အခန်း ၂၅၈
Vol. 26 Ch. 258
အပိုင်း ၂၅၈
ဘာသာပြန် - Ko Yoohtoo
True Immortal Team
‘မျိုးနွယ်စုခေါင်းဆောင်က ငါ့ကို တွေ့ချင်နေတာလား’
ကျန်းနျန်ရှင်းက ခေါင်းဆောင်ဟု ရည်ညွှန်းလိုက်ကတည်းက အခြားသူဖြစ်စရာ အကြောင်းမရှိချေ။ ထိုသူမှာ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုတစ်ခုလုံး၏ အထွတ်အထိပ်ခေါင်းဆောင်ကြီး ကျန်းထျန်ရှင်းပင် ဖြစ်ပေလိမ့်မည်။
သို့သော် ကျန်းထျန်ရှင်းက သူ့ကို အဘယ်ကြောင့် တွေ့ဆုံလိုသနည်းဆိုသည်ကိုမူ လင်းချန် စဉ်းစား၍မရနိုင် ဖြစ်နေ၏။
သူသည် တိုက်ခိုက်ရေး၌ အားကောင်းသည်မှာ မှန်သော်လည်း ကျန်းလီနှင့် ရင်ဆိုင်စဉ်က သူ၏စွမ်းအားအစစ်အမှန်ကို အကုန်အစင် ထုတ်သုံးခြင်းတော့ မဟုတ်ချေ။
ကျယ်ပြောလှသည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုကြီး၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သို့သော ပါရမီရှင်မျိုးကိုမဆို မြင်ဖူးတွေ့ဖူးနေမှာ အမှန်ပင်။
သို့သော် အဘယ်ကြောင့် သူ့ကဲ့သို့သည့် လူငယ်တစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံလိုရသနည်း။
ဇဝေဇဝါဖြစ်နေသည့် စိတ်ဖြင့် လင်းချန်က ကျန်းနျန်ရှင်းကို မေးလိုက်သည်။
“မင်းတို့မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီးက ငါ့ဆီက ဘာလိုချင်လို့လဲ။”
ကျန်းနျန်ရှင်းက ပြန်ဖြေ၏။
“ခေါင်းဆောင်ကြီးဆီက ရောက်လာတဲ့ သတင်းစကားထဲမှာ အရှင်မင်းကြီးနဲ့ ဘာကြောင့် တွေ့ချင်တယ်ဆိုတာ အသေးစိတ် မပါဘူးဗျ။ အကြောင်းရင်းအမှန်ကိုတော့ ခေါင်းဆောင်ကြီးနဲ့ တွေ့မှပဲ သိရပါလိမ့်မယ်။”
လင်းချန် စိတ်ထဲမှ ခေါင်းညိတ်လိုက်မိ၏။ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုဝင်များသည် ယေဘုယျအားဖြင့် စိတ်ရင်းကောင်းသူများဖြစ်ရာ သူတို့နှင့် တွေ့ဆုံခြင်းမှာ ဆိုးကျိုးရှိမည် မဟုတ်ချေ။
အကယ်၍ တစ်စုံတစ်ရာ မမျှော်လင့်ဘဲ ဖြစ်ပျက်လာလျှင်ပင် သူသည် ဟွာရှာအင်ပါယာအတွင်းသို့ အချိန်မရွေး ဆုတ်ခွာရှောင်တိမ်းနိုင်စွမ်း ရှိသည်။
ထို့နောက် လင်းချန်က ပြောလိုက်၏။
“ဒါဆို ခေါင်းဆောင်ကြီးဆီ သွားဖို့ ကျန်းနျန်ရှင်း လမ်းပြပေးပါဦး။”
ကျန်းနျန်ရှင်းက ခေါင်းရမ်းလိုက်သည်။
“မဟုတ်ဘူး။ အရှင်မင်းကြီး… ကျွန်တော် လမ်းပြပေးဖို့ မလိုပါဘူး။”
ထိုစကားကြောင့် လင်းချန်မှာ ပို၍ပင် နားမလည်နိုင်ဖြစ်သွားရ၏။ ထို့ကြောင့် မေးလိုက်သည်။
“ခေါင်းဆောင်ကျန်း… ဒီသန္တာကျွန်းပေါ်မှာ ခေါင်းဆောင်ကြီး ဘယ်နေရာမှာ နေသလဲဆိုတာ ကျုပ်မှ မသိတာ။ လမ်းမပြဘဲ ဘယ်လိုသွားတွေ့ရမှာလဲ။”
ကျန်းနျန်ရှင်းက ရှင်းပြ၏။
“အရှင်မင်းကြီး အထင်လွဲနေပြီ။ ကျွန်တော်တို့ ခေါင်းဆောင်ကြီးက အရှင်မင်းကြီးနဲ့ တွေ့ချင်တယ်ဆိုတာ… သူကိုယ်တိုင် ဒီကို ကြွလာမှာမို့လို့ပါ။”
ကျန်းနျန်ရှင်း၏ ရှင်းပြချက်ကို ကြားသည့်အခါ လင်းချန်မှာ အံ့အားသင့်သွားကာ မေးလိုက်သည်။
“မင်းတို့ ခေါင်းဆောင်ကြီးက ငါ့ကိုတွေ့ဖို့ ဒီအထိ ကိုယ်တိုင်လာမယ် ဟုတ်လား။”
ကျန်းနျန်ရှင်းက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်။ ခေါင်းဆောင်ကြီးက အရှင်မင်းကြီးကို တွေ့ဖို့ ကိုယ်တိုင်ကြွလာတယ်ဆိုကတည်းက အကူအညီ တောင်းစရာရှိလို့ ဖြစ်ပါလိမ့်မယ်။ ဂုဏ်သတင်းကို ကြည်ညိုရုံသက်သက် ဒါမှမဟုတ် လက်ဆောင်ပေးဖို့ သက်သက်ဆိုရင်တော့ အရှင်မင်းကြီးကို သူ့ဆီလာဖို့ပဲ ဖိတ်ခေါ်မှာပါ။”
ကျန်းနျန်ရှင်း စကားပြော၍ပင် မဆုံးသေးမီ တစ်စုံတစ်ရာကို အာရုံခံမိလိုက်သကဲ့သို့ လှည့်ကြည့်လိုက်ပြီး အိမ်တော်တံခါးဝရှိရာဘက်သို့ လျှောက်သွားသည်။
မကြာမီမှာပင် ကျန်းနျန်ရှင်းသည် လူလေးဦးနှင့်အတူ ဝင်းခြံအတွင်းသို့ ပြန်လည်ဝင်ရောက်လာ၏။
လင်းချန်သည် ထိုလူလေးဦးကို မကြည့်ဘဲ မနေနိုင်ချေ။ ထိုသူလေးဦးအနက် နှစ်ဦးမှာ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုမှဖြစ်ပြီး ကျန်နှစ်ဦးမှာ လူသားမျိုးနွယ်စုမှ ဖြစ်သည်။ ပင်လယ်မျိုးနွယ်နှစ်ဦးအနက် တစ်ဦးမှာ အခြားသူမဟုတ်ဘဲ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ အထွတ်အထိပ်ခေါင်းဆောင်ကြီး ကျန်းထျန်ရှင်းပင်ဖြစ်ပြီး သူ၏ဘေး၌ ပင်လယ်မျိုးနွယ် လူငယ်တစ်ဦး ပါလာ၏။
အခြားတစ်ဖက်၌မူ ရွှေရောင်အနားသတ်များပါသည့် ဝတ်ရုံနက်ကို ဆင်မြန်းထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျန်းထျန်ရှင်းနှင့်အတူ ယှဉ်တွဲလျှောက်လှမ်းလာသည်။
သူ၏ မျက်လုံးများမှာ တောက်ပလင်းလက်နေပြီး ပါးသိုင်းမွှေးစပ်စပ်နှင့် သူ၏အရှိန်အဝါမှာ အလွန်ပင် ထူးကဲလှ၏။
သူသည် မည်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုမျှ ထုတ်ဖော်ပြသခြင်း မရှိသည့်တိုင် ကုန်းမြေထက်၌ လျှောက်လှမ်းနေသကဲ့သို့ အေးဆေးတည်ငြိမ်စွာ လှမ်းလာပုံက သူ၏ခွန်အားမှာ ခန့်မှန်းရခက်လောက်အောင် ကြီးမားကြောင်း သက်သေပြနေသည်။
ထိုလူလတ်ပိုင်း အမျိုးသား၏ ဘေး၌မူ ရွှေရောင်အနားသတ်ဝတ်ရုံနက်ကိုပင် ဆင်မြန်းထားသည့် လူငယ်တစ်ဦး ပါရှိ၏။ ထိုလူငယ်သည် ဝင်းခြံအတွင်းသို့ ဝင်လာကတည်းက တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး လင်းချန်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
ထိုလူသားမျိုးနွယ် လူလတ်ပိုင်း အမျိုးသားက လင်းချန်ထံသို့ ချဉ်းကပ်လာရင်း ဦးစွာ စကားဆိုလိုက်၏။
“မိတ်ဆွေလေး လင်းချန်… မဖိတ်ဘဲ ရုတ်တရက် ရောက်လာတဲ့အတွက် ခွင့်လွှတ်ပေးပါဦး။”
ကျန်းထျန်ရှင်းက ပြုံးလိုက်သည်။
“ငါတို့ လာတာ နည်းနည်းတော့ ရုတ်တရက် ဆန်သွားနိုင်တယ်။ ဒါပေမဲ့ ဒါက လက်ဆောင်အနည်းငယ်ပါ… မင်း စိတ်ပျက်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။”
ထို့နောက် သူ၏လက်ထဲမှ ကမာခွံတစ်ခုကို ထုတ်ပြလိုက်၏။
ကမာခွံကို ဖွင့်လိုက်သည့်အခါ စာအုပ်အနည်းငယ် ရှိနေသည်ကို တွေ့လိုက်ရသည်။ ကမာခွံမှာ စာအုပ်တစ်အုပ်တည်းသာ ဆံ့မည့်ပုံစံရှိသော်လည်း ဖွင့်လိုက်သည့်အခါ၌မူ ကဏ္ဍကြီးလေးခု ခွဲထားသော စာအုပ်ပေါင်း နှစ်ဆယ်ခန့်ကို တွေ့လိုက်ရ၏။
ထိုကမာခွံမှာ စာအုပ်များ သိုလှောင်ရန် အထူးပြုလုပ်ထားသည့် စိတ်ဝိညာဥ်သိုလှောင်ပစ္စည်းဖြစ်ကြောင်း ထင်ရှားလှသည်။
ကမာခွံအတွင်းရှိ အရာများကို ကြည့်ရင်း လင်းချန် အံ့အားသင့်သွားကာ ကျန်းထျန်ရှင်းထံ အကြည့်လွှဲလိုက်ပြီး မေးလိုက်၏။
“စာအုပ်တွေလား။”
လင်းချန်၏ မျက်နှာပေါ်မှ ဇဝေဇဝါဖြစ်မှုကို မြင်သည့်အခါ ကျန်းထျန်ရှင်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။
“ဟားဟား… ဒီကိုမလာခင် ကျန်းချီလေးဆီကနေ ငါ အထူးစုံစမ်းထားတာပါ။ သူပြောပြချက်အရ မိတ်ဆွေ လင်းချန်ဟာ စာအုပ်ဖတ်ရတာကို ဝါသနာပါသူလို့ သိရတာနဲ့ မင်းစိတ်ကြိုက် ပြင်ဆင်လာတာပါ။”
ထိုစကားကို ကြားမှသာ လင်းချန် အရာအားလုံးကို သဘောပေါက်သွား၏။ ထိုခဏ၌ပင် လူလတ်ပိုင်းအမျိုးသားက ရှေ့သို့ လှမ်းလာပြီး နီရဲသော စိတ်ဝိညာဉ်သစ်သားဖြင့် ထွင်းထုထားသည့် လက်ဆောင်သေတ္တာကို ကမ်းပေးလိုက်သည်။
လူလတ်ပိုင်းအမျိုးသားက ပြောလိုက်၏။
“ငါလည်း ကျန်းထျန်ရှင်းရဲ့ စံနမူနာကိုပဲ လိုက်နာပြီး စာအုပ်တချို့ လက်ဆောင်ပေးဖို့ တွေးလိုက်တာပါ။”
လင်းချန်သည် လက်ဆောင်များကို ချက်ချင်းပင် လက်ခံလိုက်ပြီးနောက် ပြောလိုက်သည်။
“အမှတ်တမဲ့ ဖြစ်သွားတာကို ခွင့်လွှတ်ပါ။ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီမှာပဲ ရပ်ပြီး စကားပြောနေတာ သိပ်မသင့်တော်ဘူး… အထဲဝင်ပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့။”
ထိုအကြံပြုချက်ကို ကြားသည့်အခါ ကျန်းထျန်ရှင်းနှင့် သူ့ကိုယ်သူ အကြီးအကဲဟု ခေါ်ဆိုသော လူလတ်ပိုင်းအမျိုးသားတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြုံးလျက် ခေါင်းညိတ်လိုက်ကြ၏။
“အင်း... ကောင်းပါပြီ… အထဲဝင်ပြီး စကားပြောကြတာပေါ့။”
ရှေ့ဆောင်ခန်းမသို့ ရောက်သွားသည့်အခါ ကျန်းထျန်ရှင်းနှင့် လူလတ်ပိုင်းအမျိုးသားတို့သည် လင်းချန်၏ မျက်နှာချင်းဆိုင်၌ ထိုင်လိုက်ကြပြီး အတူပါလာသော လူငယ်များမှာမူ ဘေးချင်းယှဉ်လျက် ထိုင်လိုက်ကြသည်။ လင်းချန်နှင့် ကျန်းနျန်ရှင်းတို့မှာမူ အခြားတစ်ဖက်၌ ထိုင်လိုက်ကြ၏။
အချို့သော စကားစမြည် ပြောဆိုပြီးနောက် လင်းချန်သည် အတူပါလာသည့် ပင်လယ်မျိုးနွယ်လူငယ်မှာ နာမည်ကျော် ကျန်းဇီတဲဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် အသက် နှစ်ဆယ့်ခုနစ်နှစ်သာ ရှိသေးသော်လည်း သေခြင်းရှင်ခြင်းနယ်ပယ်၏ စိတ်ဝိညာဥ်နယ်ပယ် ခွန်အားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အမှန်စင်စစ် လင်းချန်သည် သူတို့ ဝင်မလာခင်ကတည်းက သံသယရှိပြီးဖြစ်ရာ ယခုမှပင် အတည်ပြုနိုင်၏။
သူ့ကိုယ်သူ အကြီးအကဲဟု ခေါ်ဆိုသော လူလတ်ပိုင်းအမျိုးသားမှာမူ လူသားမျိုးနွယ်စု၏ မဟာမိတ်တစ်ဦးဖြစ်သူ နှောင်ကြိုးမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ကျိုးယီအန်ဖြစ်ပြီး လက်ရှိဂိုဏ်းချုပ်မှာ သူ၏ အဓိကတပည့် ဖြစ်သည်။ သူ၏ဘေးမှ လူငယ်မှာမူ လက်ရှိဂိုဏ်းချုပ်၏ သားအရင်း လီယွမ်ဖုန်းဖြစ်ပြီး ကျိုးယီအန်၏ တိုက်ရိုက်သင်ကြားပြသမှုအောက်၌ လေ့ကျင့်နေသူ ဖြစ်၏။
လူသားမျိုးနွယ်စု၏ တောင်ပိုင်းနယ်မြေတစ်ခုလုံး၌ လီယွမ်ဖုန်းမှာ ဂုဏ်သတင်းအတော်အတန် ရှိသူဖြစ်ပြီး အသက် နှစ်ဆယ့်ခြောက်နှစ်အရွယ်၌ပင် ကျန်းဇီတဲကဲ့သို့ သေခြင်းရှင်ခြင်းနယ်ပယ်၏ ခွန်အားကို ရရှိထားသူ ဖြစ်သည်။ ထိုလူငယ်နှစ်ဦးမှာ လာမည့်ပြိုင်ပွဲများ၌ ထိပ်ဆုံးနေရာကို ရယူရန် ရေပန်းအစားဆုံး ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်၏။
ရှေးစကားပုံတစ်ခု ရှိသည်မဟုတ်လော။ အကြောင်းကိစ္စ မရှိဘဲ ဘယ်သူမှ ဘုရားကျောင်းကို မလာကြဘူး ဟူ၍ပင်။ သူတို့သည် ကိုယ်တိုင်ကိုယ်ကျ လာရောက်ရုံသာမက လက်ဆောင်များကိုပါ တစ်ပါတည်း ယူဆောင်လာကြရာ တစ်စုံတစ်ရာ အကူအညီတောင်းခံရန် မပါဘဲ လာမည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
လင်းချန်က ဝေ့ဝိုက်မနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
“စကားတွေကို ဝေ့လည်ကြောင်ပတ် ပြောမနေကြရအောင်ဗျာ။ ခင်ဗျားတို့ နှစ်ယောက်စလုံး ကျုပ်ထက် ဝါရင့်သူတွေဖြစ်ပြီး အခုလို လာကြတာ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုခု ရှိလို့ပဲ ဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ… ကူညီပေးနိုင်တဲ့ အရာဆိုရင် အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ။”
ကျိုးယီအန်က ကျန်းထျန်ရှင်းဘက်သို့ လက်ဟန်ပြလိုက်၏။
“ကျန်းခေါင်းဆောင်ကပဲ အစပြုထားတာဆိုတော့ မင်းပဲ အရင်ပြောလိုက်ပါ။”
ကျန်းထျန်ရှင်းက ခေါင်းရမ်းလိုက်ပြီး လင်းချန်ကို အေးဆေးစွာ ပြောလိုက်သည်။
“မဟုတ်ပါဘူး... မင်းက ဒီလောက် ပွင့်လင်းမှတော့ ငါလည်း တဲ့တိုးပဲ ပြောတော့မယ်။ မင်းရဲ့ ကောင်းကင်နယ်ပယ် ခွန်အား ဒီလောက် ထူးကဲနေတာ ကျိန်းသေပေါက် ဆေးလုံးတွေရဲ့ ထောက်ပံ့မှု၊ ကျင့်စဉ်တွေရဲ့ လေ့ကျင့်မှုနဲ့ မင်းရဲ့ ထူးခြားတဲ့ ပါရမီတွေကြောင့်ပဲ ဖြစ်ရမယ်။”
“ဒါပေမဲ့ မင်းအဆင့်ကို ရောက်ဖို့ဆိုရင် ဒီအချက်သုံးချက်စလုံး အပြန်အလှန် အထောက်အကူပြုနေရမှာဖြစ်သလို အဲဒါတွေဟာ အဆင့်မြင့်ဆုံး အရာတွေလည်း ဖြစ်နေရမယ်။ ငါတို့ လာရတဲ့ အကြောင်းရင်းကတော့… မင်းအနေနဲ့ အဲဒီကျင့်စဉ်တွေ၊ ဆေးလုံးတွေနဲ့ မင်းရဲ့ ကျင့်ကြံခြင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုတွေကို ငါတို့ကို ရောင်းဖို့ ဆန္ဒရှိမရှိ သိချင်လို့ပါ။”
“စိတ်ချပါ လင်းချန်… မင်းသာ ဒီကုန်သွယ်မှုကို သဘောတူမယ်ဆိုရင် ငါတို့ ပြိုင်ပွဲတွေ ပြီးတဲ့အထိ စောင့်ပေးနိုင်ပါတယ်။ မင်းရဲ့ အဆင့်သတ်မှတ်ချက်တွေကိုလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး။”
ကျန်းထျန်ရှင်း စကားပြောပြီးသွားသည့်အခါ လင်းချန်၏ တုံ့ပြန်မှုကို ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။
ကျန်းထျန်ရှင်း၏ စကားကို နားထောင်ပြီးနောက် လင်းချန်သည် ခေါင်းရမ်းလိုက်ကာ ရယ်မောလိုက်သည်။
“ဟားဟား... စိတ်မကောင်းပါဘူး… ကျုပ်ရဲ့ ကျင့်စဉ်တွေ၊ သုံးတဲ့ ဆေးလုံးတွေနဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေကိုတော့… လုံးဝမရောင်းနိုင်ပါဘူး။”
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၅၈ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။