← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

အပိုင်း ၂၅၀

ဘာသာပြန် - Ko Yoohtoo

True Immortal Team

သွေးသစ္စာစာချုပ်ဟူသည် သာမန်မဟာမိတ်ဖွဲ့ခြင်းနှင့် မတူဘဲ ချုပ်ဆိုသူများအကြား အဆင့်အတန်း ကွာခြားမှုတစ်ခု ရှိနေ၏။

လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုက ဟွာရှာအင်ပါယာနှင့် သွေးသစ္စာစာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းသည်မှာ ဟွာရှာအင်ပါယာကို အရှင်သခင်အဖြစ် ထားရှိပြီး လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုကမူ လက်အောက်ခံအဖြစ် နေထိုင်မည်ဟု ဆိုလိုခြင်း ဖြစ်၏။ သူတို့၏ ဆက်ဆံရေးမှာ လက်အောက်ခံ ပဒေသရာဇ်ပြည်နယ်တစ်ခုကဲ့သို့ပင် ဖြစ်သည်။

ဤသွေးသစ္စာစာချုပ် တည်မြဲသွားသည်နှင့် ကျန်းနျန်ရှင်း၏ အရှေ့ဘက်ဌာနခွဲသည် ဟွာရှာအင်ပါယာ၏ လက်အောက်ခံအဖြစ် တည်ရှိနေမည်ဖြစ်ပြီး လင်းချန်အနေဖြင့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ ကိစ္စရပ်များ၌ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် ရှိလာမည် ဖြစ်သည်။ ဥပမာအားဖြင့် လင်းချန်သည် အရှေ့ဘက်ဌာနခွဲ၏ အကြီးအကဲများကို ခန့်အပ်ပိုင်ခွင့် ရှိသော်လည်း မျိုးနွယ်စုခေါင်းဆောင်၏ ရာထူးကိုမူ မိမိသဘောအတိုင်း စွက်ဖက်၍ မရနိုင်ပေ။

ကျန်းနျန်ရှင်းက ဤစကားကို ပြောလိုက်သည့်အခါ လင်းချန်သာမက သူ၏ဘေးရှိ ကျန်းချီပါ တုန်လှုပ်သွားရပြီး သူ၏ဘိုးဘေးကြီးအား အံ့ဩတကြီး ကြည့်နေမိ၏။

လင်းချန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လေးပင်စွာ မေးလိုက်၏။ "ခေါင်းဆောင်ကြီး ကျန်း... ခင်ဗျား အခု ဘာပြောလိုက်လဲ သေချာသိရဲ့လား။"

လင်းချန် စကားဆုံးသည်နှင့် ကျန်းနျန်ရှင်းက လေးနက်သည့် အမူအရာဖြင့် ခေါင်းကို အခိုင်အမာ ညိတ်လိုက်သည်။ "ဧကရာဇ် လင်းချန်... ကျွန်တော် ဘာပြောလိုက်လဲ ကောင်းကောင်းသိပါတယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ယုံတယ်။ ဒီစာချုပ်ကြောင့် အကျိုးအမြတ် အများဆုံး ရမယ့်သူတွေက လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အရှေ့ဘက်ဌာနခွဲပဲ ဖြစ်ပါလိမ့်မယ်။"

ထိုစကားက လင်းချန်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်ရာ ကျန်းနျန်ရှင်းအား ကြည့်လိုက်သည်။ "အိုး... ခေါင်းဆောင်ကြီး ကျန်းက အရာရာကို ဒီလောက်အထိ ရှင်းရှင်းလင်းလင်း မြင်လိမ့်မယ်လို့ ကျုပ် ထင်မထားဘူး။"

လင်းချန်၏ စကားကြောင့် ကျန်းချီမှာ အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် လင်းချန်၏ စကားအရ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အရှေ့ဘက်ဌာနခွဲသည် ဟွာရှာအင်ပါယာ၏ လက်အောက်ခံ ဖြစ်သွားခြင်းက အမှန်တကယ်ပင် အကျိုးရှိကြောင်း ဝန်ခံလိုက်ခြင်း ဖြစ်သည့်အတွက်ပင်။ ထိုအချက်က ကျန်းချီအား အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေ၏။

သို့သော်လည်း ကျန်းနျန်ရှင်းကမူ အသာအယာ ရယ်မောလိုက်သည်။ "အမှန်အတိုင်း ပြောရရင် ကျွန်တော်က မျိုးဆက်ထဲမှာ အင်အားအကြီးဆုံး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အမြော်အမြင်နဲ့ အရှေ့ကို ကြိုတင်ကြည့်နိုင်စွမ်းကြောင့်သာ ကျွန်တော် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာတာပါ။ ဧကရာဇ် လင်းချန်ရဲ့ ဟွာရှာအင်ပါယာဟာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။"

"အရင်တုန်းက အရှင်မင်းကြီးဆီက စစ်သင်္ဘောတွေကို ဝယ်ယူတုန်းကလည်း ကျွန်တော် ခန့်မှန်းပြီးသားပါ။ အခု အရှင်မင်းကြီးရဲ့ ကျင့်စဉ်တွေနဲ့ ဆေးရည်တွေရဲ့ အာနိသင်ကို မြင်လိုက်ရတဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို အပြည့်အဝ အတည်ပြုနိုင်ပါပြီ။"

ကျန်းနျန်ရှင်းက စကားကို ခဏရပ်လိုက်ပြီး လေးနက်စွာ ဆက်ပြောလိုက်၏။ "ဧကရာဇ် လင်းချန်ရဲ့ ဟွာရှာအင်ပါယာဟာ အလွန်တရာ အစွမ်းထက်ပြီး နက်နဲတဲ့ အမွေအနှစ်တွေ ရှိနေတာပါ။ အကြောင်းအမျိုးမျိုးကြောင့်သာ ဒီလောကထဲကို ထွက်မလာနိုင်သေးတာ ဖြစ်ရမယ်။"

လင်းချန်၏ မျက်ဝန်းများ ကျုံ့သွား၏။ ကျန်းနျန်ရှင်းအနေဖြင့် ဤမျှအထိ နက်နက်နဲနဲ နားလည်ထားလိမ့်မည်ဟု သူ ထင်မှတ်မထားပေ။

ကျန်းနျန်ရှင်းက ဆက်ပြော၏။ "တကယ်တော့ ဒီကမ္ဘာပေါ်မှာ အစွမ်းထက်တဲ့ အင်အားစုတွေဟာ ခေတ္တခဏ ကျဆင်းသွားပေမဲ့ သူတို့မှာ ခိုင်မာတဲ့ အခြေခံတွေ ရှိနေတာမျိုးတွေ အများကြီး ရှိပါတယ်။ အခြားသော အင်အားစုတွေနဲ့ တိုက်ခိုက်ရင်း ထပ်ပြီး ကျဆင်းမသွားရအောင် မသိအောင် ပုန်းအောင်းနေပြီး သူတို့ရဲ့ ခွန်အားတွေကို ပြန်လည် စုစည်းတတ်ကြပါတယ်။ အချိန်တန်တဲ့အခါမှ ပိုမို အစွမ်းထက်တဲ့ ပုံစံမျိုးနဲ့ ပြန်ထွက်လာတတ်ကြတာပါ။"

ကျန်းနျန်ရှင်း၏ စကားကို နားထောင်ပြီးနောက် လင်းချန် သဘောပေါက်လိုက်၏။ တစ်ဖက်လူသည် သူ၏ ဟွာရှာအင်ပါယာကို လူသူမသိ ပုန်းအောင်းနေသည့် ရှေးဟောင်းအင်အားစုကြီးတစ်ခုဟု မှားယွင်းစွာ ထင်မြင်နေခြင်းပင်။ သူ၏ ခန့်မှန်းချက်မှာ အနည်းငယ် လွဲချော်နေသော်လည်း အချက်တစ်ချက်မှာမူ မှန်ကန်နေသည်။

ထိုအချက်မှာ ဟွာရှာအင်ပါယာသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေခြင်းပင် ဖြစ်၏။

လင်းချန်သည် အသာအယာ ရယ်မောလိုက်ပြီး ကျန်းနျန်ရှင်းထံသို့ လျှောက်လှမ်းသွားသည်။ "ခေါင်းဆောင်ကြီး ကျန်းက ဒီလိုတောင် ပြောလာပြီဆိုတော့ ဟွာရှာအင်ပါယာဘက်က သွေးသစ္စာစာချုပ်ကို ငြင်းပယ်နေဖို့ မသင့်တော်တော့ဘူးပေါ့။"

လင်းချန်က သဘောတူလိုက်သည်နှင့် ကျန်းနျန်ရှင်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိ၏။ သူ၏ စွန့်စားရွေးချယ်မှုမှာ အောင်မြင်သွားပြီဖြစ်သဖြင့် ရင်ထဲ၌ ဝမ်းမြောက်နေမိသည်။

သွေးသစ္စာစာချုပ် ချုပ်ဆိုခြင်းဟူသည် နှုတ်ကတိမျှသာ မဟုတ်ပေ။ ကျိန်ဆိုမှုများ ပြုလုပ်ရန် လိုအပ်သကဲ့သို့ မဟာမိတ် နှစ်ဖက်စလုံး၏ ကံကြမ္မာများမှာလည်း တစ်ခုနှင့်တစ်ခု ဆက်နွှယ်သွားရမည် ဖြစ်သည်။ ထို့ပြင် သွေးသစ္စာစာချုပ် ချုပ်ဆိုစဉ်အတွင်း ကံကြမ္မာ အားနည်းသည့်ဘက်သည် အလိုအလျောက်ပင် ပိုမိုအားကောင်းသော ဘက်သို့ တွယ်ကပ်သွားမည် ဖြစ်၏။

ကံကြမ္မာ အားနည်းသည့်ဘက်သည် အားကောင်းသောဘက်ကို အမှီပြုခြင်းဖြင့် ခွန်အားများ ရရှိလာမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အားကောင်းသောဘက်ကိုလည်း အားဖြည့်ပေးမည် ဖြစ်ရာ နှစ်ဖက်စလုံးမှာ အတူတကွ အကျိုးရှိစွာ ဖွံ့ဖြိုးတိုးတက်လာကြမည် ဖြစ်သည်။

ကျန်းနျန်ရှင်းသည် ခဏမျှ စဉ်းစားပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ လေးနက်စွာ ကျိန်ဆိုလိုက်၏။ "လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အရှေ့ဘက်ဌာနခွဲ ခေါင်းဆောင် ကျန်းနျန်ရှင်းသည် အရှေ့ဘက်ဌာနခွဲကို ကိုယ်စားပြု၍ ဟွာရှာအင်ပါယာနှင့် သွေးသစ္စာစာချုပ် ချုပ်ဆိုကာ လက်အောက်ခံအဖြစ် နေထိုင်ပါမည်ဟု ကျိန်ဆိုအပ်ပါသည်။"

တစ်ချိန်တည်းမှာပင် ဝေဝါးသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး အပြာနုရောင် အလင်းတန်းများ ဖြာထွက်လျက် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးတစ်ခုကို ပြသနေ၏။ ဤသည်မှာ ပင်လယ်ပြင်၏ အဆီအနှစ်များ စိမ့်ထွက်နေသည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အရှေ့ဘက်ဌာနခွဲ၏ တိုင်းပြည်ကံကြမ္မာပင် ဖြစ်သည်။

ကံကြမ္မာဟူသည့် အရာမှာ ကိုင်တွယ်၍ မရနိုင်သော အစိတ္တဇ အရာတစ်ခု ဖြစ်သော်လည်း ပုံရိပ်အဖြစ် ပေါ်ထွက်လာသည့်အခါ ကျန်းနျန်ရှင်းနှင့် ကျန်းချီတို့ပင် မခံစားနိုင်၊ မနားလည်နိုင်လောက်သည့် ဘုန်းတန်ခိုးအရှိန်အဝါများ ကိန်းဝပ်နေ၏။

ကျိန်ဆိုမှု ပြီးဆုံးသွားသည့်အခါ ကျန်းနျန်ရှင်းနှင့် ကျန်းချီတို့မှာ လင်းချန်ဘက်သို့ မသိမသာ လှည့်ကြည့်လိုက်ကြ၏။ လင်းချန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး ကျိန်ဆိုလိုက်သည်။ "ဟွာရှာအင်ပါယာ၏ ဧကရာဇ် လင်းချန်သည် ဟွာရှာအင်ပါယာကို ကိုယ်စားပြု၍ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အရှေ့ဘက်ဌာနခွဲ၏ သစ္စာခံမှုကို လက်ခံကြောင်း သွေးသစ္စာစာချုပ် ပြုလုပ်အပ်ပါသည်။"

လင်းချန်၏ ကျိန်ဆိုမှု ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောက်ပသည့် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ခန်းမကြီးကို ရုတ်တရက် ဖောက်ပွင့်သွားစေ၏။ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု နယ်မြေ၏ အစီအရင်များကို ကျော်လွန်ကာ ပင်လယ်ရေပြင်ပေါ်သို့ ခုန်တက်သွားပြီး ဝေးကွာလှသော အဆုံးမဲ့ ဟင်းလင်းပြင်ဆီသို့ ဦးတည် ပြေးလွှားသွားသည်။

"ဝုန်းးး ဝုန်းးး ဝုန်းးး"

ထိုခဏချင်းမှာပင် သိုင်းဝိညာဉ်တိုက်ကြီးရှိ သတ္တဝါတိုင်းသည် ကောင်းကင်ယံထက်၌ တောက်ပလှသည့် ရွှေရောင်ပုံရိပ်ကြီးတစ်ခုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရ၏။ ထိုအရာမှာ ဧရာမ ဂြိုဟ်ကြီးတစ်လုံးပင်။

တောက်ပသည့် ရွှေရောင်အလင်းတန်းများမှာ ထိုဂြိုဟ်ကြီးကို ဝန်းရံထားသဖြင့် ဂြိုဟ်၏ ရှုခင်းများကို တိုက်ရိုက် ကြည့်ရှုရန်မှာ အလွန်ပင် ခက်ခဲလှ၏။ တိုက်ကြီးပေါ်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များသာလျှင် ထိုဂြိုဟ်၏ မြေမျက်နှာသွင်ပြင်ပေါ်၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော သတ္တဝါများစွာ နေထိုင်နေကြကြောင်း ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

အချိန်အနည်းငယ်ကြာအောင် စိုက်ကြည့်လိုက်ရုံဖြင့် သူတို့၏ မျက်လုံးများအတွင်းမှ သွေးများ ယိုစီးလာသဖြင့် ထိုရွှေရောင်အလင်းတန်းများ၏ နောက်ကွယ်မှ ဂြိုဟ်ကြီး၏ ပုံရိပ်အစစ်အမှန်ကို ဆက်လက် မကြည့်ရဲတော့ဘဲ အကြည့်တို့ကို အမြန် ရုပ်သိမ်းလိုက်ကြရ၏။

ထိုခဏ၌ သိုင်းဝိညာဉ်တိုက်ကြီးရှိ အစွမ်းထက် ပညာရှင်အားလုံးမှာ ကောင်းကင်ကို မော့ကြည့်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။

"ဒါ... ဒါက ကံကြမ္မာ အရှိန်အဝါပဲ။ သွေးသစ္စာစာချုပ် ချုပ်ဆိုမှပဲ ဒီလို ကံကြမ္မာမျိုးက ပေါ်ထွက်လာတာပဲ။ ဘယ်လို ခွန်အားမျိုးမို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါတွေ ရှိနေရတာလဲ။"

"ဒီကံကြမ္မာကို... ပုံရိပ်အစစ်အမှန်ကို မကြည့်နိုင်ပေမဲ့ လူတိုင်းရဲ့ အသိစိတ်ကို လွှမ်းမိုး ဆွဲဆောင်ပြီး ရှင်းရှင်းလင်းလင်း မြင်အောင် လုပ်နိုင်နေတယ်။"

"ဖိအား... ဒီကံကြမ္မာရဲ့ အရှိန်အဝါက အရမ်း အစွမ်းထက်လွန်းလို့ အလွန်အမင်း ပြင်းထန်တဲ့ ဖိအားကို တိုက်ရိုက် ခံစားနေရတယ်။"

တစ်ချိန်တည်းမှာပင် ထိုကြောက်မက်ဖွယ် ကံကြမ္မာအရှိန်အဝါသည် ပြင်းထန်သည့် ဖိအားများနှင့်အတူ သိုင်းဝိညာဉ်တိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံထားရာ တိုက်ကြီးပေါ်ရှိ သတ္တဝါအားလုံးကို အတင်းအဓမ္မ ဒူးထောက်စေပြီး ကြမ်းကြုတ်လှသော သိုင်းဝိညာဉ်သားရဲများမှာပင် မြေပြင်ပေါ်၌ ဝပ်စင်းလျက် တုန်လှုပ်ချောက်ချားနေကြရလေပြီ။

သို့သော်လည်း နေရာအချို့မှာမူ ချွင်းချက်ပင် ဖြစ်၏။ ထိုနေရာများမှာ ကမ်းရိုးတန်းပြည်နယ်၊ မူလပြည်နယ်နှင့် လင်းချန် ရှိနေသည့် ခန်းမဆောင်တို့ပင် ဖြစ်ကြသည်။ ဤသည်မှာ ဟွာရှာအင်ပါယာ၏ အမျိုးသားရေး ကံကြမ္မာပင် ဖြစ်သည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် အရပ်မျက်နှာ အားလုံးမှာ ဦးညွှတ် အလေးပြုကြရလေပြီ။

မူလက ကျန်းနျန်ရှင်းနှင့် ကျန်းချီတို့မှာလည်း အတင်းအဓမ္မ ဒူးထောက်ရန် ဖိအားပေးခြင်း ခံနေရသော်လည်း လင်းချန်၏ အရှိန်အဝါ ပေါ်ထွက်လာပြီး သူတို့ကို လွှမ်းခြုံပေးလိုက်သည့်အခါမှသာ ထိုပြင်းထန်သော ဖိအားများမှ ကင်းလွတ်ခွင့် ရရှိသွားကြ၏။ ဟွာရှာအင်ပါယာ၏ အမျိုးသားရေး ကံကြမ္မာ ပုံရိပ်သည် သိုင်းဝိညာဉ်တိုက်ကြီး၏ ကောင်းကင်ထက်၌ ထင်ရှားစွာ ပေါ်ထွန်းနေသဖြင့် သတ္တဝါအားလုံးမှာ မည်သည့် ဟန့်တားမှု သို့မဟုတ် ဟင်းလင်းပြင် အတားအဆီးမျှ မရှိဘဲ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ပင်လယ်ရေအောက်ရှိ ပင်လယ်မျိုးနွယ်စုများမှာပင် အထက်သို့ မော့ကြည့်လိုက်သည့်အခါ အပေါ်၌ ရေပြင်များ မရှိတော့သကဲ့သို့ ခံစားရပြီး ကောင်းကင်ယံရှိ ဧရာမ ရွှေရောင်ပုံရိပ်ကြီးကို တိုက်ရိုက် မြင်တွေ့နေကြရ၏။ ကျန်းနျန်ရှင်းနှင့် ကျန်းချီတို့မှာလည်း အထက်သို့ မော့ကြည့်လိုက်သောအခါ ခန်းမ၏ မျက်နှာကြက် သို့မဟုတ် ရေပြင်များကို မမြင်ရတော့ဘဲ ဟင်းလင်းပြင်ကို ကျော်လွန်၍ တည်ရှိနေသည့် ဧရာမ ရွှေရောင်ပုံရိပ်ကြီးကို တိုက်ရိုက် မြင်တွေ့နေရသည်။

ထို့ပြင် သူတို့၏ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အရှေ့ဘက်ဌာနခွဲ၏ ကံကြမ္မာပုံရိပ်မှာလည်း ကောင်းကင်သို့ ပျံတက်သွားပြီး အတိုင်းအဆမရှိ ကျယ်ဝန်းလှသည့် ဂြိုဟ်ပုံရိပ်ကြီးဆီသို့ ဦးတည်သွားလေပြီ။

လင်းချန်သည် အထက်မှ ပုံရိပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ "ဟူး... ဟွာရှာအင်ပါယာ တည်ရှိရာ ပုံရိပ်ယောင် ကြယ်တာရာက ဒီလောက်လေးပဲ သေးတာလား။"

ထို့နောက် ကျူးကော့မင်ထံမှ သတင်းစကားကို လက်ခံရရှိလိုက်သည့်အခါမှ သူ သဘောပေါက်သွားသည်။ "ဪ... ဒါက အမျိုးသားရေး ကံကြမ္မာရဲ့ တစ်သောင်းပုံတစ်ပုံပဲ ရှိသေးတာကိုး။ ဒါကြောင့်လည်း ဒီပုံရိပ်က သိုင်းဝိညာဉ်တိုက်ကြီးနီးပါးလောက်ပဲ ရှိနေတာပေါ့။"

"ဗြစ်..."

သူ၏ နောက်ဘက်မှ အသံတစ်ခုကို ကြားလိုက်ရသဖြင့် လင်းချန် လှည့်ကြည့်လိုက်ရာ ကြောင်အမ်းသွားမိ၏။ "ထူးဆန်းလိုက်တာ... ဒီအခန်းထဲက ရေတွေက ဘာလို့ မည်းကုန်တာလဲ။"

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၅၀ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters