← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အပိုင်း ၂၅၂

ဘာသာပြန် - Ko

True Immortal Team

လင်းချန်သည် ရေထဲသို့ ခုန်ဆင်းလိုက်ပြီးနောက် ကျန်းနျန်ရှင်း၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလျက် ရေအောက်အနက်ပိုင်းသို့ ဆင်းသက်လာ၏။

သို့ရာတွင် လက်ရှိ မျိုးနွယ်စုအစည်းအဝေး ကျင်းပမည့် နေရာမှာ ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ မြို့တော်ကဲ့သို့ ရေအောက်အလွန်နက်သည့် နေရာ၌ မဟုတ်ချေ။ ရေမျက်နှာပြင်အောက် ကိုက်အနည်းငယ်ခန့်၌သာ တည်ရှိ၏။

ရေထဲသို့ စတင်ဝင်ရောက်လိုက်သည်နှင့် လင်းချန်သည် အဝေးတစ်နေရာရှိ ဧရာမသန္တာကျွန်းကြီးအား ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ ထိုကျွန်းထက်၌ အဆောက်အအုံ အမျိုးမျိုးနှင့် လှုပ်ရှားသွားလာနေကြသည့် လူရိပ်လူယောင်များဖြင့် စည်ကားလျက်ရှိသည်။

သန္တာကျွန်းပေါ်ရှိ အဆောက်အအုံများသည် နေထိုင်ရန်အတွက် ရည်ရွယ်ထားခြင်း မဟုတ်သဖြင့် ပင်လယ်ပြာသလင်းကျောက်များဖြင့် တည်ဆောက်ထားခြင်း မရှိပေ။ ထိုအစား ပင်လယ်အလင်းကျောက်များနှင့် ပေါင်းစပ်ထားသည့် အပြာရောင်ရွှေများဖြင့်သာ တည်ဆောက်ထား၏။

အပြာရောင်ရွှေဟူသည်မှာ ပင်လယ်ကြမ်းပြင်၌ တွေ့ရှိရသော အလွန်တရာ မာကျောသည့် သတ္တုတစ်မျိုး ဖြစ်သည်။ ထိုသတ္တုဖြင့် တည်ဆောက်ထားသည့် စင်မြင့်များကို အစီအရင်များဖြင့် အားဖြည့်ထားသဖြင့် အလွယ်တကူ ပျက်စီးသွားရန် မဖြစ်နိုင်ချေ။

ထို့အပြင် ပင်လယ်အလင်းကျောက်များသည် ပင်လယ်ပြာသလင်းကျောက်များထက် ပိုမိုတောက်ပသည့် အလင်းရောင်ကို ထုတ်လွှတ်ပေးနိုင်၏။ ရေအောက်သို့ ထိုးဖောက်ဝင်ရောက်လာသော ပြင်းထန်သည့် နေရောင်ခြည်နှင့် ပေါင်းစပ်လိုက်သည့်အခါ သန္တာကျွန်းတစ်ခုလုံးသည် ကုန်းမြေထက်ပင် ပိုမိုတောက်ပနေ၏။

လင်းချန်သည် ထိုသန္တာကျွန်းကြီးဆီသို့ ကူးခတ်သွားစဉ် ကျွန်း၏ တည်ဆောက်ပုံကိုလည်း အကဲခတ်ကြည့်ရှုလိုက်၏။

သန္တာကျွန်း၏ အစွန်အဖျားတစ်ဝိုက်၌ စက်ဝိုင်းပုံစံ လမ်းမကြီးတစ်ခု ရှိနေပြီး ထိုလမ်းတစ်လျှောက်၌ ယာယီတည်းခိုရန်အတွက် အပြာရောင်ရွှေနှင့် ပင်လယ်အလင်းကျောက်များဖြင့် ပြုလုပ်ထားသည့် အိမ်အလုံးငယ်များစွာ စီတန်းလျက် တည်ရှိနေသည်။

ထိုစက်ဝိုင်းပုံ တည်ဆောက်မှု၏ အလယ်ဗဟိုတည့်တည့်၌မူ အလွန်ကျယ်ဝန်းသည့် စင်မြင့်ကြီးတစ်ခု ရှိနေ၏။ ထိုစင်မြင့်၏ အကျယ်အဝန်းမှာ ကမ်းရိုးတန်းပြည်နယ်ရှိ ဘာရှန်းမြို့ငယ်လေးမျှပင် ရှိပေလိမ့်မည်။

ပြန်လည်စဉ်းစားကြည့်လျှင် ဤမျှကြီးမားသည့် စင်မြင့်သည် သင့်လျော်လှသည်။ အဘယ်ကြောင့်ဆိုသော် မျိုးနွယ်စုအစည်းအဝေးသို့ တက်ရောက်လာကြသည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်များနှင့် လူသားမဟာမိတ်များမှာ အနည်းဆုံး ကောင်းကင်နယ်ပယ်အဆင့်ရှိသူများ ဖြစ်ကြပြီး ထူးကဲသည့် တိုက်ခိုက်ရေးစွမ်းရည်များကို ပိုင်ဆိုင်ထားကြသောကြောင့် ဖြစ်၏။

အကယ်၍ စင်မြင့်ကသာ အလွန်သေးငယ်နေပါက သူတို့၏ စွမ်းဆောင်ရည်များကို အပြည့်အဝ ထုတ်ဖော်နိုင်မည် မဟုတ်သကဲ့သို့ ကောင်းမွန်သည့် ယှဉ်ပြိုင်မှုတစ်ခုလည်း ဖြစ်လာနိုင်မည် မဟုတ်ပေ။ ဤကဲ့သို့ ကျယ်ဝန်းသည့် စင်မြင့်ကြီးကြောင့်သာလျှင် အဟန့်အတားမရှိဘဲ မိမိတို့၏ စွမ်းရည်များကို စိတ်ကြိုက်ပြသနိုင်မည် ဖြစ်၏။

သန္တာကျွန်းသို့ ရောက်ရှိလာသည့်အခါ၌ တာဝန်ကျသည့် မျိုးနွယ်စုဝင်များက သူတို့အား ယာယီတည်းခိုမည့်နေရာသို့ လမ်းညွှန်ပို့ဆောင်ပေးကြ၏။

တာဝန်ကျသူတစ်ဦးက ရှင်းပြသည်။

"အရှေ့ပိုင်းဌာနခွဲ ခေါင်းဆောင်... မျိုးနွယ်စုအစည်းအဝေး စည်းကမ်းတွေကို ခင်ဗျား သိပြီးလောက်ပါပြီ။ ဒီနှစ် ထူးခြားချက်က လူသားမဟာမိတ်တစ်ဦးရဲ့ အကူအညီကို ခွင့်ပြုထားတာပါပဲ။ အရှေ့ပိုင်းဌာနခွဲအတွက် နေရာငါးနေရာ ရထားပါတယ်။ အစည်းအဝေးကို မွန်းတည့်ချိန်မှာ စတင်ပြီး ပွဲစဉ်တွေကို မဲနှိုက်ရွေးချယ်သွားမှာပါ။ ဒါကြောင့် အတည်ပြုစာရင်းတွေ ပေးပါ"

ကျန်းနျန်ရှင်းသည် အရှေ့ပိုင်းဌာနခွဲ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဤလုပ်ငန်းစဉ်များကို အလွန်အကျွမ်းတဝင်ရှိနေပြီ ဖြစ်ရာ အမှတ်အသားတစ်ခုကို ထုတ်ယူ၍ ပေးအပ်လိုက်သည်။

ထိုသူသည် အမှတ်အသားကို ယူဆောင်ကာ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည့်အခါ နာမည်ခြောက်ခု ချက်ချင်း ထွက်ပေါ်လာ၏။ ထိုနာမည်များထဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အရှေ့ပိုင်းဌာနခွဲဝင် ငါးဦး၏ အမည်များနှင့်အတူ ကျန်တစ်ဦးမှာ လင်းချန် ဖြစ်သည်။

အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက် ထိုသူသည် ကျန်းနျန်ရှင်းအား နှုတ်ဆက်ကာ အိမ်တော်မှ ထွက်ခွာသွား၏။ ဧည့်သည် ထွက်ခွာသွားပြီးနောက် လင်းချန်နှင့် အခြားသူများသည် ရှေ့ဘက်ခြံဝင်းအတွင်း၌ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုရင်း အစည်းအဝေးစတင်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

လင်းချန်က ကျန်းနျန်ရှင်း၏ ဘေး၌ ရပ်နေရင်း လှည့်ကြည့်လိုက်သည်။

"ခင်ဗျားတို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု အစည်းအဝေးက စင်မြင့်ပေါ်မှာ တစ်ဦးချင်း ယှဉ်ပြိုင်ရတာလား"

ခရီးစဉ်တစ်လျှောက်လုံး၌ လင်းချန်သည် ကျင့်ကြံခြင်းအပေါ်၌သာ အာရုံစိုက်ထားခဲ့သဖြင့် ကျန်းနျန်ရှင်းနှင့် စကားပြောဖြစ်သည်မှာ အလွန်နည်းပါးခဲ့ရာ ဤအစည်းအဝေး၏ အသေးစိတ်အချက်အလက်များကို အပြည့်အဝ နားမလည်သေးပေ။

ကျန်းနျန်ရှင်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ အစည်းအဝေးရဲ့ အဓိကအချက်က စင်မြင့်ပေါ် တစ်ဦးချင်း ရင်ဆိုင်ရတာပဲ။ ဒါပေမဲ့ တခြား သတ်မှတ်လုပ်ငန်းစဉ်တွေနဲ့ အထူးတာဝန်တစ်ခုလည်း ရှိသေးတယ်"

လင်းချန်က မျက်ခုံးပင့်လိုက်သည်။

"အို... အဓိကလုပ်ငန်းစဉ်တွေနဲ့ အထူးတာဝန် ဟုတ်လား"

ကျန်းနျန်ရှင်းက လက်ကိုဝှေ့ယမ်းပြသည်။

"ဟုတ်တယ်။ နေရာစာရင်းတွေ တင်ပြပြီးရင် မွန်းတည့်ချိန်မှာ မဲနှိုက်ပြီး စိန်ခေါ်မှုတွေ စမယ်။ တစ်ဦးချင်း ယှဉ်ပြိုင်ပွဲတွေက စိတ်လှုပ်ရှားစရာအကောင်းဆုံး အပိုင်းပဲ။ အဲဒီနောက် အဓိက လုပ်ငန်းစဉ်ကြီး သုံးရပ် လာလိမ့်မယ်။ အဲဒီသုံးရပ်က ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းနဲ့ အစီအရင် ပြိုင်ပွဲတွေပဲ။ နောက်ဆုံး အထူးတာဝန်က ပါဝင်ယှဉ်ပြိုင်တဲ့ မျိုးနွယ်စုဝင် နှစ်ဦး၊ လူသားမဟာမိတ် အပါအဝင် အဖွဲ့လိုက် နှစ်ဦးချင်း ယှဉ်ပြိုင်ရမယ့် ပုံစံပဲ။"

"ဘာလို့လဲဆိုတော့ မျိုးနွယ်စုအစည်းအဝေး ပြီးတာနဲ့ ကျွန်တော်တို့ ရှေးဟောင်းလူသား အမွေအနှစ်နယ်မြေကို ဝင်ရမှာပါ။ အဲဒီအချိန် ပင်လယ်မျိုးနွယ်စုနဲ့ လူသားတွေ အတူဝင်ရမှာမလို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုက အရမ်းအရေးကြီးတယ်။ ဒါကြောင့် မတိုင်ခင် ကြိုတင် စမ်းသပ်ကြည့်တာပါ"

သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းချန်သည် နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

ထိုစဉ် ကျန်းနျန်ရှင်းက ရုတ်တရက် စိတ်လှုပ်ရှားစွာ ပြောလာသည်။

"အရှင်မင်းကြီးလင်း... ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခု ရှိနေတယ်။ အဲဒါက..."

သူသည် စကားကို ဆက်မပြောဘဲ တုံ့ဆိုင်းနေ၏။

လင်းချန်က ပြုံးလိုက်သည်။

"တစ်ခုခုရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ ဌာနခွဲခေါင်းဆောင်ကျန်း။ ကျုပ် ကူညီနိုင်တာဆိုရင် ကူညီပေးပါ့မယ်"

ကျန်းနျန်ရှင်းက ရယ်မောလိုက်သည်။

"ဟားဟား... အရှင်မင်းကြီးလင်းက တကယ့်ကို သဘောထားကြီးတာပဲ။ အရှင်မင်းကြီး နည်းနည်းလောက် ပိုပြီး အားစိုက်ပေးလို့ ရမလား။ ကျွန်တော်တို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုကိုယ်စား ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းနဲ့ အစီအရင်ပြိုင်ပွဲတွေမှာပါ ဝင်ယှဉ်ပြိုင်ပေးစေချင်လို့ပါ"

ကျန်းနျန်ရှင်း၏ စကားကို ကြားလိုက်ရသည့်ခဏ၌ လင်းချန်၏ အပြုံးများ အေးခဲသွားပြီး အံ့အားသင့်စွာဖြင့် ဘာမျှပင် ပြန်မပြောနိုင်တော့ပေ။

သို့သော် ကျန်းနျန်ရှင်းမှာမူ လင်းချန်၏ မျက်နှာအမူအရာကို သတိမထားမိဘဲ အဆက်မပြတ် ချီးမွမ်းခန်းဖွင့်နေသည်။

"အရှင်မင်းကြီးလင်းရဲ့ အံ့မခန်း ပါရမီနဲ့ ခွန်အားတွေအရ ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းနဲ့ အစီအရင်ပညာရပ်တွေကို အလွယ်တကူ ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော် ယုံတယ်။"

"ကျွန်တော် မြှောက်ပင့်ပြောနေတာ မဟုတ်ဘူး။ အရှင့် ပါရမီက တကယ့်ကို ကြောက်ခမန်းလိလိပဲ။ အရှင်သာ ကူညီပေးရင် အရှေ့ပိုင်းဌာနခွဲဟာ ဒီလုပ်ငန်းစဉ် သုံးခုလုံးမှာ ထိပ်ဆုံးကနေ အောင်ပွဲခံနိုင်မှာ သေချာတယ်"

ဤစကားများသည် ကျန်းချီနှင့် အခြားသော လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်များ၏ အာရုံကို ဆွဲဆောင်သွားပြီး အားလုံးက အနားသို့ တိုးကပ်လာကာ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။

"နေကြပါဦး"

ထိုချီးကျူးစကားများကြား၌ လင်းချန်သည် အကျပ်ရိုက်သွားကာ ရုတ်တရက် ဟန့်တားလိုက်သဖြင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ အားလုံးက စကားစဖြတ်၍ သူ့အား ကြည့်လာကြသည့်အခါ သူက သက်ပြင်းချလိုက်သည်။

"ကျုပ်က... ဆေးလည်း မဖော်တတ်ဘူး၊ လက်နက်လည်း မသွန်းလုပ်တတ်ဘူး... အစီအရင်တွေနဲ့ ပတ်သက်ရင်လည်း ဘာမှကို နားမလည်တာပါ"

"မဖြစ်နိုင်တာ"

လင်းချန်၏ စကားကို ကြားလိုက်ရသည့်အခါ လူတိုင်းက မယုံကြည်နိုင်သလို ရေရွတ်လိုက်ကြပြီး သူတို့ နားကြားမှားသည်ဟုပင် ထင်မှတ်သွားကြ၏။

"အမှန်အတိုင်း ပြောရရင်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် လူအများကြီးကို စိတ်ပျက်အောင် လုပ်ခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ ကျုပ် ဆေးဖော်ဖို့ ကြိုးစားတိုင်း ဆေးပေါင်းအိုးက ပေါက်ကွဲတတ်လို့ပဲ။ လက်နက်သွန်းလုပ်ရင်လည်း မီးဖိုက ပေါက်ကွဲတယ်... အစီအရင်တစ်ခု တည်ဆောက်ဖို့ လုပ်လိုက်ရင်လည်း ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်လာတတ်လို့ပါ။"

"ဒါကြောင့် ကျုပ် အဖော်တွေက ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းနဲ့ အစီအရင်ပညာရပ်တွေကို လုံးဝမလုပ်ဖို့ တားမြစ်ထားကြတာ"

ထို့နောက် လင်းချန်သည် အပြစ်ကင်းစင်သည့် မျက်နှာပေးဖြင့် လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်လိုက်သည်။

"အဲဒီ တာဝန်သုံးခုအတွက်တော့ ကျုပ် တကယ် မကူညီနိုင်လို့ စိတ်မကောင်းပါဘူးဗျာ။ ကျုပ်သာ ဝင်ပြိုင်ရင် တခြားပြိုင်ပွဲဝင်တွေကို နေရာမှာတင် သတ်ပစ်လိုက်သလို ဖြစ်သွားမှာ စိုးရိမ်လို့ပါ"

ကျန်းနျန်ရှင်းနှင့် အခြားသူများသည် အရာရာတိုင်းမှာ ပြိုင်ဘက်ကင်းမည်ဟု သူတို့ ထင်မှတ်ထားသည့် လင်းချန်အား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြမိသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၅၂ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters