အခန်း ၂၆၉
Vol. 27 Ch. 269
အပိုင်း ၂၆၉
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ကျန်းဝမ်ရွှမ်းက ရွံရှာသည့် လေသံဖြင့် ရှင်းပြလိုက်၏။ "ကျင့်စဉ်အဆင့်ကို ဖျက်ဆီးပစ်တာ တစ်ခုတည်း မဟုတ်ဘူး။ ဥပမာ... မျက်လုံးနှစ်လုံးကို ကန်းအောင်လုပ်တာ၊ ဒါမှမဟုတ် လက်တစ်ဖက်ကို ဖြတ်ပစ်တာမျိုးပေါ့... ပြိုင်ဘက်ကို နာကျင်မှုတွေကြားမှာ တစ်သက်လုံး အသက်ရှင်သွားစေချင်တာ။"
ယီစင်းသည်လည်း အံ့အားသင့်သွားရသည်။ ထို ရှ ဆိုသူ၏ စရိုက်မှာ ဤမျှအထိ ယုတ်မာလိမ့်မည်ဟု သူမ ထင်မထားပေ။
ထိုအချိန်၌မှ ယီစင်း၏ မျက်နှာပေါ်၌ အံ့ဩရုံသာရှိပြီး စိုးရိမ်သည့် အရိပ်အယောင် လုံးဝမရှိသည်ကို ကျန်းဝမ်ရွှမ်း သတိပြုမိသွား၏။ သူက မေးလိုက်သည်။ "ညီမလေးယီ... မင်း လင်းချန်အတွက် မစိုးရိမ်ဘူးလား။"
ယီစင်းက အသာအယာ ခေါင်းခါပြပြီး စင်မြင့်ပေါ်သို့ ဝင်ရောက်သွားသည့် လင်းချန်ကို ကြည့်လိုက်၏။ "ကျွန်မ ချန်လေးကို ယုံတယ်။ အဲဒီ ရှ ဆိုတဲ့လူက သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။"
လီယွမ်ဖုန်းက နောက်ဘက်မှနေ၍ စိုးရိမ်တကြီး ခေါင်းခါယမ်းလိုက်သည်။ "လင်းညီအစ်ကိုက တကယ်ကို အစွမ်းထက်ပြီး ခန္ဓာကိုယ်လည်း ကြံ့ခိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ ရှ ဆိုတာက သာမန်ပြိုင်ဘက် မဟုတ်ဘူး။ ငါကိုယ်တိုင်တောင် သူ့ကို ရင်ဆိုင်ဖို့ဆိုရင် အခက်အခဲ ရှိနိုင်တယ်။"
သူ့ဘေးရှိ ကျန်းဇီတဲကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်... ဒီမျိုးနွယ်စု စုဝေးပွဲမှာ ပါဝင်တဲ့သူတွေထဲမှာ လီညီအစ်ကိုနဲ့ ငါက ထိပ်ဆုံးမှာ ရှိနေတာ။ ဘဝင်မြင့်တယ်လို့ ထင်ရပေမဲ့ ဒါက အမှန်တရားပဲ။ ငါတို့ရဲ့ အောက်မှာဆိုရင်တော့ ပြိုင်ပွဲရဲ့ အသန်မာဆုံးလူတွေထဲမှာ ဒီ ရှ ရဲ့ စွမ်းအားဟာ ဒုတိယလိုက်မယ်လို့ ထင်ရတယ်။"
သူတို့တွေ မည်မျှပင် စိုးရိမ်နေကြပါစေ ယီစင်း၏ မျက်ဝန်းများထဲ၌မူ လင်းချန်အပေါ် မလှုပ်မယှက်သည့် ယုံကြည်မှုများ ပြည့်နှက်နေဆဲပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤ သွေးဆာသည့် ခန်းမမှ ရှ ဟူသော လူသည် သူမ၏ ချန်လေးအတွက် ပြိုင်ဘက်မဟုတ်ကြောင်း သူမ ခိုင်ခိုင်မာမာ သိထားသောကြောင့် ဖြစ်သည်။ ရေအောက်စင်မြင့်အတွင်း၌ အမျိုးသမီးတင်ဆက်သူသည် လင်းချန်အား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်နေ၏။
ဤလူသားမျိုးနွယ်စုမှ လင်းချန်သည် ပထမအကျော့၌ မမျှော်လင့်ဘဲ အောင်ပွဲရလာပြီးမှ ဒုတိယအကျော့၌ ရှ နှင့် လာတွေ့ရသည်မှာ အလွန်ပင် ကံဆိုးလွန်းလှသည်။
အားလုံး၏ ခန့်မှန်းချက်အရ ရှ ၏ စွမ်းအားမှာ ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့၏ နောက်၌ တတိယမြောက် အသန်မာဆုံးအဖြစ် သတ်မှတ်ထားခြင်း ခံရသူ မဟုတ်လော။
ကျန်းထျန်ရှင်းက ပြိုင်ပွဲကွင်းအတွင်းသို့ ကြည့်ကာ ရယ်မောလိုက်၏။ "ဒီ လင်းချန်ရဲ့ ကံတရားကတော့ တကယ့်ကို ဆိုးလွန်းတာပဲ။"
ထို့နောက် သူ၏ဘေးရှိ ကျိုးယီအန်ကို လှမ်းကြည့်လိုက်သည်။
သို့သော် ကျိုးယီအန်ကို မြင်လိုက်ရသည့်အခါ ကျန်းထျန်ရှင်းမှာ မှင်သက်သွားရ၏။ လက်ရှိအချိန်၌ ကျိုးယီအန်သည် ပြိုင်ပွဲကွင်းအတွင်းရှိ လင်းချန်ကို စူးစိုက်ကြည့်နေပြီး သူ၏ စိတ်အာရုံအားလုံးမှာ အစွမ်းကုန် နိုးကြားနေကာ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများမှာလည်း အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားသည့် အနေအထား ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ကျိုးယီအန်၏ ဤကဲ့သို့သော ပုံစံကြောင့် ကျန်းထျန်ရှင်းမှာ နားမလည်နိုင် ဖြစ်သွားရ၏။ သူက ဘာလို့ ဒီလောက်တောင် တင်းမာနေရတာလဲ။
ကျိုးယီအန်၏ ထူးဆန်းသည့် အမူအရာကြောင့် ကျန်းထျန်ရှင်းက မနေနိုင်ဘဲ မေးလိုက်သည်။ "ကျိုးညီအစ်ကို... မနေ့က မင်းထွက်သွားပြီးကတည်းက စိတ်နဲ့လူနဲ့ မကပ်သလို ဖြစ်နေတယ်။ အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ။"
ထိုအခါမှ ကျိုးယီအန်က သတိပြန်ဝင်လာပြီး ကျန်းထျန်ရှင်းအား လက်ကာပြလိုက်၏။ "ဒီကိစ္စကို ကျန်းညီအစ်ကို့ကို အသေးစိတ် ရှင်းပြလို့မရသေးတာ ခွင့်လွှတ်ပါ။ ဒါပေမဲ့ မင်းရဲ့အကူအညီတော့ ငါ တကယ် လိုအပ်တယ်။"
ကျန်းထျန်ရှင်းက မေးလိုက်သည်။ "ပြောပါဦး..."
ကျိုးယီအန်က ပြောလိုက်၏။ "လင်းချန်ကို မျက်ခြေမပြတ် စောင့်ကြည့်ပေးပါ။ သူ့ကို ဘာမှ အထိအခိုက် မခံစေနဲ့။"
ကျိုးယီအန်၏ လေသံမှာ အသနားခံသည့်ပုံစံပင် ပါဝင်နေသဖြင့် ကျန်းထျန်ရှင်းမှာ အံ့အားသင့်သွားရသည်။
ကျိုးယီအန်က လင်းချန်ကို သဘောကျသည်ဆိုဦးတော့၊ ဤမျှအခြေအနေအထိတော့ မဖြစ်သင့်သည် မဟုတ်လော။ မိမိ၏သားဖြစ်သူ လီယွမ်ဖုန်းအတွက်တောင် ကျန်းထျန်ရှင်းသည် ဤမျှအထိ စိတ်လှုပ်ရှားနေသည်ကို မမြင်ဖူးပေ။
ကျန်းထျန်ရှင်းက ပြောလိုက်၏။ "ကျိုးညီအစ်ကိုက ဒီလောက်တောင် ပြောနေမှတော့ ဒါက အရေးကြီးတဲ့ ကိစ္စဖြစ်မှာပေါ့။"
သို့သော် သူ၏ စိတ်ထဲ၌မူ ဇဝေဇဝါ ဖြစ်နေဆဲပင် ဖြစ်သည်။ မနေ့က ကျိုးယီအန် ထွက်သွားပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့၍ လင်းချန်ကို ဤမျှအထိ အလေးထားနေရသနည်း။
ခဏအကြာ၌ ကျန်းထျန်ရှင်းက ဆက်လက် တွေးတောနေခြင်းကို ရပ်တန့်လိုက်၏။
သူနှင့် ကျိုးယီအန်တို့၏ နှစ်ရှည်လများ ခင်မင်မှုကို ထောက်ထား၍ အချို့သည့် အရာများကို မေးခွန်းထုတ်နေရန် မလိုပေ။ သူ၏ သူငယ်ချင်းဟောင်း၌ ဤကဲ့သို့ ထူးခြားသည့် အပြုအမူအတွက် ခိုင်လုံသော အကြောင်းပြချက် ရှိမည်မှာ သေချာသည်။
ပြိုင်ပွဲကွင်းအတွင်း၌ အမျိုးသမီးတင်ဆက်သူက ပြိုင်ပွဲစတင်ကြောင်း ကြေညာပြီးနောက် အမြန်ပင် အပေါ်သို့ ကူးခတ်ကာ ကွင်းအတွင်းမှ ထွက်သွား၏။
ကျယ်ပြောလှသည့် ရေအောက်ကွင်းပြင်၌ လူသားမျိုးနွယ်စုမှ ပုံရိပ်နှစ်ခုသာ ကျန်ရှိသည်။
လင်းချန်သည် ရေအောက်အသက်ရှူကိရိယာကို တပ်ဆင်ထားသဖြင့် အဆက်မပြတ် လေပူဖောင်းများ ထွက်ပေါ်နေသော်လည်း သူ၏ပြိုင်ဘက်မှာမူ ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ပတ်ရံထားကာ လင်းချန်အား ရက်စက်စွာ ပြုံးကြည့်နေ၏။
လင်းချန်၏ ဆန့်ကျင်ဘက်၌ ပေါ်လောပေါ်နေသည့် လူငယ်က လှောင်ပြောင်လိုက်သည်။ "လင်းချန်... မင်းရဲ့ အသက်အရွယ်နဲ့ ဒီလိုနယ်ပယ်မျိုးကို ရောက်နေတာက ချီးကျူးစရာပဲ။ ပိုပြီးတော့ ရှားပါးတာက မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုပဲ၊ တခြား နယ်ပယ်တူ သိုင်းဝိညာဉ်ပညာရှင်တွေထက် အများကြီး သာလွန်နေတာပဲ။"
လင်းချန်က ပြန်မဖြေဘဲ သူ၏ပြိုင်ဘက်ကိုသာ အကဲခတ်နေလိုက်၏။ ရှ ဟု ခေါ်တွင်သည့် ထိုသူသည် သူ၏အမည်နှင့်လိုက်အောင် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်များမှာ ရေထဲ၌ ဖရိုဖရဲ လွင့်မျောနေသည်။
သူ၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှုနှင့် အေးစက်လှသည့် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေ၏။ လင်းချန် သတိထားမိသည်မှာ ထိုသူ၏ သွေးရောင်ဝတ်ရုံ ပတ်ဝန်းကျင်ရှိ ရေပြင်၌ ဖျော့တော့သော အနီရောင် အရိပ်အယောင်များ ထွက်ပေါ်နေခြင်းပင် ဖြစ်သည်။
လင်းချန်က ရှ ၏ သွေးရောင်ဝတ်ရုံကို ကြည့်လိုက်၏။ "မင်း ဝတ်ထားတဲ့ ဝတ်ရုံက မူလက အဖြူရောင်ဖြစ်ပြီး မင်းသတ်ခဲ့တဲ့လူတွေရဲ့ သွေးကြောင့် သွေးရောင်ပြောင်းသွားတာဆိုတဲ့ ကောလာဟလက အမှန်ပဲ ထင်တယ်။"
ရှ သည် သူ၏လက်များကို ဆန့်ထုတ်ကာ ဆံပင်ရှည်များကို ဆုပ်ကိုင်လိုက်ပြီး သွေးရောင်လွှမ်းနေသည့် မျက်လုံးများဖြင့် လင်းချန်ကို စိုက်ကြည့်ကာ သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
"ဟဲဟဲ... နောက်ထပ် ပါရမီရှင် တစ်ယောက်ပေါ့။ မင်းကို ဒုက္ခိတဖြစ်အောင် အခုပဲ လုပ်ပေးမယ်။ မင်းက ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဂုဏ်ယူနေတာလား။ ငါက မင်းရဲ့ အရိုးတွေကို အမှုန့်ဖြစ်အောင် ချေပစ်မယ်၊ မင်းရဲ့ ကြွက်သားတွေကိုလည်း အကုန် ဖြတ်တောက်ပစ်မယ်။ ဒါပေမဲ့ အဲဒါမလုပ်ခင်မှာ... မင်းရဲ့ လျှာကို အရင်ဖြတ်ရမယ်။ မဟုတ်ရင် မင်းက အရှုံးပေးလိုက်ရင် ကစားရတာ ပျင်းစရာကောင်းသွားမှာပေါ့... ဟားဟားဟား။"
ရှ ၏ မျက်လုံးများသည် ပြူးထွက်မတတ် ဖြစ်နေပြီး လျှာဖြင့် နှုတ်ခမ်းကို သပ်ရင်း သူ၏ နောက်ကွယ်မှ ရေထုကြီးမှာ ပေါက်ကွဲထွက်သွားသကဲ့သို့ အရှိန်အဟုန်ဖြင့် လင်းချန်ထံသို့ ပြေးဝင်လာ၏။
--------------
သေခြင်းရှင်ခြင်းနယ်ပယ်၏ စွမ်းအားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် သိုင်းဝိညာဉ်ပညာရှင် 'ရှ' သည် သတ်ဖြတ်ခြင်းအတတ်၌ အလွန်ထူးချွန်သူ ဖြစ်သည်။
သူ့ထံမှ ထွက်ပေါ်နေသည့် သွေးရောင်စိတ်ဝိညာဉ်စွမ်းအားများသည် သူဝတ်ဆင်ထားသော သွေးရောင်ဝတ်ရုံနှင့် တစ်သားတည်းကျနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပင်လယ်ရေထုကို ဖောက်ခွဲကာ လင်းချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။
တစ်ချိန်တည်းမှာပင် ရှသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ချောင်းများမှာ သွယ်လျနေပြီး လက်ဖဝါးများမှာလည်း အရိုးမရှိသကဲ့သို့ ပျော့ပျောင်းနေ၏။ ဤကဲ့သို့သော လက်မျိုးဖြင့်သာ တိကျသေချာစွာ ထိန်းချုပ်နိုင်ပြီး လူတို့၏ အသက်ကို သိမ်မွေ့စွာ နှုတ်ယူနိုင်ခြင်း ဖြစ်သည်။
ရှ၏ ညာလက်သည် လင်းချန်၏ မေးစေ့ကို လှမ်းကိုင်ရန် ကြိုးစားနေပြီး ဘယ်လက်၌မူ သွေးရောင်စိတ်ဝိညာဉ်စွမ်းအားများ စုစည်းကာ တိုတောင်းသည့် ဓားမြှောင်တစ်လက်အဖြစ် ပြောင်းလဲသွား၏။
ရှ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ သူသည် အစောက ခြိမ်းခြောက်ခဲ့သည့်အတိုင်း လင်းချန်၏ လျှာကို ဖြတ်တောက်ရန် ပြင်ဆင်နေခြင်း ဖြစ်၏။
ရှ၏ ညာလက်သည် လင်းချန်အား ထိတွေ့ရန် လက်တစ်လုံးအလိုသို့ ရောက်ရှိလာစဉ်မှာပင် ရွှေနီရောင် မိုးကြိုးဓားအရှိန်အဝါတစ်ခုသည် ရေထဲ၌ ရှုပ်ထွေးစွာ ဖြတ်သန်းသွားသည်။
"ဘုန်းးး"
နောက်တစ်စက္ကန့်၌ လင်းချန်သည် ရှ၏ မျက်စိရှေ့မှ ကွယ်ပျောက်သွားပြီး ဟာလာဟင်းလင်း ဖြစ်နေသည့် နေရာလွတ်ကိုသာ ချန်ထားရစ်၏။
ထိုအချိန်မှာပင် ရှ၏ နောက်ကျောဘက်၌ ရုတ်တရက် ပေါ်လာသည့် လင်းချန်၏ လက်ဖဝါးမှ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ထိုစွမ်းအားများသည် မိုးကြိုးစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲကာ ရှအား ခုတ်ပိုင်းလိုက်သည်။
"ချွမ်းးး"
သို့သော် လင်းချန်၏ အံ့အားသင့်ဖွယ် မိုးကြိုးဓားချက်သည် ရှ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ သွေးရောင်စိတ်ဝိညာဉ်စွမ်းအားများနှင့် ထိတွေ့မိပြီး သံချင်းရိုက်သံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ထို့အပြင် ဓားချီအရှိန်အဝါ၏ ထိမှန်မှုကို ခံလိုက်ရသော်လည်း ရှမှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် သွေးရောင်စိတ်ဝိညာဉ်စွမ်းအားများမှာ လှိုင်းထခြင်းမျှပင် မရှိချေ။
ရှေ့မှ မြင်ကွင်းကြောင့် လင်းချန်၏ မျက်နှာ၌ အံ့ဩတုန်လှုပ်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
သူ၏ တိုက်ခိုက်မှုမှာ မည်သည့် သက်ရောက်မှုမျှ မရှိလိမ့်မည်ဟု သူ လုံးဝ ထင်မထားပေ။ ရှ၏ သွေးရောင်စိတ်ဝိညာဉ်စွမ်းအားမှာ ဖောက်ထွင်း၍မရသည့် သံမဏိတံတိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။
လင်းချန်ဘက်သို့ ကျောခိုင်းထားသည့် ရှသည် ဖြည်းညင်းစွာ လှည့်လာပြီးနောက် ဝင့်ကြွားသော လေသံဖြင့် ပြောလိုက်သည်။ "မင်း မေ့နေတာလား... သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ စွမ်းအားနယ်ပယ်မှာ စွမ်းအားကပ်ဘေးကို ကျော်ဖြတ်ပြီးရင် စိတ်ဝိညာဉ်စွမ်းအားဟာ အရည်အသွေးပိုင်းအရ လုံးဝ ပြောင်းလဲသွားတာပဲ။"
ပြောပြီးသည်နှင့် ရှ၏ ပတ်ဝန်းကျင်ရှိ သွေးရောင်စိတ်ဝိညာဉ်စွမ်းအားများသည် ရေထုကို ဘေးသို့ တွန်းထုတ်လိုက်ပြီး သွေးရောင်ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲကာ လင်းချန်အား ခုတ်ပိုင်းလိုက်၏။
လင်းချန်သည် ရွှေနီရောင် မိုးကြိုးဓားအရှိန်အဝါဖြင့် အမြန်ပင် ခုခံလိုက်သော်လည်း သွေးရောင်ဓားနှင့် ထိတွေ့မိသည့်အခါ တစစီ ပျက်စီးသွားပြီး ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည့် အင်အားကြောင့် နောက်သို့ လွင့်စင်သွားရသည်။
ရှ၏ သွေးရောင်မျက်လုံးများသည် လင်းချန်အပေါ်သို့ စူးစိုက်သွားပြီး အော်ဟစ်လိုက်၏။ "နိဗ္ဗာန်ကိုးသွယ် ပိုင်ရှင်ပေါ့... ဒီလို ပါရမီရှင်တစ်ယောက်ကို ဖျက်ဆီးပစ်ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာပဲ။"
ထို့နောက် သူ၏ ပတ်ဝန်းကျင်၌ သွေးရောင် စိတ်ဝိညာဉ်အစိတ်အပိုင်း ကိုးခုမှာ လှည့်ပတ်လာသည်။
"သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း"
အရည်ပျော်နေသည့် သတ္တုကဲ့သို့သော စိတ်ဝိညာဉ်အစိတ်အပိုင်းများသည် လှုပ်ရှားနေသည့် သွေးရည်ကြည်များကဲ့သို့ ရှ၏လက်ထဲ၌ ကျဉ်းမြောင်းရှည်လျားသော ဓားတစ်လက်အဖြစ် စုစည်းသွား၏။
သူသည် နောက်သို့ ဆုတ်ခွာနေသည့် လင်းချန်အား ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်ပြီး လင်းချန်၏ လက်ကောက်ဝတ်ကို ခုတ်ပိုင်းရန် ချိန်ရွယ်လိုက်သည်။
ရှ၏ ရည်ရွယ်ချက်မှာ လင်းချန်၏ ညာလက်ကို ဖြတ်တောက်ပစ်ရန် ဖြစ်သည်မှာ ရှင်းလင်းလှ၏။
လင်းချန်သည် လက်ရှိအချိန်၌ ကောင်းကင်နယ်ပယ်သို့ ရောက်ရှိနေပြီး အလွန်တရာ ကြံ့ခိုင်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ဖြတ်တောက်ခံလိုက်ရသော အင်္ဂါအစိတ်အပိုင်းတစ်ခု ပြန်လည်ကောင်းမွန်လာရန်မှာ အလွန်ကြီးမားသည့် ပေးဆပ်မှုများ လိုအပ်မည် ဖြစ်ပြီး ခုနစ်နှစ် ရှစ်နှစ်ခန့်အထိ ကျင့်စဉ်ကို ဆက်လက် မကျင့်ကြံနိုင်ဘဲ ဖြစ်သွားပေလိမ့်မည်။
လင်းချန်အတွက်မူ အစားထိုး၍မရသည့် ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။
သို့သော် လင်းချန်သည် ငြိမ်ခံနေမည့်သူ မဟုတ်ချေ။ သူသည် ရှ၏ စိတ်တိုင်းကျ ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။
"သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း"
လင်းချန်သည် ရွှေနီရောင် အဆင်တန်ဆာများ ပါရှိသည့် အနက်ရောင် ဓားတစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏။
ပျမ်းမျှထက် ပိုမိုကျယ်ပြန့်သည့် မိုးကြိုးလျှပ်စီးဓားသည် အပိုင်းသုံးပိုင်း ခွဲခြားထားပြီး မျက်နှာပြင်ပေါ်၌ မိုးကြိုးအလင်းတန်းများ ဖုံးလွှမ်းနေသည်။
သွေးရောင်ဓား ကျရောက်မလာမီမှာပင် မိုးကြိုးလျှပ်စီးဓား၏ အနက်ရောင်ဓားမှာ ရောက်ရှိလာပြီး လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
သွေးရောင်ဓားနှင့် အနက်ရောင်ဓားတို့ ထိတွေ့မိသည့်အခါ လင်းချန်၏ မျက်ဝန်းအစုံမှာ စူးရှသွားပြီး အတွင်း၌ ဟိန်းဟောက်နေသည့် ရွှေနီရောင် မိုးကြိုးများမှာ ဆူပွက်လာသည်။
အလွန်ကြီးမားလှသည့် မိုးကြိုးဓားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ရှအား နောက်သို့ တွန်းထုတ်လိုက်၏။
ရှသည် နောက်သို့ ခြေလှမ်းအနည်းငယ်မျှသာ ဆုတ်ခွာသွားရသော်လည်း အမြန်ပင် အရှိန်သတ်လိုက်ပြီး လင်းချန်၏လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားကို မနာလိုဝန်တိုမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"ဘိုးဘေးအဆင့် သိုင်းဝိညာဉ်"
ရှ တစ်ဦးတည်းသာမက ကြည့်ရှုစင်မြင့်ပေါ်ရှိ လူသားမျိုးနွယ်စုဝင်များ အားလုံးမှာလည်း အံ့အားသင့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြ၏။
ပြိုင်ဘက်ကင်း အင်ပါယာ။အပိုင်း ၂၆၉ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။