အခန်း ၂၆၀
Vol. 26 Ch. 260
အပိုင်း ၂၆၀
ဘာသာပြန် - Ko Yoohtoo
True Immortal Team
“လင်းဒီ... ယွမ်ယွမ်ယန်...”
ထိုနာမည်နှစ်ခုကို ကြားလိုက်ရသည့်အခါ ကျန်းထျန်ရှင်းသည် ဇဝေဇဝါဖြစ်သွားပုံရပြီး အတန်ကြာမှပင် ခေါင်းရမ်းလိုက်၏။ “ဟင့်အင်း... စိတ်မကောင်းပါဘူး သူငယ်ချင်းလေး လင်းချန်၊ ငါ ဒီလူနှစ်ယောက်လုံးကို မသိဘူး။”
ကျန်းထျန်ရှင်း၏ စကားကြောင့် လင်းချန်၏ မျက်နှာထက်၌ စိတ်ပျက်မှုအရိပ်အယောင်များ အနည်းငယ် ထင်ဟပ်သွားသည်။ သူသည် ကျိုးယီအန်ဘက်သို့ မကြည့်ဘဲ မနေနိုင်ပေ။ အမှန်စင်စစ် ကျန်းထျန်ရှင်းမှာ တောင်ပိုင်းပင်လယ်နယ်မြေ၌ နေထိုင်သည့် ပင်လယ်မျိုးနွယ်စုဝင် တစ်ဦးဖြစ်ရာ သူ၏မိဘများအကြောင်းကို မသိရှိခြင်းမှာ သဘာဝကျလှ၏။
သို့သော်လည်း ကျိုးယီအန်မှာမူ မတူပေ။ သူသည် တောင်ပိုင်းနယ်မြေမှ လူသားမျိုးနွယ်စုဝင် တစ်ဦးဖြစ်သလို အင်အားကြီးအဖွဲ့အစည်းတစ်ခု၏ အဓိကပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ရာ သူ၏မိဘများအကြောင်းကို တစ်စုံတစ်ရာ သိရှိနိုင်ခြေ များပြားလှသည်။ ထို့ကြောင့်ပင် လင်းချန်သည် မိဘများအကြောင်း သတင်းအစအန ရရှိရန် မျှော်လင့်ချက်အပြည့်ဖြင့် ကျိုးယီအန်အား စိုက်ကြည့်နေမိ၏။
ကျိုးယီအန်က သက်ပြင်းချလိုက်သည်။ “ဟူး... ဝမ်းနည်းစရာပဲ သူငယ်ချင်းလေး လင်းချန်၊ ငါလည်း လင်းဒီနဲ့ ယွမ်ယွမ်ယန်ဆိုတဲ့ နာမည်တွေကို တစ်ခါမှ မကြားဖူးဘူး။”
သို့သော်လည်း ကျိုးယီအန်၏ တုံ့ပြန်မှုက လင်းချန်၏ မျှော်လင့်ချက်ကို မှေးမှိန်သွားစေပြီး စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားစေ၏။ လင်းချန်၏ စိတ်ဓာတ်ကျသွားသည့် အမူအရာကို မြင်သောအခါ ကျိုးယီအန်က ကမန်းကတန်းပင် မေးလိုက်သည်။ “ဒီလူနှစ်ယောက်က မင်းနဲ့ ဘယ်လိုပတ်သက်လို့လဲ။”
လင်းချန်က သက်ပြင်းချလိုက်၏။ “ဟူး... လင်းဒီက ကျုပ်အဖေ၊ ယွမ်ယွမ်ယန်က ကျုပ်အမေလေ။”
ကျိုးယီအန်ထံမှ ခိုင်လုံသည့် သတင်းအချက်အလက်များ ရရှိလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း အဆုံးသတ်၌ ဘာမှ ထူးခြားမလာချေ။ ကျိုးယီအန်က အတန်ကြာ စဉ်းစားပြီးနောက် ဆိုလိုက်၏။ “ဒီလိုပြောရရင် နည်းနည်းတော့ ရိုင်းသွားမယ်။ သူတို့က နာမည်မကြီးလို့ ငါမကြားဖူးတာလည်း ဖြစ်နိုင်တယ်။”
ထိုစကားကို ကြားသည့်အခါ လင်းချန်သည် တစ်စုံတစ်ခုကို သတိရသွားပြီး အမြန်မေးလိုက်သည်။ “လူကြီးမင်း... သာမန်သစ်သားလှံတစ်စင်းနဲ့ တောင်နံရံတစ်ခုလုံးကို ဖောက်ထွက်သွားအောင် လုပ်နိုင်တဲ့ အရှိန်အဝါမျိုးက ဘယ်လိုနယ်ပယ်အဆင့်မျိုး ဖြစ်မလဲ။”
ဤမေးခွန်းကို ကြားသည့်အခါ ကျိုးယီအန်မှာ များစွာ ဇဝေဇဝါ ဖြစ်သွားရသည်။ သူက မေးလိုက်၏။ “ဒါက... မင်း ဘာလို့ မေးတာလဲ။”
ထို့နောက် လင်းချန်သည် ဘာရှန်းမြို့အနီး၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်နှင့် ထိုတောင်နံရံထက်၌ တွေ့ရှိခဲ့ရသော အရာများကို ကျိုးယီအန်အား ပြန်လည်ပြောပြလိုက်၏။ သူ ပြောပြနေသည်မှာ အခြားမဟုတ်ဘဲ သူ၏ဖခင်ဖြစ်သူက လှံတစ်စင်းဖြင့် တောင်နံရံကို ထိုးဖောက်ခဲ့သည့် အဖြစ်အပျက်ပင် ဖြစ်သည်။
လင်းချန်၏ ပြောပြချက်ကို နားထောင်ပြီးနောက် ထိုလှံမှာ စိတ်ဝိညာဉ်သစ်သား မဟုတ်ဘဲ သာမန်သစ်သားသာ ဖြစ်ကြောင်း အတည်ပြုနိုင်သည့်အခါ ကျိုးယီအန်၏ မျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်မှုများ လွှမ်းမိုးသွား၏။ ကျိုးယီအန်သာမက သူ၏ဘေးမှ ကျန်းထျန်ရှင်းမှာလည်း အလွန်အမင်း အံ့အားသင့်သွားရသည်။
ကျန်းထျန်ရှင်းက မျက်လုံးပြူးသွား၏။ “ဒါသာ တကယ်ဆိုရင် သူငယ်ချင်းလေး လင်းချန်... မင်းအဖေက ကျိန်းသေပေါက် ထူးကဲတဲ့ ပုဂ္ဂိုလ်ပဲ။”
တစ်ချိန်တည်းမှာပင် ကျိုးယီအန်ကလည်း ရေရွတ်လိုက်မိသည်။ “ဟုတ်တယ်... မင်းပြောတာသာ အမှန်ဆိုရင် လင်းဒီဆိုတဲ့လူက အသက်သုံးဆယ်ကျော်နဲ့တင် ငါတို့နယ်ပယ်အဆင့်ကို ရောက်နေပြီပေါ့။”
ကျိုးယီအန် အံ့သြသွားသည်မှာ မဆန်းပေ။ သူ၏အသက်မှာ ရာကျော်နေပြီဖြစ်ပြီး အလွန်အိုမင်းနေပြီဟု ထင်ရသော်လည်း သူ၏နယ်ပယ်အဆင့်၌မူ သူသည် လူငယ်တစ်ဦးဟုသာ သတ်မှတ်ခံရ၏။ သို့သော် တစ်စုံတစ်ဦးက အသက်သုံးဆယ်အစောပိုင်း၌ ဤနယ်ပယ်သို့ ရောက်ရှိသွားသည်ဆိုပါက ထိုသည်မှာ ဤနယ်ပယ်အဆင့်၏ စံနှုန်းအရ သုံးနှစ်သားကလေးငယ်တစ်ဦးနှင့်ပင် တူညီနေပေလိမ့်မည်။
ကျိုးယီအန်က လေးနက်စွာ ပြောလိုက်၏။ “မင်းအဖေမှာသာ အဲဒီလို ခွန်အားမျိုးရှိရင် နာမည်မကြီးဘဲ နေမှာမဟုတ်ဘူး။ ငါ ကျိန်းသေ ကြားဖူးရမှာပဲ။”
သူ၏မျက်လုံးများထဲ၌ အံ့သြမှုများသာမက ဇဝေဇဝါဖြစ်မှုများလည်း ပြည့်နှက်နေသည်။ ထိုခဏ၌ လင်းချန်၏ နှလုံးသားထဲ၌လည်း အံ့သြမှုနှင့် ဇဝေဇဝါဖြစ်မှုများ ဒွန်တွဲနေ၏။
လင်းချန် တွေးလိုက်သည်။ ‘မိဘတွေရဲ့ သဲလွန်စကို ဆက်ရှာရဦးမှာပဲ။’
သူ၏နှလုံးသားထဲမှ မိဘများနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်မှာ ပို၍ပင် နက်ရှိုင်းလာပြီ ဖြစ်၏။ ထို့နောက် လင်းချန်သည် သူ၏ဘေးပတ်ပတ်လည်ရှိ လူများကို လေးနက်သည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။ “ဒီနေ့ပြောခဲ့တဲ့ ကျုပ်မိဘတွေအကြောင်းကို လျှို့ဝှက်ပေးထားကြဖို့ မျှော်လင့်ပါတယ်။ ရှင်းပြလို့မရတဲ့ ရှုပ်ထွေးမှုတချို့ ရှိနေလို့ပါ။ လူကြီးမင်းတို့ကို ယုံကြည်လို့ ပြောပြလိုက်တာပါ။”
လင်းချန်၏ စကားကို ကြားသည့်အခါ လူတိုင်းက ပြုံးလျက် ခေါင်းညိတ်ပြကြပြီး မည်သည့်အရာကိုမျှ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရဟု ကတိပေးကြ၏။
ထိုအချိန်မှာပင် ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့၏ ခန္ဓာကိုယ်ထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အရှိန်အဝါများသည် တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူတို့သည် ဆေးရည်၏ အာနိသင်ကို ထိန်းချုပ်နေသည့် အခြေအနေမှ ပြန်လည်ထွက်ပေါ်လာကြသည်။ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့သည် သူတို့နှစ်ဦး မည်သို့ခံစားရသည်ကို သိရှိရန် အမြန်ချဉ်းကပ်ကာ မေးလိုက်ကြ၏။
ကျန်းဇီတဲက စိတ်လှုပ်ရှားစွာဖြင့် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် အော်ဟစ်လိုက်သည်။ “အင်အားတွေ ပြည့်လျှံနေသလိုပဲ။ အနည်းဆုံး နှစ်နှစ်လောက် ပြင်းပြင်းထန်ထန် ကျင့်ကြံလိုက်ရသလိုပဲ။”
တစ်ချိန်တည်းမှာပင် လီယွမ်ဖုန်းက ခေါင်းညိတ်လိုက်၏။ “အင်း... ဒီဆေးရည်အစွမ်းက တကယ်ဆန်းကြယ်တယ်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ်။ အတွင်းဒဏ်ရာတချို့တောင် သက်သာသွားသေးတယ်။ အံ့ဩစရာပဲ။”
ထို့နောက်၌မူ သူတို့ လေးဦးစလုံးသည် လင်းချန်ရှိရာဘက်သို့ အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ဆေးရည်၏ အာနိသင်မှာ ဤမျှအထိ ကောင်းမွန်သည်ကို မြင်တွေ့ရသည့်အခါ ကျိုးယီအန်က မေးလိုက်၏။ “သူငယ်ချင်းလေး လင်းချန်... မင်းရဲ့ ကြံ့ခိုင်မှုတိုးဆေးရည်က တကယ်ဆန်းကြယ်လွန်းတယ်။ အဲဒါကို ငါတို့ကို ရောင်းမလား။”
လင်းချန်က ပြုံးလိုက်သည်။ “လူကြီးမင်း... စိတ်မပူပါနဲ့။ ဒီဆေးရည်ရဲ့ အစစ်အမှန်အာနိသင်ကို အရင်ရှင်းပြပါရစေ။ ညီနောင်ကျန်းနဲ့ ညီနောင်လီတို့ တိုးတက်လာတာ ဆေးစွမ်းသက်သက်ကြောင့် မဟုတ်ဘူး။ သူတို့ခန္ဓာကိုယ်ထဲက အရာတွေကြောင့်ပါ။ အရင်က သူတို့ လေ့ကျင့်တာ၊ ဆေးလုံးမှီဝဲတာတွေ ရှိခဲ့မှာပဲ။”
“ဒါပေမဲ့ ခန္ဓာကိုယ်အတွင်းပိုင်းမှာ အနည်အနှစ်တွေ ကျန်နေခဲ့တယ်။ အဲဒါတွေက အပြည့်အဝ မချေညှက်ပဲ ကျန်နေခဲ့တဲ့ သွေးစွမ်းအင်နဲ့ ဆေးစွမ်းအင်တွေပဲ။”
“ဒီဆေးရည်က နှစ်ပေါင်းများစွာ စုပုံနေတဲ့ အဲဒီစွမ်းအင်တွေကို ပြန်နိုးထစေတာပါ။ လေလွင့်နေတဲ့ အလားအလာတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကို မြှင့်တင်ပေးလိုက်တာပဲ။”
လင်းချန်၏ ရှင်းပြချက်ကို ကြားသည့်အခါ လူတိုင်းမှာ သဘောပေါက်သွားကြ၏။ အတန်ကြာ စဉ်းစားပြီးနောက် ကျန်းထျန်ရှင်းက ခေါင်းညိတ်လိုက်သည်။ “ဒါဆို... ဒီဆေးရည်ကို ဆက်တိုက်သုံးနေရုံနဲ့ သိသိသာသာ တိုးလာမှာမဟုတ်ဘူးပေါ့။ နှစ်အနည်းငယ်ခြားပြီးမှ တစ်ခါသုံးရင် အမြင့်မားဆုံး အာနိသင်ရမယ်ဆိုတဲ့ သဘောလား။”
လင်းချန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ဒါကြောင့်လည်း ဒီဆေးရည်ကို အပြန်အလှန်လက်ဆောင်အဖြစ် ပေးခဲ့တာပါ။ ဒီအရာက ရောင်းချဖို့ မသင့်တော်လို့ပါ။”
ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းလှသည်။ သူတို့သည် ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နယ်မြေ၏ ကြီးကျယ်သော အခမ်းအနား မစတင်မီ၌ ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့၏ ခွန်အားကို မြှင့်တင်ပေးလိုကြခြင်း ဖြစ်၏။
ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့၏ စိတ်ဝိညာဉ်စွမ်းအင် နယ်ပယ်သည် အနည်းငယ် မတည်မငြိမ် ဖြစ်နေဆဲဖြစ်သည်ကို လင်းချန် အထင်အရှား မြင်နေရသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နယ်မြေ၏ အခမ်းအနား၌ ပိုမိုအားကောင်းသည့် စွမ်းဆောင်ရည်များကို ပိုင်ဆိုင်နိုင်စေရန်နှင့် အကျိုးကျေးဇူးများ ပိုမိုရရှိစေရန်အတွက် ဖြစ်၏။
လင်းချန်က ပြုံးလိုက်သည်။ “လူကြီးမင်းတို့ကို အတပ်ပြောနိုင်တာက... ညီနောင်ကျန်းနဲ့ ညီနောင်လီတို့ရဲ့ ခွန်အားကို ကျုပ် မြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုကိုတော့ သဘောတူပေးရလိမ့်မယ်။”
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၆၀ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team
Hello” ကျွန်တော် ဘာသာပြန် Yue ပါဗျ။ ကျွန်တော် စာမစစ်နေဘူးနော်။ အရေးနဲ့ စာစစ်ကို ဘာသာပြန် Ko YooHtoo နဲ့ပဲ လွှတ်ထားပါတယ်ဗျ။ အစပိုင်းတုန်းကလောက် ဖတ်ရတာ မချောတော့ရင် သည်းခံပေးပါနော်။ တင်ဖို့ရာ ကျွန်တော်ကို စောင့်နေရတော့ နှေးနေလို့ဗျ။ ကျွန်တော်ကလည်း ကိုယ့်စာစဥ်နဲ့ ကိုယ်ဆိုတော့ အချိန် အဆင်မပြေလို့ပါ။
ဖတ်ရတာ အဆင်မပြေဘူးဆိုရင် ကျွန်တော်ရဲ့ Telegram မှာ လွတ်လွတ်လပ်လပ် လာပြောနိုင်ပါတယ်ဗျ။ စာစစ်တဲ့ တာဝန်ကို ကျွန်တော် ပြန်ယူပေးပါ့မယ်။
Telegeam - @moon_immortal_yue