အခန်း ၂၅၆
Vol. 26 Ch. 256
အပိုင်း ၂၅၆
ဘာသာပြန် - Ko Yoohtoo
True Immortal
လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုမှ အမျိုးသမီးငယ်သည် လင်းချန်က ကျန်းလီအား အနိုင်ယူနိုင်လိမ့်မည်ကို လုံးဝ မယုံကြည်သဖြင့် ခေါင်းရမ်းကာ ငြင်းဆိုလိုက်သည်။
"ဘီလူးသတ္တဝါ ဟုတ်လား... မဖြစ်နိုင်တာ။ သူက တခြား အဆင့်တူ သိုင်းဝိညာဉ်ပညာရှင်တွေထက် နည်းနည်းပိုပြီး အစွမ်းထက်ရုံပဲ ဖြစ်မှာပါ။ ဒါပေမဲ့ ကျန်းချီ... မင်း မမေ့နဲ့ဦး။ ဒါက လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုရဲ့ မျိုးနွယ်စုအစည်းအဝေးပဲ။ ဒီမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူတွေက ပါရမီအနည်းနဲ့အများ ရှိကြတဲ့သူတွေချည်းပဲ။ သူတို့ရဲ့ နယ်ပယ်အသီးသီးမှာတော့ အဆင့်တူတွေထဲမှာ သူတို့ဟာ ထိပ်တန်းတွေချည်းပဲ"
ကျန်းချီကလည်း ပြုံးလျက်ပင် ခေါင်းရမ်းလိုက်သည်။
"ကျန်းဝမ်ရွှမ်း... မင်းက ထူးခြားတဲ့ ပါရမီရှင်တစ်ဦးဖြစ်ပြီး ငါတို့မျိုးဆက်က အမျိုးသမီးတွေထဲမှာ ထိပ်ဆုံးကဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့ လူအကဲခတ်တဲ့နေရာမှာတော့ မင်း နည်းနည်းလိုနေသေးတယ်"
ထိုအခါ ကျန်းဝမ်ရွှမ်းက နှာခေါင်းရှုံ့လိုက်သည်။
"ဟွန့်... ငါ အကဲမမှားပါဘူး။ လင်းချန်က ကျိန်းသေပေါက် မနိုင်နိုင်ပါဘူး။ မင်းကသာ အရမ်းခေါင်းမာနေတာ"
ကျန်းဝမ်ရွှမ်း မယုံကြည်သည်ကို မြင်သောအခါ ကျန်းချီက အခွင့်အရေးကို အရယူကာ စိန်ခေါ်လိုက်သည်။
"ကျန်းဝမ်ရွှမ်း... ဒါဆိုရင် မင်း ငါနဲ့ လောင်းရဲလား"
"လောင်းကြေး ဟုတ်လား"
"ဟုတ်တယ်... အကယ်၍ မင်းရှုံးရင် မင်းရဲ့ ကိုယ်ပိုင်သိုင်းဝိညာဉ်စွမ်းရည်ဖြစ်တဲ့ လက်ရှစ်ဖက်ကပ်စေးနှဲလက်သီး ကျင့်စဉ်ကို ငါ့ကို ပေးရမယ်"
ကျန်းချီ၏ လောင်းကြေးကို ကြားလိုက်ရသည့်အခါ ကျန်းဝမ်ရွှမ်းက တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။
"ပြဿနာမရှိဘူး... ဒါပေမဲ့ မင်းရှုံးရင် မင်းရဲ့ ရေဝဲမုန်တိုင်း ကျင့်စဉ်ကို ငါ့ကို ပေးရမယ်"
ကျန်းဝမ်ရွှမ်း သဘောတူသည်နှင့် ကျန်းချီက အလျင်အမြန်ပင် အတည်ပြုလိုက်သည်။
"လူကြီးသူမတွေအားလုံး ဒီမှာ သက်သေရှိတယ်နော်။ မင်း စကားပြန်မပြင်နဲ့ဦး"
ထိုအခါ ကျန်းဝမ်ရွှမ်းက သူမ၏ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ယုံကြည်မှုအပြည့်ဖြင့် ပိုက်ကာ ဂုဏ်ယူစွာ ပြန်ပြောလိုက်၏။
"ဒါပေါ့... ငါက စကားပြန်ပြင်မယ့်သူလို့ မင်းထင်နေတာလား"
ကျန်းဝမ်ရွှမ်း အတည်ပြုပြီးသည်ကို မြင်ရသောအခါ ကျန်းချီသည် အောင်နိုင်သူတစ်ဦး၏ အမူအရာဖြင့် စင်မြင့်ထက်သို့ ပြန်လည်အာရုံစိုက်လိုက်သည်။
ကျန်းချီ၏ ယုံကြည်မှုကို မြင်လိုက်ရသည့်အခါ ကျန်းဝမ်ရွှမ်းမှာလည်း မခံချင်စိတ်ဖြစ်ပေါ်လာပြီး အစောပိုင်းက မျက်စိမှိတ်အနားယူရန် ကြံရွယ်ထားသော်လည်း ယခုမူ ဤပြိုင်ပွဲကို အလေးအနက်ထား၍ ကြည့်ရှုရန် ပြင်ဆင်လိုက်ပေသည်။ လင်းချန်က ကျန်းလီအား အနိုင်ယူနိုင်လိမ့်မည်ဟု ကျန်းချီ မည်သည့်အချက်အပေါ် မူတည်၍ ဤမျှ ယုံကြည်နေသနည်းဆိုသည်ကို သူမ သိလိုလှပေသည်။
မျိုးဆက်သစ် လူငယ်နှစ်ဦး၏ လောင်းကြေးထပ်မှုကို မြင်သောအခါ ကျန်းနျန်ရှင်းသည် အနောက်ပိုင်းဌာနခွဲ၏ ခေါင်းဆောင်အား လှမ်းကြည့်လိုက်ရာ နှစ်ဦးသား အကြည့်ချင်းဆုံကာ ပြုံးလျက် ခေါင်းရမ်းလိုက်ကြသည်။ အရှေ့ပိုင်းနှင့် အနောက်ပိုင်းဌာနခွဲများ၏ ဆက်ဆံရေးမှာ အမြဲတမ်းကောင်းမွန်ခဲ့ပြီး အပြန်အလှန် လက်ထပ်ထိမ်းမြားမှုများလည်း ရှိခဲ့ကြ၏။ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့ကဲ့သို့ပင် ငယ်စဉ်ကတည်းက တွေ့ဆုံတိုင်း ပြိုင်ဆိုင်လောင်းကြေးထပ်လေ့ရှိသည်ကို လူကြီးများက အကျွမ်းတဝင်ရှိနေကြပြီ ဖြစ်ပေသည်။
စင်မြင့်အစီအရင်အတွင်း၌မူ ကျန်းလီမှာ အဆက်မပြတ် စကားများနေသဖြင့် လင်းချန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"မင်းက ဘာလို့ ဒီလောက် စကားများနေတာလဲ။ ငါတို့ တိုက်မှာလား မတိုက်ဘူးလား"
စကားဖောင်ဖွဲ့နေသော ကျန်းလီသည် မျက်နှာပျက်သွားပြီးနောက် ပြန်ပြောလိုက်သည်။
"ငါက စေတနာနဲ့ မျိုးနွယ်စုအစည်းအဝေးရဲ့ အငွေ့အသက်ကို မင်း ပိုခံစားရအောင် လုပ်ပေးနေတာကို... မင်းက ကျေးဇူးတင်မယ့်အစား ငါ့ကို အပြစ်တင်နေတာလား... ကောင်းပြီလေ။ ဒါဆိုရင် တကယ့် အစွမ်းထက်တဲ့သူဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မင်းကို ငါပြပေးရတာပေါ့"
ကျန်းလီ၏ စကားအဆုံးတွင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ အလုံးစုံ ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများမှာ ရူးသွပ်စွာ ဝဲကတော့ထိုးလာတော့သည်။
ကြည့်ရှုနေသူတိုင်းက ကျန်းလီ၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်ကြ၏။ ကျန်းလီသည် လင်းချန်အား သိုင်းကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူရန် သူ၏ အစွမ်းအထက်ဆုံး သိုင်းကွက်ကို အားခဲပြင်ဆင်နေခြင်း ဖြစ်ပေသည်။ အကယ်၍ သူသာ လင်းချန်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်ပါက တကယ့်ကို ဂုဏ်ယူစရာ လုပ်ရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ကျန်းဝမ်ရွှမ်းက ပွဲကြည့်စင်ပေါ်မှနေ၍ ကျန်းချီအား ဘေးတိုက်ကြည့်ကာ လှောင်ပြောင်လိုက်၏။
"ဟွန်း... လူသားမျိုးနွယ်က လင်းချန်ဆိုတဲ့ကောင် တိုက်ကွက်တစ်ကွက်တည်းနဲ့ ဘယ်လို ရှုံးမလဲဆိုတာ သေချာကြည့်ထားလိုက်စမ်းပါ"
ကျန်းချီကမူ ကျန်းဝမ်ရွှမ်း၏ စကားကို ဗွေမယူဘဲ စင်မြင့်ထက်ရှိ လင်းချန်အပေါ်၌သာ အာရုံစိုက်ထားသည်။
လင်းချန်၏ ညာဘက်လက်မောင်းမှာ သူ၏ခါးဆီသို့ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသည့်အခါ သူ၏ မှတ်ဉာဏ်များမှာ ပြန်လည်နိုးကြားလာခဲ့၏။ လင်းချန်၏ ညာဘက်လက်သီးမှာ ခါးတွင်ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကို မြင်လိုက်ရသည့်အခါ ကျန်းချီက စိုးရိမ်တကြီးဖြင့် တီးတိုးရေရွတ်လိုက်မိသည်။
"ဒီတိုက်ကွက်ပဲ... အဲဒီတုန်းကလည်း အရှင်မင်းကြီးလင်းရဲ့ ဒီလိုလက်သီးချက်ကြောင့်ပဲ ငါ ရှုံးခဲ့ရတာ"
ထိုစကားကြောင့် ကျန်းဝမ်ရွှမ်းနှင့် အနောက်ပိုင်းဌာနခွဲမှ လူတိုင်းမှာ မျက်လုံးများ ပြူးသွားကြရကာ အာမေဍိတ်သံများ ပြိုင်တူထွက်ပေါ်လာ၏။
"ဗျာ..."
သူတို့ နားကြားမှားသည်လားဟုပင် သံသယဖြစ်မိကြ၏။ အရှေ့ပိုင်းဌာနခွဲ၏ ထိပ်တန်းပါရမီရှင်ဖြစ်ကာ သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေသော ကျန်းချီက ကောင်းကင်နယ်ပယ်အဆင့်ရှိ လူသားတစ်ဦး၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဝန်ခံလိုက်ခြင်း ဖြစ်ပေသည်။
ထိုခဏ၌ စင်မြင့်၏ အလယ်ဗဟိုထံမှ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသော ကျယ်လောင်သည့် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာ၏။ လင်းချန်က ပြောလိုက်သည်။
"မင်း စကား အရမ်းများတယ်"
စကားအဆုံးတွင် လင်းချန်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးသိုင်းဝိညာဉ်စွမ်းအင်များမှာ စီးဆင်းလာကာ သိုင်းဝိညာဉ်၏ ထူးခြားချက်များကြောင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ချက်ချင်းပင် ငါးဆမျှ မြင့်တက်သွားတော့သည်။
ထို့နောက်တွင်မူ သူ၏ခါး၌ ဆုပ်ထားသော ညာဘက်လက်သီးမှာ လေးလံသော တူကြီးတစ်လက်ကဲ့သို့ ရှေ့သို့ ဝှေ့ယမ်းထွက်ပေါ်သွားပြီး ရှေ့ရှိ ရေထုအား ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။
"ဘုန်းးး"
လက်သီးတစ်ချက်တည်းဖြင့် နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လင်းချန်၏ ရှေ့ရှိ ပင်လယ်ရေထုမှာ လွင့်စင်ထွက်သွားကာ ရေမရှိသော လေဟာနယ်ဟင်းလင်းပြင်ကြီး တစ်ခု ဖြစ်ပေါ်သွားရ၏။
တစ်ချိန်တည်းမှာပင် ထိုပေါက်ကွဲမှုအရှိန်ကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများမှာ ရေထုအတွင်းမှတစ်ဆင့် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ကျန်းလီထံသို့ ပြင်းထန်စွာ ဦးတည်သွားသည်။
ပတ်ဝန်းကျင်ရှိ ပင်လယ်ရေထုများ ကွယ်ပျောက်သွားသဖြင့် ကျန်းလီသည် ရေစီးကြောင်းများကို မထိန်းချုပ်နိုင်တော့ဘဲ လင်းချန်၏ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော လေဟာနယ်အတွင်း၌ အကာအကွယ်မဲ့စွာ ကျန်ရစ်ခဲ့ရ၏။ သူသည် အလျင်အမြန်ပင် သူ၏ ခက်ရင်းခွရှစ်ခုထဲမှ လေးခုကို ရှေ့တွင် ကာကွယ်ရန် ပြင်ဆင်လိုက်ပေသည်။
"ခွမ်းးး"
လေလှိုင်းမှာ ရိုက်ခတ်သွားပြီး ကျန်းလီ၏ ရှေ့ရှိ ခက်ရင်းခွလေးခုမှာ ချက်ချင်းပင် သံတိုသံစများအဖြစ် ကြေမွသွားရတော့၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များလည်း လွင့်စင်သွားရပြီး သူ၏ ခန္ဓာကိုယ်ကြီးမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။
ကျန်းလီသည် ထိုလက်သီးတစ်ချက်၏ အရှိန်ကြောင့် ကိုက်ရာပေါင်းများစွာ နောက်သို့ လွင့်ထွက်သွားပြီး အစီအရင်အတားအဆီးနှင့် ပြင်းထန်စွာ ရိုက်မိသွားခဲ့၏။
လင်းချန်၏ လက်သီးချက်ကြောင့် သူ၏ရှေ့ရှိ ကိုက်အနည်းငယ် အချင်းဝက်အတွင်းမှ အစီအရင်အတားအဆီးအထိ ရေထုများမှာ ကွယ်ပျောက်နေဆဲဖြစ်ရာ ထိုအတားအဆီးမှာ တံတိုင်းတစ်ခုကဲ့သို့ ထင်ရှားစွာ မြင်တွေ့နေရပေသည်။
"ပူ..."
ကျန်းလီ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာ၏။ လက်သီးချက်အား တိုက်ရိုက်ထိမှန်ခဲ့ခြင်းနှင့် ကျောပြင်မှာ အတားအဆီးနှင့် ပြင်းထန်စွာ ရိုက်မိခြင်းတို့ကြောင့် သူ၏ အတွင်းကလီစာများမှာ ကျေမွပျက်စီးသွားကာ မျက်လုံးများ ပြာဝေသွားပြီး အစီအရင်အတားအဆီးတံတိုင်းမှတစ်ဆင့် အောက်သို့ ပျော့ခွေကျသွားတော့သည်။
ထိုအချိန်ကျမှသာ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများမှာ လေဟာနယ်အတွင်းသို့ ပြန်လည်စီးဝင်လာခဲ့၏။
လက်ရှိအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားရသည်။
စင်မြင့်ပေါ်ရှိ တင်ဆက်သူအမျိုးသမီးမှာမူ သူမ၏ စိတ်နှင့်ကိုယ်ကိုပင် မထိန်းချုပ်နိုင်တော့ဘဲ စင်မြင့်အတွင်းဘက်သို့ ဖြည်းညင်းစွာ ကျဆင်းလာခဲ့မိ၏။ ဤလင်းချန်သည် တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား။
ကောင်းကင်နယ်ပယ် ဆဋ္ဌမအဆင့်မျှသာရှိပြီး စိတ်ဝိညာဉ်စွမ်းအင်များကိုပင် အပြင်သို့ ထုတ်မသုံးဘဲ ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့်သာ ရေထုကို တွန်းထုတ်ကာ လေဟာနယ်ဖြစ်ပေါ်စေပြီး ကောင်းကင်နယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိသော ကျန်းလီအား သွေးအန်ကာ သတိလစ်သွားအောင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ဒါက ဘာဟာသလဲ... သူတို့ တိုက်ကွက်တစ်ကွက်တည်းနဲ့ ရှုံးမယ့်သူကို မှားယွင်းသတ်မှတ်ခဲ့ကြတာလား။
ပင်မမျိုးနွယ်စု၏ ပွဲကြည့်စင်ပေါ်တွင် ကျန်းဇီတဲသည် တစ်ကိုယ်လုံး တုန်ရီနေပြီး ကျန်းထျန်ရှင်းအား မော့ကြည့်ကာ ပြောလိုက်သည်။
"အဖိုး... ဒါက..."
ထိုအခါ သူ၏မျက်နှာတွင် ပိုမိုထိတ်လန့်သော အရိပ်အယောင်များ ပေါ်ပေါက်လာရပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အဖိုး ကျန်းထျန်ရှင်း၏ မျက်နှာတွင်လည်း ပြင်းထန်သော အံ့ဩတုန်လှုပ်မှုများကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်၏။
ကျန်းထျန်ရှင်းသည် အသိပြန်ဝင်လာပြီးနောက် သက်ပြင်းရှည်ကြီးကို ချလျက် ဆိုလိုက်သည်။
"လင်းချန်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားဘူး"
ထိုခဏ၌ စင်မြင့်၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်လာတော့၏။
မှင်တက်နေသော ကျန်းဝမ်ရွှမ်းကို ကြည့်ကာ ကျန်းချီက မရယ်ဘဲ မနေနိုင်တော့ချေ။ သူက ရယ်မောလိုက်သည်။
"ဟားဟား... ကဲ... အခုဆိုရင် မင်း ငါ့ကို ယုံပြီလား။ အခုပွဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေကို သုံးလိုက်မယ်ဆိုရင် ကျန်းလီတစ်ယောက် အသားစတုံးလေးတွေ ဖြစ်သွားလောက်ပြီလို့ ငါ ထင်တယ်"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၅၆ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။