အခန်း ၂၅၄
Vol. 26 Ch. 254
အပိုင်း ၂၅၄
ဘာသာပြန် - Ko Yoohtoo
True Immortal Team
လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု တစ်ခုလုံး၏ အမည်ခံခေါင်းဆောင်ကြီးဖြစ်သူ ကျန်းထျန်ရှင်း၏ ကျင့်ကြံခြင်းအဆင့်မှာ နက်နဲလှပြီး အတိုင်းအဆမရှိပေ။
သူသည် နိုးထခြင်းနယ်ပယ်ကိုပင် ကျော်လွန်နေပြီဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ ကျန်းထျန်ရှင်းသည် နေရာမှ မတ်တပ်ရပ်လိုက်ပြီးနောက် မျိုးနွယ်စုအစည်းအဝေးအတွက် အဖွင့်အမှာစကား ပြောကြား၏။
သူသည် တက်ရောက်လာကြသည့် လူသားမဟာမိတ်များစွာအား ကြိုဆိုသည့်စကားနှင့် အခြားသော ထုံးစံအတိုင်း ပြောကြားအပ်သည့် နှုတ်ခွန်းဆက်စကားများကို ဆိုသည်။
ထိုစကားများထဲ၌ အရေးကြီးဆုံးမှာ ဤပြိုင်ပွဲ၏ စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များပင် ဖြစ်သည်။ ပြိုင်ပွဲဝင်များအတွက် သတ်မှတ်ချက်မှာ အသက် ၃၀ ထက် မပိုစေရဘဲ စာရင်းသွင်းထားသည့် ကာယကံရှင်ကိုယ်တိုင်သာ စင်မြင့်ပေါ်သို့ တက်ရောက်ရမည် ဖြစ်၏။
အခြားသူတစ်ဦးက အစားထိုးယှဉ်ပြိုင်ခြင်းကို လုံးဝ ခွင့်မပြုပေ။ အစောပိုင်းကပင် လူတိုင်းအား အထူးလက်စွပ်တစ်ကွင်းစီ ထုတ်ပေးထားပြီး ထိုလက်စွပ်အား ဝတ်ဆင်ထားခြင်းမှာ ဤမျိုးနွယ်စုအစည်းအဝေး၏ တရားဝင်ပြိုင်ပွဲဝင်ဖြစ်ကြောင်း သက်သေထူနေခြင်းပင် ဖြစ်သည်။
ပြိုင်ပွဲဝင်တစ်ဦး စင်မြင့်ပေါ်သို့ တက်ရောက်လာတိုင်း အစီအရင်က ထိုသူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးအတည်ပြုမည် ဖြစ်၏။ ထို့အပြင် အစွမ်းထက်သည့် ပုဂ္ဂိုလ်များစွာက စောင့်ကြည့်နေကြသဖြင့် ဆေးလုံးများ သို့မဟုတ် လှည့်စားတတ်သော စိတ်ဝိညာဉ်စွမ်းရည်များကို အသုံးပြု၍ လူစားထိုးရန် ကြိုးပမ်းပါက ချက်ချင်းပင် သိရှိသွားမည် ဖြစ်သည်။
ဆက်လက်၍ သာမန် စိတ်ဝိညာဉ်လက်နက်များကို အသုံးပြုခွင့်ရှိသော်လည်း အရည်အသွေးမှာ အဆင့်မြင့် တတိယအဆင့်ထက် မကျော်လွန်စေရဟု သတ်မှတ်ထားပေ။
လူသားမဟာမိတ်များ ပါဝင်ယှဉ်ပြိုင်နေကြသဖြင့် သူတို့၏ လူသားမျိုးနွယ်စုဝင်များသာ ပိုင်ဆိုင်သည့် မူလလက်နက်များကို သိုင်းဝိညာဉ်လက်နက်အဖြစ် ပြောင်းလဲခြင်းအတွက် အသုံးပြုခွင့် ပေးထား၏။
ထိုမူလလက်နက်များ၏ အရည်အသွေးမှာလည်း အဆင့်မြင့် တတိယအဆင့်ထက် မပိုစေရဟု ကန့်သတ်ထားပြန်သည်။
တိုက်ပွဲအတွင်း ဆေးလုံးများ၊ အစီအရင်များ၊ အစေခံများ၊ နောက်လိုက်များ၊ ဆင့်ခေါ်ထားသည့် ရုပ်သေးများ သို့မဟုတ် ကျွန်ပြုထားသော သိုင်းဝိညာဉ်သားရဲများကို အသုံးပြုခြင်းကို တားမြစ်ထား၏။
တိုက်ခိုက်နေစဉ်အတွင်း ပြိုင်ဘက်အား အသက်သေဆုံးစေမည့် ဒဏ်ရာများပေးခြင်း၊ တမင်တကာ ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်အောင် ပြုလုပ်ခြင်း သို့မဟုတ် ပြိုင်ဘက်အား လုံးဝ မလှုပ်ရှားနိုင်အောင် ပြုမူခြင်းမျိုး မပြုလုပ်ရပေ။
အကယ်၍ တိုက်ပွဲမှာ အလွန်ပြင်းထန်လာပြီး အရှိန်မသတ်နိုင်ဘဲ ဖြစ်သွားပါက နားလည်ပေးနိုင်သည့် အခြေအနေဟု သတ်မှတ်မည် ဖြစ်၏။
သို့ရာ၌ ကျန်းထျန်ရှင်းကဲ့သို့ အစွမ်းထက်သူတစ်ဦးက ပြိုင်ပွဲကို ကြီးကြပ်နေသဖြင့် ပြိုင်ပွဲဝင်များ အရှိန်မသတ်နိုင်သည့် အခြေအနေမျိုး ကြုံလာပါက သူကိုယ်တိုင် ကြိုတင်ဝင်ရောက် တားဆီးပေးမည် ဖြစ်သဖြင့် မတော်တဆမှုများ ဖြစ်လာရန် မရှိပေ။
စည်းကမ်းချက်များကို ကြေညာပြီးနောက် ကျန်းထျန်ရှင်းက ပြိုင်ပွဲအား တရားဝင်စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။
"ဘုန်းးး"
ချက်ချင်းပင် စင်မြင့်၏ ပတ်လည်ရှိ ရေစီးကြောင်းများမှာ စတင်ပြောင်းလဲလာပြီး အစီအရင်၏ ရှေးဟောင်းအက္ခရာများမှာ စင်မြင့်ထက်၌ စတင်လှုပ်ရှားလာကာ အခြေခိုင်သွား၏။ အစီအရင်မှာ စတင်အသက်ဝင်လာပြီဖြစ်ကြောင်း ထင်ရှားလှပေ။
စင်မြင့်၏ အစီအရင် အသက်ဝင်လာပြီးနောက်၌ ပြိုင်ပွဲဝင်စာရင်းမှာ တဖြည်းဖြည်း မြင့်တက်လာပြီး စင်မြင့်၏ အထက်၌ လွင့်မျောနေသည်။ ထို့နောက် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုမှ အမျိုးသမီးငယ်တစ်ဦးမှာ ကျော့ရှင်းစွာဖြင့် စင်မြင့်၏ အလယ်ဗဟိုတည့်တည့်သို့ ကူးခတ်လာ၏။
"လူကြီးမင်းတို့... မျိုးနွယ်စုအစည်းအဝေးကို အခုပဲ စတင်ပါမယ်။ ကဲ... ပထမဆုံး ဘယ်သူတွေက စွမ်းရည်တွေ ထုတ်ပြမလဲ ကြည့်ရအောင်..."
သူမ၏ ချိုသာသည့် အသံမှာ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားရသည်။
သူမ၏ လက်ရှစ်ဖက်ကို ကောင်းကင်သို့ ဝှေ့ယမ်းလိုက်သည့်အခါ အစီအရင်၏ စွမ်းအားကြောင့် ခိုင်မာနေသည့် အဖြူရောင်ပြိုင်ပွဲဝင်စာရင်းထက်၌ နီရဲသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နာမည်အတွဲတစ်ခုကို ပြသလိုက်၏။
ထိုနီရဲသည့် အလင်းတန်းသည် နာမည်အတွဲများအပေါ်၌ ဖုံးလွှမ်းသွားပြီး အောက်ဆုံးတန်းတစ်လျှောက် ဟိုဘက်ဒီဘက်သို့ အရှိန်အဟုန်ဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
မည်သည့်အချိန်၌ ရပ်တန့်သွားမည်ကို မည်သူမျှ မသိနိုင်ချေ။ ထိုခဏ၌ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုမှ အမျိုးသမီး တင်ဆက်သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရပ်။"
သူမ၏ အသံထွက်ပေါ်လာသည်နှင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် အနီရောင်အလင်းတန်းမှာ ရုတ်တရက် ရပ်တန့်သွားပြီး နာမည်အတွဲတစ်ခုအပေါ်၌ အတည်ဖြစ်သွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနာမည်နှစ်ခုမှာ ကြီးမားလာပြီး အစီအရင်၏ စွမ်းအားကြောင့် ထိုသူနှစ်ဦး၏ ပုံရိပ်များ၊ သူတို့၏ မျိုးနွယ်စုနှင့် ကျင့်ကြံခြင်းအဆင့်များမှာ ပေါ်ထွက်လာသည်။
ပြိုင်ပွဲဝင်နှစ်ဦးစလုံးမှာ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ မျိုးနွယ်စုငယ် ၁၀၈ ခုထဲမှ ဖြစ်ကြပြီး သူတို့၏ အဆင့်မှာ ကောင်းကင်နယ်ပယ် စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်မျှသာ ရှိသည်။
ထို့နောက် ထိုသူနှစ်ဦးသည် စင်မြင့်ထက်သို့ တက်ရောက်ကာ သူတို့၏ တိုက်ပွဲကို စတင်ရန် ပြင်ဆင်ကြ၏။ နှစ်ဦးစလုံး စင်မြင့်ထက်သို့ ရောက်ရှိလာသည့်အခါ၌ တစ်ဖက်တစ်ချက်စီ၌ တိတ်ဆိတ်စွာ လွင့်မျောနေကြပြီး တင်ဆက်သူ အမျိုးသမီး၏ အချက်ပေးသံကို စောင့်ဆိုင်းနေကြသည်။
"ပြိုင်ပွဲဝင်တွေ... ပြင်ထားကြပါ။"
တင်ဆက်သူ အမျိုးသမီးက သူတို့အား ချိုသာစွာ ပြုံးပြပြီးနောက် အသံကို ရှည်လျားစွာ ဆွဲ၍ အမိန့်ပေးလိုက်၏။
"တိုက်ပွဲ... စမယ်..."
သူမ၏ စကားဆုံးသည်နှင့် တင်ဆက်သူ အမျိုးသမီးသည် အပေါ်သို့ အရှိန်အဟုန်ဖြင့် ကူးခတ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စင်မြင့်အစီအရင်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။
ဤသည်ကို မြင်လိုက်ရသည့်အခါ လင်းချန် အနည်းငယ် အံ့အားသင့်သွား၏။
'တကယ်ကို မြန်တဲ့ အလျင်ပဲ၊ သူ အနည်းဆုံးတော့ သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ စွမ်းအားနယ်ပယ် အဆင့် ရှိလောက်တယ်။'
ထိုအချိန် စင်မြင့်ထက်၌မူ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုမှ လူငယ်စစ်သည်နှစ်ဦးမှာ ထိပ်တိုက်ရင်ဆိုင်နေကြပြီ ဖြစ်၏။ သူတို့၏ တိုက်ခိုက်မှုတိုင်း၌ သူတို့၏ လက်တံရှစ်ဖက်ကို ဝှေ့ယမ်းလိုက်တိုင်း ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများကို လှုပ်ခတ်စေပြီး ပြိုင်ဘက်ထံသို့ ရေလှိုင်းအဟုန်များကို စီးဆင်းစေသည်။
ကောင်းကင်နယ်ပယ် ပဉ္စမအဆင့်ရှိသည့် စစ်သည်မှာ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေပြီး အဆင့်လေးရှိသော စစ်သည်မှာမူ အနည်းငယ် ပို၍ သတိကြီးစွာဖြင့် ခုခံနေပုံရ၏။
နှစ်ဦးစလုံးသည် ရှည်လျားသည့် ခရင်းခွများကို ကိုင်ဆောင်ထားကြပြီး လက်တစ်ဖက်စီ၌ တစ်ခုစီကိုင်ထားရာ စုစုပေါင်း ခရင်းခွရှစ်ခုမှာ စင်မြင့်၏ အလယ်ဗဟို၌ အပြန်အလှန် ရိုက်ခတ်နေကြသည်။
သူတို့ အသုံးပြုနေသည့် ရေဓာတ်ခံ စိတ်ဝိညာဉ်စွမ်းအင်များသည် ခရင်းခွများ၏ ပတ်လည်၌ ရေဝဲများကို ဖြစ်ပေါ်စေပြီး ပြင်းထန်သော အားဖြင့် တစ်ခုနှင့်တစ်ခု ထိတွေ့မိနေကြ၏။
ကျန်းချီနှင့် အခြားသူများအပါအဝင် ပွဲကြည့်စင်ပေါ်ရှိ ကြည့်ရှုသူအများစုမှာမူ ထိုတိုက်ပွဲအပေါ် စိတ်ဝင်စားခြင်းမရှိဘဲ ပျင်းရိနေကြပုံရသည်။ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ အောက်ခြေအဆင့်ဖြစ်သည့် မျိုးနွယ်စုငယ် ၁၀၈ ခုမှ ပါရမီရှင်များမှာ ကောင်းကင်နယ်ပယ်အဆင့်မျှသာ ရှိကြသဖြင့် ဌာနခွဲငယ်များ သို့မဟုတ် ဌာနခွဲကြီးများအတွက်မူ စိတ်လှုပ်ရှားဖွယ် မရှိပေ။
ထို့ကြောင့်ပင် လူသားမဟာမိတ် ပါရမီရှင်ဟုဆိုကာ ရောက်ရှိလာသည့် လင်းချန်သည် ကောင်းကင်နယ်ပယ်အဆင့်မျှသာ ရှိနေခြင်းမှာ သူတို့အတွက် လှောင်ပြောင်စရာ ဖြစ်နေရခြင်း ဖြစ်၏။
သို့ရာ၌ လင်းချန်မှာမူ ထိုတိုက်ပွဲကို အလွန်စိတ်ဝင်တစားဖြင့် ကြည့်ရှုနေပြီး သူတို့၏ တိုက်ခိုက်ပုံကို အသေးစိတ် အကဲခတ်နေသည်။
ထိုစဥ် လင်းချန်၏ အပြုအမူက စောင့်ကြည့်နေကြသည့် လူအချို့၏ အာရုံကို ဆွဲဆောင်သွားပြီး သူတို့က လှောင်ပြောင်သရော်သည့် စကားများကို ဆိုလာကြ၏။
"အရှေ့ပိုင်းက ဟိုကောင်ကို တွေ့လား။ သာမန်တိုက်ပွဲလေးကိုတောင် သေချာကြည့်နေတာ။"
"စဉ်းစားကြည့်လေ။ သူကိုယ်တိုင်က ကောင်းကင်နယ်ပယ် ခြောက်အဆင့်ပဲ ရှိတာဆိုတော့ သူ့အတွက် စိတ်ဝင်စားစရာ ဖြစ်နေမှာပေါ့။"
လင်းချန်မှာမူ ပွဲကြည့်စင်ပေါ်မှ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု လူငယ်ပါရမီရှင်များ၏ တီးတိုးပြောဆိုသံများကို မကြားရသကဲ့သို့ အခြားသော လူသားအင်အားစုများ၏ အထင်သေးသည့် အကြည့်များကိုလည်း သတိမထားမိပေ။
သူသည် ပြိုင်ပွဲကို တကယ့်ကို ပျော်ရွှင်စွာဖြင့် ကြည့်ရှုနေခြင်းသာ ဖြစ်သည်။
လင်းချန် ဤမျှ အာရုံစိုက်ကြည့်နေရသည့် အကြောင်းရင်းမှာ သူ့အတွက် အလွန်စိတ်ဝင်စားစရာကောင်းပြီး အသစ်အဆန်း ဖြစ်နေသောကြောင့် ဖြစ်၏။
ယခင်ဘဝ အပြာရောင်ဂြိုဟ် ပေါ်၌ ရှိစဉ်က ဤကဲ့သို့သော မြင်ကွင်းမျိုးကို ရုပ်ရှင်များထဲ၌သာ တွေ့ဖူးပြီး ဤကဲ့သို့သည့် ထူးခြားသည့်မျိုးနွယ်များကိုလည်း စိတ်ကူးယဉ် ရုပ်ရှင်များထဲ၌သာ မြင်ဖူးခြင်း ဖြစ်သည်။
ထို့ကြောင့် လင်းချန်အတွက်မူ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု စစ်သည်နှစ်ဦး၏ တိုက်ပွဲမှာ ဖန်တီးထားသည့် မြင်ကွင်းဆန်းများကို တိုက်ရိုက်ကြည့်ရှုနေရသကဲ့သို့ ခံစားနေရခြင်း ဖြစ်၏။ နောက်ဆုံး၌မူ အောင်နိုင်သူမှာ ကောင်းကင်နယ်ပယ် စတုတ္ထအဆင့်ရှိသော စစ်သည်ဖြစ်သွားသည်။
သူသည် သာမန်ထက်ပိုသည့် သည်းခံနိုင်စွမ်းဖြင့် ပြိုင်ဘက်၏ အင်အားကုန်ခမ်းသွားမည့် အချိန်ကို စောင့်ဆိုင်းကာ အဆုံးအဖြတ် တိုက်ကွက်တစ်ခုဖြင့် အနိုင်ယူသွားခြင်း ဖြစ်သည်။
လင်းချန်က စိတ်ဝင်တစား ရေရွတ်လိုက်၏။
"တခြားမျိုးနွယ်စုတွေရဲ့ လက်နက်တွေက စိတ်ဝိညာဉ်လက်နက်ချည်းပဲ။ လူသားတွေရဲ့ မူလလက်နက်တွေနဲ့ တော်တော်ကွာတာပဲ။"
ထိုအချိန်၌ တင်ဆက်သူ အမျိုးသမီးသည် စင်မြင့်ပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး ပြိုင်ပွဲဝင်စာရင်းပေါ်မှ အနီရောင်အလင်းတန်းမှာ လျင်မြန်စွာ ပြန်လည်မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြန်သည်။
ထိုအလင်းတန်း နောက်ဆုံး၌ ရပ်တန့်သွားသည့်အခါ လင်းချန် အံ့ဩသွားရ၏။ အဘယ်ကြောင့်ဆိုသော် အနီရောင်အလင်းတန်း ဖုံးလွှမ်းသွားသည့် နာမည်အတွဲမှာ အမှန်စင်စစ် လင်းချန် နှင့် ကျန်းလီတို့ပင် ဖြစ်ကြ၏။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၅၄ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။