အခန်း ၂၅၇
Vol. 26 Ch. 257
အပိုင်း ၂၅၇
ဘာသာပြန် - Ko YooHtoo
True Immortal Team
ဤသည်မှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိလောက်အောင် ဖြစ်၏။
အတန်ကြာ အံ့အားသင့်နေပြီးနောက် ကျန်းဝမ်ရွှမ်း သတိပြန်ဝင်လာကာ ကျန်းချီဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။
"နင့်ဘက်က သူ့ကို ဘာကြောင့် ဒီလောက်တောင် ယုံနေတာလဲဆိုတာ အခုမှပဲ ငါနားလည်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တကယ်ကို ကြောက်စရာကောင်းလောက်အောင် အားကြီးတာပဲ"
ကျန်းချီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဘယ်လိုလဲ... အခုတော့ ငါ့စကားကို ယုံပြီမလား။ လောင်းကြေးက လောင်းကြေးပဲနော်... လက်ရှစ်ဖက်ကပ်စေးနှဲလက်သီး ကျင့်စဉ်မူရင်းစာအုပ်ကို ပေးတော့"
ထိုသို့ပြောရင်း ကျန်းချီသည် သူ၏လက်ကို ကျန်းဝမ်ရွှမ်းထံသို့ ဆန့်တန်းကာ တောင်းလိုက်သည်။ ကျန်းဝမ်ရွှမ်းက နှာခေါင်းရှုံ့၍ စိတ်မရှည်သလို သက်ပြင်းတစ်ချက်ကို ဟင်းခနဲချပြီးနောက် ကျင့်စဉ်စာအုပ်ကို ထုတ်ယူကာ ကျန်းချီထံသို့ ပစ်ပေးလိုက်သည်။
"နင်ကတော့ တကယ့်ကို အကွက်သမားပဲ။ သူ နင့်ကို အနိုင်ယူဖူးတယ်ဆိုတာသာ ကြိုပြောရင် ငါ နင်နဲ့ လောင်းမှာမဟုတ်ဘူး။ အခုတော့ ငါ ထပ်ရှုံးပြန်ပြီ"
အမှန်စင်စစ် ကျန်းဝမ်ရွှမ်း စိတ်ပျက်နေရသည်မှာ ကျင့်စဉ်စာအုပ် ဆုံးရှုံးသွား၍ မဟုတ်ဘဲ ကျန်းချီကို ထပ်မံရှုံးနိမ့်သွားရခြင်းကြောင့်သာ ဖြစ်၏။
တိုက်ခိုက်ရေးကွင်းအတွင်း၌မူ အခမ်းအနားမှူးမလေးသည် စင်မြင့်ထက်၌ မှင်သက်ငေးမောနေဆဲ ဖြစ်သည်ကို မြင်သောအခါ လင်းချန်က ခေါင်းမော့ကြည့်လိုက်သည်။
"ကျုပ် ကွင်းထဲက ထွက်သွားလို့ရအောင် ရလဒ်ကို ကြေညာပေးရဦးမယ် ထင်တယ်နော်။ ဟုတ်တယ်မလား"
မှင်သက်နေသည့် အခမ်းအနားမှူးမလေးသည် လင်းချန်၏အသံကို ကြားမှပင် ကမန်းကတန်း သတိပြန်ဝင်လာကာ ပွဲစဉ်ရလဒ်ကို အလျင်အမြန် ကြေညာပေးလိုက်ရသည်။
ထိုအချိန်၌ ကျန်းလီ၏ မျိုးနွယ်စုဝင်များသည်လည်း ဒဏ်ရာရရှိသွားသည့် ကျန်းလီကို ကွင်းထဲမှ အမြန်လာရောက် ခေါ်ဆောင်သွားကြ၏။
ပွဲစဉ်ရလဒ် ကြေညာချက်ကို ရရှိပြီးနောက်၌ လင်းချန်သည် သူ၏ခါး၌ ချိတ်ဆွဲထားသည့် တံဆိပ်ပြားထံမှ ထူးခြားသော အပြောင်းအလဲတစ်ခုကို သတိပြုမိလိုက်၏။
သူ ငုံ့ကြည့်လိုက်သည့်အခါ တံဆိပ်ပြားမျက်နှာပြင်ထက်၌ စိတ်ဝိညာဉ်အလင်းတန်းတစ်ခု ဝင်းခနဲ တောက်ပလာပြီး နှစ် ဟူသော စာလုံး ပေါ်လာကာ ပြန်လည်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။
လင်းချန်သည် ထိုအရာမှာ ရမှတ်ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
သူသည် တိုက်ပွဲ၌ ပါဝင်ဆင်နွှဲပြီး အနိုင်ရရှိသည့်အတွက် ရမှတ် နှစ်မှတ် ရရှိခြင်း ဖြစ်၏။
ပြိုင်ပွဲပြီးဆုံးသွားသည်နှင့် လင်းချန်သည် ကွင်းထဲမှ လှည့်ထွက်လာကာ အရှေ့ပိုင်းဌာနခွဲ၏ ကြည့်ရှုရေးစင်မြင့်ထက်သို့ ဦးတည်လျှောက်လှမ်းလာ၏။
ကွင်းအတွင်းရှိ အခမ်းအနားမှူးမလေးမှာမူ ထွက်ခွာသွားသည့် လင်းချန်၏ ကျောပြင်ကို ကြည့်ရင်း စိတ်ထဲ၌ များစွာ ခံစားသွားရရှာ၏။
'အစောပိုင်းကတော့ ဒီလူသားလူငယ်လေးဟာ တကယ့်ကို ကံဆိုးတာပဲလို့ ငါထင်ခဲ့တာ။ အခုကြည့်ရသလောက်တော့ တကယ့်ကံဆိုးသူက ကျန်းလီ ဖြစ်နေပါလား။ ကောင်းကင်နယ်ပယ် အဆင့်မှာပဲ ရှိသေးတဲ့ ဒီလူသားလူငယ်က ဒီလောက်အထိ ခွန်အားကြီးမားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ'
လင်းချန် အရှေ့ပိုင်းဌာနခွဲစင်မြင့်သို့ ပြန်ရောက်လာသည့်အခါ ကျန်းချီက ချက်ချင်းပင် ဆီးကြိုနှုတ်ဆက်လိုက်၏။
"ဂုဏ်ယူပါတယ် အရှင်မင်းကြီးလင်း။ ပထမဆုံးပွဲမှာတင် အနိုင်ရရှိတဲ့အတွက်ပါပဲ"
လင်းချန်က ခပ်ဖွဖွရယ်မောလျက် သူ၏နေရာ၌ ဝင်ထိုင်လိုက်သည်။
"ဘာတွေကို ဂုဏ်ယူနေတာလဲ။ မင်းက ငါ့ခွန်အားကို သိပြီးသားပဲဟာ။ ဒီလိုရလဒ် ထွက်လာလိမ့်မယ်ဆိုတာ မင်း ကြိုမြင်ထားပြီးသား မဟုတ်လား"
ထိုအချိန်၌ ကျန်းချီက ကျင့်စဉ်စာအုပ်တစ်အုပ်ကို ထုတ်ယူကာ လင်းချန်ထံသို့ ကမ်းပေးလိုက်၏။
"အရှင်မင်းကြီးလင်း... ဒါက ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ လောင်းကြေးထပ်ပြီး အနိုင်ရတဲ့ စိတ်ဝိညာဉ်စွမ်းရည် ကျင့်စဉ်စာအုပ်ပါ။ နာမည်က လက်ရှစ်ဖက်ကပ်စေးနှဲလက်သီးလို့ ခေါ်ပါတယ်"
လင်းချန်သည် ထိုစာအုပ်ကို မြင်သည့်အခါ မဆိုင်းမတွပင် လက်ခံလိုက်ပြီး မေးလိုက်သည်။
"ဒါက ဘာအတွက်လဲ"
ဤကဲ့သို့သော အရာမျိုးမှာ ဟွာရှာအင်ပါယာအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ရာ သူ ငြင်းပယ်စရာ အကြောင်းမရှိချေ။
ထို့နောက်၌ ကျန်းချီက ကျန်းဝမ်ရွှမ်းနှင့် လောင်းကြေးထပ်ခဲ့သည့် အကြောင်းကို လင်းချန်အား ရယ်မောလျက် ပြန်ပြောပြသည်။
ထိုစကားကို ကြားသည့်အခါ လင်းချန်သည် ခေါင်းကို လှည့်ကြည့်လိုက်ရာ အနောက်ပိုင်းဌာနခွဲ၏ စင်မြင့်ထက်သို့ အကြည့်ရောက်သွား၏။
ထိုနေရာ၌ ပန်းရောင်အသားအရေရှိသည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုဝင် အမျိုးသမီးလေးတစ်ဦးက သူတို့ရှိရာဘက်သို့ စူးစူးဝါးဝါး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ထိုအမျိုးသမီးလေးမှာ အဆက်မပြတ် ရယ်မောနေသည့် ကျန်းချီကို ကြည့်ကာ ဒေါသထွက်နေခြင်း ဖြစ်၏။
လင်းချန်က သူမဘက်သို့ လှည့်ကြည့်သည်ကို မြင်သည့်အခါ ကျန်းဝမ်ရွှမ်းသည် သူမ၏အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်ပြီး ယဉ်ကျေးပျူငှာစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်၏။
လင်းချန်ကလည်း ပြန်လည်နှုတ်ဆက်လိုက်၏။ သို့သော်လည်း ခဏအကြာ၌ ကျန်းဝမ်ရွှမ်းမှာ ကျန်းချီဘက်သို့ ပြန်လှည့်ကာ မျက်စောင်းခဲနေပြန်သည်။
လင်းချန်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျန်းချီ၏ ပုခုံးကို ပုတ်လိုက်၏။
"ဟေ့... ဒီကောင်မလေးက မင်းတို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ရဲ့ စံနှုန်းအရဆိုရင် တကယ့်အလှလေး ဖြစ်ရမယ်။ မင်း သူ့ကို စိတ်ဝင်စားနေတာလား"
ကျန်းချီက လက်ကာပြလျက် ကမန်းကတန်း ငြင်းလိုက်သည်။
"ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ။ ကျွန်တော်တို့က နီးစပ်တဲ့ မျိုးနွယ်စုတွေမို့ ငယ်ငယ်ကတည်းက အတူတူဆော့လာတဲ့ သူငယ်ချင်းတွေပါ။ အဲဒါထက် ဘာမှမပိုပါဘူး"
ကျန်းချီ၏ ငြင်းဆိုမှုကို မြင်သည့်အခါ လင်းချန်မှာ ပို၍ပင် သဘောကျသွားပြီး ပုခုံးများ တလှုပ်လှုပ်ဖြင့် ရယ်မောလိုက်၏။ သူ၏ ရေအောက်အသက်ရှူကိရိယာထံမှ လေပူဖောင်းလေးများသည်ပင် တဗွက်ဗွက် ထွက်ပေါ်လာသည်။
"ဒီကောင်လေး... ငြင်းနေတုန်းပါလား။ မင်းမှာ ဘာအကြံမှမရှိဘူးဆိုရင် သူနဲ့ ဘာလို့ လောင်းကြေးထပ်ရမှာလဲ"
"အဲဒါက ဘာဆိုင်လို့လဲဗျ"
လင်းချန်က ကျန်းချီ၏ ရင်ဘတ်ကို လက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်သည်။
"ဟေ့... တစ်ခါတလေကျရင် ရှက်တတ်တဲ့ အမျိုးသားတွေဟာ ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေးကို ရှက်တာ ဖုံးကွယ်ဖို့အတွက် တမင်သက်သက် ရန်စတတ်ကြတယ်ကွ။ ငါ အကြံပေးပါရစေ။ မင်း သူ့ကို ကြိုက်ရင် ပွင့်ပွင့်လင်းလင်း ကြိုးစားကြည့်စမ်းပါ။ မင်းရဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားနဲ့။ မဟုတ်ရင် တခြားလူက သူ့ကို လုယူသွားတဲ့အခါမှ မင်း ငိုနေရလိမ့်မယ်"
ကျန်းချီသည် လင်းချန်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေပြီး ပါးစပ်က တတွတ်တွတ် ပြောချင်သော်လည်း စကားလုံးများ ထွက်မလာရှာပေ။ အတန်ကြာမှပင် သူက အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်၏။
"အရှင်မင်းကြီး... ဘာလို့ ဒီလောက် အသံကျယ်ကျယ် ပြောရတာလဲ။ အကုန်လုံး ကြားကုန်ကြပြီ"
ထိုစကားကို ကြားမှ လင်းချန်က အနောက်ပိုင်းဌာနခွဲဘက်သို့ အမြန်လှည့်ကြည့်လိုက်ရာ ကျန်းဝမ်ရွှမ်းမှာ စင်မြင့်၏ အခြားတစ်ဖက်သို့ ပြေးသွားပြီး ခေါင်းငုံ့ကာ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို မြင်လိုက်ရ၏။
လင်းချန်က အားနာသလို ပြုံးလျက် ကျန်းချီ၏ ပုခုံးကို ပုတ်ကာ အသံနှိမ့်လိုက်သည်။
"အော်... ငါ အမှတ်တမဲ့ ဖြစ်သွားတယ်။ စိတ်မရှိပါနဲ့ကွာ"
ကျန်းချီက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး အနောက်ပိုင်းဌာနခွဲဘက်သို့ တစ်ချက်လှမ်းကြည့်ကာ ပြုံးလိုက်၏။ လင်းချန်သည်လည်း အရာအားလုံးကို သိနားလည်သည့် အပြုံးမျိုးဖြင့် ပြုံးလိုက်မိသည်။ သူ၏ အတိတ်ဘဝ အတွေ့အကြုံများကြောင့် သူသည် လူတစ်ယောက်၏ စိတ်သဘောထားကို ခန့်မှန်းရာ၌ အလွန်ပင် တိကျလှသည်။
ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့မှာ တစ်ဦးပေါ်တစ်ဦး ခံစားချက်များ ရှိနေကြပြီဖြစ်ကြောင်း သူ အထင်အရှား မြင်နေရသည်။
ထို့ကြောင့်ပင် သူတို့နှစ်ဦးကြားရှိ အတားအဆီးကို တမင်တကာ ဖောက်ခွဲပေးလိုက်ခြင်း ဖြစ်၏။ အမှန်စင်စစ် ကျန်းနျန်ရှင်းနှင့် အနောက်ပိုင်းဌာနခွဲ၏ ခေါင်းဆောင်တို့သည်လည်း ဤအခြေအနေကို မြင်တွေ့ရလျှင် ဝမ်းသာကြမည်သာ ဖြစ်သည်။ အကယ်၍ မတူညီသည့် ဌာနခွဲနှစ်ခုမှ ထူးချွန်သော လူငယ်နှစ်ဦး လက်ဆက်ကြမည်ဆိုပါက အမှန်တကယ်ပင် လှပသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။
လင်းချန် ပေးစွမ်းခဲ့သည့် တုန်လှုပ်မှုများသည် တဖြည်းဖြည်း ငြိမ်သက်သွားလေပြီ။
လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ အစည်းအဝေး၌ ပါရမီရှင်များ နည်းပါးသည်မဟုတ်ဘဲ လင်းချန်က သူ၏နယ်ပယ်အဆင့်နှင့် မလိုက်ဖက်အောင် ထူးကဲသည့် ခွန်အားကို ပြသခဲ့သောကြောင့်သာ လူတိုင်း အံ့အားသင့်ရခြင်း ဖြစ်၏။
နောက်ဆက်တွဲ ပွဲစဉ်များ၏ အငွေ့အသက်များက လူတိုင်း၏ စိတ်နှလုံးထဲမှ အံ့သြတုန်လှုပ်မှုများကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေသည်။ သို့သော်လည်း ပွဲစဉ်တိုင်းမှာ လင်းချန်၏ ပွဲစဉ်ကဲ့သို့ မြန်မြန်ဆန်ဆန်နှင့် ပြတ်ပြတ်သားသား ပြီးဆုံးသွားခြင်းမျိုး မရှိချေ။
ပြိုင်ဘက်နှစ်ဦး၏ နယ်ပယ်အဆင့်ချင်း တူညီနေသည့်အခါ၌ တိုက်ပွဲများသည် အချိန်အတော်ကြာ ကြာမြင့်တတ်သည်။ အဘယ်ကြောင့်ဆိုသော် ဤမျိုးနွယ်စု အစည်းအဝေးသို့ တက်ရောက်လာသူများသည် အများအားဖြင့် ပါရမီရှင်များ ဖြစ်ကြပြီး အားလုံးမှာ ကောင်းကင်နယ်ပယ်အဆင့်ကို ပိုင်ဆိုင်ထားကြသောကြောင့် ဖြစ်၏။ ကောင်းကင်နယ်ပယ်သို့ ရောက်ရှိပြီးနောက်၌ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်မှာ အလွန်တရာ အားကောင်းလာသဖြင့် နှစ်နာရီ၊ သုံးနာရီခန့် အဆက်မပြတ် တိုက်ခိုက်ရန်မှာ အခက်အခဲ မရှိချေ။
ထို့ကြောင့် လင်းချန်၏ ပွဲစဉ်နောက်ပိုင်း ဆယ်ပွဲမှာ စုစုပေါင်း လေးနာရီခန့် ကြာမြင့်သွားပြီး ညနေစောင်းသို့ပင် ရောက်ရှိလာသည်။ ထိုပွဲစဉ်များထဲ၌ မျိုးနွယ်စုငယ်များမှ တိုက်ခိုက်ရေးသမားများနှင့် မျိုးနွယ်စုကြီးများမှ တိုက်ခိုက်ရေးသမားများ တွေ့ဆုံသည့် ပွဲစဉ်နှစ်ပွဲသာ ခွန်အားကွာခြားမှုကြောင့် မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခြင်း ဖြစ်၏။ သို့မဟုတ်ပါက ယခုထက်ပို၍ ကြာမြင့်ပေဦးမည်။
ညအချိန်သို့ ရောက်ရှိလာသည့်အခါ သန္တာကျွန်း၏ ရေအောက်ကမ္ဘာလေးသည် ပင်လယ်အလင်းကျောက်များကြောင့် လင်းထိန်လာ၏။ ထိုနေ့အတွက် ပွဲစဉ်များ အားလုံး ပြီးဆုံးသွားပြီဖြစ်ရာ လူတိုင်းသည် သူတို့၏ ယာယီတည်းခိုဆောင်များသို့ ပြန်သွားကြသည်။
လင်းချန်သည် တည်းခိုဆောင်သို့ ပြန်ရောက်ပြီးနောက် ဘေးဘီကို လှည့်လည်ကြည့်ရှုလိုက်သည်။
"ဟင်... ကျန်းချီ ဘယ်ရောက်သွားတာလဲ။ ဒီကောင် ဘယ်နေရာ ပြေးသွားတာလဲ မသိဘူး"
ကျန်းနျန်ရှင်းက ရုတ်တရက် ရယ်မောလိုက်သည်။
"ဒါကတော့ အရှင်မင်းကြီးကြောင့်ပေါ့။ နေ့လယ်က သူတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်ကို အရှင်မင်းကြီးက ဗြောင်ကြီး ထုတ်ပြောလိုက်တော့ အခု သူတို့နှစ်ယောက် အတူတူ သွားဆော့နေကြပြီ ထင်တယ်"
ကျန်းနျန်ရှင်း၏ စကားကို ကြားသည့်အခါ လင်းချန်သည်လည်း သဘောကျစွာ ရယ်မောလိုက်မိသည်။
"ဟားဟား... ဒါဆိုရင်တော့ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲ"
ထိုအချိန်၌ ကျန်းနျန်ရှင်းသည် သူ၏ တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီးနောက် ဇဝေဇဝါ ဖြစ်သွားပုံရသည်။ သတင်းစကားတစ်ခုသည် တံဆိပ်ပြားထံမှ ထွက်ပေါ်လာကာ သူ၏ နဖူးဆီသို့ ဝင်ရောက်သွား၏။ ထို့နောက်၌ ကျန်းနျန်ရှင်းသည် လင်းချန်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။
"အရှင်မင်းကြီး... မျိုးနွယ်စုခေါင်းဆောင်က အရှင်မင်းကြီးကို တွေ့ချင်နေပါတယ်"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၅၇ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။