အခန်း ၂၅၁
Vol. 26 Ch. 251
အပိုင်း ၂၅၁
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ကမ်းရိုးတန်းပြည်နယ်အတွင်း၌ ယီစင်းသည် ကောင်းကင်ယံကို မော့ကြည့်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်မိ၏။ "ဒါ... ဒါက ချန်လေးရဲ့ ဟွာရှာအင်ပါယာများလား။"
အခြားသူများမှာမူ ထူးဆန်းသည့် ဖြစ်ရပ်၏ အရင်းအမြစ်ကို သိရှိနားလည်နိုင်ခြင်း မရှိကြသော်လည်း ယီစင်းမှာမူ ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်ထွက်လာသော ဧရာမ ဂြိုဟ်ကြီး၏ ပုံရိပ်မှာ လင်းချန်၏ ဟွာရှာအင်ပါယာဖြစ်ကြောင်း သိထားသည်။ ဟွာရှာအင်ပါယာသည် ဂြိုဟ်တစ်လုံးလုံးကို စိုးမိုးထားကြောင်း လင်းချန်က သူမအား ပြောပြဖူးသည့်အတွက် ဖြစ်၏။
ငယ်စဉ်ကပင် လင်းချန်သည် သူမအား ထူးဆန်းသည့် အကြောင်းအရာများစွာ ပြောပြဖူးသည်။ လူသားများ နေထိုင်ရာ ကမ္ဘာမြေကြီးမှာ လုံးဝန်းသော ပုံသဏ္ဌာန်ရှိကြောင်း အပါအဝင် အခြားသော စိတ်ဝင်စားဖွယ်ရာများကိုလည်း ပြောပြဖူး၏။
လက်ရှိအချိန်၌ သူမသည် တောက်ပလှသည့် ရွှေရောင်အလင်းတန်းများ၏ နောက်ကွယ်ရှိ ပုံရိပ်ယောင် ကြယ်တာရာပေါ်မှ တိုက်ကြီး ဆယ့်ရှစ်တိုက်နှင့် ကျယ်ပြောလှသော သမုဒ္ဒရာ ခြောက်စင်းကို လင်းချန် ပြောပြဖူးသည့်အတိုင်း အထင်အရှား မြင်တွေ့နေရလေပြီ။
ခဏမျှ တွေးတောပြီးနောက် ယီစင်းသည် အမှန်တရားကို ရိပ်မိသွားပြီး အံ့ဩလွန်းသဖြင့် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိကာ ရေရွတ်လိုက်၏။ "ဒါက ဟွာရှာအင်ပါယာရဲ့ နိုင်ငံတော် ကံကြမ္မာ အရှိန်အဝါပဲ ဖြစ်ရမယ်။"
အံ့ဩမှုများထက် ယီစင်းသည် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း ချန်လေး၏ ဟွာရှာအင်ပါယာကို သူမ မည်သည့်အချိန်၌ သွားရောက်လည်ပတ်ခွင့်ရမည်ကို တွေးတောနေမိသည်။
သိပ်မကြာမီမှာပင် ကောင်းကင်ယံရှိ ထူးခြားသည့် ဖြစ်ရပ်များမှာ ပျောက်ကွယ်သွားပြီး ယီစင်းလည်း အကြည့်တို့ကို ပြန်လည်ရုပ်သိမ်းကာ သူမ၏ ရှေ့မှောက်ရှိ နည်းဗျူဟာမှန်ပြင်ထံသို့ အာရုံပြန်ပို့လိုက်၏။
သူမသည် ပုံမှန်ကျင့်ကြံခြင်းအပြင် လက်ရှိအချိန်၌ ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံး၏ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်သူ ဖြစ်လာရာ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များစွာ ရှိနေသည်။ ထိုအရေးကိစ္စများစွာ၌ သူမ၏ ဆရာဖြစ်သူ ကျူးကော့မင်က သူမအား ကိုယ်တိုင် ဆုံးဖြတ်ချက် ချခွင့်ပေးထား၏။
ယီစင်းသည် လင်းချန် ပြန်လာသည့်အခါ ယခင်နှင့် မတူညီဘဲ တိုးတက်ပြောင်းလဲနေသည့် ကမ်းရိုးတန်းပြည်နယ်ကြီးကို အံ့အားသင့်ဖွယ် လက်ဆောင်အဖြစ် ပြသနိုင်ရန် ဆုံးဖြတ်ချက် ချထားသည်။
တစ်ဖက်၌မူ လင်းချန်သည် သန့်ရှင်းစင်ကြယ်သည့် အခန်းသစ်တစ်ခုသို့ ပြောင်းရွှေ့ပြီး ဖြစ်၏။ သူ၏ ရှေ့မှောက်ရှိ ကျန်းနျန်ရှင်းနှင့် ကျန်းချီတို့မှာမူ လင်းချန်အား ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာများဖြင့် ကြည့်နေကြဆဲပင်။ ထို့ကြောင့် လင်းချန်က မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ခေါင်းဆောင်ကြီး ကျန်း... ကျုပ်က အဲဒီလောက်တောင် ကြောက်ဖို့ကောင်းနေလို့လား။ ဒီရက်ပိုင်းအတွင်း ကျုပ်တို့တွေ အတူတူ ဖြတ်သန်းလာကြတာပဲ။ ကျုပ်က ဘယ်လိုလူလဲဆိုတာ ခင်ဗျားတို့ မသိသေးဘူးလား။"
ကျန်းနျန်ရှင်းနှင့် ကျန်းချီတို့မှာ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများအတွင်းမှ အဓိပ္ပာယ်ကို အပြန်အလှန် နားလည်လိုက်ကြ၏။ လင်းချန်သည် စိတ်ထားကောင်းမွန်သူဖြစ်ကြောင်း သူတို့ သိထားကြသဖြင့်သာ ကျန်းနျန်ရှင်းအနေဖြင့် သွေးသစ္စာစာချုပ် ချုပ်ဆိုရန်အထိ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လင်းချန်နှင့် ဆက်နွှယ်နေသည့် ဟွာရှာအင်ပါယာ၏ အရှိန်အဝါမှာ ထင်မှတ်ထားမှုများထက် များစွာ ကျော်လွန်နေလိမ့်မည်ဟု ကျန်းနျန်ရှင်း လုံးဝ ထင်မှတ်မထားပေ။
သူတို့၏ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အရှေ့ဘက်ဌာနခွဲ၏ ကံကြမ္မာမှာ အိမ်တစ်လုံးစာမျှသာ ပုံရိပ်ရှိသော်လည်း ဟွာရှာအင်ပါယာ၏ နိုင်ငံတော် ကံကြမ္မာမှာမူ တစ်သောင်းပုံ တစ်ပုံမှာပင် သိုင်းဝိညာဉ်တိုက်ကြီးနီးပါးမျှ ကြီးမားနေခြင်းက ကျီစယ်စရာ မဟုတ်ပေ။ ဟွာရှာအင်ပါယာ၏ နိုင်ငံတော် ကံကြမ္မာမှာ ဤမျှအထိ အစွမ်းထက်နေသည်ဟူသည့် အတွေးက ကျန်းနျန်ရှင်းနှင့် ကျန်းချီတို့အား ထိတ်လန့်တုန်လှုပ်စေ၏။
လက်ရှိအချိန်၌ ဟွာရှာအင်ပါယာ၏ ခွန်အားမှာ အလွန်တရာ မကြီးမားသေးဟု ထင်ရစေကာမူ ဤမျှ အစွမ်းထက်လှသည့် ကံကြမ္မာ အရှိန်အဝါ ရှိနေပြီဖြစ်ရာ သူတို့၏ အနာဂတ် လုပ်ငန်းဆောင်တာများ၌ မည်သည့် အဟန့်အတားမျှ ရှိလိမ့်မည် မဟုတ်ကြောင်း သိသာလှသည်။ မိမိ သွေးသစ္စာစာချုပ် ချုပ်ဆိုခဲ့သော ပုဂ္ဂိုလ်မှာ ဤမျှအထိ ကြီးမားသည့် အလားအလာများ ရှိနေသည်ဟု တွေးတောမိကာ ကျန်းနျန်ရှင်းမှာ စိတ်လှုပ်ရှားသကဲ့သို့ ကြောက်ရွံ့နေမိခြင်းပင် ဖြစ်၏။
ကျန်းနျန်ရှင်းအနေဖြင့် တစ်ချက်ကို သတိမမူမိပေ။ ဟွာရှာအင်ပါယာ၌ ဤမျှအထိ အစွမ်းထက်သည့် ကံကြမ္မာ အရှိန်အဝါ ရှိနေခြင်းမှာ အလားအလာကောင်းရုံသက်သက်ကြောင့် မဟုတ်ပေ။ အမှန်တကယ်၌မူ ဟွာရှာအင်ပါယာ၏ မူလခွန်အားမှာပင် အလွန်တရာ တောင့်တင်းခိုင်မာပြီးသား ဖြစ်သော်လည်း လင်းချန်၏ ကိုယ်ပိုင်ခွန်အား အကန့်အသတ်ကြောင့်သာ ထိုစွမ်းအားအစစ်အမှန်ကို အပြည့်အဝ ထုတ်မသုံးနိုင်သေးခြင်း ဖြစ်သည်။
လင်းချန်က ထရပ်လိုက်၏။ "ခင်ဗျားတို့နှစ်ယောက် စိတ်ကို ပြန်လည်စုစည်းဖို့ ရက်အနည်းငယ်လောက် လိုမယ်ထင်တယ်။ ဆယ်ရက်ကြာလို့ မျိုးနွယ်စု အစည်းအဝေး စတင်တော့မှ ကျုပ်ကို လာခေါ်ကြပါ။"
သူ မထွက်ခွာမီ ကျန်းချီအား ကျင့်စဉ်ကို သေချာ ဂရုတစိုက် ကျင့်ကြံရန်နှင့် ဆေးရည်များကိုလည်း အကျိုးရှိရှိ အသုံးပြုကာ ခွန်အားကို အစွမ်းကုန် မြှင့်တင်ထားရန် မှာကြားခဲ့သည်။
ထို့နောက် လင်းချန်သည် အခန်းထဲမှ ထွက်ခွာပြီး ကျန်းနျန်ရှင်း စီစဉ်ပေးထားသည့် ဂေဟာရှိ သူ၏ နေအိမ်သို့ ပြန်လာခဲ့၏။ သူသည် ပညာရှင်တစ်ဦးကို ခေါ်ယူ၍ သူ၏ ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်စေသည်။ ကျန်ရှိနေသည့် ဆယ်ရက်အတွင်းမှာလည်း လင်းချန်သည် အပျင်းမကြီးပေ။
သူသည် ခန္ဓာကိုယ်ကို သန့်စင်ခြင်းနှင့် ဒန်ထျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများကို မြှင့်တင်ခြင်းတို့ဖြင့် ပြင်းထန်စွာ ကျင့်ကြံနေ၏။ သူသည် တိုက်ပွဲအတွင်း၌ စိတ်ဝိညာဉ်စွမ်းအားများကို လှုံ့ဆော်၍ နယ်ပယ်အဆင့်ကို ဖောက်ထွက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
လင်းချန်အနေဖြင့် ဟွာရှာအင်ပါယာအတွင်း၌ သူ၏ လက်အောက်ငယ်သားများက သူ့အား လက်ဖျားနှင့်ပင် မထိရဲကြသည့်အတွက် ထိုနေရာ၌ တိုက်ပွဲဝင်ရန် မကြိုးစားခြင်း ဖြစ်၏။ ကျန်းချီကိုယ်တိုင်လည်း ဤဆယ်ရက်အတွင်း တံခါးပိတ် ကျင့်ကြံအားထုတ်နေရမည် ဖြစ်သောကြောင့် ဤနည်းလမ်းကို မျိုးနွယ်စု အစည်းအဝေးပွဲအတွင်း၌သာ အသုံးပြုရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။
ဆယ်ရက်တာ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားလေပြီ။ ဤကာလအတွင်း လင်းချန်သည် သူ၏ ကျင့်ကြံမှုကို အခိုင်အမာ တည်ဆောက်ပြီး ဒန်ထျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများကို တည်ငြိမ်အောင် ပြုလုပ်သည်။ ဟွာရှာအင်ပါယာဘက်မှလည်း သဘာဝစွမ်းအင်များ ထည့်သွင်းပေးခြင်းကို ရပ်တန့်ထားကာ အစွမ်းကုန် ပြင်ဆင်ထားကြ၏။
လင်းချန်သည် ရှေ့ဆောင်ခန်းမသို့ လျှောက်လှမ်းလာစဉ် သူ့အား လာရောက်ခေါ်ယူသည့် ကျန်းချီနှင့် ဆုံတွေ့လိုက်ရသဖြင့် အတူတူ ထွက်လာကြသည်။ လမ်းခရီး၌ စကားပြောဆိုရာတွင် ကျန်းချီ၏ စိတ်အခြေအနေမှာ ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်နေပြီ ဖြစ်သော်လည်း လင်းချန်ကို ကြည့်နေသော သူ၏ မျက်ဝန်းများအတွင်း၌မူ ပိုမိုလေးစားသည့် အရိပ်အယောင်များ ကိန်းဝပ်နေ၏။
ရှေ့ဆောင်ခန်းမသို့ ရောက်သည့်အခါ ယခုအကြိမ် အစည်းအဝေးသို့ လိုက်ပါမည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အရှေ့ဘက်ဌာနခွဲမှ အဖွဲ့ဝင်များ အားလုံး စုံလင်စွာ ရှိနေကြပြီ ဖြစ်သည်။ ထိုသူတို့ထဲ၌ ခေါင်းဆောင်ကြီး ကျန်းနျန်ရှင်း၊ အစည်းအဝေးပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ကျန်းချီ၊ သူ၏ဖခင်၊ ဒုတိယအကြီးအကဲနှင့် မျိုးနွယ်စု အရာရှိအချို့ ပါဝင်ကြ၏။
အဖွဲ့စုံလင်သွားသည့်အခါ လင်းချန်သည် ကျန်းနျန်ရှင်းတို့နှင့်အတူ ဂေဟာမှ ထွက်ခွာပြီး သူတော်စင်မြို့တော်၏ ဗဟိုချက်မဆီသို့ ဦးတည်ထွက်ခွာကြသည်။
မှန်ပေသည်... သူတို့သည် လမ်းလျှောက်၍ သွားကြခြင်း ဖြစ်၏။ ပင်လယ်မျိုးနွယ်စုများသည် ရေအောက်၌ ရေ၏ ပင့်အားကို လျစ်လျူရှု၍ ပင်လယ်ကြမ်းပြင်ထက်၌ လမ်းလျှောက်နိုင်ကြသည်။ ဤစွမ်းရည်ကို လင်းချန်အနေဖြင့် စိတ်ဝိညာဉ်စွမ်းအားကို သုံး၍ လုပ်ဆောင်နိုင်သော်လည်း ပင်လယ်မျိုးနွယ်စုများမှာမူ သူတို့၏ မွေးရာပါ ပါရမီဖြင့်ပင် လုပ်ဆောင်နိုင်ကြခြင်း ဖြစ်၏။
လင်းချန်နှင့် အဖွဲ့သားများသည် သူတော်စင်မြို့တော်ရှိ ရေအောက်လမ်းမများထက်၌ လျှောက်လှမ်းရင်း ဗဟိုချက်မနေရာသို့ တဖြည်းဖြည်း နီးကပ်လာကြသည်။ သိပ်မကြာမီမှာပင် ဦးဆောင်လာသည့် ကျန်းနျန်ရှင်းသည် ရပ်တန့်လိုက်၏။ သူတို့၏ ရှေ့မှောက်၌ တင်းကြပ်စွာ စောင့်ကြပ်ထားသော ခမ်းနားထည်ဝါလှသည့် ခန်းမဆောင်ကြီးတစ်ခု ရှိနေသည်။
သူတော်စင်မြို့တော်အတွင်းသို့ ဝင်ရောက်စဉ်ကကဲ့သို့ပင် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးနောက် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အစောင့်အကြပ်များသည် ကျန်းနျန်ရှင်းနှင့် အဖွဲ့သားများကို အတွင်းသို့ ဝင်ခွင့်ပြုလိုက်ကြ၏။ ကျယ်ပြောလှသည့် ခန်းမဆောင်အတွင်းသို့ ရောက်သောအခါ ဗဟိုချက်မနေရာ၌မူ လည်ပတ်နေသော ထူးဆန်းသည့် ဟင်းလင်းပြင်တံခါးတစ်ခု ရှိနေသည်။
ကျန်းနျန်ရှင်းက ယခင်ကတည်းက ပြောပြဖူးသည်မှာ... လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ မျိုးနွယ်စု အစည်းအဝေးများကို သူတို့ ထိန်းချုပ်ထားသည့် ကမ္ဘာဦးနယ်မြေငယ်အတွင်း၌သာ ကျင်းပလေ့ရှိကြောင်း သိရ၏။ ထို့ကြောင့် သူတို့၏ ရှေ့မှောက်ရှိ ဟင်းလင်းပြင်တံခါးမှာ ထိုနယ်မြေငယ်သို့ သွားရာ လမ်းစပင် ဖြစ်သည်။
ထို့နောက်၌ လင်းချန်သည် ကျန်းနျန်ရှင်း၏ နောက်မှလိုက်၍ ဟင်းလင်းပြင်တံခါးအတွင်းသို့ ဝင်ရောက်ရာ ခေါင်းမူးနောက်သွားသည့် ခံစားချက်နှင့်အတူ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု ထိန်းချုပ်ထားသော ကမ္ဘာဦးနယ်မြေငယ်အတွင်းသို့ ဆိုက်ရောက်သွား၏။
ခဏချင်းမှာပင် မြင်ကွင်းမှာ ပြောင်းလဲသွားလေပြီ။ လင်းချန်နှင့် အဖွဲ့သားများသည် မှောင်မည်းနေသည့် ပင်လယ်ကြမ်းပြင်မှ ထွက်ခွာပြီး နေရောင်ခြည် တောက်ပနေသော ပင်လယ်ပြင်ထက်သို့ ရောက်ရှိလာကြသည်။
လက်ရှိအချိန်၌ လင်းချန်နှင့် အဖွဲ့သားများသည် ကျွန်းငယ်လေး တစ်ကျွန်းပေါ်၌ ရပ်နေကြခြင်း ဖြစ်ပြီး သူတို့၏ နောက်ဘက်၌မူ ကမ္ဘာကြီးနှစ်ခုကို ဆက်သွယ်ထားသည့် ဟင်းလင်းပြင်တံခါးမှာ ရှိနေ၏။ ဝေးကွာလှသည့် အရပ်မျက်နှာများကို ကြည့်လိုက်သည့်အခါ အဆုံးမရှိသော ပင်လယ်ပြင်ကြီးကိုသာ မြင်တွေ့ရပြီး မည်သည့် ကုန်းမြေကိုမျှ မြင်တွေ့ရခြင်း မရှိပေ။
ကျန်းနျန်ရှင်းက အကျဉ်းချုံး ရှင်းပြကာ ရေထဲသို့ ဦးစွာ ခုန်ဆင်းသွား၏။ "အရှင်မင်းကြီး လင်းချန်... သွားကြရအောင်။"
လင်းချန်သည် ရေအောက်အသက်ရှူ စိတ်ဝိညာဉ်ပစ္စည်းကို တပ်ဆင်လိုက်ပြီး ဤကမ္ဘာဦးနယ်မြေငယ်၌လည်း ရေများသာ ရှိပုံရသည်ဟု ရေရွတ်ရင်း အောက်ဘက်ရှိ ရေပြင်အတွင်းသို့ ခုန်ဆင်းလိုက်ရာ ရေမှုန်ရေမွှားများမှာ တဖွားဖွား လွင့်စင်သွားကြသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၅၁ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။