← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

အပိုင်း ၂၆၆

ဘာသာပြန် - Yoohtoo

True Immortal Team

"အကယ်၍ မရှိဘူးဆိုရင်လည်း နောင်မှာ အဲဒီလို အမှားမျိုး မလုပ်မိအောင် ကိုယ့်ကိုယ်ကိုယ် သတိပေးရမယ်။ အကယ်၍ ရှိနေတယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြင်ဆင်ရမှာပေါ့။"

​"နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတစ်ခုကတော့ ကိုယ်တိုင် သူတို့ရဲ့ နေရာမှာ ဝင်ရောက် ခံစားကြည့်ဖို့ပဲ။ အကယ်၍ ခင်ဗျားမှာသာ အဲဒီလောက် အစွမ်းအစ ရှိနေမယ်ဆိုရင် ဘယ်လိုမျိုး ပြန်လည် တုံ့ပြန်မလဲ၊ ဘယ်လို နည်းစနစ်ကို သုံးမလဲ၊ ဒါထက် ပိုကောင်းအောင် လုပ်နိုင်မလား ဆိုတာတွေကို စဉ်းစားရမယ်။"

​"အစွမ်းအစဆိုတာက စိတ်ဝိညာဉ်စွမ်းအားနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုတင် မဟုတ်ပါဘူး၊ အတွေ့အကြုံတွေလည်း ပါဝင်ပါတယ်။ ပြိုင်ပွဲတစ်ခုကို သေချာကြည့်လိုက်တိုင်း ခင်ဗျားတို့ရဲ့ အတွေ့အကြုံက အနည်းငယ် တိုးလာမှာပဲ။ အဲဒါကမှ တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပါ"

​"တိုက်ပွဲတွေကို ကြည့်နေရင်းနဲ့မှ ခင်ဗျားတို့အတွက် ထိုးထွင်းသိမြင်မှုတွေ ရလာနိုင်မလား၊ အဲဒီကနေတစ်ဆင့် ကိုယ့်ရဲ့ အစွမ်းကို မြှင့်တင်နိုင်မလား ဆိုတာ ဘယ်သူသိမှာလဲ"

​လင်းချန်၏ စကားများကြောင့် သူတို့မှာ အံ့အားသင့်စွာ ကြည့်မိကြ၏။ သူတို့အနေဖြင့် ဤရှုထောင့်မှ လုံးဝ မစဉ်းစားမိကြသည်မှာ အမှန်ပင် ဖြစ်၏။

​"ဟုတ်တယ်... ကျင့်စဉ်အဆင့် နိမ့်တဲ့တိုက်ပွဲကနေ ဘာမှ သင်ယူလို့မရဘူးလို့ ဘယ်သူပြောလဲ။"

​တိုက်ပွဲကို အလွန်ဝါသနာပါသည့် လီယွမ်ဖုန်းက ပထမဆုံး သဘောပေါက်သွားသည်။ သူသည် ထိုင်နေမြဲဖြစ်သော်လည်း ယခုအခါ သူ၏ မျက်ဝန်းအစုံမှာ ပြိုင်ပွဲကွင်းပြင်သို့ စူးစိုက်ကြည့်ကာ သေချာစွာ စောင့်ကြည့်နေ၏။

​"ညီလေးလင်... တကယ်ပဲ မင်းရဲ့ စကားတွေက ငါတို့ကို အိပ်မက်ထဲကနေ နိုးလာစေတာပဲ"

​ကျန်းဇီတဲသည်လည်း ကျင့်စဉ်လေ့ကျင့်မည့် အတွေးကို ချက်ချင်းစွန့်လွှတ်ကာ တိုက်ပွဲများကို အသေအချာ ကြည့်ရှုသည်။

​တစ်ချိန်တည်းမှာပင် ပါရမီရှင်များဖြစ်ကြသည့် ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့သည်လည်း သတိဝင်လာကြပြီး ကွင်းပြင်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ လူအုပ်ကြီး စိတ်ဝင်တစား ကြည့်ရှုနေကြသည်ကို မြင်သောအခါ ကျန်းနျန်ရှင်းသည်လည်း စိတ်ထဲ၌ တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ ထိုးထွင်းသိမြင်မှုအချို့မှာ ရုတ်တရက် ဝင်းလက်သွားသည်။

​အဝေးတစ်နေရာ၊ အနောက်ပိုင်းဌာနခွဲ၏ ပွဲကြည့်စင်ပေါ်၌မူ လူသားမျိုးနွယ် လူငယ်တစ်ဦးသည် အရှေ့ပိုင်းဌာနခွဲ၏ ပွဲကြည့်စင်မှ မြင်ကွင်းကို မြင်သည့်အခါ မထီမဲ့မြင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ "ဒီလောက် အဆင့်နိမ့်တဲ့ ပြိုင်ပွဲတွေကိုတောင် စိတ်ဝင်တစားနဲ့ ကြည့်နေကြတာလား။ ကြည့်ရတာ နာမည်ကြီးချင်ဇောနဲ့ ဟန်ဆောင်နေကြတဲ့ လူတစ်စုပဲ ဖြစ်ရမယ်။"

​မြောက်ပိုင်းဌာနခွဲ၏ ပွဲကြည့်စင်ပေါ်၌မူ ဝူချွန်ရှန်း၏ မျက်နှာမှာ တင်းမာခက်ထန်နေပြီး သူ၏ အကြည့်များမှာ အရှေ့ပိုင်းဌာနခွဲဘက်သို့ မကြာခဏ ရောက်ရှိသွားတတ်၏။

​လင်းချန်နှင့် လီယွမ်ဖုန်းတို့ ရယ်ရယ်မောမော စကားပြောနေကြသည်ကို မြင်ရသည့်အခါ သူ၏ ရင်ထဲ၌ ဒေါသများမှာ တလိပ်လိပ် တက်လာရ၏။

​အတိတ်တုန်းက ဝေဝူရွှမ်သည် ယွမ်ဟိုင်ဂိုဏ်းသို့ ရောက်ရှိလာခဲ့ပြီးနောက် ချက်ချင်းပင် သူ၏ တောက်ပသည့် ပါရမီကို ထုတ်ဖော်ပြသခဲ့သဖြင့် ဝူချွန်ရှန်း၏ အရှိန်အဝါကို လွှမ်းမိုးခဲ့သည့်အပြင် ဒုတိယဂိုဏ်းချုပ် ရာထူးအတွက်ပါ အစွမ်းထက်သော ပြိုင်ဘက်တစ်ဦး ဖြစ်လာခဲ့၏။

​မနာလိုစိတ်ကြောင့်လည်းကောင်း၊ ဒုဂိုဏ်းချုပ် ရာထူးကို လိုချင်သည့်ကြောင့်လည်းကောင်း ဝူချွန်ရှန်းသည် ယုတ်မာသော အကြံအစည်များကို လုပ်ဆောင်ခဲ့၏။ သူသည် ဝေဝူရွှမ်နှင့် ရင်းနှီးသည့် တပည့်များကို လာဘ်ထိုးကာ ဝေဝူရွှမ် ကျင့်စဉ်လေ့ကျင့်နေစဉ်အတွင်း အဆိပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

​အကြောင်းရင်းတစ်ခုမှာ ကျင့်စဉ်လေ့ကျင့်နေစဉ် ဖြစ်ခြင်းကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ဝေဝူရွှမ်အနေဖြင့် မိမိယုံကြည်ရသည့် လူတစ်ဦးက မိမိအား သစ္စာဖောက်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် ပြင်းထန်သည့် အဆိပ်ဒဏ်ကြောင့်လည်းကောင်း၊ စိတ်ဓာတ်ကျဆင်းမှုကြောင့်လည်းကောင်း ဝေဝူရွှမ်သည် ယွမ်ဟိုင်ပြည်နယ်မှ ထွက်ခွာသွားခဲ့ရခြင်း ဖြစ်သည်။

​နောက်ဆုံး၌... ဝူချွန်ရှန်းသည် အောင်မြင်သွားခဲ့၏။ ထိုမျိုးဆက်၌ သူသည် ပြိုင်ဘက်ကင်းသည့် ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ သူ၏ ကျင့်စဉ်အဆင့်မှာလည်း ဆက်တိုက် တိုးတက်လာခဲ့ပြီး နောက်ဆုံး၌ ယွမ်ဟိုင်ဂိုဏ်း၏ အသက်အငယ်ဆုံး ဒုတိယဂိုဏ်းချုပ် ဖြစ်လာခဲ့၏။

​သို့သော်ငြားလည်း ... သူသည် ဝေဝူရွှမ်၏ တပည့်ကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့သလို၊ ထိုသူသည် နှောင်ကြိုးမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်နှင့် ဤမျှအထိ ရင်းနှီးနေလိမ့်မည်ဟုလည်း လုံးဝ တွေးမထားမိပေ။

​'လင်းချန်ကို သုတ်သင်ပစ်ရမလား'

​ဝူချွန်ရှန်းသည် ထိုသို့ အမှန်တကယ် ပြုလုပ်လိုသော်လည်း သူ မဝံ့ရဲပေ။ အကယ်၍ လင်းချန်သည် ဝေဝူရွှမ်၏ တပည့်သာဆိုလျှင် အတိတ်က အဖြစ်အပျက်မှန်သမျှကို မည်သို့လုပ်ပြီး မသိဘဲ နေမည်နည်း။

​"အခုဆိုရင် သူက လီယွမ်ဖုန်းနဲ့တောင် ညီအစ်ကိုလို ပေါင်းနေတာဆိုတော့... ဒီအကြောင်းတွေကို သူက ဘယ်လိုလုပ်ပြီး မပြောဘဲ နေမလဲ"

​အကယ်၍ သူသာ လင်းချန်ကို တိတ်တဆိတ် သတ်ပစ်လိုက်လျှင် လီယွမ်ဖုန်းက ဒါဟာ သူ့လက်ချက်ဆိုတာကို မခန့်မှန်းနိုင်ဘဲ နေမည်မဟုတ်ပေ။ ထို့ပြင် လင်းချန်သည် အရှေ့ပိုင်းဌာနခွဲ၏ နေအိမ်၌ နေထိုင်နေခြင်း ဖြစ်၏။ ဌာနခွဲခေါင်းဆောင် ကျန်းနျန်ရှင်းမှာလည်း ငယ်စဉ်က လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပြီး သူ၏ ကျင့်စဉ်အဆင့်မှာ ဝူချွန်ရှန်းထက် များစွာ သာလွန်သည်။

​ဝူချွန်ရှန်းသည် ဤမျိုးနွယ်စု စုဝေးပွဲကြီးက မိမိအတွက် ဤမျှလောက် ကြီးမားသည့် ဘေးအန္တရာယ်ကို ယူဆောင်လာလိမ့်မည်ဟု လုံးဝ ထင်မထားပေ။

​'ငါ ဒီကောင်လေးကို ဦးညွှတ်ပြီး အသနားခံဖို့ အခွင့်အရေး ရှာရမယ်'

​ဝူချွန်ရှန်းသည် စိတ်ထဲ၌ တွေးနေမိ၏။ 'သူသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် အရှက်ကွဲရတာက ဘာမှမဟုတ်ပါဘူး။ ငါ ဒါကို သည်းခံထားလိုက်မယ်၊ နောင်တစ်ချိန်မှာ ငါ့ရဲ့ အစွမ်းအစတွေ ကြီးမားလာတဲ့အထိ စောင့်နေရုံပဲ။ အဲဒီအချိန်ကျရင် သူ့ကို သတ်ဖို့ နည်းလမ်းမရှိမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး'

​'သူ့ရဲ့ ဆရာကတောင် အဲဒီလောက် ပါရမီရှိတာတောင်မှ တဖြည်းဖြည်းနဲ့ သေသွားအောင် လုပ်နိုင်ခဲ့တာပဲ၊ တပည့်ကိုကော ငါ ဘာလို့ မလုပ်နိုင်ရမှာလဲ'

​ဤသို့ တွေးမိသည့်အခါ ဝူချွန်ရှန်း၏ မျက်ဝန်းထဲ၌ ယုတ်မာသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

​ဝူချွန်ရှန်းက အေးစက်စွာ တွေးတောနေစဉ်မှာပင် ကျန်းခယ်ရန်မှာမူ အရှေ့ပိုင်းဌာနခွဲဘက်သို့ ကြည့်ကာ စိတ်ပျက်နေသည့် မျက်နှာထား ရှိနေ၏။

​အရှေ့ပိုင်းဌာနခွဲ၏ ပွဲကြည့်စင်ပေါ်၌ စီးဆင်းနေသည့် ရေအစီအရင်တစ်ခုကို ဖန်တီးထားသဖြင့် အပြင်ဘက်မှနေ၍ အတွင်းဘက်သို့ မြင်ရကြားရခြင်း မရှိပေ။ သို့သော်လည်း ကျန်းဇီတဲနှင့် ကျန်းနျန်ရှင်းတို့မှာ အလွန်ပင် စိတ်လှုပ်ရှားစွာ စကားပြောနေကြသည်ကိုတော့ သူ အထင်အရှား မြင်နေရသည်။

​သူကိုယ်တိုင် ကျန်းဇီတဲအား နှုတ်ဆက်စဉ်က ရရှိခဲ့သည့် အေးစက်စက် တုံ့ပြန်မှုကို ပြန်လည် စဉ်းစားမိသောအခါ သူ၏ ရင်ထဲ၌ မနာလိုစိတ်များမှာ မီးဟုန်းဟုန်းတောက်သကဲ့သို့ တောက်လောင်လာရ၏။ စီးဆင်းနေသည့် ရေအစီအရင်ကို အသုံးပြုထားသဖြင့် အပြင်ဘက်မှ အတွင်းဘက်သို့ မမြင်နိုင်သော်လည်း အတွင်းဘက်မှ အပြင်ဘက်သို့မူ ရှင်းလင်းစွာ မြင်နေရသည်။

​ထိုခဏ၌ အရှေ့ပိုင်းဌာနခွဲ၏ ပွဲကြည့်စင်အတွင်း၌မူ ကျယ်လောင်ပြီး ပြင်းထန်လှသည့် အငြင်းပွားသံများဖြင့် ပြည့်နှက်နေ၏။

​--------------

​"ငါသာ အဲဒီ ကျန်းလျန် ဆိုရင် မင်းရဲ့ ဘယ်ဘက်ခြမ်းကနေ တိုက်ရိုက် တိုက်ခိုက်မှာပဲ။ အဲဒီအချိန်ကျရင် မင်း ဘယ်လို ခုခံမလဲ... ခုနက မင်းသုံးခဲ့တဲ့ သတ်ကွက်ကို မင်းကိုယ်တိုင် ပြန်တားဆီးရလိမ့်မယ်"

​ကျန်းချီသည် မျက်နှာတစ်ခုလုံး နီမြန်းလျက် ကျန်းဇီတဲအား အော်ဟစ်နေ၏။ လက်ရှိအချိန်၌ ကျန်းချီသည် ကျန်းဇီတဲ၏ အဆင့်အတန်းနှင့် ဂုဏ်ပုဒ်ကိုပင် မေ့လျော့နေပုံရပြီး ငြင်းခုံပွဲ၌ အနိုင်ရရှိရန်သာ အာရုံစိုက်နေသည်။

​"တကယ်လား... သတ်ကွက်တစ်ခုကို ထုတ်ဖော်လိုက်ပြီးတဲ့နောက်မှာ မူလအရှိန်အဟုန်က ရောက်ရှိသွားပြီဖြစ်ပေမဲ့ နောက်ဆက်တွဲ စွမ်းအားကတော့ မလုံလောက်သေးဘူး။"

​"မင်းက ဘယ်ဘက်ကနေ အတင်းအဓမ္မ တိုက်ခိုက်လာတယ်ဆိုပါစို့... ငါ့ရဲ့ အကာအကွယ် စိတ်ဝိညာဉ်စွမ်းအားက အဲဒါကို ခုခံနိုင်စွမ်းရှိနေရင် မင်းတိုက်ခိုက်မှုက ဘာအဓိပ္ပာယ်ရှိဦးမှာလဲ။ အသက်ရှူသုံးကြိမ်အတွင်းမှာတင် တန်ပြန်တိုက်စစ်ဆင်ပြီး မင်းကို အထိနာအောင် လုပ်နိုင်တယ်"

​ကျန်းဇီတဲကလည်း အားကျမခံ စိတ်အားထက်သန်စွာဖြင့် ပြန်လည်ချေပလိုက်သည်။

​ထိုသူနှစ်ဦးသည် ငြင်းခုံနေကြသော်လည်း စင်မြင့်ပေါ်ရှိ ပြိုင်ပွဲကို မျက်ခြေမပြတ် ကြည့်ရှုနေကြဆဲ ဖြစ်သည်။ အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ သူတို့၏ အခြေအတင် ဆွေးနွေးမှုများကလည်း ပိုမိုပြင်းထန်လာ၏။

​ထိုသည်ကမှ မကျေနပ်သေးဘဲ မြင်သာထင်သာရှိစေရန်အတွက် သူတို့နှစ်ဦးသည် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ရေစီးကြောင်းများဖြင့် လက်ဖဝါးအရွယ်အစားရှိ ရုပ်ပုံလွှာများကို ဖန်တီးလိုက်ကြသည်။ ထို့နောက် မိမိတို့ပြောဆိုနေသည့် အခြေအနေများကို ပုံဖော်ကာ မည်သူက ပိုမိုမှန်ကန်ကြောင်း လက်တွေ့စမ်းသပ် ကြည့်ရှုနေကြ၏။

​ပြိုင်ပွဲပြီးဆုံးသွားသည့်အခါ၌မှ ကျန်းဇီတဲနှင့် ကျန်းချီတို့၏ ငြင်းခုံပွဲသည်လည်း ရပ်တန့်သွားသည်။

​ရလဒ်မှာ လင်းချန်မှလွဲ၍ အားလုံးကို အံ့အားသင့်သွားစေ၏။ အဘယ်ကြောင့်ဆိုသော် အနိုင်ရရှိသူမှာ ကျန်းဇီတဲ မဟုတ်ဘဲ ကျန်းချီ ဖြစ်နေသည့်အတွက်ပင် ဖြစ်သည်။

​အောင်ပွဲရရှိပြီးနောက်၌ ကျန်းချီ၏ မျက်နှာထက်၌ မာနထောင်လွှားသည့် အရိပ်အယောင်မျှပင် မရှိပေ။

​ကျန်းဇီတဲကို အနိုင်ယူနိုင်ခြင်းမှာ လင်းချန်နှင့်အတူ အချိန်ယူ လေ့ကျင့်ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း သူကိုယ်တိုင် ကောင်းစွာ နားလည်ထား၏။ လင်းချန်၏ ကြွယ်ဝလှသည့် တိုက်ပွဲအတွေ့အကြုံနှင့် ခန့်မှန်းရခက်ခဲလှသော တိုက်ခိုက်ရေးပုံစံများက ကျန်းချီအတွက် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပြီး စွမ်းရည်များကို သိသိသာသာ တိုးတက်စေသည် မဟုတ်ပါလော။

​"ကောင်းတယ်... ဒါကမှ ပြိုင်ပွဲကို ကြည့်ရှုရမယ့် မှန်ကန်တဲ့ နည်းလမ်းပဲ။ မင်းတို့တွေ တော်တော် မြန်မြန်ဆန်ဆန် သဘောပေါက်ကြတာပဲ"

​လင်းချန်က ထိုသူနှစ်ဦးကို ကြည့်ကာ သဘောကျစွာ ရယ်မောလိုက်သည်။ "ဒီလိုမျိုးဆိုရင် မင်းတို့နှစ်ယောက်လုံးက နှုတ်ခမ်းဖျား တိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်ကြတာပဲ မဟုတ်လား။"

​ကျန်းချီနှင့် ကျန်းဇီတဲတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရုတ်တရက် အသိတရား ရရှိသွားကြသည်။

​သူတို့နှစ်ဦးသာမက အနီးအနားရှိ လီယွမ်ဖုန်းနှင့် ကျန်းဝမ်ရွှမ်းတို့ပါ လင်းချန်ဆိုလိုသည့် 'ပြိုင်ပွဲကို အလေးအနက် ကြည့်ရှုခြင်း' ၏ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်သွားကြ၏။

​အမှန်စင်စစ် မိမိကိုယ်ကိုယ် ပြိုင်ပွဲဝင်တစ်ဦးအဖြစ် စိတ်ကူးယဉ်ပြီး ငြင်းခုံဆွေးနွေးခြင်းသည် တိုက်ပွဲတစ်ခုကို ကိုယ်တိုင် ဆင်နွှဲလိုက်ရသကဲ့သို့ အတွေ့အကြုံများကို ရရှိစေခြင်း ဖြစ်သည်။

​နောက်ထပ် ပြိုင်ပွဲများ၌လည်း အားလုံးက အာရုံစိုက် ကြည့်ရှုကြပြီး လင်းချန်နှင့် စတင် ငြင်းခုံကြသည်။ သို့သော် သူတို့သည် စကားအနည်းငယ်မျှ ပြောပြီးသည်နှင့် လင်းချန်၏ ချေပချက်များအောက်၌ ဆွံ့အသွားရကာ အစမှ ပြန်လည် စတင်ရလေ့ရှိသည်။

​ထို့နောက်၌ အခြေအနေကို ကြိုတင်သိရှိထားသည့် ကျန်းချီမှတစ်ပါး ကျန်ရှိသော ကျန်းဇီတဲ၊ လီယွမ်ဖုန်းနှင့် ကျန်းဝမ်ရွှမ်းတို့ သုံးဦးစလုံးသည် တိုက်ပွဲအတွေ့အကြုံပိုင်း၌ လင်းချန်နှင့် အလှမ်းဝေးကွာနေသေးကြောင်း သဘောပေါက်သွားကြ၏။ ဤမျှ ကွာဟချက် ကြီးမားနေပါက လင်းချန်နှင့် ငြင်းခုံနေခြင်းဖြင့် တိုးတက်မှုရရန် မလွယ်ကူလှပေ။

​ထို့ကြောင့် သူတို့အချင်းချင်းသာ အပြန်အလှန် ဆွေးနွေးသင်ယူကြရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက်၌ ထိုလေးဦးသည် အလှည့်ကျ ငြင်းခုံကြပြီး စင်မြင့်ပေါ်ရှိ တိုက်ပွဲများကို ပြန်လည် သုံးသပ်ကြ၏။

​လင်းချန်ကမူ တိတ်ဆိတ်စွာပင် ပြိုင်ပွဲကို ကြည့်ရှုရင်း သူတို့၏ ဆွေးနွေးချက်များကို နားထောင်နေလိုက်သည်။ သူတို့၏ ငြင်းခုံမှုများ လမ်းပိတ်သွားသည့်အခါတိုင်း လင်းချန်က ကြားဖြတ်ဝင်ရောက်ကာ နှစ်ဖက်စလုံး၏ အားနည်းချက်များကို ထောက်ပြပြီး တန်ပြန်နည်းလမ်းများ စဉ်းစားရန် တိုက်တွန်း၏။

​နေဝင်ရီတရော အချိန်သို့ ရောက်သည့်အခါ ထိုနေ့အတွက် မျိုးနွယ်စု စုဝေးပွဲ ပြီးဆုံးသွားသည်။

​တစ်နေ့တာလုံး ကိုယ်တိုင် လေ့ကျင့်ခြင်း မပြုခဲ့ကြသော်လည်း သူတို့အားလုံး ရရှိလိုက်သည့် အကျိုးကျေးဇူးမှာ အလွန်ပင် ကြီးမားလှ၏။

ပြိုင်ဘက်ကင်း အင်ပါယာ။အပိုင်း ၂၆၆ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters