲမှုမှာ အရှေ့ဘက်ဌာနခွဲ ခေါင်းဆောင်ဖြစ်သည့် သူကိုယ်တိုင် ယခု ကျင့်ကြံနေသော ကျင့်စဉ်ထက်ပင် များစွာ သာလွန်နေသောကြောင့် ဖြစ်၏။ အခြေခံနယ်ပယ်သုံးဆင့်အတွက်သာ ရှိသေးသော်လည်း ထိုအချက်ကို အခြေခံ၍ ပိုမိုမြင့်မားသည့် နယ်ပယ်များအတွက် ကျင့်စဉ်များ၏ စွမ်းအားကို ခန့်မှန်းကြည့်နိုင်သည်။

သူတို့အနေဖြင့် ဤကဲ့သို့သည့် ကျင့်စဉ်များကို လင်းချန်ထံမှ ဝယ်ယူ၍ အရှေ့ဘက်ဌာနခွဲဝင်များအားလုံး ကျင့်ကြံစေမည်ဆိုပါက သူတို့၏ စုစုပေါင်း ခွန်အားမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာပေလိမ့်မည်။ ဤနေရာ၌ ကျန်းနျန်ရှင်း၏ လင်းချန်အပေါ် ထားရှိသည့် အမြင်မှာ လုံးဝ ပြောင်းလဲသွားလေပြီ။

အရှေ့ဘက်ဌာနခွဲကို အနာဂတ်၏ အုပ်ချုပ်သူမျိုးနွယ်စု ဖြစ်စေရမည်ဟု တစ်ဖက်လူက အဘယ်ကြောင့် ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုနိုင်ကြောင်းကို ယခုမှပင် သူ သဘောပေါက်လိုက်၏။

လင်းချန်က ဆက်ပြောလိုက်သည်။ "ဒီဆေးရည်နဲ့ ပတ်သက်ရင်တော့ ကျုပ်တို့ ဟွာရှာအင်ပါယာမှာ သောက်ဆေးနဲ့ လိမ်းဆေး ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။ အခု ဒါကတော့ အပြင်ပန်း အသုံးပြုဖို့အတွက်ပါ...။ သူ့ကို ရေသန့်စင်စင် စည်ပိုင်းတစ်ခုထဲ လောင်းထည့်ပြီး ကျင့်ကြံနေစဉ်အတွင်း စိမ်ထားရမှာဖြစ်ပါတယ်။ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုရဲ့ မွေးရာပါ ပါရမီဖြစ်တဲ့ လက်ရှစ်ဖက်ကို သန့်စင်ပေးနိုင်ပါတယ်။"

"ခင်ဗျားတို့မျိုးနွယ်စုရဲ့ အားသာချက်က ပျော့ပျောင်းပြီး ဟန်ချက်ညီညီ လှုပ်ရှားနိုင်တဲ့ လက်ရှစ်ဖက် ရှိနေတာပဲ။ ဒီဆေးရည်ရဲ့ အာနိသင်က ရိုးရှင်းပါတယ်... လက်တစ်ဖက်ချင်းစီရဲ့ ခွန်အားကို သီးသန့် မြှင့်တင်ပေးဖို့ပါပဲ။"

လင်းချန် စကားပြောနေစဉ်အတွင်း ကျန်းနျန်ရှင်းနှင့် ကျန်းချီတို့မှာ စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေကြသည်။ လက်တစ်ဖက်ချင်းစီ၏ ခွန်အားကို သီးသန့်မြှင့်တင်ပေးခြင်းဟူသည် မည်သို့သော အဓိပ္ပာယ်နည်း။ သူတို့၏ စူးစမ်းလိုစိတ်ကို မြင်သည့်အခါ လင်းချန်က ဖြည်းညှင်းစွာ ရှင်းပြလိုက်၏။

ကျူးကော့မင်သည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုကို ပထမဦးဆုံး မြင်တွေ့ခဲ့ရစဉ်က အလွန်ပင် စိတ်လှုပ်ရှားခဲ့ပြီး လင်းချန် အုပ်ချုပ်သည့် ဤကမ္ဘာ၌ ဤမျှအထိ ထူးဆန်းအံ့သြဖွယ်ကောင်းသော မျိုးနွယ်စု ရှိနေပါလားဟု အမြဲ တအံ့တသြ ရေရွတ်ခဲ့ဖူးသည်။

အရှေ့ဘက်ဌာနခွဲထံမှ ရရှိထားသည့် မှတ်တမ်းအားလုံးကို ရရှိပြီးနောက်၌လည်း ကျူးကော့မင်သည် ဤမျိုးနွယ်စုကို လေ့လာရန်အတွက် ရက်ပေါင်းများစွာ အချိန်ပေးခဲ့၏။

လက်ရှစ်ဖက်အတွက် အပြာရောင်ဆေးရည်မှာ ကျူးကော့မင် ကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်သည်။ ဆေးရည်အတွင်း စိမ်လိုက်သည်နှင့် လက်ရှစ်ဖက်ကို မတူညီသည့် လမ်းကြောင်းများမှတစ်ဆင့် သန်မာလာစေမည် ဖြစ်၏။

လက်တစ်စုံမှာ ခွန်အားကို မြှင့်တင်ရန်ဖြစ်ပြီး တိုက်ပွဲဝင်ချိန်၌ ထိုလက်တစ်စုံမှာ ပြင်းထန်သည့် ပျက်စီးမှုများကို ဖြစ်ပေါ်စေလိမ့်မည်။ အခြားလက်တစ်စုံမှာမူ ကြံ့ခိုင်မှုကို မြှင့်တင်ရန်ဖြစ်ပြီး တိုက်ပွဲအတွင်း ခံစစ်အတွက် တာဝန်ယူရမည် ဖြစ်၏။ နောက်ထပ်လက်တစ်စုံမှာမူ အလျင်နှုန်းကို မြှင့်တင်ရန်ဖြစ်ပြီး လျင်မြန်ဖြတ်လတ်သည့် လှုပ်ရှားမှုများဖြင့် ရန်သူကို ဝေဝါးသွားစေကာ ခွန်အားမြှင့်တင်ထားသော လက်များကို ရန်သူအား သတ်ဖြတ်နိုင်ရန် ကူညီပေးလိမ့်မည်။ ကျန်ရှိနေသည့် နောက်ဆုံးလက်တစ်စုံမှာမူ ပျော့ပျောင်းမှုကို မြှင့်တင်ရန်ဖြစ်ရာ အရိုးမရှိသကဲ့သို့ နူးညံ့ပျော့ပျောင်းသွားမည် ဖြစ်သည်။ ထိုသည်မှာ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ ထူးခြားချက်ဖြစ်ပြီး အစွမ်းကုန် မြှင့်တင်လိုက်ပါက ရန်သူကို ရစ်ပတ်ချုပ်နှောင်နိုင်သကဲ့သို့ လှည့်ပတ်၍ တိုက်ခိုက်ခြင်း သို့မဟုတ် ကာကွယ်ခြင်းများ ပြုလုပ်နိုင်ပေလိမ့်မည်။

ကျန်းချီအတွက် အထူးသီးသန့် ကျင့်စဉ်နှင့် အများသုံး ပြုပြင်ထားသည့် ကျင့်စဉ်နှစ်ခုလုံး၌ ဤအချက်များနှင့် ပတ်သက်သော ဖော်ပြချက်များ ပါဝင်၏။

ဤနည်းအားဖြင့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုသည် သူတို့၏ လက်ရှစ်ဖက် အားသာချက်ကို အပြည့်အဝ အသုံးချနိုင်ပြီး တိုက်စစ်ရော ခံစစ်ပါ ပြည့်စုံကာ တစ်နည်းအားဖြင့်ဆိုသော် အနှိုင်းမဲ့ ခွန်အားကို ပိုင်ဆိုင်လာကြမည် ဖြစ်သည်။

ဤအကြောင်းအရာများကို နားထောင်ပြီးနောက် ကျန်းချီသည် အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။ သူ၏ ပါရမီဖြင့်ဆိုလျှင် ဤအရာသည် သူတို့မျိုးနွယ်စုအတွက် မည်မျှအထိ အဓိပ္ပာယ်ရှိကြောင်း ကောင်းစွာ နားလည်သည်။

သူ၏ ဘေးနားရှိ ကျန်းနျန်ရှင်းမှာမူ ပါးစပ်မှ ရေပူဖောင်းများ တရစပ် ထွက်ပေါ်နေသကဲ့သို့ မင်ရည်များပင် ထွက်လာလုမတတ် ဖြစ်နေပြီး ရှေ့မှောက်ရှိ လင်းချန်ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိ၏။

လင်းချန် ပြုလုပ်နေသည့် အရာမှာ သူတို့၏ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု တစ်ခုလုံးကို ပြောင်းလဲပေးနေခြင်းဖြစ်ပြီး မျိုးနွယ်စုတစ်ခုလုံးကို ပိုမို သန်မာလာအောင် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

လင်းချန်က ပြောလိုက်သည်။ "တကယ်တော့ ဒါက နောက်ဆုံးရလဒ် မဟုတ်သေးပါဘူး။ နောင်တစ်ချိန် ခင်ဗျားတို့မျိုးနွယ်စုရဲ့ ခွန်အားကို မြှင့်တင်ပေးဖို့ ပိုပြီး ကောင်းမွန်တဲ့ ကျင့်စဉ်တွေနဲ့ ဆေးရည်တွေကို ကျုပ်တို့ ထပ်ပြီး တီထွင်နိုင်ပါသေးတယ်။"

လင်းချန် စကားဆုံးသွားသည့်အခါ ကျန်းနျန်ရှင်းနှင့် ကျန်းချီတို့မှာ ပြန်လည်ပြောဆိုရန် စကားလုံး ရှာမတွေ့တော့ဘဲ လင်းချန်ကိုသာ ငေးကြည့်နေကြမိ၏။ သူတို့၏ စိတ်ထဲ၌ မည်သို့ တွေးတောနေကြမည်ကိုမူ မည်သူမျှ မသိနိုင်ပေ။ လင်းချန်က ဘာမှ မပြောဘဲ ပြုံးလျက်သာ နေလိုက်သည်။

လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ အလားအလာကို မြှင့်တင်ပေးပြီး အရှေ့ဘက်ဌာနခွဲကို အုပ်ချုပ်သူမျိုးနွယ်စု ဖြစ်စေရန် ပြုလုပ်ခြင်းမှာ ကျူးကော့မင်နှင့် ဆွေးနွေးပြီးနောက် ထွက်ပေါ်လာသည့် ရလဒ်ပင် ဖြစ်၏။

ဟွာရှာအင်ပါယာ၏ နယ်မြေချဲ့ထွင်ခြင်းမှာ သွေးချောင်းစီး သတ်ဖြတ်ခြင်းမျိုး မဟုတ်ပေ။ အကယ်၍ ဤကဲ့သို့သည့် မျိုးနွယ်စုကို ဓားမိုးအုပ်ချုပ်၍ တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက လင်းချန်၏ အသိစိတ်က ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့နှင့် ခိုင်မာသည့် ချစ်ကြည်ရေး တည်ဆောက်ပြီး အားကိုးရသော မဟာမိတ် ဖြစ်လာစေခြင်းက အကောင်းဆုံး ရလဒ်ပင် ဖြစ်သည်။

ဟွာရှာအင်ပါယာသည် နောင်တစ်ချိန်၌ အခြားသော ပင်လယ်မျိုးနွယ်စုများနှင့်လည်း မဟာမိတ် ဖွဲ့နိုင်ရန် ကြိုးပမ်းမည် ဖြစ်၏။ သူတို့၏ ယုံကြည်မှုကို ရရှိရန်မှာ အချိန်ယူရမည် ဖြစ်ရာ အကောင်းဆုံး နည်းလမ်းမှာ စံပြနမူနာ တစ်ခု ရှိနေခြင်းပင် ဖြစ်သည်။ ထိုအတွက် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုမှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်၏။ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုကို ပြုစုပျိုးထောင်ပေးပြီး သူတို့၏ မျိုးနွယ်စု တစ်ခုလုံးကို အစွမ်းထက်လာစေခြင်းဖြင့် အခြားသော ပင်လယ်မျိုးနွယ်စုများသည် ပူးပေါင်းဆောင်ရွက်ရန် အလိုအလျောက် ရောက်ရှိလာကြပေလိမ့်မည်။

မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ဟွာရှာအင်ပါယာ၏ ကြွယ်ဝမှုကို အင်အားသုံး၍ လုယူလိုသော ပင်လယ်မျိုးနွယ်စုများကိုလည်း ဆွဲဆောင်မိပေလိမ့်မည်။ သို့သော် ထိုအချိန်ကျရောက်ပါက ဟွာရှာအင်ပါယာအနေဖြင့် လာရောက် စော်ကားသူများကို နှိမ်နင်းရန် လုံလောက်သည့် ခွန်အားနှင့် ခိုင်မာသော မဟာမိတ် အင်အား ရှိနေပြီဖြစ်ရာ မည်သူမျှ လာရောက် ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပေ။

အံ့သြတုန်လှုပ်မှုများ ပြီးဆုံးသွားသည့်အခါ ကျန်းနျန်ရှင်းသည် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဟန်ဖြင့် လင်းချန်ကို လေးနက်စွာ ကြည့်လိုက်သည်။

ကျန်းနျန်ရှင်းက ပြောလိုက်သည်။ "အရှင်မင်းကြီး လင်းချန်... အသေအချာ စဉ်းစားပြီးတဲ့နောက် ကျွန်တော် ကျန်းနျန်ရှင်းဟာ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အရှေ့ဘက်ဌာနခွဲကို ကိုယ်စားပြုပြီး ဟွာရှာအင်ပါယာနဲ့ သွေးသစ္စာစာချုပ် ချုပ်ဆိုဖို့ တောင်းဆိုချင်ပါတယ်။"

လင်းချန်က အံ့အားသင့်သွားကာ ရေရွတ်လိုက်မိသည်။ "သွေးသစ္စာစာချုပ်..."

လင်းချန်၏ မျက်ဝန်းများမှာ ကျုံ့သွားပြီး သူ၏ မျက်နှာပေါ်မှ စိတ်ဝိညာဉ်ပစ္စည်းမှ ရေပူဖောင်းများ တရစပ် ထွက်ပေါ်လာလေရာ သူ၏ အံ့သြသွားမှုကို ဖော်ပြနေ၏။ အဘယ်ကြောင့်ဆိုသော် ကျန်းနျန်ရှင်းအနေဖြင့် သွေးသစ္စာစာချုပ် ချုပ်ဆိုရန်အထိ ကမ်းလှမ်းလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားသောကြောင့်ပင်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၄၉ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters