အခန်း ၂၆၃
Vol. 27 Ch. 263
အပိုင်း ၂၆၃
ဘာသာပြန် - Ko Yoohtoo
True Immortal Team
လီယွမ်ဖုန်း၏ ဒေါသကို မြင်လိုက်ရသည့်အခါ တုဇီယွဲ့သည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွား၏။ လင်းချန် လှည့်ထွက်သွားရန် ပြင်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏ဉာဏ်နီဉာဏ်နက်ကို အသုံးပြု၍ ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"စီနီယာအစ်ကိုလီ... ကျွန်မ ဒေါသကို မထိန်းနိုင်ဘဲ တိုက်ခိုက်မိတာ သူက ကျွန်မအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောလို့ပါရှင်။"
သူမ၏စကားကြောင့် လီယွမ်ဖုန်းသည် အံ့အားသင့်သွားပြီး လင်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ တစ်ဖက်၌လည်း ကျန်းဇီတဲအား ရှာဖွေရန် ထွက်ခွာတော့မည့် လင်းချန်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခက်ထန်သော မျက်နှာထားဖြင့် ပြန်လှည့်ကြည့်လိုက်သည်။ ထိုစဉ် ပတ်ဝန်းကျင်ရှိ လူအများမှာလည်း အဖြစ်အပျက်ကို သိလိုသဖြင့် ဝိုင်းအုံလာကြလေပြီ။
တုဇီယွဲ့သည် လူအများ ဝိုင်းလာသည်ကို မြင်သည့်အခါ ပို၍ပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်စွပ်စွဲလိုက်သည်။
"သူပဲလေ... သူက ဟောက်ဟိုင်လမ်းမရဲ့ တိုက်ခိုက်မှု တားမြစ်ထားတဲ့ စည်းကမ်းကို အခွင့်ကောင်းယူပြီး ကျွန်မကို မဖွယ်မရာ လက်နဲ့ထိတယ်၊ ပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း စကားတွေပြောပြီး သူနဲ့အတူ လိုက်ဖို့အထိ ပြောတာပါ။ ကျွန်မက ထိတ်လန့်ပြီး ဒေါသထွက်သွားလို့ တိုက်ခိုက်မိသွားတာပါ။"
တုဇီယွဲ့၏ စွပ်စွဲချက်ကို ကြားလိုက်ရသည့်အခါ ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ လင်းချန်အား မထီမဲ့မြင်ပြုသော အကြည့်များ၊ ရှုံ့ချသည့် အမူအရာများဖြင့် ကြည့်ရှုကြ၏။ ပတ်ဝန်းကျင်မှ လူများ၏ ဝေဖန်သံများကို ကြားရသောအခါ တုဇီယွဲ့၏ မျက်ဝန်းထဲ၌ အောင်နိုင်သူတစ်ဦးကဲ့သို့ လှည့်ကွက်အောင်မြင်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ ဤသို့ဆိုလျှင် လီယွမ်ဖုန်းအနေဖြင့် သူမအား တိုက်ပွဲစတင်မှုအတွက် အပြစ်တင်နိုင်မည်မဟုတ်တော့ဘဲ လင်းချန်အား ပြင်းထန်စွာ ဆုံးမရန်အတွက် အကြောင်းပြချက်ကောင်း ရသွားပေလိမ့်မည်။
'ကျင့်စဉ်အဆင့်က ကောင်းကင်နယ်ပယ် ချိုးဖျက်ခြင်းအဆင့်လောက်ပဲ ရှိတဲ့ကောင်က ခန္ဓာကိုယ် သန်မာတာလေးကို အားကိုးပြီး ငါ့ကို အလေးမထားရုံတင်မကဘဲ ရင်ဘတ်သေးတယ်လို့တောင် စော်ကားရဲတယ်ပေါ့။'
ယွမ်ဟိုင်ဂိုဏ်း၌မူ တုဇီယွဲ့ကို မြင့်မြတ်သော မင်းသမီးလေးတစ်ပါးကဲ့သို့ ဆက်ဆံကြပြီး အမျိုးသားတိုင်းက သူမအား ဖားယားကာ အလိုလိုက်ကြသည်သာ ဖြစ်သည်။
'ဒါပေမဲ့ ဒီလင်းချန်ကတော့ ငါ့ကို စော်ကားရဲတယ်၊ သူ သေသင့်တယ်။'
လူအုပ်ကြီး၏ အခြေအနေက သူမဘက်၌ ရှိနေသည်ကို သိသည့်အခါ တုဇီယွဲ့သည် ဇာတ်လမ်းကို ပို၍ပင် ချဲ့ထွင်ပြောဆိုသည်။
"စီနီယာအစ်ကိုလီ... ကျွန်မ ပြောတာတွေ အကုန်လုံးက အမှန်တွေပါ။ အခုတင်ပဲ သူက အပြစ်ရှိသလိုမျိုး အလျင်စလို ထွက်သွားဖို့ လုပ်နေတာကိုလည်း ရှင့်မျက်စိနဲ့ အမိအရ မြင်လိုက်သားပဲ မဟုတ်လား။"
သို့သော် သူမ ထိုသို့ ပြောဆိုနေစဉ်မှာပင် လင်းချန်အား စာအုပ်များ ရောင်းချခဲ့သည့် ဆိုင်ရှင်မှာမူ ဘေးမှနေ၍ ခပ်တိုးတိုး ရယ်မောနေမိ၏။ အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို သူက ကောင်းကောင်း သိထားသည် မဟုတ်ပါလော။
ထို့အပြင် ဤအမျိုးသမီးမှာ သူမဘက်က ကူညီရန် လီယွမ်ဖုန်းကို လိမ်ညာနေသော်လည်း လီယွမ်ဖုန်းက လင်းချန်အား "ညီလေးလင်း" ဟု ခေါ်ဆိုနေသည်ကို ဆိုင်ရှင်က အထင်အရှား ကြားလိုက်ရသဖြင့် သူတို့ကြား၌ ရင်းနှီးသော သံယောဇဉ်တစ်ခု ရှိနေကြောင်း သူ သဘောပေါက်ထားသည်။
သို့သော်လည်း ဆိုင်ရှင်အနေဖြင့် ဘာမှဝင်ပြောရန် အစီအစဉ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် လင်းချန်သည် သူ၏ဆိုင်၌ ဈေးဆစ်စဉ်က အလွန်ပင် ကပ်စေးနည်းခဲ့သဖြင့် ယခုကဲ့သို့ အခက်တွေ့နေသည်ကို ကြည့်ကာ သဘောကျနေခြင်း ဖြစ်၏။
လင်းချန်သည် ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။ "ဟား ဟား ဟား"
လူတိုင်းက သူ့ကို အံ့အားသင့်စွာ ကြည့်မိကြ၏။ ထိုအခါ တုဇီယွဲ့က လှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်၏။
"ဘာလဲ... ပြောစရာ မရှိတော့လို့ ရယ်ပြီး အရှက်ကို ဖုံးဖို့ ကြိုးစားနေတာလား။"
လင်းချန်က တုဇီယွဲ့အား အေးစက်စွာ ပြောလိုက်၏။
"မဟုတ်ဘူး... မင်းရဲ့ မာန်မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ စိတ်ကူးယဉ်မှုတွေကို ငါ ရယ်နေတာ။ မင်း တစ်ခါတုန်းက ပြောဖူးတယ် မဟုတ်လား။ ငါက မင်းရဲ့ အလှအပကို မက်မောပြီး ခိုးကြည့်နေတယ်၊ ငါက သတ္တိမရှိဘဲ ရမ္မက်ကြီးတဲ့ လူတစ်ယောက်ပါဆိုပြီးတော့လေ။ အဲဒီစွပ်စွဲချက်ကလည်း ငါက မင်းကို အကြည့်ချင်း မဆုံခင်အထိ ခိုးကြည့်နေပြီး မင်း လှည့်ကြည့်လိုက်တဲ့အခါ ငါက အကြည့်လွှဲလိုက်တယ် ဆိုတဲ့ အချက်အပေါ်မှာ အခြေခံထားတာ မဟုတ်လား။"
တုဇီယွဲ့သည် သူမ၏မေးစေ့ကို အနည်းငယ် မြှောက်ကာ မာနထောင်လွှားသော အမူအရာဖြင့် ပြန်ပြောလိုက်၏။
"ဒါဆို ဘာဖြစ်လဲ... ငါ ပြောတာ မှားနေလို့လား။ နင့်လို ယောက်ျားတွေက လမ်းဘေးမှာ ပေါပါတယ်။ လှတာကို သဘောကျတာ လူတိုင်းပဲ မဟုတ်လား၊ ကြည့်ချင်ရင်လည်း ပွင့်ပွင့်လင်းလင်း ကြည့်ပေါ့။ ငါ မပြချင်တာမှ မဟုတ်တာ။ ဒါပေမဲ့ နင့်လို ခိုးကြည့်ပြီးတော့ စိတ်ထဲကနေ ဘယ်လို ညစ်ညမ်းတဲ့ အရာတွေကို လျှောက်တွေးနေမလဲ မသိရတဲ့ ယောက်ျားမျိုးကတော့ တကယ်ကို ရွံစရာကောင်းတယ်။"
တုဇီယွဲ့၏စကားကို ကြားသည့်အခါ လင်းချန်သည် ကမ္ဘာပေါ်၌ အကြီးကျယ်ဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ထပ်မံ၍ ရယ်မောလိုက်ပြန်သည်။
"တကယ်ကို ရယ်စရာကောင်းတာပဲ။ ငါ့ရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက မင်းထက် အများကြီး လှတယ်၊ စရိုက်ကလည်း မင်းထက် ကောင်းတယ်၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း မင်းထက် အများကြီး သာတယ်။ မင်းလို လူစားမျိုးက ငါ့မျက်စိထဲတောင် ဝင်မှာမဟုတ်ဘူး။ ရုပ်ဆိုးသူတွေက ပြဿနာ ပိုရှာတတ်စမြဲပဲ ဆိုတဲ့ စကားက မှန်နေတာပဲ။ မင်းကို ခိုးကြည့်တယ်ဟုတ်လား။ ငါ့ကို ရယ်အောင် မလုပ်စမ်းပါနဲ့။ မင်းကို ကြည့်လိုက်မိလို့ ညဘက် အိပ်မက်ဆိုးတွေ မက်မှာတောင် ငါ ကြောက်နေရတာ။"
တုဇီယွဲ့သည် မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး လင်းချန်ကို လက်ညှိုးထိုးကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လင်းချန်က သူမစကားကို ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။
"သေချာနားထောင်စမ်း ကောင်မလေး။ ငါ ခိုးကြည့်နေတာ မင်းကို မဟုတ်ဘူး၊ မင်းရဲ့ဆရာ ဝူချွန်ရှန်းကို ကြည့်နေတာ။ ဘာလို့လဲဆိုတော့ သူ့ကို ဘယ်လိုပုံစံနဲ့ သတ်ရမလဲဆိုတာ ငါ စဉ်းစားနေလို့ပဲ။ သိပြီလား။"
လင်းချန်၏မျက်နှာထားမှာ ရုတ်ချည်းပင် ရေခဲကဲ့သို့ အေးစက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုသော အငွေ့အသက်များသည် သူမ၏ရှေ့မှ တုဇီယွဲ့ထံသို့ တိုးဝင်သွား၏။
တုဇီယွဲ့က အံ့အားသင့်သွားသည်။ "ဘာ..."
တုဇီယွဲ့သည် လင်းချန်ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အရှိန်အဝါကြောင့် နောက်သို့ ယိုင်သွားရပြီး မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူဖျော့သွား၏။ လင်းချန်သည် သူမ၏ဆရာဖြစ်သူ ဝူချွန်ရှန်းကို သတ်ဖြတ်မည့်အကြောင်းကို ဝန်ခံပြောဆိုလိမ့်မည်ဟု သူမ လုံးဝ မထင်ထားပေ။ သူမသာမက ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာလည်း အလွန်တရာ အံ့အားသင့်သွားကြသည်။ အဖြစ်အပျက်များက မျှော်လင့်မထားသည့် ဘက်သို့ လှည့်သွားလေပြီ မဟုတ်ပါလော။
သို့သော် ခဏအကြာ၌ တုဇီယွဲ့သည် ပြန်လည် တည်ငြိမ်သွားပြီး ပြုံးလိုက်သည်။
"လင်းချန်... နင် တော်တော် သတ္တိရှိတာပဲ။ ဒီစီနီယာအစ်ကိုလီက ဘယ်သူလဲဆိုတာ နင် သိရဲ့လား။ သူက နှောင်ကြိုးမဲ့ဂိုဏ်း ဂိုဏ်းချုပ်ရဲ့ တိုက်ရိုက်မျိုးဆက်ပဲ၊ ငါတို့ ယွမ်ဟိုင်ဂိုဏ်းကလည်း နှောင်ကြိုးမဲ့ဂိုဏ်းရဲ့ လက်အောက်ခံပဲလေ။ အခု နင်က သူ့ရှေ့မှာတင် ယွမ်ဟိုင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ကို သတ်ချင်တယ်လို့ လျှောက်ပြောနေတာလား။ နင် သိထားဖို့က ငါ့ဆရာကလည်း စီနီယာအစ်ကိုလီရဲ့ လက်အောက်က လူတစ်ယောက်ပဲ၊ သူ့အမိန့်ကို နာခံရတာ။ နင်က ဘာကောင်မို့လို့ ငါ့ဆရာကို သတ်နိုင်မှာလဲ။ တကယ်လို့ နင် သတ်နိုင်ရင်တောင် စီနီယာအစ်ကိုလီ ဒီမှာ ရှိနေတာ သူကရော သဘောတူပါ့မလား။"
တုဇီယွဲ့၏စကားအဆုံး၌ လီယွမ်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
"ငါ သဘောတူတယ်။"
ရုတ်ခြည်းပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ အထူးသဖြင့် တုဇီယွဲ့မှာမူ လီယွမ်ဖုန်းအား မယုံကြည်နိုင်သည့် အကြည့်များဖြင့် စိုက်ကြည့်နေမိပြီး သူမ၏နားကိုပင် သူမ ပြန်လည် ယုံကြည်နိုင်စွမ်း မရှိတော့ချေ။
ထိုအချိန်၌ လင်းချန်သည် လီယွမ်ဖုန်း၏အနားသို့ လျှောက်သွားကာ စူးစမ်းသည့်အကြည့်ဖြင့် မေးလိုက်၏။
"တကယ်တော့ သူ ပြောတာလည်း မမှားပါဘူး။ ဝူချွန်ရှန်းက ခင်ဗျားရဲ့ လူတစ်ယောက်လို့ ပြောလို့ရတယ်၊ ခင်ဗျား တကယ်ပဲ စိတ်မရှိဘူးလား။"
လီယွမ်ဖုန်းက ခေါင်းရမ်းလိုက်သည်။
"စိတ်မရှိပါဘူး။ မင်း သဘောရှိသာ လုပ်ပါ။"
**--**--**--**--**--**--**--**
ယွမ်ဟိုင်ဂိုဏ်းသည် ယခင်က ကမ်းရိုးတန်းပြည်နယ်အတွင်း၌ အလွန်ပင် ဩဇာအာဏာ ကြီးမားခဲ့ပြီး ပြည်နယ်တစ်ခုလုံးကို စိုးမိုးထားနိုင်သည်မှာ အမှန်ပင် ဖြစ်၏။ သို့သော်ငြားလည်း အနှစ်သာရအားဖြင့်မူ ယွမ်ဟိုင်ဂိုဏ်းသည် နှောင်ကြိုးမဲ့ဂိုဏ်း၏ လက်အောက်ခံအင်အားစုများထဲမှ တစ်ခုမျှသာ ဖြစ်သဖြင့် ထူးထူးခြားခြား ထူးကဲလှသည်တော့ မဟုတ်ပေ။
လူသားမျိုးနွယ်စုသည် ကျယ်ပြောလှသည့် နယ်မြေဒေသများကို ပိုင်ဆိုင်ထားကြပြီး သိုင်းဝိညာဉ်တိုက်ကြီးပေါ်၌ အကြီးမားဆုံးသော မျိုးနွယ်စုကြီးဟု ဆိုလျှင်လည်း မမှားနိုင်ပေ။ လူသားမျိုးနွယ်တို့၏ တောင်ဘက်ဒေသ နယ်မြေတစ်ခုတည်းကိုပင် ပြည်နယ်ပေါင်း သုံးထောင်ခြောက်ရာခန့် ပိုင်းခြားသတ်မှတ်ထားရာ ကမ်းရိုးတန်းပြည်နယ်နှင့် ယွမ်ဟိုင်ပြည်နယ်တို့မှာ ထိုအထဲမှ ပြည်နယ်အသေးလေး တစ်ခုစီမျှသာ ဖြစ်သည်။
နှောင်ကြိုးမဲ့ဂိုဏ်း၏ လက်အောက်၌ ယွမ်ဟိုင်ဂိုဏ်းနှင့် အဆင့်အတန်း တူညီကြသည့်၊ ဂိုဏ်းကြီးအား မှီခိုအားထားနေကြရသော လက်အောက်ခံဂိုဏ်းပေါင်း လေးဆယ့်ခြောက်ဂိုဏ်းအထိ ရှိနေ၏။ လီယွမ်ဖုန်းမှာမူ နှောင်ကြိုးမဲ့ဂိုဏ်းချုပ်၏ တစ်ဦးတည်းသော သားတော်ဖြစ်သဖြင့် ယွမ်ဟိုင်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ဖြစ်သူ၏ အသက်ကိုပင် စီရင်ပိုင်ခွင့်ရှိသည်မှာ အမှန်ပင် ဖြစ်သည်။
ထို့အပြင် ယွမ်ဟိုင်ဂိုဏ်းအတွင်း၌လည်း မကြာသေးမီကပင် အုပ်စုဖွဲ့၍ အာဏာလုပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ဝူချွန်ရှန်းမှာမူ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို အသုံးပြုကာ မိမိနှင့် ရန်ငြိုးရှိသူများစွာကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။
လီယွမ်ဖုန်းသည် နှောင်ကြိုးမဲ့ဂိုဏ်းအတွင်း၌ မိမိနှင့် ရင်းနှီးသော တပည့်တစ်ဦးမှာ ယွမ်ဟိုင်ဂိုဏ်းမှ လာသူဖြစ်သဖြင့် ဤအကြောင်းအရာများကို သိရှိနေခြင်း ဖြစ်၏။ ထိုတပည့်၏ ယခင်က ရင်းနှီးခဲ့သည့် သူငယ်ချင်းဖြစ်သူမှာ ဝူချွန်ရှန်း၏ ဖယ်ထုတ်ခြင်းကို ခံခဲ့ရသဖြင့် လီယွမ်ဖုန်းအနေဖြင့် ဤကိစ္စကို ကောင်းစွာ နားလည်ထားခြင်း ဖြစ်ပေသည်။
လီယွမ်ဖုန်းသည် ထိုကဲ့သို့သော လူစားမျိုးမှာ သေသွားသည်ကမှ ပိုကောင်းလိမ့်မည်ဟု တစ်ကြိမ်က ပြောဖူးသည်။ ယခုအခါ လင်းချန်က ဝူချွန်ရှန်းကို သတ်မည်ဟု ပြောလာသဖြင့် သတ်ချင်လည်း သတ်ပေါ့... ထိုသည်က ဘာများ အရေးကြီးသနည်း။ သို့ရာတွင် ထိုအချိန်၌ တုဇီယွဲ့မှာမူ အခြေအနေအရပ်ရပ်ကို နားမလည်နိုင်ဘဲ ဝေခွဲမရ ဖြစ်နေရှာ၏။
ထိုခဏ၌ စူးစမ်းလိုစိတ် ပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာပြီး လူရိပ်တစ်ခု ချဉ်းကပ်လာသည်။
"ဟေး... ဒီမှာ တကယ်ကို စည်ကားနေတာပဲ။"
ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် ထိုလူသစ်ကို ကြည့်လိုက်ကြပြီးနောက် သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ ထိုလူကို မြင်သည့်အခါ လူအုပ်ကြီးသည် တိုးတိုးတိတ်တိတ်ဖြင့် ရေရွတ်လိုက်ကြသည်။
"လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုရဲ့ ထိပ်သီးပါရမီရှင် ကျန်းဇီတဲပဲ။"
"မျိုးနွယ်စု ခေါင်းဆောင်ကြီးရဲ့ တစ်ဦးတည်းသော မြေးတော်လေ... သူက အဖိုးတန်ပစ္စည်းတွေ လိုက်ရှာရတာ ဝါသနာပါတာကြောင့် ဟောက်ဟိုင်လမ်းမကို ရောက်လာတာ မဆန်းပါဘူး။"
ကျန်းဇီတဲသည် လူအုပ်ကြားမှနေ၍ လင်းချန်နှင့် လီယွမ်ဖုန်းတို့ထံသို့ တိုက်ရိုက် လျှောက်လှမ်းလာသည်။
"လီအရူး... ညီလေးလင်း၊ မင်းတို့ ဒီမှာ ဘာတွေ အလုပ်များနေကြတာလဲ။ ကြည့်ရတာ တစ်ယောက်ယောက်က မင်းတို့ကို စောင့်ကြည့်နေသလိုပဲ။"
လင်းချန်က အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်၏။
"ဘီလူးမ သံပရာသီးကိုက်ထားတာထက်တောင် ပိုဆိုးတဲ့ ရုပ်ဆိုးမတစ်ယောက်က ကျွန်တော့်ကို လာနှောင့်ယှက်နေလို့လေ။"
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းဇီတဲ၏ ပြုံးရွှင်နေသော မျက်နှာမှာ ရုတ်ချည်းပင် မှောင်ကျသွားပြီး တုဇီယွဲ့ဘက်သို့ ဒေါသတကြီး လှည့်ကြည့်လိုက်သည်။
"ညီလေးလင်းရဲ့ ဖော်ပြချက်အရဆိုရင်... သူပြောနေတဲ့ ရုပ်ဆိုးမဆိုတာ မင်းပဲ ဖြစ်ရမယ်။"
လီယွမ်ဖုန်းမှာမူ အတော်ကြာအောင် စကားမပြောနိုင်ဘဲ ကြောင်အသွားရ၏။ ထို့နောက် သူက လင်းချန်ဘက်သို့ ခေါင်းစောင်းလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။
"တကယ်ကို ပြောင်မြောက်တယ်။"
လင်းချန်ကလည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလိုက်၏။
"ဒါပေါ့... ကျိန်းသေတာပေါ့။"
လင်းချန် ပြောဆိုလိုက်ပုံမှာ လီယွမ်ဖုန်းအနေဖြင့် တကယ်ပင် အားကျမိစေသော အချက်ဖြစ်ပေသည်။
ကျန်းဇီတဲ ပါဝင်သည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ အလှအပဆိုင်ရာ စံနှုန်းများအရဆိုလျှင် ပန်းရောင်အသားအရေရှိသော အမျိုးသမီးများကိုသာ ဆွဲဆောင်မှုရှိသည်ဟု သတ်မှတ်ကြခြင်း ဖြစ်ပေသည်။ ကျန်းဇီတဲအဖို့မူ တုဇီယွဲ့ကဲ့သို့သော လူသားမျိုးနွယ် အမျိုးသမီးမှာ ပင်လယ်မိစ္ဆာများကိုပင် ခြောက်လှန့်နိုင်လောက်အောင် ရုပ်ဆိုးလှသည်ဟု ထင်မြင်နေခြင်း ဖြစ်၏။
ကျန်းဇီတဲသည် တုဇီယွဲ့ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်ပြီး ဘေးနားရှိ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင် နှစ်ဦးကို လက်ယပ်ခေါ်လိုက်၏။
"ငါ့ရဲ့ ညီအစ်ကိုကို နှောင့်ယှက်နေရအောင် မင်း မျက်စိကန်းနေတာလား။ သူ့ကို ဒီကနေ ခေါ်ထုတ်သွားလိုက်စမ်း... သူ့ကို မြင်ရတာ ငါ့မျက်စိနောက်တယ်။"
ထိုလက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင် နှစ်ဦးမှာလည်း မိမိတို့မျိုးနွယ်စုမှ မင်းသား၏ အမိန့်ကို မဖီဆန်ရဲသဖြင့် တုဇီယွဲ့အား အလျင်အမြန်ပင် ဆွဲခေါ်သွားကြသည်။ တုဇီယွဲ့မှာလည်း လီယွမ်ဖုန်းနှင့် ကျန်းဇီတဲတို့မှာ သူမအနေဖြင့် မပြစ်မှားရဲသော ပုဂ္ဂိုလ်များဖြစ်သဖြင့် ပြန်လည်ခုခံရန် မဝံ့ရဲရှာပေ။ လင်းချန်၌ မည်သို့သော အရည်အချင်း သို့မဟုတ် ဂုဏ်ဒြပ်များ ရှိနေသဖြင့် လီယွမ်ဖုန်းနှင့် ကျန်းဇီတဲတို့က သူ့ကို ညီလေးလင်း ဟု ခေါ်ဆိုကာ ကာကွယ်ပေးနေကြရသနည်း ဟူသည်ကို တုဇီယွဲ့တစ်ယောက် တကယ်ပင် နားမလည်နိုင်အောင် ဖြစ်နေရ၏။
တုဇီယွဲ့သာမက ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာလည်း ထိုအတွေးမျိုးပင် ရှိနေကြသည်။ မျိုးနွယ်စု စုဝေးပွဲ၌ ပြသခဲ့သော ပြင်းထန်လှသည့် အစွမ်းအစများနှင့် ယခုအခါ လီယွမ်ဖုန်း၊ ကျန်းဇီတဲတို့နှင့် အလွန်တရာ ရင်းနှီးနေမှုများကို ကြည့်ခြင်းဖြင့် မည်သူမျှ လင်းချန်အား အထင်သေးရန် မဝံ့ရဲကြတော့ပေ။
တုဇီယွဲ့အား ဆွဲခေါ်သွားစဉ်မှာပင် လင်းချန်၏ အသံသည် နောက်မှ ထွက်ပေါ်လာသည်။
"မင်းရဲ့ ဆရာကို ပြောလိုက်ပါ... ငါက ဝေဝူရွှမ်ရဲ့ တပည့်ပါလို့။"
သူမသည် ထိုစကားလုံးများကို ရင်ထဲ၌ အသေအချာ မှတ်သားလိုက်သည်။ ဤသို့ဖြင့် လှိုင်းလေထန်ခဲ့သည့် အရှုပ်အထွေးမှာ ပြီးဆုံးသွား၏။
ကျန်းဇီတဲက လက်ယမ်းပြလိုက်သည်။
"အားလုံးပဲ လူစုခွဲကြတော့... ဒီမှာ ဘာမှ စိတ်ဝင်စားစရာ မရှိတော့ဘူး။"
ထိုအခါ လူအုပ်ကြီးမှာလည်း လူစုခွဲသွားကြပြီး မိမိတို့၏ ကိစ္စအသီးသီးကို ဆက်လက်လုပ်ဆောင်ကြသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။အပိုင်း ၂၆၃ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။