အခန်း ၃၁၂
Vol. 32 Ch. 312
အခန်း (၃၁၂) ဦးနှောက်ခြောက်ရသော အခြေအနေ - ၁၉
“တကယ်တော့ အဲဒီအမျိုးသမီးသုံးယောက်က သိပ်ဉာဏ်ကောင်းကြတာ မဟုတ်ပါဘူး၊ မင်း သူတို့ကို လိမ်ညာပြီး မြှောက်ပင့်ပြောလိုက်ရုံနဲ့တင် လွတ်မြောက်သွားနိုင်တာပဲဥစ္စာ”
မှော်မှန်ကြီးက ဆိုသည်။
“ငါက မိန်းမတွေကို မြှောက်ပင့်ရတာကို အမုန်းဆုံးပဲ”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ဒါ့အပြင် ဒီလူတွေက တကယ့်ကို ငါရွံတဲ့လူတွေဖြစ်နေတော့ သူတို့ကို ကောင်းတဲ့စကားတစ်ခွန်း ပြောဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်”
“အဲဒီအကြောင်းပြချက်လေးတစ်ခုတည်းနဲ့ မင်းက အသက်ကို စွန့်စားချင်တာပေါ့ ဟုတ်လား”
မှော်မှန်ကြီးက မေးလိုက်၏။
“ငါက မင်းနဲ့ မတူဘူးလေ”
ဖုန်းပုကြွယ်က ဆိုသည်။
“မင်းကတော့ ခြိမ်းခြောက်ခံရရင် ဘယ်လိုအလိမ်အညာမျိုးမဆို ပြောမယ့်ကောင်ဆိုတာ ငါသိတာပေါ့”
သူက ပြောပြောဆိုဆိုနှင့် ဂွကို ထုတ်ယူလိုက်ပြီး မှန်ရှေ့တွင် အမြင့်သို့ မြှောက်ကိုင်ပြလိုက်သည်။
“ပြောစမ်း၊ ဒီကမ္ဘာပေါ်မှာ အချောဆုံးအခန့်ဆုံး ယောကျ်ားက ဘယ်သူလဲ”
မှော်မှန်ကြီး၏ နှုတ်ခမ်းများမှာ တုန်ရီသွားရှာသည်။
“ငါတို့ကြားမှာ တစ်ခုခု နားလည်မှုလွဲနေပြီ ထင်တယ်…”
“မင်းက ငါမဟုတ်ဘူးလို့ ပြောရဲတယ်ပေါ့”
ဖုန်းပုကြွယ်က သူ့ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ပထမဦးဆုံး အနေနဲ့ မင်းရဲ့ ခြိမ်းခြောက်မှုက ဘာအဓိပ္ပာယ်မှ မရှိဘူး၊ မင်း ဒီမှန်ကို ရိုက်ခွဲလိုက်ရင်တောင် ငါ့ကို ဘာမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”
မှော်မှန်ကြီးက ဆိုသည်။
“ဒုတိယအနေနဲ့ ဘုရင်မကြီးက ငါ့ကို ခြိမ်းခြောက်ခဲ့တာ မှန်ပေမဲ့… အနည်းဆုံးတော့ သူက ဒီကမ္ဘာပေါ်မှာ ဒုတိယမြောက် အလှဆုံးမိန်းမ ဖြစ်ခဲ့တာလေ၊ ဒါပေမဲ့ မင်းကျတော့…”
“အိုး… ငါက နံပါတ်တစ် ဖြစ်နေပြီမို့လို့ မင်းကို ခြိမ်းခြောက်နေဖို့တောင် မလိုတော့ဘူးပေါ့ ဟုတ်လား”
ဖုန်းပုကြွယ်က စဉ်းစားဟန်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။
“ငါတို့ကြားက နားလည်မှုလွဲတာက ပိုပြီးတော့တောင် နက်ရှိုင်းလာပုံရတယ်…”
မှော်မှန်ကြီးသည် ချွေးစေးများ စီးကျလာပြီ ဖြစ်သည်။
“ကောင်းပါပြီ၊ ငါ နောက်နေတာပါ”
ဖုန်းပုကြွယ် ရယ်မောလိုက်သည်။
“ဟူး… မင်းမှာ ဟာသဉာဏ် လုံးဝမရှိတာပဲ”
“ဒါက သိသာနေတာပဲ၊ မင်းရဲ့ ဟာသဉာဏ်က အကန့်အသတ်မရှိ ဆိုးရွားလွန်းလို့လေ…”
ဖုန်းပုကြွယ် ပုခုံးတွန့်လိုက်သည်။
“မင်း ဘယ်လိုပဲတွေးတွေး အရေးမကြီးပါဘူး… ဒါနဲ့ အခုဆိုရင် ငါ စမ်းသပ်မှုကို အောင်မြင်သွားပြီလို့ သတ်မှတ်လို့ရပြီ မဟုတ်လားွ”
“သေချာပေါက် မဟုတ်သေးဘူး…”
မှော်မှန်ကြီးက ပြန်လည်ဖြေကြားသည်။
“ဒါဆို”
ဖုန်းပုကြွယ်သည် ဝေဝေဝါးဝါး နောက်ထပ်မေးခွန်းတစ်ခုကို ပစ်ချလိုက်ပြန်သည်။ ဤအရာမှာ NPC များနှင့် စကားပြောရာတွင် သူအသုံးပြုလေ့ရှိသည့် ပုံမှန်နည်းဗျူဟာ ဖြစ်သည်။
“ဒါပေမဲ့ မင်းက ‘ပညာ’ နဲ့ ‘သတ္တိ’ စမ်းသပ်မှုတွေကို အောင်မြင်ခဲ့တာကြောင့်မို့လို့ သတ်မှတ်ထားတဲ့ ဆုလာဘ်တစ်ခုခုကိုတော့ ရနိုင်ပါသေးတယ်”
မှော်မှန်ကြီးက ဆိုသည်။
“ဘာဆုလာဘ်လဲ”
ဖုန်းပုကြွယ်က မေးလိုက်၏။
“မင်း ငါ့ကို မေးခွန်းနှစ်ခု မေးလို့ရတယ်”
မှော်မှန်ကြီးက ပြန်လည်ဖြေကြားသည်။
ထိုခဏ၌ စနစ်၏ သတိပေးချက်အသံ ချက်ချင်း ထွက်ပေါ်လာလေသည်။
“မေးခွန်းများသည် ဇာတ်လမ်းနှင့် သက်ဆိုင်ရမည်၊ သို့မဟုတ်ပါက အလိုအလျောက် စွန့်လွှတ်သည်ဟု မှတ်ယူမည် ဖြစ်ပါသည်”
“ငါ စဉ်းစားပါရစေဦး…”
ဖုန်းပုကြွယ်က ပြောရင်း လက်ပိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ရေချိုးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတော့သည်။
မှော်မှန်ကြီးမှာ သူ့ကို လောဆော်ခြင်းမပြုဘဲ ငြိမ်သက်စွာသာ စောင့်ဆိုင်းနေခဲ့သည်။
ဘာမေးရမည်ကို စဉ်းစားရန်အတွက် ဖုန်းပုကြွယ်သည် ဆယ်မိနစ်ခန့် အချိန်အပြည့်အဝ ယူခဲ့ရသည်။ အသေအချာ တွက်ချက်ပြီးနောက်တွင်မူ သူသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“ငါ အသေအချာ စဉ်းစားပြီးပြီ”
ဖုန်းပုကြွယ် မှန်ရှေ့သို့ ပြန်လာရင်း ဆိုလိုက်သည်။
“ငါ့ရဲ့ ပထမဆုံး မေးခွန်းကတော့… ‘စမ်းသပ်မှုအဆောက်အအုံ’ နဲ့ ‘ဒီနေရာ’ ထဲက ဘယ်အရာက တကယ့်ကမ္ဘာအစစ် ဖြစ်မလဲ”
သူရည်ညွှန်းသော “တကယ့်ကမ္ဘာ” ဆိုသည်မှာ သဘာဝကျစွာပင် ဇာတ်လမ်းကမ္ဘာအတွင်းရှိ လက်တွေ့ဘဝကို ဆိုလိုခြင်းဖြစ်ပြီး သည်းထိတ်ရင်ဖိုသုခဘုံ၏ ပြင်ပကမ္ဘာနှင့် မသက်ဆိုင်ပါချေ။
“နှစ်ခုစလုံး မဟုတ်ဘူး”
မှော်မှန်ကြီးက မထင်မှတ်ထားစွာ ပြန်ဖြေလိုက်လေသည်။
“ဟင်”
ဤအဖြေကြောင့် ဖုန်းပုကြွယ် အံ့အားသင့်သွားရသည်။ သူ၏ မူလတွေးတောချက်အရ ဤမှတ်ဉာဏ်နေရာလွတ်သည် ဇာတ်လမ်းဖြစ်ပျက်နေသည့် တကယ့်ကမ္ဘာဖြစ်ပြီး စမ်းသပ်မှုအဆောက်အအုံမှာမူ “ဘော့စ်” ဇာတ်ကောင်၏ စိတ်ကမ္ဘာသက်သက်သာ ဖြစ်လိမ့်မည်ဟု တွေးထားခြင်း ဖြစ်သည်။
သို့သော်လည်း တိကျသောအဖြေကို ရရှိပြီးနောက် ဖုန်းပုကြွယ် ပြန်လည်သုံးသပ်လိုက်ပြီး သဘောပေါက်သွားခဲ့သည်။
“အဲဒါက ယုတ္တိရှိသားပဲ… ငါ စမ်းသပ်မှုအဆောက်အအုံထဲက ပစ္စည်းတွေကို ဒီနေရာလွတ်ထဲအထိ ယူလာနိုင်ခဲ့တာကပဲ ဒီအချက်ကို သက်သေပြနေတာပေါ့”
“မင်းရဲ့ ဒုတိယမေးခွန်းက… ‘ဒီနေရာလွတ်နှစ်ခုရဲ့ စိတ်ပိုင်ရှင်က ဘယ်သူလဲ’ ဆိုတာ ဖြစ်လိမ့်မယ် ထင်တယ်”
မှော်မှန်သည် ဖုန်းပုကြွယ်၏ ပထမမေးခွန်းအပေါ် အခြေခံ၍ ဤသို့ ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။
သို့သော် ဖုန်းပုကြွယ်က ခေါင်းခါလိုက်သည်။
“အဲဒါကို တိုက်ရိုက်ကြီး မေးလိုက်ရင် အရမ်းပျင်းစရာကောင်းသွားမှာပေါ့…”
“ဒါဆို မင်းရဲ့ ဒုတိယမေးခွန်းက ဘာဖြစ်မလဲ”
မှော်မှန်ကြီးက ထပ်မံမေးမြန်းလိုက်သည်။
“အမှန်တော့ ငါ့မှာ ထပ်မေးစရာ မရှိတော့ပါဘူး၊ ကျန်တဲ့အချက်တွေကို ငါ့ဘာသာငါ ဖော်ထုတ်ရတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကိုး၊ ဒါပေမဲ့…”
ဖုန်းပုကြွယ်က ပြန်ပြောသည်။
“ငါ သိပ်အရေးမကြီးပေမဲ့ တကယ်စိတ်ဝင်စားနေတဲ့ မေးခွန်းလေးတစ်ခုကိုပဲ မေးလိုက်တော့မယ်”
သူခဏနားပြီးမှ “အဲဒီ ‘ဘော့စ်’ ဆိုတာက အတိအကျ ပြောရရင် ဘယ်သူလဲ”
“ငါမင်းကို သူ့ရဲ့ နာမည်တစ်ခုပဲ ပေးနိုင်လိမ့်မယ်”
မှော်မှန်ကြီး၏ ဖြူလျော်နေသော မျက်နှာပေါ်တွင် အနည်းငယ်ခက်ခဲသွားသော အမူအရာတစ်ခု ထွက်ပေါ်လာလေသည်။
“အဲဒါဆို လုံလောက်ပါပြီ”
ဖုန်းပုကြွယ်က ဆိုသည်။
“ဂျိမ်းစ် မိုရီယာတီ”
မှော်မှန်ကြီးက ပြောလိုက်သည်။
“ဟဲ…”
ဖုန်းပုကြွယ် မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။ သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာ၏။
“အိုး… ပရော်ဖက်ဆာကြီးကိုး…”
“ငါ့ရဲ့ တာဝန်ကတော့ ပြီးဆုံးသွားပါပြီ၊ တခြားကမ္ဘာကလာတဲ့ ခရီးသွားကြီး”
မှော်မှန်ကြီးသည် ထွက်သွားရန် ပြင်ဆင်နေသည့်ပုံစံမျိုး ဖြစ်နေ၏။
“တကယ်လို့ မင်း ဒီနေရာကနေ လွတ်မြောက်ပြီး စမ်းသပ်မှုအဆောက်အအုံဆီကို ပြန်သွားနိုင်ရင် ပရော်ဖက်ဆာကြီးကို တွေ့ရပါလိမ့်မယ်”
ဖုန်းပုကြွယ် ဘော့စ်၏ အထောက်အထား သိရှိသွားပြီးနောက် မှော်မှန်က မိုရီယာတီကို ခေါ်ဆိုသည့် လေသံမှာလည်း ပြောင်းလဲသွားခဲ့သည်။
“ဒါဆိုရင်… နှုတ်ဆက်ပါတယ်”
ထိုသို့ပြောပြီးနောက်တွင်မူ မှော်မှန်ကြီး၏ မျက်နှာသည် မှန်မျက်နှာပြင်ပေါ်တွင် တဖြည်းဖြည်းချင်း မှိန်ဖျော့သွားပြီး လုံးဝ ကွယ်ပျောက်သွားတော့သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် မှန်ကြီးသည် ရုတ်တရက် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားပြီး သာမန်မှန်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားကာ ဖုန်းပုကြွယ်သည် မှန်ထဲ၌ သူ၏ ကိုယ်ပိုင်မျက်နှာကို ပြန်လည်မြင်တွေ့လိုက်ရတော့သည်။
“ဟမ့်… သတ္တမထပ်ကို သွားမယ့် လမ်းကြောင်းက ‘ရေတံခွန်’ တစ်ခုပေါ့၊ အဲဒါက ဒီအဓိပ္ပာယ်ကိုး…”
ဖုန်းပုကြွယ် ရေရွတ်လိုက်မိသည်။
“ဒါမှမဟုတ် ငါကပဲ အတွေးလွန်နေမိတာလား…”
သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရေချိုးခန်းထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ သူသည် ဧည့်ခန်း၏ အဆုံးတစ်ဖက်ဆီသို့ သက်သောင့်သက်သာ လမ်းလျှောက်သွားပြီး မီးခလုတ်ကို ရှာတွေ့လိုက်သည်။
မီးလင်းလာသောအခါ ရင်းနှီးလှသော ပတ်ဝန်းကျင်၊ ရင်းနှီးလှသော အိမ်ထောင်ပရိဘောဂများ၊ အာသပ်စ်၏ ကြောင်အိမ်သာနှင့် ထမင်းခွက်ပင်လျှင် သူမှတ်မိနေသည့် နေရာအတိုင်း ရှိနေလေသည်။ သို့သော်လည်း သူ့အပေါ် လုံးဝ လျစ်လျူရှုထားတတ်သော ထိုကြောင်စစ်စစ်ကိုမူ ဤနေရာတွင် ပုံဖော်ထားခြင်း မရှိပါချေ။
“အင်း… ဖွင့်လို့မရဘူးလား”
ဖုန်းပုကြွယ်သည် အိမ်ရှေ့တံခါးမကြီးကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ စနစ်က သူ့ကို အလွန်ပြတ်သားပြီး ဂန္ထဝင်ဆန်လှသော သတိပေးချက်တစ်ခုကို ပေးလာခဲ့သည်။
[ဖွင့်မရပါ]
ထို့ကြောင့် ပဟေဠိဂိမ်းများ၏ သဘာဝအတိုင်း ဖုန်းပုကြွယ်သည် သူ့ “အိမ်” အနှံ့ကို အသေးစိတ် စတင်လှန်လှော ရှာဖွေတော့သည်။
SCP-500 ကို သောက်သုံးပြီးနောက် ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်အခြေအနေမှာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့သော်လည်း သူ၏ အသက်အမှတ်မှာမူ ၃၀ ရာခိုင်နှုန်းပင် မပြည့်သေးချေ။ သူသည် စောစောကတင် ဆေးရည်တစ်ပုလင်း သောက်ထားခဲ့သည်ကို ထည့်သွင်းစဉ်းစားပြီး သူ၏ သွေးပမာဏကို ချက်ချင်း အလောတကြီး ဖြည့်တင်းခြင်း မပြုသေးပေ။ သွေးဖြည့်ဆေးရည်များ၏ အာနိသင်လျော့ကျမှုမှာ အသုံးပြုသည့် အချိန်ကာလတိုလေလေ ပိုမိုသိသာလေလေ ဖြစ်သည်။ မည်သည့် အချိန်ကန့်သတ်ချက် သို့မဟုတ် အန္တရာယ်မျိုးမှ မရှိသည့်အတွက် သူ၏ သွေးပမာဏကို သဘာဝအတိုင်း ဖြည်းဖြည်းချင်း ပြန်လည်ပြည့်ဝလာစေရန် စောင့်ဆိုင်းခြင်းက ပိုမိုကောင်းမွန်ပေသည်။
“ဟား၊ တကယ့်ကို ကောင်းတာပဲ၊ မှောင်မည်းနေတာပဲ”
ဖုန်းပုကြွယ်သည် လိုက်ကာများကို ဆွဲဖွင့်လိုက်ရာ ပြင်ပကမ္ဘာမှာ မှင်ရည်ကဲ့သို့ မှောင်မည်းနေပြီး ပြတင်းပေါက်များကိုလည်း မည်သို့မျှ ဖွင့်မရနိုင်ကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။
“ဒါက အလုပ်ရှုပ်သက်သာစေတာပေါ့၊ ရှာဖွေရမယ့်နေရာက အတွင်းပိုင်းထဲမှာပဲ ကန့်သတ်ထားသလို ဖြစ်သွားတာပေါ့”
သူသည် စိတ်ထဲ၌ အစီအစဉ်တစ်ခုကို ချမှတ်လိုက်ပြီးဖြစ်သည်။ ပထမဆုံးအနေဖြင့် မီးလင်းနေစဉ်တွင် ဧည့်ခန်းမှသည် မီးဖိုချောင်အထိ (သူ့အိမ်၏ မီးဖိုချောင်နှင့် ဧည့်ခန်းမှာ ဆက်သွယ်နေခြင်းဖြစ်သည်) နေရာအနှံ့ကို အသေအချာ ရှာဖွေမည်။ ထို့နောက် မီးပိတ်ပြီး နောက်တစ်ကြိမ် ထပ်မံရှာဖွေမည် ဖြစ်သည်။ အပြင်ဘက်ကို ရှင်းလင်းပြီးသွားပါက ဤနည်းလမ်းအတိုင်းပင် အိပ်ခန်းကိုပါ ဆက်လက်စစ်ဆေးမည် ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ သူ၏ ရှာဖွေမှုမှာ လျင်မြန်စွာပင် ရလဒ်ထွက်ပေါ်လာခဲ့သည်။ သို့သော် ၎င်းမှာ ဇာတ်ကွက်ကို တိုးတက်စေမည့် သဲလွန်စတစ်ခု မဟုတ်ဘဲ စကေးကတ်တစ်ခု ဖြစ်နေလေသည်။
အမည် - တောင်ပိုင်းကြယ်စု နဂါးပျံလက်သီး
စကေးကတ် အမျိုးအစား - တက်ကြွစွမ်းရည်၊ အမြဲတမ်း ကျွမ်းကျင်မှု
စကေးအမျိုးအစား - တိုက်ခိုက်ရေး
အာနိသင် - လက်နှစ်ဖက်လုံးဖြင့် အရှိန်ပြင်းအတွဲလိုက် တိုက်ကွက်တစ်ခုကို ထုတ်လွှတ်ပြီး ပစ်မှတ်ကို ဖျက်ဆီးပစ်နိုင်သည် (ပြန်လည်အသုံးပြုရန်ကြာချိန် ၃၀ မိနစ်)
ကုန်ကျမှု - သက်လုံအမှတ် ၈၀၀
သင်ယူရန် လိုအပ်ချက် - တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့် C
မှတ်ချက် - တောင်ပိုင်းကြယ်စု သန့်စင်သောလက်သီး၏ စွမ်းအားအမြင့်ဆုံး နည်းစနစ်များထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏ တိုက်ခိုက်မှုသည် ပြိုင်ဘက်၏ အရှိန်အဝါကို ဖျက်ဆီးပစ်နိုင်ကာ ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည်အချို့ကိုပါ ချိုးဖျက်ပစ်နိုင်ပြီး ပြင်းထန်သော ဖျက်ဆီးခြင်းကပ်ဘေးကို သယ်ဆောင်လာနိုင်သည်။
ဤစကေးကတ်ကို သူရှာတွေ့ခဲ့သည့် နေရာမှာ အတော်လေး သိမ်မွေ့လှသည်။ ၎င်းမှာ ဂိမ်းသေတ္တာ၏ အတွင်းဘက်တွင် ဝှက်ထားခြင်း ဖြစ်ပေသည်…။
“ဟား၊ ဟားဟားဟားဟား…”
ဖုန်းပုကြွယ် အားရပါးရ ဟားတိုက်ရယ်မောလိုက်မိပြီး သူ့မျက်နှာထက်တွင် ပျော်ရွှင်မှုများ အတိုင်းအတာမရှိ ထွက်ပေါ်နေတော့သည်။
“နောက်ဆုံးတော့… တကယ့်ကို အားကိုးလို့ရပြီး အစွမ်းထက်တဲ့ စကေးတစ်ခု ရခဲ့ပြီ၊ ဟဲဟဲ…”
အချိန်အတော်ကြာအောင် ဖုန်းပုကြွယ် အမြဲတမ်း တောင့်တနေခဲ့ရခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူ့မှာ အမြဲတမ်း လိုအပ်နေခဲ့သည်မှာ “အဆုံးအဖြတ်ပေးနိုင်မည့် သတ်ကွက်” တစ်ခု ဖြစ်သည်။
သည်းထိတ်ရင်ဖိုသုခဘုံ ဂိမ်းကို စတင်ကစားကတည်းက သူသည် တက်ကြွစွမ်းရည် အတော်များများကို ရရှိခဲ့ဖူးသည်။ ၎င်းတို့ထဲတွင် အလွန်အမင်း အစွမ်းထက်လှသော ထိန်းချုပ်မှုစွမ်းရည်ဖြစ်သည့် [ကောင်ဆိုးလေး၏ အောက်ပိုင်းဝိုက်ကန်ချက်] နှင့် အလွန်အမင်း အားကောင်းလှသော စွမ်းရည်ဖြစ်သည့် [မိစ္ဆာဘုရင်၏ နဂါးနက်မီးတောက်လှိုင်း] တို့ ရှိခဲ့သော်လည်း ဤအရာအားလုံးမှာ အသုံးပြုနိုင်သည့် အကြိမ်ရေ ကန့်သတ်ချက်များ ရှိနေကြပြီး ကုန်ဆုံးသွားပါက ပျောက်ကွယ်သွားမည့် အရာများ ဖြစ်ကြသည်။
ထို့အပြင် ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်နှင့် မိစ္ဆာဆင်းသက်ခြင်းကဲ့သို့သော ဆက်တိုက်စကေးများမှာမူ အသုံးဝင်ပြီး အစွမ်းထက်သော်လည်း ၎င်းတို့အားလုံးမှာ မိမိ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းများကို မြှင့်တင်ပေးရုံ သက်သက်သာဖြစ်ပြီး ၎င်းတို့၏ ကုန်ကျမှု သို့မဟုတ် ပေးဆပ်ရမှုမှာလည်း အတော်လေး များပြားလှသည်။
ပြီးလျှင် မကြာသေးမီကမှ အစားထိုးလိုက်ရသည့် ဘွဲ့စွမ်းရည်ဖြစ်သော [ဒါကိုခံစားလိုက်စမ်း] အကြောင်းကိုမူ မပြောဘဲ နေတာက ပိုကောင်းပေလိမ့်မည်…။
သို့သော် ယခုအခါတွင်မူ ဖုန်းပုကြွယ် နောက်ဆုံးတွင် သူ၏ ဆန္ဒများ ပြည့်ဝသွားခဲ့ပြီဖြစ်ပြီး တကယ့်ကို အဓိပ္ပာယ်ရှိလှသော အဆုံးအဖြတ်ပေးနိုင်မည့် စကေးတစ်ခုကို ရရှိသွားခဲ့လေပြီ။
ဤတောင်ပိုင်းကြယ်စု နဂါးပျံလက်သီးသည် တက်ကြွစွမ်းရည်တစ်ခု ဖြစ်သည့်အပြင် ၎င်း၏ အဖျက်စွမ်းအား၊ ကုန်ကျမှု၊ အသုံးပြုရန်ကြာချိန်နှင့် အသက်သွင်းသည့် နည်းလမ်းတို့မှာလည်း အတော်လေး ကောင်းမွန်ပေသည်။ ဖုန်းပုကြွယ် ဤမျှအထိ ပျော်ရွှင်သွားရခြင်းမှာလည်း နားလည်ပေးနိုင်စရာ ရှိပါသည်။
သူသည် မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ ထိုစွမ်းရည်ကို ချက်ချင်း သင်ယူလိုက်တော့သည်။ အကြောင်းမူကား သူသည် ယင်းကို ပြန်လည်ရောင်းချရန် လုံးဝ စဉ်းစားမည်မဟုတ်သောကြောင့် ဖြစ်၏။ အခြားသူကို လက်ဆောင်ပေးရန်အတွက်မူ… ငရဲကမ္ဘာရှေ့တန်းအဖွဲ့တစ်ခုလုံးတွင် ရီရူလီမှလွဲ၍ အစ်ကိုကြွယ်တစ်ယောက်သာ တိုက်ခိုက်ရေးကျွမ်းကျင်မှုတွင် အဆင့် C သို့ ရောက်ရှိထားခြင်း ဖြစ်သည်။ ရီရူလီကမူ ဓားရှည်ကို အသုံးပြုသူဖြစ်ရာ ဤကဲ့သို့သော လက်ဗလာ တိုက်ခိုက်ရေးနည်းစနစ်မှာ သူမအတွက် သင့်တော်ခြင်းမရှိသလို သူမကိုယ်တိုင်လည်း လိုချင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ဖုန်းပုကြွယ်အနေဖြင့် ဤစွမ်းရည်ကို မသင်ယူဘဲ ချန်ထားရမည့် မည်သည့် အကြောင်းပြချက်ကိုမျှ ရှာမတွေ့တော့ပါချေ။
စကေးကတ်ကို သင်ယူပြီးနောက် သူသည် အနည်းငယ် စိတ်လှုပ်ရှားနေသော ခံစားချက်များကို ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး ရှာဖွေမှုကို ပြန်လည်စတင်လိုက်တော့သည်။
အမှန်အတိုင်း ဝန်ခံရလျှင် ဤကဲ့သို့သော ခံစားချက်မျိုးမှာ အတော်လေး ထူးဆန်းလှသည်။ အားလုံးသိကြသည့်အတိုင်း ဤအိမ်ကြီးမှာ သူ၏ ကိုယ်ပိုင်အိမ်စစ်စစ် ဖြစ်နေသောကြောင့်ပင်။
ဖုန်းပုကြွယ်သည် အိမ်ငှားနေထိုင်သူ ဖြစ်သော်လည်း ဤနေရာတွင် နေထိုင်ခဲ့သည်မှာ အနှစ်နှစ်အလလ ရှိခဲ့ပြီ ဖြစ်သည်။ သူ့မိဘများ ကွယ်လွန်ကတည်းက သူသည် ဤနေရာတွင် တစ်ယောက်တည်း နေထိုင်ခဲ့ခြင်း ဖြစ်၏။ ဤကမ္ဘာပေါ်တွင် မည်သည့်လူသားကမှ မိမိ၏ ကိုယ်ပိုင်အိမ်ကို “လှန်လှောရှာဖွေ” နေကြမည် မဟုတ်ပေ။
နေ့စဉ်လူနေမှုဘဝတွင် ကျွန်ုပ်တို့သည် အရာဝတ္ထုတစ်ခုခုကို ရှာမတွေ့ပါက ပုံမှန်အားဖြင့် မိသားစုဝင်များကို အရင်ဆုံး မေးမြန်းလေ့ရှိကြသည်။ အကယ်၍ သင်သည် တစ်ယောက်တည်း နေထိုင်သူဖြစ်ပါက စိတ်ထဲမှ ပြန်လည်တွေးတောရန် ကြိုးစားရမည်ဖြစ်ပြီး အမှန်တကယ် မမှတ်မိတော့မှသာ ရည်ရွယ်ချက်မရှိဘဲ “လိုက်လံရှာဖွေ” ခြင်းကို ပြုလုပ်ကြပေလိမ့်မည်။
သို့သော် “လိုက်လံရှာဖွေခြင်း” နှင့် “ပစ္စည်းရှာဖွေခြင်း” ဆိုသည်မှာ သဘောတရားချင်း လုံးဝ ကွဲပြားပေသည်။
“ပစ္စည်းရှာဖွေခြင်း” ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ၎င်းမှာ သတ်မှတ်ထားသော အရာတစ်ခုခုကို ရှာဖွေနေခြင်း မဟုတ်ဘဲ တန်ဖိုးရှိနိုင်မည့် အရာအားလုံးကို ရှာဖွေဖော်ထုတ်နေခြင်း ဖြစ်သည်။ ပြတ်ပြတ်သားသား ပြောရလျှင် ၎င်းမှာ အိမ်ကို လှန်လှောမွှေနှောက်ပြီး ဓားပြတိုက်နေသလိုမျိုးနှင့် ဆင်တူလှသည်။ သို့သော် မည်သူက မိမိအိမ်ကို ပြန်လည်မွှေနှောက်နေပါမည်နည်း။
ထို့အပြင် မိမိ၏ အိမ်သည် ဂိမ်းထဲက မြင်ကွင်းတစ်ခု ဖြစ်လာသောအခါတွင်မူ ၎င်းကို ရှာဖွေရခြင်းမှာ စိမ်းသက်သော ပတ်ဝန်းကျင်တစ်ခုကို ရှာဖွေရသည်ထက် များစွာ ပိုမိုခက်ခဲပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် နေ့စဉ်ဘဝတွင် အရာဝတ္ထုအမြောက်အမြားသည် ကျွန်ုပ်တို့၏ မျက်စိရှေ့တွင် မကြာခဏ ထွက်ပေါ်နေတတ်ပြီး လူ့ဦးနှောက်၏ အချက်အလက်များကို အလိုအလျောက် စီစစ်ပေးသည့် ဗီဇအရ ကျွန်ုပ်တို့သည် ၎င်းတို့ တည်ရှိနေခြင်းကို အလိုအလျောက် လျစ်လျူရှုမိသွားတတ်သောကြောင့် ဖြစ်သည်။
မကြာမီမှာပင် ဖုန်းပုကြွယ်သည် ဤပြဿနာကို သတိပြုမိသွားလေသည်။
“ဒါက ငါထင်ထားတာထက် အများကြီး အချိန်နဲ့ စွမ်းအင် စိုက်ထုတ်ရမယ့်ပုံပဲ… ငါ့ရဲ့ အတွေးအခေါ်ကို ပြောင်းလဲပစ်ဖို့လိုပြီး ဒီနေရာကို မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုလိုမျိုး သဘောထားပြီး ရှာဖွေရမယ်…”