← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အပိုင်း ၂၅၃

ဘာသာပြန် - Ko Yoohtoo

True Immortal Team

သူတို့အနေဖြင့် ဤသို့သော အခြေအနေမျိုးကို လုံးဝ မျှော်လင့်မထားကြချေ။ ခေတ္တမျှ ကြာပြီးနောက်၌မူ အစီအရင်များ တည်ဆောက်နေစဉ် ဆက်တိုက် ပေါက်ကွဲနေမည့် ရယ်စရာကောင်းလှသည့် ပုံရိပ်အား အသီးသီး မြင်ယောင်ကြည့်ရင်း လူအုပ်ကြီးမှာ တဝါးဝါး ရယ်မောမိကြသည်။

ကျန်းနျန်ရှင်းက လက်ကာပြရင်း ရယ်ရယ်မောမောဖြင့် အလျှော့ပေးလိုက်၏။

"ဒါဆိုလည်း ဒီကိစ္စကို ထားလိုက်ကြတာပေါ့ဗျာ။ အရှင်မင်းကြီးလင်းမှာလည်း အားနည်းချက် တချို့တော့ ရှိမှာပေါ့လေ..."

ရယ်သံများ ပျံ့လွင့်နေစဉ်အတွင်းမှာပင် မွန်းတည့်အချိန်သို့ နီးကပ်လာလေပြီ။ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ မျိုးနွယ်စုအစည်းအဝေးကြီးမှာလည်း တဖြည်းဖြည်း ဆိုက်ရောက်လာပြီ ဖြစ်၏။

လင်းချန်သည် ကမ်းရိုးတန်းပြည်နယ်၏ အပြင်ဘက်၌ သူ၏ စွမ်းအားများအား ထုတ်ဖော်ပြသရန် အဆင်သင့် ဖြစ်၏။

မွန်းတည့်အချိန်သို့ ဆိုက်ရောက်လာသည့်အခါ လင်းချန်နှင့် သူ၏အဖော်များသည် တည်းခိုရာအိမ်တော်မှ ထွက်ခွာလာကြ၏။ ပြိုင်ပွဲကျင်းပရာ စင်မြင့်တည်ရှိရာနေရာသို့ ဦးတည်လာကြသည်။

စင်မြင့်၏ ပတ်လည်၌ ကြည့်ရှုသူများအတွက် စောင့်ကြည့်ရေးစင်မြင့်များအား ကြိုတင်ပြင်ဆင်ထားရှိ၏။ ပြိုင်ပွဲအတွင်း မည်သည့်အရပ်မျက်နှာမှမဆို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ထိုစောင့်ကြည့်ရေးစင်မြင့်ဟူသည်မှာ ပင်လယ်ရေထဲ၌ လွင့်မျောနေသည့် ဧရာမ ကနုကမာခွံကြီးများပင် ဖြစ်၏။ ထိုကနုကမာခွံကြီးများ၏ အတွင်း၌ ထိုင်ခုံများအပြင် အမျိုးမျိုးသော စားဖွယ်စုံနှင့် သစ်သီးဝလံများအားလည်း ခင်းကျင်းထားရှိသည်။

ထိုခဏ၌ လင်းချန်နှင့် သူ၏အဖော်များသည် ထိုစောင့်ကြည့်ရေးစင်မြင့်တစ်ခုပေါ်ရှိ ဧရာမကမာခွံကြီးထက်၌ အေးချမ်းစွာ ထိုင်နေကြ၏။ ပြိုင်ပွဲတရားဝင်စတင်မည့်အချိန်အား စောင့်ဆိုင်းနေကြသည်။

ဤပြိုင်ပွဲ၏ ပွဲစဉ်ဇယားကိုမူ မဲနှိုက်ရွေးချယ်မှုဖြင့် ဆုံးဖြတ်ထားခြင်းဖြစ်၏။ ဗဟိုစင်မြင့်၏ အထက်၌ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပုံဖော်ပြသထားသဖြင့် လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

မျိုးနွယ်စုအစည်းအဝေး၏ စည်းကမ်းချက်များအရ မျိုးနွယ်စုတစ်ခုတည်းမှ ပြိုင်ပွဲဝင်များအား ကျပန်းစနစ်ဖြင့် တွဲပေးခြင်းမရှိချေ။ ထို့ကြောင့် လူသားမဟာမိတ်များအပါအဝင် တစ်မျိုးနွယ်တည်းသားချင်းမှာ အစောပိုင်းပွဲစဉ်များ၌ ထိပ်တိုက်တွေ့ဆုံရန် အကြောင်းမရှိပေ။

ထို့ကြောင့်ပင် လင်းချန်၏အမည်နှင့် အရှေ့ပိုင်းဌာနခွဲမှ ကျန်းချီအပါအဝင် အခြားငါးဦးတို့၏ အမည်များသည် အလွန်ဝေးကွာလျက်ရှိနေ၏။ သူတို့သည် အစောပိုင်း၌ အချင်းချင်း ရင်ဆိုင်ရမည် မဟုတ်ပေ။

ပြိုင်ပွဲမစတင်မီ အချိန်လေး၌ လင်းချန်သည် အခြားစောင့်ကြည့်ရေးစင်မြင့်များပေါ်ရှိ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်များနှင့် မျိုးနွယ်စုအစည်းအဝေးသို့ တက်ရောက်လာကြသူများအား အသာအယာ အကဲခတ်ကြည့်ရှုလိုက်၏။

လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၌ ပင်မမျိုးနွယ်စုကြီး တစ်ခု ၊ ဌာနခွဲကြီး လေးခု ၊ ဌာနခွဲငယ် ၃၆ ခုနှင့် မျိုးနွယ်စုငယ် ၁၀၈ ခုရှိရာ စုစုပေါင်း အုပ်စုပေါင်း ၁၄၉ စု ရှိသည်။ အုပ်စုတစ်ခုစီမှ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင် ငါးဦးနှင့် လူသားမဟာမိတ် တစ်ဦးစီ ပါဝင်သဖြင့် စုစုပေါင်း ပြိုင်ပွဲဝင် ၈၉၄ ဦး ရှိ၏။

ဤ ၈၉၄ ဦးသော ပြိုင်ပွဲဝင်များအကြား၌ တစ်ဦးချင်းယှဉ်ပြိုင်ပွဲများမှာ မကြာမီ စတင်တော့မည် ဖြစ်သည်။

အမှန်စင်စစ် လင်းချန်သည် ပြိုင်ဘက်ဖြစ်လာနိုင်သူတိုင်းအား အာရုံစိုက်နေမည် မဟုတ်ချေ။ သူ၏အဓိကအာရုံမှာ ပင်မမျိုးနွယ်စုနှင့် အခြားဌာနခွဲကြီးများမှ ပြိုင်ပွဲဝင်များအပေါ်၌သာ ရှိနေသည်။

ကျန်းနျန်ရှင်း၏ ပြောပြချက်အရ ဌာနခွဲငယ် ၃၆ ခုထဲမှ အချို့သော အုပ်စုများသည် မကြာသေးမီက အင်အားများ သိသိသာသာ တိုးတက်လာခဲ့၏။ ထို့ကြောင့် ထူးခြားသည့် ပြိုင်ဘက်ကောင်းများ ထွက်ပေါ်လာနိုင်ကာ အထူးသတိထားရန် လိုအပ်သည်။

ထို့အပြင် လူသားမဟာမိတ်များ၏ ကူညီမှုကြောင့် အစွမ်းထက်သည့် ပြိုင်ဘက်အချို့လည်း ရှိနေနိုင်သေး၏။ သို့သော် သူတို့၏ စွမ်းရည်အစစ်အမှန်မှာမူ လက်ရှိအချိန်အထိ လျှို့ဝှက်ချက်တစ်ခုသာ ဖြစ်နေဆဲပင်။

သို့သော်ငြား မည်သို့သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရပါစေ လင်းချန်မှာမူ အနိုင်ရရှိရန်သာ ဆုံးဖြတ်ထား၏။ သူသည် ဤနေရာသို့ လာရောက်ခဲ့ပြီးဖြစ်ရာ မိမိ၏ အစွမ်းအစများအား အကောင်းဆုံး ထုတ်ဖော်ရန်သာ ရည်ရွယ်ထားသည်။

လင်းချန်သည် တိတ်ဆိတ်စွာ စဉ်းစားနေစဉ်မှာပင် အပြင်သို့ ခေတ္တထွက်သွားသည့် ကျန်းချီသည် ဒေါသတကြီးဖြင့် ပြန်လည်ရောက်ရှိလာ၏။ ထို့နောက် စိတ်မထိန်းနိုင်စွာဖြင့် ဟိန်းဟောက်လိုက်၏။

"ဒါက တကယ် လွန်လွန်းတယ်။ လူကို အလွန်အကျွံ အထင်သေးတာပဲဗျာ..."

ကျန်းချီ၏ အခြေအနေကို မြင်ရသည့်အခါ လင်းချန်နှင့် အခြားသူများသည် မည်သို့ဖြစ်ပျက်သည်ကို နားမလည်နိုင်ဖြစ်သွားကြ၏။ ထို့ကြောင့် သူ့ထံသို့ အာရုံစိုက်လိုက်ကြသည်။

လင်းချန်က ပြုံးလိုက်သည်။

"ဘာဖြစ်လို့လဲ။ မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်လို့လား။"

ကျန်းချီသည် အားကိုးရာမဲ့စွာ လက်ကာပြလိုက်၏။

"ကျွန်တော့်ကို အနိုင်ကျင့်တာ မဟုတ်ဘူး အရှင်မင်းကြီး။ အရှင့်ကို အနိုင်ကျင့်နေကြတာ..."

ထိုစကားကို ကြားသည့်အခါ လင်းချန်သည် စိတ်ဝင်စားသွား၏။

"ငါ့ကို အနိုင်ကျင့်တယ် ဟုတ်လား။ ငါက အစကတည်းက ဒီမှာပဲ ထိုင်နေတာကို ဘယ်လိုလုပ် အနိုင်ကျင့်ခံရမှာလဲ။"

ကျန်းချီသည် မိမိ၏ အသုံးအနှုန်း မရှင်းလင်းသည်ကို သတိပြုမိသွားသည်။

"ကျွန်တော် ဆိုလိုတာက တခြားသူတွေရဲ့ စကားတွေက အရှင့်အပေါ် တကယ် ရိုင်းစိုင်းလွန်းနေလို့ပါ။"

ထို့နောက် ကျန်းချီသည် ဖြစ်ပျက်သမျှ အလုံးစုံကို လူတိုင်းနားလည်အောင် ရှင်းလင်းစွာ ပြောပြလိုက်၏။

ဖြစ်စဉ်မှာ စင်မြင့်၏ အထက်၌ ပြသထားသည့် ပွဲစဉ်ဇယား၌ ပြိုင်ပွဲဝင်များ၏ အမည်များသာမက သူတို့၏ ကျင့်ကြံခြင်းအဆင့်များအားပါ ဖော်ပြထားခြင်းပင် ဖြစ်သည်။

ထိုဇယားပေါ်၌ ပင်မမျိုးနွယ်စုမှ ပါရမီရှင်များသာမက အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဌာနခွဲများမှ လူသားမဟာမိတ် ပါရမီရှင်များသည်လည်း လူငယ်လေးများ ဖြစ်ကြသော်လည်း ကျင့်ကြံခြင်းအဆင့်မှာမူ သေခြင်းရှင်ခြင်းနယ်ပယ်ကို ကျော်လွန်နေကြသူများ ဖြစ်သည်။

ဤမျိုးနွယ်စုအစည်းအဝေးသို့ ဝင်ရောက်ယှဉ်ပြိုင်သူတိုင်းသည် အသက် ၃၀ ထက် မပိုရဟူသည့် ကန့်သတ်ချက် ရှိသည်မှာ လူတိုင်းသိရှိပြီးသား ဖြစ်၏။

ဌာနခွဲငယ် ၃၆ ခုမှ လူသားမဟာမိတ်အများစုမှာလည်း သေခြင်းရှင်ခြင်းနယ်ပယ်အထက်၌ ရှိနေကြ၏။ ထို့အတွက်ကြောင့် လူအများမှာ ထိုဌာနခွဲငယ်များသည် ဤအခွင့်အရေးကို အသုံးချ၍ အင်အားကြီးထွားလာမည်ကို စိုးရိမ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းလူသား အမွေအနှစ်နယ်မြေသို့ သွားခွင့်ရမရဟူသည်မှာ ဤပြိုင်ပွဲ၏ ရလဒ်အပေါ်၌သာ မူတည်နေသည့်အတွက် ဖြစ်၏။

သို့ရာတွင် ပြိုင်ပွဲဝင်ဇယား၌ အရှေ့ပိုင်းဌာနခွဲ၏ လူသားမဟာမိတ်ဖြစ်သည့် လင်းချန်၏ အဆင့်မှာ ကောင်းကင်နယ်ပယ် ဆဋ္ဌမအဆင့်ဟုသာ ဖော်ပြထား၏။ ထို့ကြောင့် ချက်ချင်းပင် လှောင်ပြောင်စရာ ဖြစ်လာသည်။

ဤကဲ့သို့ ပြင်းထန်သည့် ပြိုင်ပွဲကြီး၌ အရှေ့ပိုင်းဌာနခွဲ၏ မဟာမိတ်မှာ ကောင်းကင်နယ်ပယ်အဆင့်မျှသာ ရှိနေခြင်းမှာ အံ့အားသင့်စရာပင် ဖြစ်၏။

လင်းချန်၏ ပထမဆုံးပြိုင်ဘက်မှာ ဌာနခွဲငယ်တစ်ခုမှ ဖြစ်၏။ ထိုသူသည် သေခြင်းရှင်ခြင်းနယ်ပယ်သို့ မရောက်သေးသော်လည်း ကောင်းကင်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။

သူတို့၏ အမြင်၌မူ ထိုအထွတ်အထိပ်အဆင့်နှင့် အဆင့် ၆ အကြား၌ မည်သူနိုင်မည် ၊ မည်သူရှုံးမည်မှာ ထင်ရှားလှသည်။

ဤပြိုင်ပွဲသို့ တက်ရောက်လာသူတိုင်းမှာ ထူးချွန်သည့် ပါရမီရှင်များဖြစ်ကြရာ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်လူများနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။

ထို့ကြောင့်ပင် လူတိုင်းသည် မိမိတို့၏ အဆင့်ထက် ကျော်လွန်သည့် တိုက်ခိုက်ရေးစွမ်းရည်များကို ပြသနိုင်ကြ၏။ ထို့အတွက်ကြောင့် အဆင့်နိမ့်သူက အဆင့်မြင့်သူကို ကျော်လွှားအနိုင်ယူရန်မှာ ဤပြိုင်ပွဲ၌ အလွန်တရာ ခဲယဉ်းလှ၏။

လူအများက အရှေ့ပိုင်းဌာနခွဲသည် မကြာမီ ရှုံးနိမ့်တော့မည်ဖြစ်ပြီး လင်းချန်မှာလည်း လာရောက်၍ ဟာသလုပ်နေခြင်းသာ ဖြစ်သည်ဟု ယူဆနေကြ၏။

အချို့ဆိုလျှင် အလောင်းအစားများပင် စတင်နေကြပြီ ဖြစ်သည်။

ထိုသူတို့ လောင်းကြသည်မှာ လင်းချန် နိုင်မနိုင် မဟုတ်ချေ။ သူသည် ပြိုင်ဘက်၏ တိုက်ကွက် မည်မျှကို ခံနိုင်ရည်ရှိမည်နည်း ဟူသည့် အချက်အပေါ်၌သာ ဖြစ်သည်။ တိုက်ကွက်တစ်ရာ ၊ တိုက်ကွက်တစ်ဆယ် သို့မဟုတ် တစ်ကွက်တည်းဖြင့် ရှုံးမည်လား စသည်ဖြင့် ရွေးချယ်စရာများစွာ ရှိနေသည်။

ကျန်းချီက ဆက်ပြော၏။

"ဒါ စော်ကားတာ မဟုတ်ဘူးလား။ အရှင်မင်းကြီး တကယ် အစွမ်းထက်ကြောင်း ကျွန်တော် ငြင်းခဲ့သေးတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ သိလား..."

ကျန်းချီက နှာခေါင်းရှုံ့လိုက်သည်။

"ဟမ့်... မြောက်ပိုင်းဌာနခွဲက ယွမ်ဟိုင်ဂိုဏ်း မဟာမိတ်က ပြောတယ်။ အရှင်က သတ္တိမရှိဘဲ မိန်းမလှလေးတွေကို ခိုးကြည့်တတ်တဲ့ကောင်တဲ့။ တိုက်ကွက်တစ်ဝက် ခံနိုင်ရင်တောင် ကံကောင်းပြီတဲ့ဗျာ..."

လင်းချန်သည် အံ့အားသင့်သွားပြီး ကျန်းချီအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"မင်း ကြားတာ သေချာလား။ ငါ့ကို အောက်တန်းစားလို့ ပြောတာလား။ သူက ဘယ်လိုလုပ် အဲဒီလို ပြောနိုင်ရတာလဲ။"

ကျန်းချီက ဒေါသတကြီး ခေါင်းညိတ်လိုက်၏။

"အင်း... အဲဒီမိန်းမ ပြောတာက အရင်က အရှင် သူ့ကို ရမ္မက်မျက်လုံးတွေနဲ့ ခိုးကြည့်ခဲ့တယ်တဲ့။ သူ သိသွားတော့ အရှင် မျက်နှာလွှဲသွားတာကို ကြည့်ရင် သတ္တိမရှိတာ သိသာတယ်တဲ့။ အစွမ်းမရှိတာ တစ်ပိုင်း၊ သူ့အလှကို ရင်ဆိုင်ရဲတဲ့ သတ္တိမရှိတာက တစ်ပိုင်းပေါ့..."

ထိုစကားကို နားထောင်ပြီးနောက် လင်းချန်က ရယ်မောလိုက်သည်။

"ဟားဟား... တကယ် စိတ်ဝင်စားစရာပဲ။ ရှင်းရှင်းက သူ့ထက် အစပေါင်းများစွာ သာလွန်တယ်။ ငါက ဘာလို့ သူ့ကို ကြည့်ရမှာလဲ။"

ယွမ်ဟိုင်ဂိုဏ်းမှ ထိုတပည့်မသည် မည်သည့်နေရာမှ ဤမျှ ယုံကြည်မှုများ ရနေသလဲဆိုသည်ကို လင်းချန် တကယ်ပင် အံ့ဩမိသည်။

အမှန်စင်စစ် သူသည် ယွမ်ဟိုင်ဂိုဏ်း၏ အုပ်စုကို အကဲခတ်ခဲ့ခြင်းမှာ သူ၏ဆရာဖြစ်သူ ဝေဝူရွှမ်ကြောင့်သာ ဖြစ်သည်။ စိတ်ကူးယဉ် အထင်ကြီးခြင်းဟူသည်မှာ မည်သို့ရှိသည်ကို လင်းချန် သိသွားရလေပြီ။

ခေတ္တမျှ ကြာပြီးနောက် လင်းချန်က ရယ်မောရင်း လက်ကာပြကာ ကျန်းချီအား ဖြေသိမ့်ပေးလိုက်၏။

"ဒီလို လူတွေကို ဂရုစိုက်မနေနဲ့။ စိတ်ကို တည်ငြိမ်အောင်ထားပြီး ပြိုင်ပွဲကိုပဲ အာရုံစိုက်။ ဒါကို ကျင့်စဉ်သစ်နဲ့ စွမ်းရည်သစ်တွေ ပေါင်းစပ်ဖို့ လေ့ကျင့်ခန်းလို့ပဲ သဘောထားလိုက်..."

"ငါတို့ရဲ့ တကယ့်ပန်းတိုင်က ရှေးဟောင်းလူသား အမွေအနှစ်နယ်မြေပဲ။ ဒီမျိုးနွယ်စုအစည်းအဝေးက အဆုံးသတ် မဟုတ်ဘူးကွ။"

ကျန်းချီကိုယ်တိုင်မှာလည်း ထူးချွန်သည့် ပါရမီနှင့် တည်ငြိမ်သည့် စိတ်ထားရှိသူဖြစ်ရာ လင်းချန်၏ စကားကို ကြားပြီးနောက် လျင်မြန်စွာ စိတ်အေးသွား၏။

ရုတ်တရက်ဆိုသလိုပင် ကျယ်လောင်ဟိန်းထွက်သည့် အသံကြီးတစ်သံသည် ရေလှိုင်းများကို ဖြတ်သန်း၍ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာ၏။

"တိတ်ကြစမ်းးး"

လင်းချန်သည် အသံလာရာသို့ ကြည့်လိုက်သည့်အခါ ထိုသူမှာ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သူ ကျန်းထျန်ရှင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူသည် ပင်မမျိုးနွယ်စု၏ စောင့်ကြည့်ရေးစင်မြင့်ပေါ်မှ မတ်တပ်ရပ်၍ အော်ဟစ်လိုက်ခြင်း ဖြစ်၏။ သူသည် ပင်မမျိုးနွယ်စု၏ ခေါင်းဆောင်သာမက လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု တစ်ခုလုံး၏ အထွတ်အထိပ် ခေါင်းဆောင်ကြီးလည်း ဖြစ်သည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၅၃ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters