အခန်း ၂၆၈
Vol. 27 Ch. 268
အပိုင်း ၂၆၈
ဘာသာပြန် - Ko Yoohtoo
True Immortal Team
အဆောက်အအုံအတွင်းရှိ ဝင်းခြံငယ်လေးထဲ၌ လင်းချန်နှင့် ယီစင်းတို့သည် တစ်ဦးကိုတစ်ဦး မှီတွယ်လျက် တိတ်ဆိတ်စွာ ထိုင်နေကြပြီး အထက်သို့ မော့ကြည့်နေကြသည်။
လင်းချန် နေထိုင်သည့် ဝင်းခြံအား ပြုပြင်မွမ်းမံထားသဖြင့် ရေကန်များ မရှိသော်လည်း ဝင်းခြံ၏ ပတ်ဝန်းကျင်နှင့် အထက်မျက်နှာပြင်တို့၌မူ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီး ရှိနေဆဲပင် ဖြစ်၏။
သူတို့၏ အထက်၌ ငါးအုပ်စုများ ကူးခတ်သွားသည်ကိုပင် မြင်တွေ့နိုင်ပြီး ရေပြင်ကို ဖောက်ထွင်းဝင်ရောက်လာသော နေရောင်ခြည်များက ဝေဝါးလှပသည့် ရှုခင်းတစ်ခုကို ဖန်တီးပေးထားသည်။
လင်းချန်က ယခုရက်ပိုင်းအတွင်း သူမြင်တွေ့ကြားသိရသမျှကို ယီစင်းအား လေသံညင်းညင်းဖြင့် ပြောပြနေ၏။ တစ်ချိန်တည်းမှာပင် ယီစင်းကလည်း ကမ်းရိုးတန်းပြည်နယ်၏ လက်ရှိအခြေအနေများကို လင်းချန်အား အေးအေးဆေးဆေးပင် ရှင်းပြနေသည်။
လင်းချန် ထွက်ခွာသွားပြီးနောက်၌ ကမ်းရိုးတန်းပြည်နယ်သည် မည်သည့် မတော်တဆမှုမျှ မရှိဘဲ စနစ်တကျ ရှိနေ၏။
ယခုအခါ ကမ်းရိုးတန်းပြည်နယ်နှင့် မူလပြည်နယ်တို့သည် ဟွာရှာအင်ပါယာ၏ လက်အောက်၌ တစ်ပေါင်းတည်း ဖြစ်သွားပြီ ဖြစ်၏။
အကြမ်းဖက်မှုနှင့် အကြောင်းမဲ့ သတ်ဖြတ်မှုများကို တားမြစ်သည့် အမိန့်တော်များ ထုတ်ပြန်ထားသဖြင့် လူအများအပြားမှာ ဟွာရှာအင်ပါယာအပေါ် စိတ်ရင်းမှန်ဖြင့် သစ္စာခံလာကြကာ အေးချမ်းသာယာသော ခေတ်ကာလတစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ဤကဲ့သို့သော အရှိန်အဝါရှိသည့် အင်အားစု၏ လက်အောက်၌ နေထိုင်ရသဖြင့် ယခင်ကကဲ့သို့ အမြဲမပြတ် ထိတ်လန့်ကြောက်ရွံ့နေရန် မလိုတော့ပေ။
အတိတ်ကာလကဆိုလျှင် အစွမ်းထက်သည့် သိုင်းဝိညာဉ်ပညာရှင်တစ်ဦးအား စူးစိုက်ကြည့်မိရုံမျှဖြင့် ထိုသူ၏ အသတ်ခံရနိုင်သည် မဟုတ်ပါလော။
ယခုမူ ကမ်းရိုးတန်းပြည်နယ်နှင့် မူလပြည်နယ်တို့၌ တော်ဝင်တပ်မတော်ကို အခြေစိုက် ထားပြီး အမိန့်တော်များကိုလည်း တင်းကျပ်စွာ ကျင့်သုံးနေသဖြင့် မည်သူမျှ ပြဿနာရှာရန် မဝံ့ရဲကြတော့ချေ။
သို့သော် ယီစင်းအနေဖြင့် အစပိုင်း၌ စိုးရိမ်မှုတစ်ခု ရှိနေခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးက လူများကို ပျော့ညံ့သွားစေမည်လားဟူ၍ပင် ဖြစ်၏။
အကယ်၍ နောင်တစ်ချိန်၌ အခြားပြည်နယ်များမှ အင်အားစုများ ကျူးကျော်လာပါက မည်သို့လုပ်မည်နည်း။ ထို့အပြင် အရာအားလုံးကို တော်ဝင်တပ်မတော်အပေါ်၌သာ မှီခိုနေ၍ မရနိုင်ပေ။ အကယ်၍ ဟွာရှာအင်ပါယာ၏ နိုင်ငံသားသစ်များအနေဖြင့် တစ်စုံတစ်ခု လုပ်ဆောင်ရန် လိုအပ်လာသော်လည်း လုံလောက်သည့် အင်အား မရှိပါက မည်သို့ ဖြစ်သွားမည်နည်း။
ယီစင်း၏ မေးခွန်းများကို ကြားသော် လင်းချန်က ခဏမျှ စဉ်းစားပြီးနောက် ပြုံးလိုက်သည်။
"ဒါက ကိုင်တွယ်ရ လွယ်ပါတယ်။ လူထုရဲ့ ကျင့်ကြံမှုကတော့ ကျိန်းသေပေါက် အားနည်းသွားမှာ မဟုတ်ဘူး။ သူတို့ရဲ့ နယ်ပယ် မြင့်တက်လာရင် သက်တမ်းလည်း ရှည်လာမှာပဲလေ။ ဘယ်သူက ဒီလို ဆွဲဆောင်မှုကို အောင့်အည်းနိုင်မှာလဲ။"
လင်းချန်က ယီစင်း၏ ပုခုံးကို အသာအယာ ပုတ်ကာ နှစ်သိမ့်လိုက်သည်။
"တိုက်ခိုက်ရေးစွမ်းရည်ပိုင်းနဲ့ ပတ်သက်ရင်တော့ အရမ်းရိုးရှင်းတယ်။ လူတိုင်းက လေ့ကျင့်မှုကိုသာ ဆက်လုပ်နေမယ်ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ အဲဒါကြောင့် ရှင်းရှင်း စိုးရိမ်မနေနဲ့။"
လင်းချန်က ယီစင်းကို ကြည့်လိုက်သည်။
"အခု ရှင်းရှင်းရဲ့ တာဝန်က ကျင့်စဉ်ကိုပဲ အာရုံစိုက်ဖို့ပဲ။ ရှေးဟောင်းလူသားမျိုးနွယ်စုရဲ့ အမွေအနှစ်နယ်မြေ ပွင့်လာတဲ့အခါ ရှင်းရှင်းအတွက် တစ်ခုခု ရနိုင်ဖို့ပေါ့။ အဲဒီအချိန်ကျရင် ကျူးကော့မင်ကို ရှင်းရှင်းအတွက် သင့်တော်တဲ့ ဆေးရည်တွေ ပြန်ပြင်ခိုင်းပြီး ကျင့်စဉ်ကိုလည်း နည်းနည်း ပြုပြင်ခိုင်းလိုက်မယ်။"
ယီစင်းက လင်းချန် ပြောသမျှကို လမ်းညွှန်ချက်အဖြစ် မှတ်ယူကာ အသာအယာ ခေါင်းညိတ်လိုက်၏။
ထို့နောက်၌ လင်းချန်သည် ယီစင်း၏ ခန္ဓာကိုယ်အတွင်းသို့ စိတ်ဝိညာဉ်စွမ်းအားများကို ဖြည်းညင်းစွာ လွှဲပြောင်းပေးကာ သူမ၏ အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်သည်။
လိုအပ်သည့် အချက်အလက်များကို ရရှိပြီးနောက်၌မူ ကျင့်စဉ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ရန်အတွက် ဟွာရှာအင်ပါယာရှိ ကျူးကော့မင်ထံသို့ ပေးပို့မည် ဖြစ်သည်။ ထို့အပြင် ယီစင်း၏ အခြေအနေနှင့် ကိုက်ညီသော ဆေးရည်များကိုလည်း ပြင်ဆင်စေမည် ဖြစ်၏။
ယခုအခါ ယီစင်းသည်လည်း ကောင်းကင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း စိတ်ဝိညာဉ်စွမ်းအား စုဆောင်းမှုဖြစ်စဉ်ကသာ သူမ၏ အဆင့်တက်လှမ်းမှုကို မြန်ဆန်စေခြင်း ဖြစ်၏။
ထို့အပြင် သူမ၌ လင်းချန်ကဲ့သို့သော အခြေအနေမျိုး မရှိသဖြင့် စိတ်ဝိညာဉ်စွမ်းအားများကို သိုလှောင်ထား၍ မရနိုင်ပေ။ ထို့ကြောင့် တိုက်ပွဲအတွင်း အဆင့်တက်သည့် နည်းလမ်းမျိုးကို သူမအနေဖြင့် အသုံးပြု၍ မရနိုင်ချေ။
နောက်တစ်နေ့၌ မျိုးနွယ်စု ပြိုင်ပွဲများ ပြန်လည် စတင်ရာ ဒုတိယအကျော့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
အရှေ့ပိုင်းဌာနခွဲ၏ ကြည့်ရှုစင်မြင့်ပေါ်၌ ကျန်းဇီတဲနှင့် အခြားသူများသည် လင်းချန်၏ ဘေးရှိ လှပသည့် အမျိုးသမီးငယ်လေးကို ကြည့်ကာ အံ့ဩလွန်းသဖြင့် စကားပင် မပြောနိုင်ဘဲ ဖြစ်နေကြ၏။
လီယွမ်ဖုန်းက အမြန်ဆုံး တုံ့ပြန်နိုင်ကာ လင်းချန်ကို မေးလိုက်သည်။
"ဒါက... မရီးလား။"
လင်းချန်က ပြုံးလျက် ခေါင်းညိတ်ပြကာ ယီစင်းကို မိတ်ဆက်ပေးလိုက်သည်။
"သူက ငါနဲ့စေ့စပ်ထားတဲ့ ယီစင်းပဲ။ အကြီးအကဲ နှစ်ယောက်ဆီက တောင်းထားတဲ့ ခွဲတမ်းက သူ့အတွက်လေ။"
ကျန်းဇီတဲက ချက်ချင်းပင် အားရပါးရ ရယ်မောလိုက်သည်။
"ဟားဟား... မရီးရဲ့ အလှအပနဲ့ အရှိန်အဝါကို ကြည့်ရတာ လင်းညီအစ်ကို ပြောသလို တုဇီယွဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ တကယ်မှန်တာပဲ။"
ယီစင်းနှင့် တွေ့ဖူးပြီးသားဖြစ်သည့် ကျန်းချီကလည်း ပြုံးလျက် နှုတ်ဆက်လိုက်၏။
"မင်းသမီး။"
ကျန်းချီ၏ ဘေးရှိ ကျန်းဝမ်ရွှမ်းကမူ ယီစင်းအား စပ်စုသည့် မျက်လုံးများဖြင့် အကဲခတ်နေသည်။
မကြာမီမှာပင် ကျန်းဝမ်ရွှမ်းသည် ယီစင်းအား ဘေးသို့ဆွဲထုတ်ကာ စိတ်အားထက်သန်စွာ စကားပြောသည်။
သူတို့သည် အမျိုးသမီးချင်း ဖြစ်သဖြင့် ပြောစရာ စကားများကို လွယ်ကူစွာ ရှာတွေ့သွားကြပြီး ငွေခေါင်းလောင်းသံကဲ့သို့ ကြည်လင်သည့် ရယ်မောသံများမှာ အခါအားလျော်စွာ ထွက်ပေါ်လာ၏။
ပြိုင်ပွဲများ ပြန်လည် စတင်ပြီ ဖြစ်၏။ အရှေ့ပိုင်းဌာနခွဲ၏ ကြည့်ရှုစင်မြင့်ပေါ်၌ အပြင်းအထန် ငြင်းခုံဆွေးနွေးမှုများမှာ တစ်ဖန် ပြန်လည် ပေါ်ပေါက်လာပြန်သည်။
ကျန်းဇီတဲက ယီစင်းအား ယုံကြည်မှုအပြည့်ရှိသည့် မျက်နှာဖြင့် ပြုံးပြလိုက်သည်။
"ညီမလေး... ငါတို့နှစ်ယောက် အားရပါးရ ဆွေးနွေးကြည့်ကြမလား။"
ကျန်းဝမ်ရွှမ်းက မြင်သောအခါ မကျေမနပ်ဖြင့် ယီစင်းကို သူမဘက်သို့ ဆွဲလိုက်၏။
"ဟေး... ရှင်က နိုင်ကွက် နင်းချင်တာလား။ ညီမလေးယီ... သူ့ကို ဂရုမစိုက်နဲ့။"
သို့သော် ယီစင်းက အသာအယာ ရယ်မောကာ ခေါင်းခါပြလိုက်ပြီး ကိစ္စမရှိကြောင်း အမူအရာပြကာ ကျန်းဇီတဲ၏ စိန်ခေါ်မှုကို လက်ခံလိုက်သည်။
ထိုသည်ကို မြင်သော် ကျန်းချီက ကျန်းဇီတဲအား သနားစဖွယ် အကြည့်ဖြင့် ကြည့်ကာ ခေါင်းကို တရစပ် ခါယမ်းနေ၏။
အချိန်အတန်ကြာပြီးနောက်၌ ကျန်းဇီတဲ၏ လက်ရှစ်ဖက်စလုံးမှာ သူ့မျက်နှာပေါ်တွင် အုပ်ထားလျက် မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
လီယွမ်ဖုန်းသည် ယီစင်းထံမှ အံ့ဩမှင်သက်နေသည့် အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ကျန်းဇီတဲ၏ ဘေး၌ ထိုင်ကာ သူ့ကိုယ်ကို လှုပ်ခါလိုက်၏။
"ဟေး... မင်းကတော့ အနိုင်ကျင့်ခံရလို့ ငိုနေတာ မဟုတ်ပါဘူးနော်။"
ကျန်းဇီတဲက လက်များကို ဖယ်လိုက်သည့်အခါ နီမြန်းနေသည့် မျက်ဝန်းများဖြင့် လီယွမ်ဖုန်းကို စိုက်ကြည့်လိုက်သည်။
"ဟဲဟဲ... ငါ့ပုံစံက ငိုမယ့်ပုံ ပေါက်နေလို့လား။ မင်း နောက်နေတာလား။"
ထိုအချိန်၌ ကျန်းဝမ်ရွှမ်းက ယီစင်း၏ အနားသို့ အမြန်ရောက်လာပြီး သူမ၏ လက်ကို အံ့ဩစွာ ဆုပ်ကိုင်လိုက်၏။
"ညီမလေးယီ... မင်းက တကယ်ကို အံ့ဩစရာကောင်းလောက်အောင် သန်မာတာပဲ။"
ကျန်းဇီတဲက သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဒါပေါ့... ဒါက ဖြစ်သင့်တာပဲလေ။ ဧကရာဇ်လင်းနဲ့ ဧကရီယီက တစ်ဦးနဲ့တစ်ဦး လိုက်ဖက်တဲ့ စုံတွဲပဲ၊ တကယ့်ကို ထူးခြားလွန်းတယ်။ ငါတောင် ဧကရီယီရဲ့ လက်ချက်နဲ့ ရှုံးခဲ့ရတာ။"
လင်းချန်၏ လွှမ်းမိုးထားသည့် အင်အားနှင့် နှိုင်းယှဉ်ပါက ယီစင်းမှာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိသူ မဟုတ်ပေ။
သို့သော် ယီစင်း၏ တိုက်ပွဲအတွေ့အကြုံမှာ ကျန်းချီထက် များစွာ သာလွန်နေပြီး မကြာမီမှာပင် သူမက အသာစီး ရကာ သူ့အား အပြတ်အသတ် အနိုင်ယူလိုက်ခြင်း ဖြစ်သည်။ တိုက်ပွဲအတွေ့အကြုံသက်သက်ကိုသာ ပြောရလျှင် သူမသည် လင်းချန်ထက် အနည်းငယ်မျှသာ လျော့နည်းခြင်း ဖြစ်၏။
ကျန်းဇီတဲ၏ နယ်ပယ်မှာ ယီစင်းထက် များစွာ သာလွန်သည်မှာ မှန်၏။ သို့သော် သူမအား တိုက်ပွဲအတွေ့အကြုံ ဆွေးနွေးပွဲဖြင့် စိန်ခေါ်ခြင်းမှာမူ မိမိကိုယ်ကိုယ် ပြစ်ဒဏ်တောင်းခံနေသကဲ့သို့ပင် ဖြစ်ပေသည်။
ထို့ကြောင့် ခုနက ကျန်းဇီတဲသည် နှစ်ဆယ့်ခုနစ်ကြိမ် ဆက်တိုက် ရှုံးနိမ့်သွားပြီး အလွန်အမင်း စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရခြင်း ဖြစ်၏။ သူ၏ ပြိုင်ဘက်မှာ အမျိုးသမီးတစ်ဦး ဖြစ်ရုံသာမက သူ့ထက်ငယ်သည့် ညီမငယ်တစ်ဦးလည်း ဖြစ်နေသဖြင့် အလွန်ပင် အရှက်ရနေရှာသည်။
မကြာမီမှာပင် ဤအကျော့ ပြိုင်ပွဲမှာ ပြီးဆုံးသွားပြီး ပြိုင်ပွဲဝင်အမည်စာရင်းဘုတ်ပေါ်၌ အနီရောင်အလင်းတန်းများမှာ တစ်ဖန် ပြန်လည် လင်းလက်လာပြန်၏။
ပထမအကျော့နှင့် မတူသည်မှာ ဒုတိယအကျော့၌ အနီရောင်အလင်းနှစ်ခုမှာ တစ်ပြိုင်နက် လင်းလက်နေခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင်ရန်အတွက် လူနှစ်ဦးကို ကျပန်းရွေးချယ်နေခြင်း ဖြစ်၏။ အနီရောင်အလင်းတန်း ရပ်တန့်သွားသည့်အခါ လီယွမ်ဖုန်း၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး လင်းချန်ဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။
လင်းချန်သည်လည်း ပြိုင်ပွဲဝင်စာရင်းကို ကြည့်နေပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် အနီရောင်အလင်းတန်းများက ပုံတူနှစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်၏။ ထိုပုံနှစ်ခုထဲမှ တစ်ခုမှာ သူကိုယ်တိုင် ဖြစ်သည်။ ကျန်တစ်ခုမှာလည်း လူသားမျိုးနွယ်စုမှ ဖြစ်သော်လည်း အလွန်ထူးဆန်းသည့် အမည်တစ်ခု ရှိနေ၏။ ယင်းမှာ စာလုံးတစ်လုံးတည်းသာ ရှိပြီး 'ရှ' ဟူ၍ ဖြစ်သည်။
လင်းချန်သည် ဤ 'ရှ' ဟူသည့် လူကို ယခင်ပြိုင်ပွဲများ၌ သတိထားမိခဲ့ဖူးသည်။ သူသည် ပထမအကျော့၌ ပြိုင်ဘက်များကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သူ ဖြစ်၏။ ဤကဲ့သို့သော အစွမ်းရှိနေခြင်းမှာ သူ၏ နယ်ပယ်သည် သေခြင်းရှင်ခြင်းနယ်ပယ်၏ စွမ်းအားနယ်ပယ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
လင်းချန် ပြိုင်ပွဲဝင်စင်မြင့်ပေါ်သို့ တက်ရန် ပြင်ဆင်နေစဉ် လီယွမ်ဖုန်းက ရုတ်တရက် အလေးအနက် သတိပေးလိုက်၏။
"လင်းညီအစ်ကို... သတိထားပါဦး။ ဒီ ရှ ဆိုတဲ့ လူက တစ်ခုခု ထူးဆန်းနေတယ်။"
လီယွမ်ဖုန်း၏ အကြံပြုချက်ကို ကြားသော် လင်းချန်က နားမလည်နိုင်သည့် အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။
"ဟင်။"
လီယွမ်ဖုန်းက အတည်ပေါက် သတိပေးသည်။
"ဒီ ရှ ဆိုတဲ့ လူက... သူ့ရဲ့ ပြိုင်ဘက်တွေကို ညှဉ်းပန်းရတာ နှစ်သက်တယ်၊ ပြီးတော့ ပြိုင်ဘက်တွေကို အရှင်လတ်လတ် နှိပ်စက်ပြီး သတ်ပစ်တတ်တယ်။ အကယ်၍ အခြေအနေ မဟန်ဘူးဆိုရင် ချက်ချင်း အရှုံးပေးလိုက်။"
လင်းချန်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။
"အင်း..."
ထို့နောက် ပြိုင်ပွဲကျင်းပရာ ရေအောက်စင်မြင့်နယ်မြေဆီသို့ ကူးခတ်သွားသည်။
လင်းချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်းဇီတဲ၏ မျက်နှာမှာ ပိုမို လေးနက်လာ၏။
"ဒီ ရှ ဆိုတဲ့ကောင်အကြောင်း ငါ နည်းနည်းပါးပါး ကြားဖူးတယ်။ သူက စိတ်ဓာတ်အရမ်းကျဉ်းမြောင်းပြီး ပြိုင်ဘက်တွေကို ညှဉ်းပန်းနှိပ်စက်ရတာ ဝါသနာပါတဲ့ကောင်ပဲ။ ပထမအကျော့တုန်းက သူ့ပြိုင်ဘက်ဟာ တစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားတယ်ဆိုပေမဲ့ အဲဒီလူရဲ့ သွေးကြောတွေ အကုန်ပျက်စီးသွားပြီး အရိုးတွေလည်း တစ်စစီ ကြေမွသွားရတယ်။ အနည်းဆုံး သုံးလေးနှစ်လောက်အထိ ပြန်ကောင်းလာဖို့ မလွယ်ဘူး။"
လီယွမ်ဖုန်းက စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြည့်များဖြင့် စင်မြင့်ပေါ်သို့ တက်လှမ်းနေသည့် လူငယ်အား ကြည့်ကာ တစ်ဦးတည်း ရေရွတ်လိုက်မိသည်။
"အသက်သုံးဆယ်မတိုင်ခင် ကျင့်ကြံခြင်း သုံးလေးနှစ်ဆိုတာ အရမ်းကို အဖိုးတန်တဲ့ အချိန်တွေပဲလေ။ အဲဒါကို အလဟဿ ဖြုန်းတီးပစ်လိုက်ရတယ်ဆိုတာ..."
ကျန်းဝမ်ရွှမ်းကလည်း စိုးရိမ်တကြီးဖြင့် ပြိုင်ပွဲစင်မြင့်ဆီသို့ ကြည့်လျက် မျက်မှောင်ကြုတ်လိုက်၏။
"ဒါကတော့ ပြဿနာပဲ..."
အခြေအနေကို ကြည့်ပြီး ယီစင်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
"ဝမ်ရွှမ်းအစ်မ... အဲဒီ ရှ ဆိုတဲ့လူက အဲလောက်တောင် သန်မာလို့လား။"
ကျန်းဝမ်ရွှမ်းက ယီစင်းဘက်သို့ လှည့်ကာ လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ညီမလေးယီ... မင်းလူတော့ တကယ့်ကို ပြဿနာကြီးနဲ့ တိုးပြီထင်တယ်။ ငါလည်း ဒီ ရှ ရဲ့ ဆိုးဝါးလှတဲ့ နာမည်ဆိုးကို ကြားဖူးထားတယ်။ အဲဒီ ရှ ဆိုတဲ့လူက သွေးဆာသောခန်းမက လာတာ။ သွေးဆာသောခန်းမရဲ့ တပည့်တွေဟာ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ဖို့ ဘာကန့်သတ်ချက်မှ မရှိဘူး။ အသက်ရှင်ဖို့ဆိုရင် ကိုယ့်ပါရမီကို ထုတ်ပြပြီး သွေးပင်လယ်ထဲကနေ လမ်းဖောက်ထွက်လာနိုင်ရမယ်။ အဲဒီလို ထူးချွန်မှသာ သွေးဆာသောခန်းမက မင်းရဲ့ပါရမီကို အသိအမှတ်ပြုပြီး အတွင်းခန်းမဆီ ခေါ်သွားမှာ။ အတွင်းခန်းမက အပြင်ခန်းမလောက် သတ်ဖြတ်မှု မများဘူးဆိုပေမဲ့ သေဆုံးမှုတွေကတော့ နေ့စဉ်နဲ့အမျှ ရှိနေတုန်းပဲ။ သွေးဆာသောခန်းမက သူ့တပည့်တွေကို ပေးအပ်တဲ့ တာဝန်တွေကလည်း အရမ်းအန္တရာယ်များတယ်။ အဲဒီလို ပတ်ဝန်းကျင်မျိုးမှာ အသက်ရှင်ကျန်ရစ်တဲ့ တပည့်တိုင်းဟာ သွေးဆာနေတဲ့ ရူးသွပ်သူတွေ ဖြစ်လာကြတာပဲ။ ဒီ ရှ ဆိုတာက အဲဒီထဲမှာမှ ထိပ်တန်းကဖြစ်ပြီး ပြိုင်ဘက်တွေကို ညှဉ်းပန်းရတာကို ပျော်မွေ့တဲ့ကောင်။ အကယ်၍ ရန်သူမှာ ကောင်းမွန်တဲ့ ပါရမီရှိတာကို မြင်ရင် သူက မသတ်ဘူး... အဲဒီအစား ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို တမင်နှိပ်စက်ပြီး ဒုက္ခိတဖြစ်အောင် လုပ်ပစ်တတ်တယ်။"
ယီစင်း၏ မျက်နှာ၌ နားမလည်နိုင်သည့် အမူအရာ ပေါ်ပေါက်လာသည်။
"ဒုက္ခိတဖြစ်အောင် လုပ်ပစ်တယ် ဟုတ်လား..."
ပြိုင်ဘက်ကင်း အင်ပါယာ။အပိုင်း ၂၆၈ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။