← Chapters

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း (၃၁၁) ဦးနှောက်ခြောက်ရသော အခြေအနေ - ၁၈

“ဟူး…”

မှော်မှန်ကြီးက သက်ပြင်းတစ်ချက် ချလိုက်သည်။

“ငါပြောခဲ့သလိုပဲ၊ မင်း စမ်းသပ်မှုနှစ်ခုကို အောင်မြင်သွားပြီ”

သူ့အကြည့်က အနည်းငယ် ရွေ့လျားသွားပြီး ဖုန်းပုကြွယ်၏ ကျောပြင်သို့ စူးစိုက်ကာ ရေချိုးခန်းတံခါးပေါ်တွင် ကျရောက်သွား၏။

“ပြီးတော့ တတိယမြောက်က… ‘ကရုဏာ’ စမ်းသပ်မှုကတော့ တကယ်တော့ အရမ်းရိုးရှင်းပါတယ်၊ မင်း ရွေးချယ်မှုတစ်ခု လုပ်ဖို့ပဲ လိုတာပါ”

“ဒါဆို… ရွေးချယ်စရာတွေက ဘာလဲ”

ဖုန်းပုကြွယ်သည် တစ်ဖက်လူ၏ စကားအတိုင်း လိုက်မေးလိုက်သည်။

“ခွင့်လွှတ်ခြင်း ဒါမှမဟုတ် သတ်ဖြတ်ခြင်းပေါ့”

မှော်မှန်ကြီးက ပြန်လည်ဖြေကြားသည်။

“ဒါဆို ငါ အရင်မေးပါရစေဦး၊ သတ်ဖြတ်ခြင်းရဲ့ အောင်မြင်နိုင်ခြေက ဘယ်လောက်ရှိလဲ”

ဖုန်းပုကြွယ်က မေးလိုက်သည်။

“အဲဒါကတော့ ပြောရခက်တယ်… အားလုံးက ပြင်းထန်တဲ့နာကြည်းမှုတွေ ရှိနေကြတဲ့ သရဲတွေ ဖြစ်နေတာဆိုတော့”

မှော်မှန်ကြီးက ဆိုသည်။

“သူတို့လား”

ဖုန်းပုကြွယ်က “တစ်ကောင်ထက် ပိုတာပေါ့ ဟုတ်လား”

မှော်မှန်ကြီးက ပြန်ဖြေ၏။

“ဟုတ်တယ်”

“ဒါဆို ငါ ထပ်မေးချင်တာက… ‘ခွင့်လွှတ်ခြင်း’ ဆိုတာက အတိအကျ ဘာကို ဆိုလိုတာလဲ”

ဖုန်းပုကြွယ်က မေးလိုက်ပြန်သည်။

“အဲဒါက ငါမင်းကို အခုပြောပြမယ့် အရာပဲပေါ့”

မှော်မှန်ကြီးက ပြန်လည်ဖြေကြားသည်။

ဤစကားကို ကြားလိုက်ရချိန်တွင် ဖုန်းပုကြွယ် သဘောပေါက်သွားတော့သည်…။ ရေချိုးခန်းလိုက်ကာ၏ ပဟေဠိကို ဖြေရှင်းပြီး မှန်ထဲက ပုံရိပ်ရဲ့ ထိတ်လန့်မှုကို ကြုံတွေ့ပြီးနောက်တွင်မူ သူသည် မှော်မှန်ထံမှ သဲလွန်စတစ်ခုကို ရရှိရမည် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် တံခါးကို ဖွင့်ကာ “သူတို့” ကို တည့်တည့်ရင်ဆိုင်ပြီး တိုက်ပွဲကို တိုက်ရိုက် လှုံ့ဆော်ရပေလိမ့်မည်။

“တံခါးအပြင်ဘက်မှာ သရဲသုံးကောင် ရှိနေတယ်၊ သူတို့အားလုံးက ပုံပြင်တစ်ပုဒ်တည်းက ဒဏ္ဍာရီဇာတ်ကောင်တွေပဲ”

မှော်မှန်ကြီးက ပြောလိုက်သည်။

“အဲဒီပုံပြင်ထဲမှာ သူတို့က တကယ့်ကို မုန်းစရာကောင်းတဲ့ ဇာတ်ကောင်တွေပေါ့၊ အဆုံးသတ်မှာတော့ သူတို့အားလုံးက ထိုက်တန်တဲ့ ဝဋ်ကြွေးတွေကို ခံစားခဲ့ကြရတယ်၊ ဒါပေမဲ့ လူတွေကတော့ သူတို့ရဲ့ အဆုံးသတ်က မသနားစရာ ကောင်းလွန်းသလိုမျိုး သူတို့အပေါ် မုန်းတီးရွံရှာနေကြဆဲပဲ”

မှော်မှန်ကြီးက ခဏရပ်ပြီးမှ ဆက်ပြော၏။

“အခု မင်းနောက်က တံခါးကို ဖွင့်လိုက်တာနဲ့ သူတို့ ထွက်လာလိမ့်မယ်၊ အဲဒီခဏမှာ မင်း ချက်ချင်း ပြောရမှာက… ‘ငါ မင်းတို့ကို မမုန်းပါဘူး’ ဆိုတာပဲ”

“အဲဒီစကားကို ကြားရင် သူတို့ ငါ့ကို တိုက်ခိုက်တာ ရပ်သွားမှာလား”

ဖုန်းပုကြွယ်က မေးလိုက်သည်။

“လောလောဆယ်တော့ မဟုတ်သေးဘူး”

မှော်မှန်ကြီးက ဆိုသည်။

“နောက်တစ်ဆင့်အနေနဲ့ မင်း သူတို့ကို စိတ်ကျေနပ်အောင် သူတို့ရဲ့ ကောင်းကွက်အချို့ကို ထောက်ပြဖို့ ကြိုးစားရမယ်၊ မင်းမှာ မုန်းတီးစိတ်မဟုတ်ဘဲ ကရုဏာစိတ် ရှိနေတယ်ဆိုတာကို သူတို့ ယုံကြည်သွားအောင် လုပ်ရမယ်၊ အဲဒီနောက်မှာတော့… သူတို့ ထွက်သွားကြလိမ့်မယ်”

“အိုး… ဒါဆို အဲဒီသုံးယောက်က ဘယ်သူတွေလဲဆိုတာ ငါ့ကို ပြောပြလို့ ရမလား”

ဖုန်းပုကြွယ်က ထပ်မံ မေးမြန်းလိုက်သည်။

“စင်ဒရဲလားရဲ့ မိထွေးနဲ့ သူ့ရဲ့ သမီးနှစ်ယောက်ပေါ့”

မှော်မှန်ကြီးက ပြန်လည်ဖြေကြား၏။

ဖုန်းပုကြွယ်သည် မှန်ကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်လိုက်ပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်ကာ တောင့်တောင့်ကြီးဖြင့် ဆိုလိုက်သည်။

“အိုး”

ထို့နောက် သူက လှည့်ထွက်လိုက်ပြီး စိတ်ထဲမှ သေမင်းဖဲချပ်ကို တိတ်တဆိတ် ဆင့်ခေါ်လိုက်တော့သည်…။

မင်းတုံးကို ဆွဲထုတ်ခြင်း၊ လော့ခ်ကို လှည့်ခြင်းနှင့် ရေချိုးခန်းတံခါးကို လက်တစ်ဖက်ဖြင့် ဖွင့်ခြင်းတို့မှာ သူ့အတွက် ငါးစက္ကန့်သာ အချိန်ယူခဲ့ရသည်။ ထို့နောက် သူ အပြင်သို့ ခြေလှမ်းလှမ်းလိုက်တော့သည်။

ဧည့်ခန်းမီးများ ပိတ်ထားပြီး လိုက်ကာများကိုလည်း ဆွဲပိတ်ထားသည်။ သို့သော် ရေချိုးခန်းတံခါးမှ ထွက်ပေါ်နေသော အလင်းရောင်ကြောင့် သူသည် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအထိ မြင်တွေ့နိုင်စွမ်း ရှိပေသည်။

ဖုန်းပုကြွယ် ဧည့်ခန်းထဲသို့ နှစ်လှမ်းမျှသာ လှမ်းရသေးသော်လည်း တပိုင်းတစ်စ ထွင်းဖောက်မြင်နေရသော သရဲပုံရိပ်သုံးခုက ရုတ်တရက် ထွက်ပေါ်လာလေသည်။

အလယ်က အမျိုးသမီးသရဲမှာ အသက်လေးဆယ်ကျော် အရွယ်ခန့် ရှိပုံရပြီး သူမ၏ ရုပ်ရည်မှာ မဆိုးလှသော်လည်း မျက်ခုံးများအကြားတွင်မူ ရက်စက်ယုတ်မာသော အမူအရာတစ်ခု ထွက်ပေါ်နေလေသည်။ သူမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင်မူ မိခင်ဖြစ်သူနှင့် ဆင်တူပြီး လှပချောမောသော အမျိုးသမီးငယ်နှစ်ဦး၏ သရဲပုံရိပ်များ ရှိနေချေသည်။ သို့သော် ယခုအချိန်တွင်မူ ထိုညီအစ်မနှစ်ဦးစလုံးမှာ မျက်လုံးတစ်ဖက်စီ ကန်းနေကြပြီ ဖြစ်သည်။ မျက်လုံးအိမ်များထဲမှ သွေးများ စိမ့်ထွက်နေပြီး ၎င်းတို့က အဝတ်အစားများကို စွန်းထင်းနေစေသည်။ ထို့အပြင် သူတို့၏ ခြေထောက်များမှာလည်း ပုံပျက်ပန်းပျက်ဖြင့် အနာတရဖြစ်နေကြပြီး ကြမ်းပြင်ပေါ်သို့ သွေးများ စီးကျနေကြသည်။

ထိုအမျိုးသမီးသုံးဦး၏ အသွင်အပြင်မှာ ဖုန်းပုကြွယ် ထင်မှတ်ထားသည့်အရာနှင့် အခြေခံအားဖြင့် တူညီပေသည်။ အကြောင်းမူကား သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ… စင်ဒရဲလားပုံပြင်၏ အဆုံးသတ်တွင် မိထွေး၏ သမီးနှစ်ဦးမှာ ဖန်ဖိနပ်ကို စီးနိုင်ရန်အတွက် တစ်ယောက်က ခြေမကို ဖြတ်ပစ်ခဲ့ပြီး နောက်တစ်ယောက်ကမူ ခြေဖနောင့်ကို ဖြတ်ပစ်ခဲ့ကာ ထို့နောက် သူတို့၏ မျက်လုံးများကို ချိုးငှက်များက ဆိတ်ထုတ်ပစ်ခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

“ငါ မင်းတို့ကို မမုန်းပါဘူး”

ဖုန်းပုကြွယ်က မှော်မှန်၏ ညွှန်ကြားချက်အတိုင်း ပြောဆိုလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ဤစကားလုံးမှာ အဆောင်လက်ဖွဲ့တစ်ခုကဲ့သို့ အလုပ်သွား၏။ သူ ထိုသို့ပြောပြီးနောက်တွင်မူ အမျိုးသမီးသရဲများသည် သူ့အပေါ်သို့ ခုန်အုပ်တိုက်ခိုက်ခြင်း မပြုကြဘဲ ထိုနေရာတွင်သာ မတ်တတ်ရပ်လျက် ဖုန်းပုကြွယ်ကို အထက်အောက် စုန်ဆန် ကြည့်ရှုနေကြသည်။

“ဒါပေမဲ့ မင်းတို့ ငါ့အိမ်ကြမ်းပြင်ကို ညစ်ပတ်အောင် လုပ်လိုက်ပြီ… ခွင့်လွှတ်လို့မရဘူး၊ သေလိုက်ကြစမ်း၊ ခွေးမတွေ”

ဖုန်းပုကြွယ်သည် ရုတ်တရက် ရှေ့သို့ အဟုန်ပြင်းစွာ ခုန်ထွက်လိုက်ပြီး အစွမ်းထက်သော သေမင်းဖဲချပ် ခုနစ်ချပ်ကို လက်ထဲတွင် ဆန့်ထုတ်ကာ အလင်းတန်းတစ်ခုအသွင်ဖြင့် လွှဲရိုက်လိုက်တော့သည်။

ဤကဲ့သို့သော ရုတ်တရက် တိုက်ခိုက်မှုကို အားကိုးခြင်းဖြင့် ဖုန်းပုကြွယ်သည် မိထွေး၏သရဲကို မျက်စိတစ်မှိတ်အတွင်း အောင်မြင်စွာ သတ်ဖြတ်လိုက်နိုင်သည်။ သို့သော် နောက်တစ်ဆင့်မှာမူ သူ့အတွက် ထိုမျှ မလွယ်ကူတော့ချေ။ အားလုံးက သိကြသည့်အတိုင်း သူသည် ဒူးဆစ်ကို အရှိန်ပြင်းပြင်း အရိုက်ခံထားရသည် မဟုတ်ပါလား…။

နောက်တစ်စက္ကန့်တွင် ကျန်ရှိနေသော သရဲပုံရိပ်နှစ်ခုသည် လေထဲသို့ ပျံတက်သွားပြီး ရှေ့တိုးနောက်ဆုတ်ဖြင့် လှုပ်ရှားလာကြသည်။ ဓားသွားကဲ့သို့ ချွန်ထက်လှသော လက်သည်းများသည် ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်ပေါ်သို့ အကြိမ်ကြိမ် ကျရောက်လာတော့သည်။

ဤမကောင်းဆိုးဝါးနှစ်ကောင်သည် မယုံနိုင်စရာကောင်းသော ပုံစံဖြင့် တိုက်ခိုက်ပြီး လျင်မြန်စွာ ဆုတ်ခွာတတ်ကြကာ သူတို့၏ အရှိန်အဝါမှာလည်း ထိတ်လန့်စရာကောင်းလှသည်။ ထို့ပြင် သူတို့သည် နံရံများနှင့် အတားအဆီးများကိုပင် ဖြတ်ကျော်နိုင်စွမ်း ရှိကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်ပေါ်၌ သွေးချင်းချင်းနီနေသော ဒဏ်ရာအမြောက်အမြား ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိသောကြောင့် တတ်နိုင်သမျှ သေစေနိုင်သော ဒဏ်ရာများကို အတိုင်းအတာတစ်ခုအထိ ရှောင်ကွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူသည် လှုပ်ရှားရုန်းကန်ရန် အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ပါချေ။

“နှစ်ကောင်စလုံးက သန့်စင်တဲ့ စိတ်ဝိညာဉ်သက်သက်ပဲ၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကတော့ အချည်းနှီး ဖြစ်လိမ့်မယ်…”

ဖုန်းပုကြွယ်သည် ရှောင်တိမ်းရင်းနှင့် အခြေအနေကို တွက်ချက်လိုက်သည်။

“ဧည့်ခန်းက ကစားကွင်း မဟုတ်ဘူး၊ နေရာက ကျဉ်းလွန်းတယ်၊ ပြီးတော့ သူတို့က နံရံတွေကို အဆက်မပြတ် ဖြတ်ကျော်နိုင်နေတော့ သေမင်းဖဲချပ်ရဲ့ အဝေးပစ်ခြေရာခံစနစ်ကို ကန့်သတ်ထားသလို ဖြစ်နေတယ်… ဒါကြောင့်မို့လို့ ဒီနည်းလမ်းပဲ ရှိတော့တယ်…”

ဖုန်းပုကြွယ်သည် သူ့စိတ်ထဲ၌ ဗျူဟာတစ်ခုကို လျင်မြန်စွာ ချမှတ်လိုက်သည်။ သူ၏ တိုက်ပွဲဝင်ပုံစံကို အနည်းငယ် ပြောင်းလဲလိုက်ပြီး ဒူးတစ်ဝက်ထောက်ထားသောပုံစံကို ယူကာ ပစ်မှတ်တစ်ခုတည်းအပေါ်သို့သာ သူ့အာရုံကို အပြည့်အဝ စုစည်းလိုက်ပြီး ကျန်ရှိနေသော နောက်ထပ် သရဲတစ်ကောင်၏ လှုပ်ရှားမှုကိုမူ လုံးဝ လျစ်လျူရှုထားလိုက်တော့သည်။

နှစ်စက္ကန့်ခန့် ကြာပြီးနောက်တွင်မူ သူ့ကျောပြင်ပေါ်၌ နက်ရှိုင်းသော လက်သည်းရာကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ နာကျင်မှုမှာ လျင်မြန်စွာ ပြန့်နှံ့သွားသော်လည်း သူသည် ၎င်းကို ဂရုစိုက်ရန် အချိန်မရှိပါချေ။ နံရံတစ်ခုဆီသို့သာ စူးစိုက်ကြည့်နေပြီး သူ့ပစ်မှတ် ထိုနံရံထဲမှ ထွက်ပေါ်လာမည့် အချိန်ကိုသာ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

ထိုခဏမှာ လျင်မြန်စွာ ဆိုက်ရောက်လာလေသည်…။

ရုတ်တရက်ဆိုသလို ဖုန်းပုကြွယ်သည် ခြေတစ်ဖက်ဖြင့် မြေပြင်ကို ကန်ကာ ရှေ့သို့ အဟုန်ပြင်းစွာ တိုးဝင်လိုက်သည်။ သေမင်းဖဲချပ်၏ ဒိုင်းကာအစွမ်းသည် ထိုခဏ၌ စတင်အသက်ဝင်သွားတော့သည်။ ဖဲချပ်ဆယ်ချပ် ပျောက်ကွယ်သွားသည်နှင့်အမျှ ရွှေရောင်စွမ်းအင်စက်ကွင်းတစ်ခုသည် ဖုန်းပုကြွယ်၏ ရှေ့တည့်တည့်တွင် ထွက်ပေါ်လာပြီ ဖြစ်သည်။

ဖုန်းပုကြွယ် အာရုံစိုက်ထားသော သရဲမှာ နံရံထဲမှ ဝုန်းခနဲ ပြေးထွက်လာရုံသာ ရှိသေးသည်၊ စိတ်ဝိညာဉ်လက်နက်ဖြင့် တည်ဆောက်ထားသော “နံရံ” ကြီးနှင့် အရှိန်ပြင်းပြင်း တိုက်မိသွားတော့သည်။ ၎င်းမှာ သူမ လုံးဝ ဖြတ်ကျော်နိုင်ခြင်း မရှိသော နံရံကြီး ဖြစ်၏…။

ဤကဲ့သို့သော ပြင်းထန်လှသည့် ရိုက်ခတ်မှုကြောင့် ထိုသရဲမှာ အပြင်းအထန် ဒဏ်ရာရသွားပြီး ခဏမျှ မြန်နှုန်းမြင့်လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားကာ လေထုထဲ၌ ယိမ်းထိုးလျက် ကျန်ရစ်နေခဲ့သည်။

ဖုန်းပုကြွယ်သည် ဤအခွင့်အရေးကို မည်သို့ လွှတ်ထားပါမည်နည်း။ သူ အံကြိတ်လိုက်ပြီး ဒဏ်ရာရထားသော ခြေထောက်ကိုသုံး၍ မြေပြင်ပေါ်သို့ ကျဆင်းလာသော အရှိန်ကို ထိန်းလိုက်ကာ ထို့နောက် ကျန်ခြေတစ်ဖက်ကို အားပြု၍ အပေါ်သို့ ခုန်တက်ပြီး လက်တစ်ဖက်စီတွင် ဖဲချပ်တစ်ခုစီကို ကိုင်ကာ လေထဲ၌ ဆယ်ကြိမ်ထက်မနည်း တောက်ပလှသော အလင်းတန်းများကို လျင်မြန်စွာ လွှဲရိုက်လိုက်တော့သည်။

သူ လွှဲရိုက်လို့မပြီးသေးခင်တွင် ထိုသရဲမှာ တဖြည်းဖြည်းချင်း လွင့်ပြယ်ကာ သေဆုံးသွားခဲ့ချေပြီ။

“ပြီးသွားပြီ…”

ဖုန်းပုကြွယ် ကြမ်းပြင်ပေါ်သို့ ပြန်လည်သက်ဆင်းလာပြီး ဒူးတစ်ဖက် ထောက်ထားလိုက်သည်။ သူသည် ဂိမ်းမီနူးကို ခဏဖွင့်ကာ ကျန်ရှိနေသော သူ၏ ၂၄ ရာခိုင်နှုန်း အသက်အမှတ်ကို စစ်ဆေးလိုက်ပြီးနောက် သူ့အာရုံကို တိုက်ပွဲဆီသို့ ပြန်လည်ပို့ဆောင်လိုက်သည်။

နောက်ဆုံး ကျန်ရှိနေသော သရဲမှာမူ ပြဿနာ မဟုတ်တော့ချေ။ တစ်ဦးချင်းရင်ဆိုင်ရသော အခြေအနေမျိုးတွင် တစ်ဖက်လူသည် ဖုန်းပုကြွယ်ကို လုံးဝ ထိခွင့်ရလိမ့်မည် မဟုတ်ချေ။ နံရံကို ဖြတ်ကျော်နိုင်စွမ်း ရှိနေလျှင်ပင် အချည်းနှီးသာ ဖြစ်သည်။

တစ်မိနစ်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် အစ်ကိုကြွယ်သည် ထိုမကောင်းဆိုးဝါးကို အောင်မြင်စွာ ရှင်းလင်းလိုက်နိုင်သည်။

သူသည် သသူ့အခြေအနေကို စစ်ဆေးလိုက်ပြီး စက္ကန့်အနည်းငယ်မျှ စဉ်းစားကာ SCP-500 ဆေးပြားတစ်ပြားကို သောက်လိုက်လေသည်။ ထိုဆေးကြောင့် သူ၏ သွေးထွက်နေမှုများနှင့် အရိုးကျိုးဒဏ်ရာအားလုံးမှာ ချက်ချင်း ပျောက်ကင်းသွားတော့သည်။ ထို့နောက် သူသည် ရေချိုးခန်းထဲသို့ ပြန်လည်ဝင်ရောက်လာပြီး မှော်မှန်ကို ကြည့်ကာ ဆိုလိုက်သည်။

“ငါ ကရုဏာတရား ရှေ့ထားပြီး သူတို့ကို ဝဋ်ကျွတ်အောင် လုပ်ပေးလိုက်ပြီ”

All Chapters